Tuesday 27 April 2010

အချစ် နှင့် မွှေးသောလှသောပန်းကလေးများ




ခွင့်ရတဲ့ ဧပရယ်တစ်လလုံးနီးပါး  သူနဲ့ ဆိုင်ကယ်ကလေးတစ်စီး စီးလို့နေရာစုံ လျှောက်လည်ခဲ့ရပါတယ်။  မြေလတ်မြို့ကလေးတစ်မြို့မှာပေါ့လေ..။ ကိုယ်က စိတ်ကူးယဉ်တတ်သလောက် လက်တွေ့ကျတဲ့ သူက  ပန်းပေးဖို့များ တစ်ခါမှ စိတ်ကူးခဲ့ပုံမပေါ်ပါဘူး။  ဒါပေမဲ့ ကိုယ်တို့ ထိုင်နေခဲ့တဲ့ ခရေပင်ကလေးမှာ ပွင့်နေတဲ့  ဖူးရွနေတဲ့ ခရေပန်းကလေးတွေကို မက်မက်မောမော ကြည့်နေတာမြင်တော့  ခုံပေါ်တက်ပြီး ခရေပွင့်ကလေးတွေ ခူးပေးပါတယ်။ မကြွေခင်ခူးမိလို့ ပန်းကလေးတွေက စိတ်ဆိုးနေလေမလား တော့မသိ..   ။ 

ဆယ်နှစ်အတွင်းမှာ သူ့ဆီက ပထမဆုံးရဖူးတဲ့ပန်းဆိုတော့ မှတ်မှတ်ရရ ဓါတ်ပုံရိုက်ပြီး သိမ်းထား လိုက်ပါ တယ်။ 

နောက်ပြီး အနားက သစ်ရွက်ရိုးတံကလေးနဲ့ သီကုံးမိပြန်တယ်။  ခေါင်းမှာ တော့မပန်ခဲ့ဘူး။ မွှေးရနံ့ကို နမ်းရှိုက်ရုံဘဲလေ။
တစ်ရက်မှာ မြို့ထဲသွားရင်း နေရောင်ကြိုက်တဲ့ စက္ကူပန်းကလေးတွေ သိပ်လှနေလို့  မှတ်တမ်းတင်လိုက် ပြန်ပါတယ်။


 
တကယ်တော့ မမွှေးတဲ့ပန်းကလေးတွေကို ကိုယ်က နှစ်နှစ်ကာကာ မကြိုက်တတ်ပါဘူး။  သူတို့ရဲ့ အရောင်လှလှကလေးတွေကို မျက်စေ့အာရုံ ခံစားလိုက်ခြင်းသာပါ။ 

  နောက်တစ်ရက်မှာတော့ မြို့လည်က စိမ်းလဲ့ဝေဆာနေတဲ့ ကြာကန်ကြီးရှေ့ကိုအရောက်  “ဟင်၊ဟယ်၊ အို” ဆိုပြီး အာမေဋ္ဋိတ်တွေ မျိုးစုံရွတ်လိုက်တော့ စီးတော်ယာဉ်လေးက အလိုက်တသိ တုံ့ခနဲရပ်...။
ကြာရွက်အောက်မှာ ပုန်းနေတဲ့ အဖူးကလေးကို အနီးကပ် ဆွဲရိုက်မိသလို ကြာကန်ဘေးက ဝေေ၀ဆာဆာပွင့်နေတဲ့ ငုချယ်ရီပွင့်တွေကိုလည်း အလွတ်မပေးခဲ့ပါဘူး.....။
 နောက်ဆုံးမျှဝေချင်တာ ပန်းမမည်တဲ့ ပန်းပါ။ သူကလေးနဲ့ကိုယ် အတူတူစိုက်ခဲ့ကြတဲ့ ကောက်ရိုးမှိုပွင့်ကလေးတွေက နှစ်ပါတ်အတွင်းမှာ အခုလို ၀င့်ဝင့်ကြွားကြွား  ငွင့်ငွင့်စွားစွား။ အငုံဘ၀ပဲ ရှိပါသေးတယ်။  စားလို့ကတော့ ကောင်းမှကောင်း။  မှိုရတဲ့မျက်နှာကို မြင်ယောင်သာကြည့်ကြပါတော့။ ဘာပဲပြောပြော သူ့ကိုလည်း ရာသီပေါ် အချစ်ပန်းကလေးအဖြစ် စာရင်းသွင်း လိုက်ပါတယ်။

 သူငယ်ချင်းတို့နဲ့ မျှဝေချင်တဲ့ ကြည်နူးစရာကလေးတစ်ချို့ပါ....။


မိုးစက်ပွင့်

5 comments:

  1. လှသော မွှေးသော အချစ်ပန်းများကို ကြည့်သွားပါတယ်၊
    ကူပြီး ပျော်ပေးပါတယ်နော်။

    ReplyDelete
  2. ပြန်ရောက်ပြီပေါ့...
    စက္ကူပန်းအရောင်လေးတွေလှတယ်နော်
    နောက်ဆုံးပန်းလေးက အလှဆုံးပဲ(ကိုယ့်အကြိုက်) :)

    ReplyDelete
  3. အီးတီ28 April 2010 at 00:47

    ငယ်ချင်းလေးကနုနေပြန်ပြီ...ပျော်ခဲ့တယ်ပေါ့။

    ReplyDelete
  4. အတူမျှဝေခံစားပေးတဲ့ အပြုံးပန်း၊ စူးနွယ်၊ မမရှင်လေး၊ ကျေးဇူး ..... ရှားရှားပါးပါး အချိန်လေးများမို့ ပျော်ခဲ့ပါတယ်...

    ReplyDelete
  5. မှိုရတဲ့မျက်နှာဆိုတာ ဘယ်လိုပါလိမ့်...

းဝ))

    ReplyDelete

ပဲ့တင်သံလေးတွေ .......