Sunday 17 January 2010

အသည်းနှလုံးပုံ ရိဒ် ရေကန်



ချင်းပြည်မြောက်ပိုင်းက အသည်းပုံရှိတဲ့ ရိဒ် (RIH ) ရေကန်က နာမည်ကြီးပါတယ်..။ သွားချင်ခဲ့တာက စ စချင်း ကြားဖူးတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းကပါ။  ရောက်မယ့်ရောက်တော့ ချမ်းလှအေးလှတဲ့ ဒီဇင်ဘာရဲ့ ရက်တစ်ရက်မှာ..။

ရိဒ်ကန်က ရိခေါဒါမြို့လို့ခေါ်တဲ့ အိန္ဒိယနယ်စပ်မြို့ကလေးနဲ့ နှစ်မိုင်လောက်သာဝေးပါတယ်။  ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ဖလမ်းတို့နဲံ နာရီအနည်းငယ်သာ ကားမောင်းရတဲ့ ခရီးမှာပါ။  ကျွန်မတို့ကတော့ တီးတိန်ကနေ သွားခဲ့တာမို့ ၃၆မိုင်ခရီးကို နှစ်နာရီလောက် မောင်းခဲ့ရပါတယ်။  လမ်းက ချဲ့ထွင်ဖေါက်လုပ်ဆဲ မြေသားလမ်းဖြစ်ပါတယ်။  လမ်းဘေးက သစ်ပင်တွေကလည်း ကားတစ်စီးဖြတ်သွားတိုင်း ပေါင်ဒါမှုန့်ဖြူးသလို ဖုန်တစ်ထောင်းထောင်း ထနေတာမို့ အဖိုးကြီးအိုမုတ်ဆိတ်လို ဖွေးဖွေးဖြူလို့ရယ်..။  တီးတိန်လို တောင်ကုန်းမြင့်တဲ့နေရာကနေ ကွေ့ကာပတ်ကာမောင်းပြီး တော်တော်နက်နက်ဆင်းတဲ့အခါ ချောင်းတစ်ခုကို ရောက်ပါတယ်။ အဲဒီတံတားကိုကျော်ပြီးတဲ့အခါမှာတော့ ရိခေါဒါမြို့က နာရီဝက်မရှိတရှိလောက်သာ ဝေးပါတော့တယ်..။   ရိခေါဒါ မြို့လေးကိုရောက်လာတော့ တော်တော် မှောင်နေပါပြီ..။ ခရစ်စမတ်နီးပြီမို့    ကယ်ရိုဆင်းဂင်း သီချင်းအဖွဲ့တွေ မြို့ထဲမှာ လှည့်လည်နေတာ တွေ့ရပါတယ်။

ရိခေါဒါမြို့ထဲမှာ တည်းခိုခန်းတွေ ရှိပေမယ့် ကျွန်မတို့အဖွဲ့က မနက်စောစော ရိဒ်ကို မြင်ချင်တာမို့ ကန်ရှိရာမှာ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။  နာရီဝက်လောက် ဆက်မောင်းလာတော့ ကန်နားကိုရောက်ပါတယ်။  ကန်စပ်မှာ နှစ်ခန်းတွဲ ဘန်ဂလိုအိမ်ကလေးတွေ ရှိပါတယ်။ (ပုံကတော့ မနက်မှ ရိုက်ထားတာပါ) တည်းခိုသူမရှိလို့   ကျမတို့ စိတ်တိုင်းကျ နေရာယူကြပါတယ်။ 





  တာဝန်ခံကိုမနည်းရှာပြီး ကျွန်မတို့တည်းမဲ့အကြောင်း ပြောပြရပါတယ်။  ညေ့်သည်ပါးတဲ့အပြင် ကိုယ်ပိုင်စီးပွားရေးမဟုတ်လေတော့ သိပ်စိတ်ဝင်စားဟန်မပြပါဘူး။  ကျွန်မတို့ကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲမို့ ကိုယ်လိုတာတွေကို တောင်းဆိုကြပါတယ်။  ဘန်ဂလိုတာဝန်ခံက ဆိုင်ဖွင့်ထားတာပါ။ သူ့ဆိုင်မှာ  ညစာစားဖို့  ထမင်းကြော်၊ ခေါက်ဆွဲကြော် နဲ့ မနက်လင်းရင် ရေနွေး စတာတွေကိုမှာကြပါတယ်။  ထွန်းထားတဲ့မီးတွေက ည၉နာရီမှာ မှိတ်မယ်ဆိုလို့ အပိုကြေးပေးပြီး ၁၁နာရီအထိမောင်းဖို့ ဈေးဆစ်ခဲ့ရပါသေးတယ်...။   ညစာစားရင်း တာဝန်ခံကို ရိဒ်ရေကန်ရဲ့ သမိုင်းကြောင်းကို စပ်စုကြပါတယ်။  တာဝန်ခံက ဒေသခံမဟုတ်တဲ့အပြင် နည်းနည်းလဲမူးနေတာမို့ ပတ်ချာလည်လိုက်နေတဲ့ စကားလုံးတွေနဲ့ရှင်းပြပါတယ်..။
".....ပြောရမယ်ဆိုရင်ပေါ့နော်... ဒီကန်ရဲ့သမိုင်းပေါ့နော်......"
ကျွန်မတို့အဖွဲ့က သူအားတက်လာအောင် စိတ်ဝင်စားဟန်ပြကြရပါတယ်။
"...နတ်သမီးက စာပို့လိုက်တယ်...တဲ့"
"..ဘယ်စာတိုက်ကနေ ပို့လိုက်တာလဲ..."
ပျော်တတ်တဲ့ အဖွဲ့သားတစ်ယောက်က လိုက်နောက်တာနဲ့ သူ့ဇာတ်လမ်းက ပိုချာလည်လည်သွားပါတယ်။  

တကယ့်သမိုင်းကြောင်းကိုတော့ khitlunge.net.mm ထဲမှာ ဒီလိုတွေ့ရပါတယ်..။
( ရိဒ်ရေကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက်၂၉၆၆ပေ အမြင့်တွင် ထူးခြားစွာဖြစ်ပေါ်နေသော ရေကန်ကြီးဖြစ်ပြီး၃မိုင်ပတ် လည်ကျယ်ဝန်းကာ၊ ၆၀အနက်ရှိသည်ဟု သိရှိရသည်။ ကန်၏ထူးခြားမှုမှာသဘာဝအသည်းနှလုံးပုံသဏ္ဍာန်ဖြစ်ပေါ်နေပြီး ကန်ပတ်လည်တွင်ဒေသခံတို့က၀ိညာဉ် ခြံစည်းရိုးပင်ဟုခေါ်ဆိုကြသည့်မိုးမခပင်များ ပေါက်ရောက်လျက်ရှိသည်။“ရေကန်ဖြစ်ပေါ် လာပုံက ဒဏ္ဍာရီတော့ဆန်တာပေါ့နော်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခုဖလမ်းမြို့အနီးမှာ“ဘေးဗွီး”မြို့လို့ရှိခဲ့ဖူးတယ်တဲ့။
ဘေးဗွီးဘုရင်နဲ့မိဖုရားကိုဝိညာဉ်စောင့်နတ်သမီးက“ငါ သည်သင်တို့၏ ၀ိညာဉ်စောင့်နတ်ဖြစ်ပြီး၊ နာမည်က ရိဒ် RIH လို့ခေါ်တယ်။ ခုသင်တို့နေထိုင် တဲ့မြို့ရဲ့အရှေ့မြောက်အရပ်မှာ နေရာတစ်ခုရှိရာကိုနွားဖြူအသွင်ဆောင်
ကာကောင်းကင်ခရီးဖြင့်ပျံသန်းခဲ့တော့ ကျင်ငယ်ရေတွေပန်းထွက်နေတဲ့ ရေအိုင်ကြီးတစ်အိုင်အဖြစ်
ကျန်ရစ်ခဲ့တယ်။ အဲဒီရေအိုင် ထဲမှာ ခံစားနေရတဲ့ဝိညာဉ်စောင့်အဖြစ်လည်းကျန်ခဲ့တယ်။ ဒါကြောင့်
ဒီဒေသကသေဆုံးသူအားလုံးရဲ့ဝိညာဉ်တွေငါ့ထံလာရောက်ကြရမယ်”လို့ပြောဆိုသွားခဲ့တယ်လို့အ
ယူရှိကြပါတယ်။ အဲဒီအချိန်ကစပြီးဒေသခံတိုင်းရင်းတွေသေဆုံးတဲ့အခါလူသေတယ်လို့ မသုံးနှုန်း
တော့ဘဲ ရိဒ်ရေကန်ဆီသွားရောက်တယ်လို့ပြောဆိုလေ့ရှိကြတယ်။ တေးသီချင်း တွေလည်းစပ်ဆို
ကြပါတယ်”ဟုရိဒ်ရေကန်နှင့် ၂မိုင်အကွာတွင်ရှိသည့် ရိဒ်ခေါဒါရ်ကအငြိမ်း စားကျောင်းဆရာဦးငှား
ကာကပြောသည်။ Mandalay Times သို့ဦးငှာကားကဆက်လက်ပြောကြားရာတွင်နှစ်တိုင်းသည်
ရေကန်မှာ ၀ိညာဉ်ပူဇော်ပွဲ တွေကျင်းပကြသည်။ မီဇီုရမ်ပြည်နယ်ကအာသံမျိုးနွယ်စုတွေနဲ့ ဇီုမီးမျိုး
နွယ်စုတွေလည်းနှစ် စဉ်လာရောက်ပူဇော်ကြတယ်။ ကန်ရဲ့ထူးခြားမှုကကန်ထဲမှာအမှိုက်သရိုက်လုံး
ဝမရှိဘူး။ ကြည်လင်နေတာအမြဲပဲ၊ မှန်သားပြင်လိုပေါ့နော်။ မိုးရွာတဲ့ရာသီလည်းရေက ဒီလောက်ဒီ
လောက်ပဲ။
)

ရိဒ်ရေကန်တစ်ဝိုက်က အလွန်အေးပါတယ်..။ သာမိုမီတာ မပါပေမယ့် သုညနီးပါးလောက်ရှိမယ် ထင်ပါတယ်..။ အခန်းထဲက နှစ်ယောက်စာ စောင်တွေကိုခြုံထားတာတောင် စောင်မအုပ်တဲ့ မျက်နှာလေးက ကွက်အေးနေပါတယ်။  မနက်မှာ အစောဆုံး နိုးသူက ကျွန်မဖြစ်ပါတယ်။  အားလုံးကို တကြော်ကြော်အော်နှိုးရင်း.... ကိုယ်တိုင်လဲ ရိဒ်ရေကန်ရှိရာကို မြက်ခင်းလေးကိုဖြတ်လို့ အပြေးသွား မိပါတယ်.။   Wow.....  မြူနှင်းဝေေ၀နဲ့ လှလိုက်တဲ့ ကန်ရှူခင်း..။


ကန်စပ်မှာ ချစ်သူစုံတွဲတွေ ထိုင်ဖို့ကောင်းတဲ့ သစ်သားတန်းလျားလေးရှိတယ်..။ ပြီးတော့ စပိဘုတ် (ပဲ့ချိတ်လှေ) တစ်စီးရယ်၊ ကလေးတွေ စီးနိုင်တဲ့ ချစ်စရာ ဘဲငန်းပုံဘုတ်သေးသေးလေးတွေ တွေ့ရပါတယ်..။ လူသွားလူလာနည်းတာကြောင့် ဘုတ်တွေက သိပ်အသုံးမပြုတာကြာပြီမှန်းသိသာပါတယ်..။
ကန်ရဲ့ မနီးမဝေး တောင်ပေါ်အမြင့်တစ်နေရာအထိ ကားမောင်းတက်သွားပြီး ကြည့်တဲ့အခါ အသည်းပုံယာ ထင်ရှားလာပါတယ်..။ ဆောင်းတွင်းဖြစ်လို့ ၀ိဥာဉ်ခြံစည်းရိုး (မိုးမခ)ပင် တွေကိုတော့ မမြင်ခဲ့ရပါဘူး..။

အပြန်မှာတော့ ရိခေါဒါမြို့ထဲမှာ မနက်စာစားကြပါတယ်။  ကျွန်မတို့ လက်ဘက်ရည်သောက်တဲ့ ဆိုင်ဘေးမှာ အိန္ဒိယ-မြန်မာ တံတားနဲ့ နယ်စပ်ဂိတ်ကို မြင်ရပါတယ်။  တံတားက နှစ်နိုင်ငံပိုင်တဲ့ အထိမ်းအမှတ်အဖြစ် အဖြူတစ်ခြမ်း အနီတစ်ခြမ်းသုတ်ထားပါတယ်......  တံတားဖြတ်ဆောက်ထားတဲ့ ချောင်းကလေးရဲ့ ကမ်းပါးမှာတော့ ကြွပ်ကြွပ်အိတ်ခွံလေးတွေ ပြန့်ကျဲလို့............။

ရိဒ် နဲ့ တီးတိန်လမ်းမကြီးကို ဘူဒိုဇာတွေ အိန္ဒိယနိုင်ငံလုပ် ထရပ်ကားတွေနဲ့ ချဲ့နေတဲ့ လမ်းစီမံကိန်း ကိုတွေ့ရပါတယ်..။  ရိဒ်ကန်ကို tourist site အဖြစ်ပြောင်းလဲဘို့ အစီအစဉ်ရှိဟန်တူပါတယ်....။ လက်ရှိ ၀န်ဆောင်မှူအနေအထားနဲ့ကတော့ နိုင်ငံခြားသားတွေ လာချင်ကြမယ်လို့မထင်ပါ..။ အချိန်တော်တော်ယူပြီး ပြုပြင်ပြောင်းလဲ ရပါလိမ့်မယ်...။ ဘာပဲပြောပြော ကံကောင်းလို့ နောက်တစ်ခေါက် လှပတဲ့ အသည်းပုံ ရိဒ်ကန်ကြီးဆီ ရောက်ခဲ့ရင်တော့ ဒီ့ထက်သာယာ စိုပြေနေလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း...။


မိုးစက်ပွင့်



5 comments:

  1. မျှဝေပေးတာကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ဒီကန်အကြောင်းကြားဖူးတာ မကြာသေးဘူး...ခရီးစဉ်ကို မှတ်သားသွားတယ်နော်

    ReplyDelete
  3. ကိုယ်သွားတုန်းက တိုက်ပွဲဖြစ်တယ်ဆိုလို့ ခွင့်မပြုလို့ မရောက်ခဲ့ဘူး။ ရေးထားတာကိုယ်တိုင်သွားနေရသလိုဘဲ။ ကျေးဇူး..ကျေးဇူး..

    ReplyDelete
  4. thank u for sharing ur knowledge
    that's really amazing lake.

    ReplyDelete
  5. အိုး အိပ်မက်ထဲက ရေကန်..သွားဖို့အားခဲထားတဲ့နေရာတခု
    ခရစ်စမတ်နေ့မှာ ကန်ရေပြင်အလယ်က နောက်နေတတ်တယ်လို့ ကြားဖူးတယ် ဟုတ်လားမသိဘူးနော်
    သွားတဲ့ခရီးစဉ်ဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ်လား တိုးလ်အဖွဲ့နဲ့လား သိချင်မိတယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......