Monday, 11 January 2010

ခရေတစ်ပွင့်ရဲ့ ဒိုင်ယာရီ

(၁)
.....ကလင်...ကလင်..ကလင်..ကလင်....
ဆေးခန်းရှေ့ကဖြတ်သွားတဲ့ စက်ဘီးဘဲလ် သံလေးကြားရင်ပဲ စိတ်ထဲမှာ ထိတ်ခနဲဖြစ်ပြီး လမ်းမကိုလှမ်းကြည့်လိုက်မိတယ်။ သြော် ဆက်ကျော်သက်လေးတွေ ကျောင်းသွားကြတာပါလား..။ ငါ့ နှလုံးသားက တစ်ခါတစ်ခါ မရင့်ကျက်သေးပါလားလို့ တွေးရင်း စိမ်း ပြုံးမိသေးသည်။ စိမ်း စာထိုင်ဖတ်နေသော ခုံတန်းပြာလေးပေါ်သို့ ခရေပွင့်ကလေးတစ်ပွင့် ဖျပ်ကနဲ ကြွေကျလာလေသည်။


------------



(၂)
ကလင်...ကလင်..ကလင်..ကလင်.... "စိမ်းရေ...စိမ်း.... ပြီးပြီလား..."
ဒီအချိန် လာနေကျမှန်းသိလို့ အဆင်သင့်စောင့်နေပေမယ့် အမြဲတမ်း ထိတ်ခနဲ ဖြစ်နေကျ၊ ခြံဝမှာ စက်ဘီးလေးကို ခြေဖျားတစ်ဖက်ထောက်ပြီး ကချင်လွယ်အိတ်အနီလေး ပခုံးသိုင်းလွယ်ထားတဲ့ အောင့် ကိုတွေ့ရတော့လည်း ရင်ထဲမှာ နွေးကနဲ..။ ဒါတွေက နေ့တစ်ဓူဝ ရိုးမသွားတဲ့ စိမ်းရဲ့ ခံစားချက်လေးတွေ...။
"လာပြီ အောင် ...အဆင်သင့်ပဲ "
အပြင်မထွက်ခင် အခန်းဝက ကိုယ်လုံးပေါ်မှန်မှာ သနပ်ခါးညီရဲ့လား လို့ တစ်ချက်ဝေ့ကြည့်ပြီး လက်သုပ်ပုဝါလေးနဲ့ သေသေသပ်သပ်ထုပ်ထားတဲ့ စတီးထမင့်ချိုင့်လေးကို ကောက်ယူပြီး ဖီးဆင့်စက်ဘီးလေးရဲ့ ခြင်းကလေးထဲထည့်ကာ တွန်းလာခဲ့သည်။
".......အောင်က စိမ်းများ စာကျက်များပြီး အအိပ်လွန်နေပြီလားလို့...... ဟိုနေ့ကလိုလေ...."
" ...အံမယ်..တစ်ခါလေး အအိပ်လွန်တာနဲံ အောင်တစ်ယောက်ကတော့လေ..ပြော မဆုံးဘူး..."
ပြုံးစစနဲ့ စ တဲ့ အောင့်ကို စိမ်းက ငြူစူဟန်နဲ့ ပြောတော့ မည်မည်ရရ ရယ်စရာမပါပဲ ပြိုင်တူရယ်ကြသည်။
"..ရော့ .. ဒေါ်ပန်းကြိုက်မအတွက်.. ကျွန်တော် ညထဲက ကောက်ထားတာ" "လှလိုက်တာ... ကျေးဇူး..အောင်.."
"ကဲသွားရအောင်.. ကိုသန်းဇော်တို့ စောင့်နေရော့မယ်.."
လတ်ဆတ် ပျံ့သင်းနေတဲ့ ခရေကုံးလေးကို မမှီ့တမှီစုစည်းထားတဲ့ ဆံနွယ်တွေထက်မှာ ရစ်ခွေပန်ဆင်လိုက်သည်။ နုနယ်လတ်ဆတ်သော နှလုံးသားတွေရဲ့ အပေါ်ကို အရိပ်မည်းမကျခင်အထိ တို့တွေသိပ်ပျော်ခဲ့ကြတယ်လေ..အောင်။


-------------------
(၃)
"..ပပ ရေ..ပပ..နှုတ်ခမ်းနီ ဆိုးတုန်းလားဟဲ့..ကျောင်းနောက်ကျရင် နင့်ကြောင့်ပဲနော်..."
မေခင်က အသံပြဲနဲ့အော်တော့ စိမ်းက သိပ်မအော်ပါနဲ့ မေခင်ရယ်... လာနေပြီပဲဟာ..လို့ ချော့မော့သည်။ အောင်နှင့် ကိုသန်းဇော်ကတော့ နောက်နေ့ပြိုင်မယ့် ကျောင်းဘောလုံးအသင်းအကြောင်းသာ လေကန်နေကြသည်။ ပပ တစ်ယောက့် ထွက်လာတော့ အားလုံးမျက်လုံးပြူးသွားသည်။ အကျီင်္ဖြူက ဇာခပ်ပါးပါးကို ပုံဆန်းဆန်းချူပ်ထားတာမို့ တော်တော်လေးလှသည်။ ဒါပေမယ့် ကျောင်းမှာက လုံလုံခြုံခြုံဝတ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာမို့လား။ စိမ်းတို့အတန်းပိုင် ဆရာမ ဒေါ်ငြိမ်းငြိမ်းသာက စည်းကမ်းပိုကြီးသည်။
"..ဟာ..ပပ..နင့်ကို တီချယ် ငြိမ်း အရေခွံဆုတ်လိမ့်မယ်..ပြန်လဲလိုက်..ပြန်လဲလိုက်.."
ပထမဆုံး အသံထွက်လာတာကလည်း မေခင်ပဲဖြစ်သည်။
"..သိပ်မပါးပါဘူး..မေခင်ကလည်း..တီချယ်တို့တောင် ပိတ်ဖောက်ဇာတွေ ၀တ်နေတာပဲဟာ....."
"..လဲလိုက်ပါ ပပရယ်..တော်ကြာ ပြောခံနေရရင်မကောင်းဘူး." .. စိမ်းအသံက ချော့မော့သလို ခပ်တိုးတိုး...
.".ဟွန့်..စိတ်ညစ်ပါတယ်..ဆရာမထက် သူတို့ကိုပိုကြောက်နေရတယ်...."
ပပ က စူစူဆောင့်ဆောင့်နှင့် အိမ်ထဲဝင်ပြီး အကျီင်္ပြန်လဲ တော့သည်။ တမင်ရွဲ့ပြီး အကျီပုံ တုံးပေ့ဆိုတာကြီးကို ရှာဝတ်လာတာ တွေ့တော့ မပြုံးဘဲမနေနိုင်ကြ။
"..ဒီအတိုင်းလည်း လှပါတယ်ဗျာ...."
ကိုသန်းဇော်က စ သလို ဆိုလေလျှင် ပပ မျက်စောင်း ဒိုင်းကနဲ ကျလာလေတော့သည်။
ပပ က စိမ်းစက်ဘီးလေးကို ယူတွန်းပြီး အရှိန်ယူတက်လိုက်တော့ စိမ်းက ကယ်ရီယာခုံကို စွေ့ကနဲ တက်လိုက်တော့သည်။

-------------
(၄)
အောင်၊ ကိုသန်းဇော်၊ မေခင်၊စိမ်း နဲ့ ပပ တို့က ကျောင်းသွားဖေါ်တွေ ဖြစ်ကြသည်။ ၅ တန်း ၆တန်းကစပြီး အခု ဆယ်တန်းအထိ မခွဲကြ။ အတန်းတူပေမယ့် ကိုသန်းဇော်က အသက်အကြီးဆုံး၊အရင့်ကျက်ဆုံးလို့လည်း ဆိုနိုင်သည်။ ပပက အငယ်ဆုံး၊ စိမ်းက စာအတော်ဆုံး၊ အောင်က အားကစားအတော်ဆုံးဖြစ်ပြီး မေခင်ကတော့ အစားကောင်းကြိုက်တတ်၊ ချက်တတ်သူ ဖြစ်သည်။ ထူးခြားတာက အောင်တို့မေမေနဲ့ စိမ်းတို့မေမေက ငယ်သူငယ်ချင်းတွေပီပီ နှစ်အိမ့်တစ်အိမ် နေတတ်ကြဖြစ့် စိမ်းအနေနဲ့လည်း အောင့်ကို ပိုခင် ပိုတွယ်တာ မိသည် ဟုထင်သည်။ စိမ်းနဲ့ ပပ ကျတော့ ညီအစ်မ နှစ်ဝမ်းကွဲ တော်စပ်နေပြန်သည်။ စိမ်းရဲ့ ဖေဖေ နဲ့ ပပရဲ့ မေမေ ဒေါ်လေးကျော့က မောင်နှမ တစ်ဝမ်းကွဲဖြစ်ပြီး စီးပွားရေး မပြေလည်တဲ့ ဒေါ်လေးက စိမ်းတို့ မိသားစုကို အစစ မှီခို နေခဲ့ရသည်။ ပပ ရဲ့ဖေဖေက ရုပ်ချောသလောက် လက်ကြောတင်းအောင် အလုပ်လုပ်သူ မဟုတ်ပေ။ ဒါကြောင့်လည်း ပပ ကျောင်းစရိတ်ကအစ၊ ကျောင်းဝတ်စုံဖိုးအလည်၊ နောက်ဆုံး စက်ဘီးနဲ့ နာရီဝက်လောက်သွားရတဲ့ အထက်တန်း ကျောင်းသွားဖို့ အရေးကိုတောင် စိမ်းနှင့်တူတူ စက်ဘီး လိုက်စီး နေရခြင်း ဖြစ်သည်။


-------------
(၅)
"ဟူး..ပပ မောပြီကွာ...."
"..စိမ်း တစ်လှည့်နင်းဦးမယ်လေ.. ပပ စီးလိုက်နော်..."

မေခင်က မကြည်သလို ကြည့်တော့ ပပ က မသိကျိုးကျွံပြုနေတတ်သည်။ တကယ်တော့ စိမ်းက ကျန်းမာရေ့းကောင်းလှသည်မဟုတ်။ မကြာခဏ သွေးအားနည်းတတ် သလို ခန္ဒာကိုယ်က ပိန်ပိန်ပါးပါး။ ပပ ကတော့ အရွယ်ထက်ပိုပြီး အပျိုဖြစ်မြန်သည်လို့ဆိုရအောင် ဖွံ့ဖြိုးပြီး တုတ်တုတ်ခဲခဲလေး ဖြစ်သည်။
".. ပပ ကို အောင် တင်လိုက်မယ်လေ စိမ်း..."
"..အံမယ်လေး..စိမ်းကျတော့ ပင်ပန်းမှာ စိုးတတ်လိုက်တာ၊ မစီးတော့ ပါဘူးရှင်.."
"..အို ..ပပ ကလည်း၊ တက်ပါ..စိမ်း နင်း နိုင်ပါတယ်..နီးနီးလေးဘဲကျန်တော့တာ..ရတယ် အောင်..."
စိမ်းမျက်နှာတွေ နီမြန်းနေချင် နေလိမ့်မည်။
".. အားလုံး မနစ်နာရအောင် ငါဘဲ တင်လိုက်တော့မယ် အဟေးဟေး..." ကိုသန်းဇော်က ဆိုလေလျှင်..ပပ က
".. အို စီးချင်ပါဘူး၊ ပပ ကိုများ ဟိုဖက်ကပုတ် ဒီဘက်ကပုတ်နဲ့ ဘောလုံးကျနေတာပဲ..."


---------
(၆)


ပပ က ဆင်းရဲခြင်းကို စိတ်နာသည်။ ဆင်းရဲလို့ လူတွေက အထင်အမြင်သေးသည်ဟု အမြဲတွေးသည်။ တစ်နေ့ ငါချမ်းသာရမယ်။ စိမ်းတို့ကို အောက်ကျခံစရာမလိုတော့ဘူးပေါ့ လို့တွေးသည်။ စိမ်းကို လူတွေက တော်လိုက်တာ လို့ ပြောရင် တော်မှာပေါ့ စိမ်းမှာ စာကျက်ရုံအပြင် ပူပင်စရာမှမရှိတာ၊ ။ ပပ အမေက စိမ်းဟာ သိပ်စိတ်ကောင်းရှိတဲ့ ကလေးမလေး လို့ပြောရင် အမေရာ၊ သူတို့ကျေးဇူးကြွေးတွေနဲ့ ဖိနေတာပါ လို့ အငေါ်တူး တတ်သည်။ ၆ တန်း၇တန်းအထိ စိမ်းရဲ့ အဖြူ အစိမ်းလေးတွေ မျှဝတ်နေခဲ့ပေမယ့် ၈တန်း လောက်ရောက်တော့ မ၀တ်ချင်တော့ပေ။ အမေရယ် အသစ်လေးတွေပဲဝယ်ပေးပါ၊ သူများဟာတွေ မ၀တ်ချင်ဘူး ဟုဆိုလာသည်။ စိမ်းကိုင်တဲ့ ပတ်ကားဘောပင်လေး၊ စိမ်းပတ်တဲ့ နာရီလှလှလေးမျိုးတော့ ပပ ငေးကြည့်ရုံသာ တတ်နိုင်သည်။ အမေက စာမေးပွဲ အဆင့်မကောင်းတိုင်း စိမ်းကိုသာ နမူနာထား ပြောလေ့ရှိသဖြင့် ပပ ရင်ထဲ တဆစ်ဆစ်နာကျင်ခဲ့ရသည်။

ပပတို့ မိသားစု၅ယောက်က ဈေးထဲက အမေ့ ဟင်းရွက်ဆိုင်လေး ပေါ်တွင်သာမှီခိုနေရသဖြင့် ပပ လိုချင်သလောက် မ၀ယ်ပေးနိုင်ပေ။
ကိုယ်ရတဲ့ မုန့်ဘိုးလေးကို ခြစ်ခြုတ်စုပြီး အသစ်အဆန်းလေးတွေ ၀ယ်ဝတ်ဖို့ကြိုးစားသည်။ ဒါ့အပြင် စိမ်းတို့မေမေကလည်း ၀တ်စုံဖိုး တစ်ခါတစ်ရံပေးတတ်သေးသဖြင့် ပပ မှာ ၀တ်စုံသစ်ကလေးတွေနှင့် လှလှပပ ကျောင်းတက်ရလေသည်။ ၉ တန်း ၁၀ တန်းရောက်တော့ ပပလှိုင်သည် ကောင်ကလေးတွေ တော်တော် စိတ်ဝင်စားသော မိန်းမလှလေးတစ်ယောက်ဖြစ်လာခဲ့သည်။


---------
(၇)
"..ပပ ဖေဖေက စက်သူဌေးသားဆို၊ ဒေါ်လေးကျော့နဲ့ယူလို့ အမွေဖြတ်ထားတာဆို..."
မေမေ သုပ်ပေးတဲ့ လက်ဖက်ပွဲကို ပလုပ်ပလောင်းဝါးရင်း ထုံးစံအတိုင်း စပ်စုမ မေခင်က မေးလာတော့ စိမ်းက မျက်မှောင်ကြုတ်မိသည်။
"..ဘယ်ကကြားလာ တာလဲ..."
".. ပပနဲ့တွဲတဲ့ စုကေသွယ်စံတို့အုပ်စုပြောနေတာပဲ...."
"..မသိပါဘူးမေခင်ရယ်၊ လူကြီးတွေ ကိစ္စ စိမ်းသိပါမသိဘူး.."
ဘူးပိတ်လိုက်ပေမယ့် ပပ ဇာတ်လမ်းတွေထွင်နေတာ စိမ်းသိပါသည်။ အဓိက ကတော့ လူတွေသူ့ကို အထင်မသေးစေရန်ဘဲ ဖြစ်သည်။
"ပြီးတော့...ငါကြားထားတာ ရှိသေးတယ်..." မေခင့်မျက်နှာက မချိုမချဉ်...
"ဘာလဲ..ဘာလဲ.."
"ဟို..နင်နဲ့အောင်နဲ့က လူကြီးတွေ သဘောတူထားတာတဲ့... အဲဒါလည်း စုကေသွယ်စံတို့ပဲပြောတာ..."
"ဟာ..မေခင်..." စိမ်း မျက်နှာတွေ နွေးကနဲ။
စကားပြောတတ်စကထဲက အောင်လူကြီးဖြစ်လာ ရင်စိမ်းကိုယူမှာလို့ အမြဲပြောခဲ့ဘူးလို့....လူကြီးတွေက ရယ်ကြရသေးတာ။ ရှက်တတ်တဲ့အရွယ်ရောက်တော့ မပြောတော့ပေမယ့် စိမ်းနဲ့အောင်တို့အသိုင်းအ၀ိုင်းမှာ ဒီလိုပဲ အသိအမှတ်ပြုထားကြတာလေ။ အို ဒါပေမယ့် ခုလို သူများတွေပြောနေကြတာကိုတော့ မကြိုက်ဘူးပေါ့။
"......... ဘာတွေ လျှောက်ပြောနေတာလဲ.. ငါတို့ အသက်ငယ်ငယ်လေး ရှိသေးတာ..ဒါမျိုးကိစ္စတွေ စိတ်မ၀င်စားဘူး၊ တီချယ်ငြိမ်းကိုလည်း ကတိပေးထားတယ်။ တက္ကသိုလ်မရောက်မချင်း ရည်းစားလည်းမထားဘူး။ ပြီးတော့ ဒီနှစ် ဂုဏ်ထူးတွေ အများကြီးပါအောင် ဖြေမှာ...."
".. အေးပါ..ငါလည်း သိနေတာပဲ..ဒါပေမယ့် သူတို့က......."
"..တော်ပြီ တော်ပြီ ထပ်မပြောနဲ့တော့ ခုနကတွက်နေတဲ့ ပုစ္ဆာ ဘယ်ရောက်သွားလဲ မှန်းစမ်း....."
သင်္ချာစာအုပ်တွေကို ကယောင်ကတန်း ကောက်ကိုင်လို့..........
စိမ်း ရှက်လိုက်တာ အောင် ရယ်...။



---------
(၈)
..၀ုန်း...
အာ့..အမလေး..နာလိုက်တာ...
ပပ ..ပပ.... ဘာဖြစ်သွားသေးလဲ။
ပပ ဒူးဆစ်နားမှာ သွေးတွေ စို့သွားသည်။ စက်ဘီးပေါ် တက်တက်ချင်း လဲသွားတျြာဖစ်သည်။
ပပ ထော့နဲ့နဲ့ဖြစ်သွားသဖြင့် စိမ်းက တင်နင်းသည်။ အောင် နဲ့ ကိုသန်းဇော်က တင်ပါရစေ ဆိုပေမယ့် စိမ်းက လက်မခံ။ ပပက စိမ်း ညီမ ပဲ။ သူ့နာနေတုန်း တစ်ခါတစ်လေ တင်ရတာပဲလေ။
"စိမ်း..နင်ဟာလေ လူကောင်ပျော့သလောက် ခေါင်းမာတယ်..." လို့ ကိုသန်းဇော်က မှတ်ချက်ချသည်။
.....ကလင်...ကလင်..ကလင်..ကလင်....
နောက်နေ့  ပပ အိမ်ရှေ့ကိုရောက်တော့ အောင့်စက်ဘီးဆီတန်းသွားတာ တွေ့ရလေသည်။
"....ပပ ကို အောင် ဘဲ တင်လိုက်တော့မယ်..."
အောင်ကခတ်ပြတ်ပြတ်ပြောပြီး စက်ဘီးလေးတွန်းထွက်သွားတော့ ရင်ထဲမှာ ရှုပ်ထွေး မွန်းကြပ်နေတာ အမှန်။    ဘာလို့လဲမသိ...မသိတော့ဘူး အောင်ရယ်..။


---------
(၉)

"..အောင် နေမကောင်းဘူးဆိုလို့ စိမ်းလာမေးတာ.... ဘာစားချင်လဲ..မေမေ့ကို ပြောပေးမယ်.."
" တော်ပါပြီ စိမ်းရယ်.. ဘာမှ စားချင်စိတ်မရှိသေးဘူး... စာတွေ အရမ်းများနေပြီလားဟင်.."
"သုံးရက်ထဲရှိသေးတာ အောင်ရယ်.. စိမ်းတို့ ပြန်ရှင်းပြမှာပေါ့... အောင့်စာအုပ်တွေရော... စိမ်းကူးထားပေးမယ်လေ.."
" စိမ်း စာကျက်ပျက်နေပါမယ်...နေပါစေတော့နော်.. ခုလေးတင်ပဲ ပပ စာအုပ်တွေ ကူးပေးမယ်ဆိုပြီး လာယူသွားတယ်.."
တစ်ခုခု ဆုံးရှူံးသလို ခံစားလိုက်ရတယ် အောင်..။
အဲဒီနောက်ပိုင်းမှာ တီချယ်ငြိမ်းဆီ စာသွားမေးဖို့ အောင့်ကို ပပက အကူအညီတောင်းတာ လမ်းမှာ ပပကို အနှောင့်အယှက်လိုက်ပေးတဲ့ မျိုးဝင်းတို့နဲံ စကားများရန်ဖြစ်တာ အောင် နဲ့မျိုးဝင်း ဆရာကြီးရုံးခန်းရောက်တာ၊ အို ကံမကောင်းတဲ့ ဖြစ်ရပ်တွေက ဆက်တိုက်ဆိုသလိုပါပဲ..။


---------
(၁၀)


ကြာနီ ကြာဖြူတွေ အပြည့်ပေါက်နေတဲ့ ကန်ကြီးထဲမှာ လှေတစ်စင်းစီးလို့ အောင်နဲံစိမ်း ကြာပန်းတွေ ခူးထားတာ အများကြီးပဲ..။ စိမ်းလည်ပင်းမှာ ကြာဆစ်ဆွဲကြိုးလေးတောင် ဆွဲလို့..။ ကန်ပတ်လည်မှာမြူတွေမှိုင်းနေသလိုလိုနဲ့ ..... မသဲမကွဲခေါ်သံတစ်ခုကိုလည်းကြားနေရသည်။
" ..အစ်ကိုအောင်ရေ ... အစ်ကိုအောင်..."
အောင့်ညီမလေး သန္တာလား၊ အို မဟုတ်ပါဘူး....ဒါ ပပ အသံပဲ...။ အောင်က့ ရုတ်တရက် လှေပေါ်ကဆင်းပြီး အသံရှင်ဆီ ရေကူးသွားတော့သည်။ ကြာပန်းတစ်ပွေ့ လှေတစ်စီးနဲ့ စိမ်းတစ်ယောက်ထဲ..။ အို စိမ်းမှ လှေမလှော်တတ်ဘဲ။
".....အောင်ရေ....အောင်..... အောင်"
ရုတ်တရက်လန့်နိုးလာတော့ ရင်တလှပ်လှပ်...အာခေါင်တွေခြောက်ကပ်လို့.......။ ခေါင်းရင်းက ရေဘူးထဲကရေကို သောက်လိုက်တော့မှ အမောပြေသွားသည်။ မနက် ၃ နာရီ။ သြော် ဒီမနက် စောစော အောင်စာရင်းထွက်မှာမို့ ညကအိပ်မပျော်ဘဲ မှေးကနဲပျော်တုန်း အိမ်မက်ဆိုးမက်တာထင်ပါရဲ့။ ခဏနေရင် သူငယ်ချင်းတွေနှင့် အောင်စာရင်းကြည့်ဖို့ ချိန်းထားသည်လေ..။
---------
(၁၁)

..ဝေး.... အောင်ပြီကွ ... အောင်ပြီ...
လက်သီးလက်မောင်းတန်းပြီး ကိုသန်းဇော့် ပြန်ထွက်လာသည်။ အောင်စာရင်းကြည့်သူတွေ ကြိတ်ကြိတ်တိုးနေကြတော့ စိမ်းတို့က မတိုးနိုင်... နောက်မှာ ကျန်ခဲ့သည်။
"..ငါတို့ရော..ငါတို့ရော...." မေခင့်အသံက စိတ်ပူစွာ။
"...နင် နဲ့ အောင်နဲ့က တစ်ဘာသာစီ ပါတယ်...ဒေါ်ကြီးစိမ်းက ငါးဘာသာခင်ဗျ၊ ကျွေးရမယ်နော်..."
"..ဟို..ပပ ရော့.. ကိုသန်းဇော်..." ပပလေသံက မ၀ံ့မရဲ...
"..အဲ..ငါ..ငါ ...ကြည့်တော့ ကြည့်တာပဲ...သေသေချာချာ မမြင်ရဘူးဟ... မျက်စေ့လျှမ်းသွားလားမသိဘူး..."
"..ဟင့်...ပပ ကျပါပြီ....ပပ တစ်ယောက်တည်းကျတာ...အရမ်းရှက်တယ်.."
" ပပ...ပပ... နေဦးလေ..."


--------
(၁၂)
အဲဒီနေ့က မပျော်နိုင်ဘဲ ပျောက်သွားတဲ့ ပပ ကို လူခွဲ ရှာရတာရော.... တွေ့မဲ့တွေ့တော့ ကန်စပ်မှာ ရေထဲခုန်ချမယ်ဆိုတဲ့ပပကို အောင်က ဖျောင်းဖျချော့မော့ခဲ့ ရတာရော ဖြစ်ခဲ့သည်။ ကန်စပ်မှာ ပပ ကပေါက်ကွဲသည်။ တစ်သက်လုံး စိမ်းကို အရှူံးပေးခဲ့ရတာတွေ။ အချစ်ရေးမှာတောင် အောင်က စိမ်းဖက်က မဟုတ်လား လို့ စကားနာထိုးသည်။ အောင့်ရင်ခွင်မှာ သည်းသည်းထန်ထန်ငိုသည်။ အောင်က တွေဝေနေတဲ့သူ။ လက်ရှိ သနားခြင်းက ပပ အပေါ်မှာ ကျရောက်နေတော့ ပပ ကိုစောင့်ရှောက်ပါမယ်လို့ ကတိပေးခဲ့တာတွေ .....ပပက အိမ်မပြန်ရဲဘူးဆိုကာ အောင်နှင့် ပြင်ဦးလွင်သို့ လိုက်ပြေးသွားတာတွေ... မထင်မှတ်ဘဲ မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့လေသည်။


--------
(၁၃)
အသည်းကွဲရတာထက် အသည်းမကွဲချင်ယောင်ဆောင်ရတာက ပိုပင်ပန်းတယ်...အောင်။
နင်ဟာ ငါ့ချစ်သူမဟုတ်တော့ ငါ တရားဝင်အသည်းကွဲလို့မရသလို ငါ့မာနကလည်း ဒီလိုလုပ်ဖို့ခွင့်မပြုဘူး။
ကိုသန်းဇော်နဲ့ မေခင်နဲ့က ဒီကောင်သိပ်မိုက်တယ် တဲ့။ ဖူးစာပေါ့ဟာ လို့ စိမ်းက ခပ်လျော့လျော့ ပြောခဲ့ရတယ်။
ခါးခါးသည်းသည်း ကန့်ကွက်ကြတဲ့ အောင့် မိဘတွေကို စိမ်းကဘဲ တရားချခဲ့ရတာလေ...။ စိမ်းကိုဖက်ပြီးငိုတဲ့ အောင့်မေမေ အန်တီဝေကိုရော၊ ပပ မေမေ ဒေါ်လေးကျော့ကိုရော တလဲစီ နှစ်သိမ့်ခဲ့ရတာလည်း စိမ်းပါပဲ...။
ပပတို့လက်မှတ်ထိုးပြီးတဲ့နေ့မှာ ပပ ပို့ပေးခဲ့တဲ့ စာလေးတစ်စောင်က စိမ်းကို ချောက်ကမ္ဘားနက်ကြီးထဲ တွန်းချလိုက်သလို ခံစားစေခဲ့တယ်။
...စိမ်း...စိမ်းလိုချင်ရက်နဲ့ မရနိုင်တာကို ပပရချင်ခဲ့တယ်....ပပ ဒီတစ်ခါဘဲ နိုင်ခဲ့တာပါ....ဒါပေမယ့် အားလုံးကြေသွားပြီလို့ ခံစားရတယ်.... တဲ့။
စိမ်း ဘာအမှားလုပ်ခဲ့လို့လဲ...ပပ ကို စိမ်းဘယ်တုန်းက တမင်အနိုင်ယူခဲ့မိလို့လဲ။
အဲဒီအချိန်က စိမ်းကြေကွဲခဲ့ရတာကိုတော့ မျက်ရည်နစ်နေတဲ့ ခေါင်းအုံးလေးတစ်ခုပဲ သိပါတယ် အောင်ရယ်..။



--------
(၁၃)

အသည်းကွဲ တေလေငှက်မလေး စိမ်း မန္တလေးဆေးတက္ကသိုလ်တက်ရတော့ စာတွေ ပိပြီး တဖြေးဖြေး စိတ်ဒဏ်ရာ ကျက်လာခဲ့တယ်။ နေရာသစ်မှာ အပေါင်းအသင်းအသစ်နဲ့မို့ အတိတ်ကို မတွေးမိအောင် နေခဲ့တယ်။ ကျောင်းပိတ်ရက်မှာတောင် အောင်တို့နဲ့မျက်နှာချင်းဆိုင်ရမှာစိုးလို့ ခရီးထွက်နေခဲ့တယ်။ မှတ်မှတ်ရရ တတိယနှစ်ရောက်မှ စိမ်းအိမ်ပြန်ဖြစ်သည်။ ဒါကလည်း မေမေ သိပ်နေမကောင်းလို့ ဖြစ်သည်။ စာပေးစာယူတက်ပြီး ဆရာမလုပ်နေတဲ့ မေခင်တစ်ယောက် အမောတကော စိမ်းကို လာတွေ့ရှာသည်။
"...စိမ်းရယ်...နေနိုင်လိုက်တာ..အေးပေါ့လေ..အပြစ်မဆိုသာပါဘူး..ငါဆိုရင်လည်းဒီလိုပဲနေမှာ..."
"..တော်ပါတော့ မေခင်ရယ်..စိမ်း ဘာမှ မပြောချင်ဘူး...စိတ်ထဲမှာ ဘယ်လိုမှလည်းမနေဘူး..."
"..ငါကတော့ သိတာကို ပြောရမှာပဲ.... အားလုံးက ပပ အကွက်ဆင်တာချည်းပဲ...စက်ဘီးလဲတာကစပြီး... နင်က သှူုကို ငြူစူပါတယ်ပြောပြီး အောင့်စက်ဘီးနောက်ကလိုက်တာ..... စာမေးပွဲကျတဲ့နေ့ကလည်း သူကျမှာ သိရဲ့သားနဲ့ တမင် အကွက်ဆင်တာ သိလား...."
"....ရှိပါစေတော့ မေခင်ရယ်... အောင်ကိုယ်တိုင်ကလည်း ပါ တာကိုး..."
"..ခုတော့ အောင် ကိုယ်တိုင်ခံစားနေရပြီလေ..ပပကလည်း မလိမ္မာတော့ သူတို့ ခဏခဏ ရန်ဖြစ်ကြတယ်..ဟိုတစ်လောက အောင်အိမ်ပေါ်ကဆင်းသွားတာ အကြာကြီးပဲ... ကလေးတစ်ယောက်ရှိနေတော့လည်း တကျက်ကျက်ဘ၀နဲ့ ပြန်ပေါင်းကြတာပါပဲ...အောင့်မေမေ အသက်တိုတာလည်း သူတို့အိမ်ထောင်ရေးကြောင့်ပဲ"
ကြားရတာ စိတ်မချမ်းသာမိပါဘူး အောင်ရယ်..။ အောင် ရွေးချယ်ခဲ့တဲ့ဘ၀မှာ ပျော်အောင်နေပါလားကွယ်..။


--------
(၁၄)
စိမ်းတို့ မြို့မှာပြန်ပြီး စိမ်းရဲ့ ဆေးခန်းလေး ဖွင့်ဖြစ်တယ်...။ ဆေးခန်းနေရာလေးက စိမ်းကိုယ်တိုင်ရွေးခဲ့တာလေ..။ အကြိုက်ဆုံးကတော့ ခြံဝင်းဒေါင့်က အပွင့်ဝေနေတဲ့ ခရေပင်လေးကြောင့်ပါဘဲ။ ခရေပင်ရှေ့မှာ သစ်သားခုံတန်းလေးရှိတော့ လူနာစောင့်တွေလည်းထိုင်၊ စိမ်းလည်းအားရင်အားသလိုထိုင်။ ခရေပန်းရနံ့လေးက ဘ၀အမောတွေ ပြေစေတယ်လေ...။ ဒေါက်တာ စိမ်းလဲ့ရည် (M.B.B.S ) ဆိုတဲ့ဆိုင်းဘုတ်ဖြူဖြူလေး ချိတ်ဆွဲထားတဲ့ စိမ်းရဲ့ ဆေးခန်းလေး ဖွင့်စကပင် အောင်မြင်တယ်လို့ ဆိုရမည်။ ငွေကြေးနွမ်းပါးသူကို ငွေကြေးမယူပဲ ကုသပေးတတ်တဲ့ စေတနာ အကျိုးပေး ကြောင့်ပဲလားမသိ၊ ကုသမျှ ဆေးလိုက်သည်ဟု ဆိုကြသည်။ တစ်ညနေတော့ စိမ်းဆေးခန်းကို မထင်မှတ်တဲ့ လူနာတစ်ယောက် ရောက်လာခဲ့သည်။ သွေးအလိမ်းလိမ်းနှင့် အဘောရှင်းလူနာ။ ပပ..ပပ ရယ်လေ... ။ ဒေါ်လေးကျော့ရဲ့ စိုးရိမ်ပူပန်နေတဲ့မျက်နှာ...သူ့အနားက မျက်နှာပျက်ယွင်းနေတဲ့ အောင်။
"..ဘယ်လိုဖြစ်ရတာလဲ ...ဟင်.."
"...အောင်နဲ့စကားများပြီး အောင်အိမ်ကထွက်သွားမယ်အလုပ် ၊ ဆွဲလားလွဲလားနဲ့ လှေခါးပေါ်က ပြုတ်ကျတာလေ...."
ပါးစပ်ကမေးပေမယ့် လက်က လိုအပ်တာတွေ ဇယ်ဆက်သလို လုပ်နေမိသည်။ အကူသူနာပြုလေးကလည်း ထရိန်နင်ကောင်းကောင်း ရထားသူမို့ အကွက်စေ့လှသည်။
သွေး ...လိုတယ်...သွေး..သွေး....
အောင်နဲ့မတူ၊ ဒေါ်လေးကျော့နဲ့လည်းအဆင်မပြေ၊ နောက်ဆုံးသွေးလှူရသူက စိမ်း...။
ပပအပေါ် ချစ်တာ မုန်းတာတွေ မတွေးချင်ပါ၊ စိမ်း လုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာပါပဲ။


--------
(၁၆)


သတိရလာတော့ ပပ ၀မ်းနည်းရှာသည်။ အသက်ကယ်ခဲ့တဲ့ စိမ်းကို ကန်တော့သည်။
"...ပပ မှားခဲ့ပါတယ်..စိမ်းအပေါ်မနာလိုစိတ်နဲ့ ပြစ်မှားခဲ့မိပါတယ်... စိမ်းကို နာကျင်အောင်လုပ်ခဲ့မိလို့ ပပ အဆပေါင်းများစွာ နာကျင်ခဲ့မိရပါတယ်...။ ပပ ဒဏ်သင့်ပြီးပါပြီစိမ်းရယ်... ပပတို့အိမ်ထောင်ရေးဟာ တစ်ရက်မှ မပျော်ရပါဘူး..ပပ ကိုခွင့်လွှတ်ပါနော်......."
....စိမ်း ခွင့်လွှတ်ပြီးတာ ကြာခဲ့ပြီကော ပပ ရယ်.. ။


--------
(၁၇)
"...မတွေ့တာ ကြာပြီနော် အောင်....နေကောင်းရဲ့လား"
ပပနဲ့ ဒေါ်လေးကျော့ ပြန်ထွက်သွားတော့ အောင် နေရစ်သည်။ စိမ်းနဲ့အောင် စကားမပြောဖြစ်ကြပဲ ဆေးခန်းဝမှာ ငူငူကြီးရပ်နေမိရာက စိမ်းကစပြီး တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်တာဖြစ်သည်။
"...လူကတော့ ကောင်းပါတယ်..စိမ်း .... ဆယ်နှစ်နီးပါး ရှိခဲ့ပြီနော်...."
ဆယ်နှစ်နီးပါး....ဘာကိုပြောတာလဲအောင်...။ သောနုထိုရ်က အစွယ်ဖြတ်တဲ့နေ့လား..။ စိမ်း ရဲ့ အချဉ်ပေါက်တဲ့အတွေးတွေက စကားလုံးတွေဖြစ်မလာပါ။
"..ဟုတ်တယ်....စိမ်းလဲ ကိုယ့်မြို့လေးကို သတိရပါတယ်... ပြန်လာဖြစ်တော့လည်း သိပ်ဝမ်းသာတယ်.... ဖေဖေ မေမေတို့ကို အနီးကပ်စောင့်ရှောက်ဖို့လည်း လိုတယ်လေ...."
ကြည့်နေရင်း အောင့်မျက်လုံးတွေ ပိုပြီး စိမ်းလဲ့ညိုမှောင်သွားသလို ပါပဲ။
"...စိမ်းကို အောင် တောင်းပန်ချင်တာ ခုမှမဟုတ်ဘူး... နှစ်တွေကြာခဲ့ပြီ.... အောင် မတွေ့ရဲလို့ ပါ..... အောင်ခန့်မောင်မောင် ဆိုတဲ့လူတစ်ယောက်ရဲ့ မိုက်မဲမှု၊ ပျော့ညံ့မှူ ကြောင့် လူတွေအများကြီး စိတ်ဆင်းရဲခဲ့ရတယ်.... ကိုယ်ကိုယ်တိုင်လဲ စိတ်ဆင်းရဲ ရတာပါပဲ..."
စိမ်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ပြောချင်တာကြာပြီဖြစ်တဲ့ စိတ်ထဲမှာ အထပ်ထပ်ရေရွတ်ဖူးတဲ့ စကားလုံးတွေကို ပြောထွက်ဖို့ အားယူလိုက်တာဖြစ်သည်။
"......ပြီးခဲ့တာတွေ ပြန်ပြီးဝမ်းနည်းနေလို့ အပိုဘဲအောင်...... အကြောင်းရှိလို့ အကျိုးဖြစ်ကြတာဘဲ.... နောင် ထပ်မမှားဘို့ပဲလိုတယ်.... အောင်က လျစ်လျူပြုလို့ ဇွတ်လုပ်ရင်းနဲ့ ပပက မှားသထက်မှားနေတာ...... ပပ ဟာ နောင်တ ရနေပါပြီ.... အောင့်ဘက်က ပြင်ဖို့ဘဲလိုတယ်... ပပ ကို အကျိုးအကြောင်းပြောပြီး ပြင်ယူပါ.... တစ်ခုခုဖြစ်ခဲ့ရင် ဒီတစ်ချိန်ခံစားရမှာက အောင်တို့လူကြီးတွေချည်းပဲမဟုတ်ဘူး.... အပြစ်မရှိတဲ့ ကလေးလေး ပါတယ်.... စိတ်ဒဏ်ရာ ဆိုးမွေကို လက်ဆင့် မကမ်းချင်ပါနဲ့ အောင်..... ဒီလို ပြောနေလို့ စိမ်းဟာ သူတော်စင် သူတော်ကောင်းမကြီး လို့ မထင်စေချင်ဘူး။ စိမ်းမှာလည်း လောဘ ဒေါသနဲ့ သောက ရှိတာပါဘဲ။ စိမ်းလဲ နာကျင်တတ် ပူလောင်တတ်တာပါဘဲ။ ဒါပေမယ့် စိမ်းမှာက တရားနဲ့ယှဉ်တဲ့ အထိန်းအကွပ်ရှိတယ်။ မီးကျီးခဲမှန်းသိရင် ခဏပဲအပူခံမယ်... အပူလောင်အောင် ဆုပ်ကိုင်ထားမှာမဟုတ်ဘူး........... ဆိုလိုတာက အမုန်းတရားတွေ၊ အာဃာတ၊ အငြိုးတွေဆိုတာ သိမ်းဆည်းထားသူအတွက် ပူလောင်လှပါတယ် အောင်ရယ်။ အဲဒါတွေကို မေ့ပျောက်ဖို့ စွန့်ပစ်ဖို့ကြိုးစားတာဟာ ကိုယ့်ကိုယ်ကိုယ် အမြော်အမြင်ရှိစွာ ချစ်ရာရောက်ပါတယ်....။ စိမ်းဘ၀က ငြိမ်းချမ်းနေပါတယ်။ အောင်လဲ ငြိမ်းချမ်းမှူကိုရှာပါတော့.. "


စကားရှည်ကြီးကို ပြောပြီးတော့ ခရီးရှည်လှမ်းလိုက်ရသလို စိမ်းက မောသွားသည်။
".....အေးလေ..အစထဲက စိမ်းက အောင်တို့ထက် အများကြီးရင့်ကျက်တာပဲလေ..စိမ်းပြောသလိုဖြစ်လာအောင် အောင် ကြိုးစားပါ့မယ်.." စိမ်း ပြုံးလိုက်မိသည်။
"..ဒါနဲ့ စိမ်းက ဘာလို့လက်မထပ်သေးတာလဲ... အောင်သိခွင့်ရှိမလား.."
မထင်မှတ်တဲ့ ဒီမေးခွန်းကတော့ စိမ်းကို တခဏ တုန်လှုပ်သွားစေပါသည်..။ ပြီးတော့မှဟက် ကနဲ ရယ်လိုက်ရင်းက -
" ... အပူတွေကို ကြောက်လို့ပေါ့ အောင်ရဲ့ .....စိမ်းက အတ္တကြီးတယ်လေ..စိမ်းရဲ့စာဖတ်ချိန်ထဲက သူများကိုဖဲ့မပေးနိုင်ဘူး...အလကားပြောတာပါကွာ.... ဖူးစာရှင် မတွေ့သေးလို့ပေါ့... အပျိုကြီးလုပ်မယ်လို့တော့ အဓိဌာန်ပြုမထားပါဘူး..."
ရယ်ရယ်မောမောနဲ့ ပြောလိုက်ပေမယ့် စိမ်းရဲ့ ရယ်သံက ခြောက်ကပ်နေမလားဘဲ ..အောင်။


နှုတ်ဆက်ပြီး တလှမ်းချင်း လေးလံစွာ ထွက်ခွာသွားတဲ့ အောင့်ကျောပြင်ကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ဆယ်နှစ်က ကချင်လွယ်အိတ် အနီရဲလေးစလွယ်သိုင်းပြီး တက်ကြွတဲ့ လူငယ်လေးတစ်ယောက်ကို မြင်ယောင်မိ နေသေးတယ်။ အောင်ထွက်သွားတဲ့ လမ်းတလျှောက်အောက်မှာ နွမ်းနေတဲ့ ခရေပွင့်ကြွေတစ်ချို့ .....။

--------
(၁၈)
....... အဲဒီ ၀က်အပေါင်းတို့ဟာ ပတ္တမြားဂူကို ငြူစူတဲ့စိတ်နဲ့ ရွှံ့ညွံတွေနဲ့ အကြိမ်ကြိမ် ပွတ်တိုက်ကြသတဲ့...ဒါပေမဲ့ ပတ္တမြားဂူကတော့ ပွတ်လေ ပြောင်လေ................
တစ်ဖက်အိမ်ကဖွင့်နေတဲ့ တရားခွေထဲက စကားလုံးတွေကို မကြားတစ်ချက် ကြားတစ်ချက်..။
လေအဝေ့မှာ ခုံတန်းလျားပေါ်လွင့် ကျလာတဲ့ ခရေပွင့်လေးတွေက မွှေးပျံ့လွန်းလှသည်..။




မိုးစက်ပွင့်

(Photo Source: Flickr)

2 comments:

ပဲ့တင်သံလေးတွေ .......