Friday, 8 January 2010
အနှစ် ၅၀၀၀မှ မံမီများနှင့် ခဏတာ
ပိရမစ်တွေ ရှိတဲ့မြေကို မိုးစက် တစ်ခဏတာ ရောက်ခဲ့ပါတယ်....ချမ်းချမ်းစီးစီး ဒီဇင်ဘာလရဲ့ အစောပိုင်းမှာပေါ့။ ရောက်ရောက်ချင်းကြုံတွေ့ရတဲ့ အခက်အခဲလေးတွေတော့ မပြောပြတော့ဘူးနော်...။ ရောက်စနေ့ကတော့ မြို့ထဲမှာ တစ်ကိုယ်တော် ဟိုငေးဒီငေး လျှောက်လိမ့်ရင်း မှတ်ချက်ချမိတာက မြို့တော် ကိုင်ရိုက ကြီးလှ ကျယ်လှပါပေရဲ့။ မြို့တော်ရဲ့ လူဦးရေက ၁၈ သန်း တဲ့။ အောက်ခြေ လေထုကတော့ မှိုင်းလို့မှုန်လို့ မြင်သာလောက်အောင် pollutionဖြစ်နေတယ်။ လမ်းမပေါ်မှာ များပြားလှတဲ့ ရောင်စုံ ကားတွေက ဥဒဟိုပြေးနေကြတယ်။ ကားက ခတ်ဟောင်းဟောင်း စုတ်စုတ်တွေလည်း တော်တော်များတယ်။ တစ်စီးနဲ့တစ်စီး ကွေ့တက်လိုက် ကျော်တက်လိုက် စိတ်တို အော်ဟစ်လိုက်၊ လူတွေက ကားအပြတ်မှာ သုတ်ခြေတင်ပြီး မျဉ်းကျားရယ် ဘာရယ်မဟုတ် လမ်းဖြတ်ကူးလိုက်နဲ့ ။ ကျွန်မလဲ ကြောက်ကြောက်နဲ့ သူတို့နဲ့ ရောကူးခဲ့ပါတယ်။ လမ်းကူးချန်ပီယံမဟုတ်ပေမဲ့ ရန်ကုန်ကလာသူမို့ ဒီလောက်ကတော့ ထရိန်နင် ရပြီးသားလေ...။
ကမ္ဘာပေါ်မှာ အရှည်ဆုံးဆိုတဲ့ နိုင်းမြစ်ကြီးကလည်း ကိုင်ရိုမြို့လည်ခေါင်ကို ဖြတ်ပြီးစီးဆင်းနေတယ်။ မြစ်ကြောင်းရဲ့ တစ်ဖက်တစ်ချက်မှာတော့ ခန်းနားလှတဲ့ ဟိုတယ်တွေက အပြိုင်းအရိုင်း။ သင်္ဘောငယ်လေးတွေ ရွက်လှေရောင်စုံလေးတွေက ချစ်စရာ အရုပ်ကလေးတွေလို..။ မီးရောင်စုံတွေက နိုင်းမြစ်ရဲ့ အလှကို အရောင်တင်ပေးနေကြတယ်။ ဒီ နိုင်းမြစ်ကြီးပေါ့ - လွန်ခဲ့တဲ့ နှစ်၅၀၀၀က ယဉ်ကျေးမှူကြီးတစ်ရပ်ကို နေလိုလလို ထွန်းပစေခဲ့တာ။
မဖြစ်မနေ အလည်ရောက်ခဲ့တာက အီဂျစ်ရှေးဟောင်းပြတိုက် ( Egyptian Museum ) ပါပဲ။ နိုင်းမြစ်ကမ်းကနေ လမ်းလျှောက်ရင်လည်း ၁၅မိနစ်လောက်ပဲ ကြာလိမ့်မယ်။ လမ်းကြောင်းမသိတော့ တက္ကစီစီးရတာပဲပေါ့။ အံမယ် ရွှေပြည်ကြီးမှာ ဈေးဆစ်တဲ့ ပညာက ဒီမှာလည်း အသုံးဝင်သကိုး။ တကယ်ဆို ဈေးဆစ်ရတာ ကိုယ်အရမ်းမုန်းပါသည်။ ဒါပေမဲ့ ကိုင်ရိုမှာ မဆစ်ရင် အမြဲပဲ နှစ်ဆ သုံးဆ တောင်းနေကျဆိုတာ သိထားတော့ ဆစ်ရသေးသပေါ့။ မီတာတပ်ထားပေမဲ့ မီတာမသုံးပါ။ နိုင်ငံခြားသားဆိုရင် ပို ရိတ်ချင်ကြသေးတယ်။ တက္ကစီဆရာက အသက် ၅၀ လောက် ရှိမယ်။ သူက အီဂျစ်တွေ အများစုက မချမ်းသာကြောင်း၊ ဟိုတယ်နဲ့ စီးပွားရေးလုပ်ငန်းအများစုက ဆော်ဒီက ဘုရင့်အဆက်အနွယ်တွေ ပိုင်ဆိုင်တာဖြစ်ကြောင်း ပြောပြပါတယ်။ အမေရိကန်သံရုံးရှေ့ရောက်တော့လည်း စစ်ပွဲတွေ အမြဲလုပ်တဲ့ အမေရိကန်ကိုမုန်းကြောင်း ပြောပြနေသေး ရဲ့။ ပြီးတော့ သူ့မှာ မိန်းမတစ်ယောက်ထဲသာရှိလို့ ဂျီကျတာ ဆူတာ အမြဲခံရကြောင်း၊ နောက်တစ်ယောက် ထပ်ယူလိုက်ရင် ဆူရဲမှာ မဟုတ်တော့ကြောင်းလည်း ဟာသဖောက်ပါသေးတယ်။ အပြန်လမ်းကိုတော့ လမ်းလျှောက်ပြန်ဖို့ အကြံပေးပါတယ်။ လမ်းလဲ သေသေချာချာ ပြောပြပါတယ်။
ပြတိုက်ဝင်ခက ၁၂ ဒေါ်လာနဲ့ညီတဲ့ အီဂျစ်ငွေ။ ပြတိုက်အ၀င်ဝမှာ ကင်မရာတွေ အပ်ခဲ့ရပါတယ်။ စိတ်မကောင်းလိုက်တာ။ အပြန်ကျမှ ပြတိုက်မှတ်တမ်း ဓါတ်ပုံစာအုပ်ဝယ်ရတော့မယ်။ ကံကောင်းစွာနဲ့ စေတနာပါတဲ့ Guide ကို ဈေးချိုချိုနဲ့ ရခဲ့ပါတယ် :-) ပြတိုက်ထဲမှာ ခေတ်အဆက်ဆက်ကအီဂျစ်လက်ရာ ကျောက်ရုပ် ကြေးရုပ် တွေကို တွေ့ရပါတယ်။ ရှေးဟောင်းအီဂျစ်တွေဟာ စိတ်ကူးစိတ်သန်းအလွန်ကောင်းပြီး အံ့မခန်းတဲ့ ယဉ်ကျေးမှူလက်ရာ အမွေအများအပြားချန်ထားခဲ့ပါတယ်။ အများကြီးဆိုတော့ အကြိုက်ဆုံးတွေဘဲ ရွေးပြောပါတော့မယ်။
ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှူမှာ လူတိုင်းလူတိုင်း မံမီလုပ်ကြပါသတဲ့။ သေသူရဲ့ဝိညာဉ်ဟာ ကောင်းကင်ကို ပျံတက်သွားပြီး သူ့ရဲ့မံမီရှိရာကို တစ်ဖန်ပြန်လာပြီး ကိန်းအောင်းတယ်လို့ သူတို့ ယုံကြည်တာမို့ ခန္ဒာကိုယ်ကို မပုပ်မသိုးအောင် ထိမ်းသိမ်း ကြတာပါ။ ဆင်းရဲသား မံမီကတော့ ပပိုင်းရပ်စ် ( Papyrus) လို့ခေါ်တဲ့ ကျူပင်တစ်မျိုးနဲ့ယက်ထားတဲ့ ကျူဖာထဲမှာ ပုဆစ်တုပ်အနေအထားနဲ့ လီနင်စအ၀တ် အထပ်ထပ် ပတ်ပြီး မြှူပ်နှံသဂြိင်္ုလ်ကြပါသတဲ့။ သူဌေးသူကြွယ်တွေကျတော့ ကျောက်သားအခေါင်းထဲမှာ ပက်လက်စန့်စန့်ထည့်ပြီး မြှူပ်နှံကြတယ်။ လူသေ အခေါင်းကလည်း Russian Doll တွေလို နှစ်ထပ်ကနေ လေးထပ်လောက်အထိ အကြီးထဲအလတ်၊ အလတ်ထဲ အသေး စသဖြင့် အဆင့်ဆင့် ထည့်သွင်းကြတာ တဲ့။ မံမီလုပ်တဲ့ ခတ်ခွက်ခွက်ကျောက်ခုံကြီးကိုလည်း တွေ့ရပါတယ်။ မံမီပြုလုပ်ပုံ အဆင့်ဆင့် (Mummification) မှာ အရင်ဆုံး လူသေကို ပက်လက်အနေအထားနဲ့ ရင်ခွဲပြီး ကလီစာတွေကို ထုတ်ပစ်ရတယ်။ ဆားတွေနဲ့နယ်သိပ်ပြီး ရက်ပေါင်းလေးဆယ် ထားရပါသတဲ့။ ရက်ပြည့်ရင် ဆားတွေ ဖယ်ထုတ်ပြီး အ၀တ်စနဲ့ တင်းကြပ်နေအောင် အထပ်ထပ် စည်းနှောင်ရပါတယ်။ ကျွန်မတို့ဆီက ငပိကောင်လုပ်နည်းနဲ့ ခပ်ဆင်ဆင်တူနေပါတယ်။ မျက်နှာပေါ်ကိုတော့ မျက်နှာဖုံးတစ်ခု အုပ်ပေးလိုက်တယ်။ ပြတိုက်ထဲမှာ လူသာမက မျောက်၊ ငှက်၊ ခွေး၊ ကြောင်၊ ငါး၊ မြွေ၊ မိချောင်း၊ စတဲ့ သတ္တ၀ါတွေကိုပါ မံမီ လုပ်ထားတာ တွေ့ရပါတယ်။
ကျွန်မစိတ်အ၀င်စားဆုံးက romanticျြဖစ်တဲ့ မံမီအခေါင်းတစ်ခုပါ။ ကျောက်သားအခေါင်းရဲ့ သေတ္တာအဖုံးအတွင်းဖက်မှာ (သေဆုံးသူရဲ့ ဇနီးဖြစ်ပုံရတဲ့) ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးပုံ ထုလုပ်ထားပါတယ်။ သူမရဲ့ တစ်ကိုယ်လုံးမှာ ကြယ်တာရာတွေပုံ အပြည့် ချယ်မှူန်းထားပါတယ်။ ခေါင်းအဖုံးကို ပိတ်လိုက်ချိန်မှာ သေဆုံးသူဟာ မိမိနဲ့မျက်နှာ ချင်းဆိုင်မှာ ဇနီးဖြစ်သူကို မြင်တွေ့နိုင်ပြီး၊ သူမနဲ့ ကောင်းကင်ဘုံမှာ ဆုံဆည်းဖို့ရည်ရွယ်တာဖြစ်တယ် လို့ guide ကရှင်းပြပါတယ်။ သြော် အနှစ်၅၀၀၀က အချစ်ဇာတ်လမ်းလေးပေါ့။
တိုးရစ်စ်တွေ စိတ်ဝင်စားမှူ အများဆုံးကတော့ တူတင်ခါမင် ဘုရင်ကလေး ( ဘီစီ ၁၃၅၅-၁၃၄၆) ရဲ့ မံမီစီစဉ်မှူပါ။ တူတင်ခါမင် ဘုရင်ကလေးဟာ ၀မ်းကွဲနှမတော်နဲ့လက်ဆက်ခဲ့ပြီး သေဆုံးချိန်မှာ အသက် ၁၉ နှစ်သာ ရှိသေးသတဲ့။ သူဝါသနာပါတဲ့ အမဲလိုက်ခြင်းမှာသုံးတဲ့ လေးမြှား ရထား တွေအပြင် ရွှေကုလားထိုင် ဖိနပ် ရေမွှေးအိုး အတွင်းခံဘောင်းဘီ စပါးမျိုးစေ့ ကအစ ဂူသချိုင်္င်းထဲမှာ ထည့်ပေးထားတယ်။ စားသောက်ဖို့ ပေါင်မုန့်နဲ့ ကြက်ငှက်တွေကိုပါ မံမီစည်းပြီးထည့်ထားပေးတယ်။ ဘုရင်ရဲ့ မံမီထည့်သွင်းတဲ့ အခေါင်းက သုံးထပ်ပါ။ အောက်ဆုံးအထပ်က ရွှေသားအတိဖြစ်ပြီး အပေါ်နှစ်ထပ်က သစ်သားကိုရွှေချပြီး ကျောက်မျက်စီချယ်ထားပါတယ်။ အောက်ဆုံး ရွေသားအခေါင်းဖုံးက ရွေကီလို၁၁၀ရှိပါသတဲ့။ အောက်က ပုံပါဘဲ။ စာအုပ်ထဲက ပြန်ရိုက်ထားတာမို့ အရောင်သိပ်မကောင်းပါ။
မကိုဋ် သရဖူရဲ့ ဘေးတစ်ဖက်တစ်ချက်နှင့် ခန္ဒာကိုယ်ပေါ် မှာတော့ အပြာရောင်ကျောက်သားတစ်မျိုးနဲ့ အစင်းအစင်းတွေ ချယ်မှုန်းထားပြီး မေးစေ့မှာမုတ်ဆိတ်အတုကို ဘုရင်ရဲ့အမှတ်အသားအဖြစ် တပ်ဆင်ထားပါတယ်။ တူတင်ခါမင် ဘုရင်ကလေးဟာ အချောဆုံး အီဂျစ်လူမျိုးယောကျာ်း အဖြစ် အီဂျစ်တွေကအသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။ ( အချောဆုံးအမျိုးသမီးလို့ ပြောကြတာကတော့ နီဖာတီတီ မိဘုရား လို့ပြောကြပါတယ် - သူက တူတင်ခါမင်ရဲ့မိဘုရားတော့ ဟုတ်ဟန်မတူပါ) သေသှူုဘုရင်လေးရဲ့ ကလီစာတွေကို စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ အိုးလေးလုံးထဲမှာ ထည့်သွင်းထားပါတယ်။ ဘုရင်ရဲ့ လက်နှစ်ဖက်က ဘာသာရေးအထိမ်းအမှတ်အနေနဲံ ရင်ဘတ်ပေါ်မှာ ကြက်ခြေခတ်ထားပါတယ်။ သူ့ရဲ့နဖူးမှာ မြွေဟောက်နဲ့ လင်းတကို ဆင်မြန်းထားပါတယ်။ သစ်သားအခေါင်းပေါ်မှာတော့ ၀ပ်စင်းနေတဲ့ အနက်ရောင်မြေခွေးပုံ၊ ခေါင်းဘေးပါတ်လည်မှာ နတ်သမီးလေးယောက်ပုံကို အစောင့်အရှောက်အခြံအရံ သဘောနဲ့ ထုလုပ်တပ်ဆင်ထားပါတယ်။ တူတင်ခါမင်ရဲ့ မျက်နှာဖုံးပါတဲ့ ခေါင်းပိုင်းရုပ်ပုံဟာ အီဂျစ်ရဲ့ iconတစ်ခုဖြစ်နေပါတယ်။ ရောက်လေသမျှ ဈေး၊လမ်းတွေမှာ အီဂျစ် အမှတ်တရပစ္စည်းအဖြစ် ရောင်းချနေကြပါတယ်။
နောက်ထပ် ပြတိုက်ရဲ့ အရေးပါတဲ့ ရှေးအီဂျစ်လက်ရာမွန်တစ်ခုက တူတင်ခါမင်ရဲ့ ပလ္လင်တော်ပါ။ ဒါလဲ သူ့ရဲ ဂူသချိုင်္င်းက ရခဲ့တာပါပဲ။ ပလ္လင်ကို သစ်သားရွှေပိန်းချထားပြီး အီဂျစ်ပြည်ထွက် ငွေနဲ့ ကျောက်ရောင်စုံတွေ ၊ ဖန်မှန်ရောင်စုံတွေ စီချယ်ထားပါတယ်။ ပလ္လင်ရဲ့ ခြေထောက်လေးခုက ခြင်္သေ့လက်သည်းပုံစံထွင်းထားပြီး လက်တန်းရဲ့အဆုံးမှာ မျက်စေ့ကို သလင်းကျောက်မြှူပ်ထားတဲ့ ခြင်္သေံဦးခေါင်းပုံတွေ ထုလုပ်ထားပါတယ်။ ကျောမှီမှာတော့ မိဘုရားက ဘုရင်ကို ရေမွှေးဆွတ်ဖြန်းပေးနေပုံ ရေးခြယ်သရုပ်ဖေါ်ထားပါတယ်။
အီဂျစ်ဘုရင်တိုင်းက အီဂျစ် အထက်အောက်ကို ပိုင်ဆိုင်နိုင်ကြတာမဟုတ်ပါဘူး။ တူတင်ခါမင်ကတော့ ပိုင်ဆိုင်ခဲ့ပါတယ်။ မြောက်ပိုင်းနဲ့တောင်ပိုင်းရဲ့ ညီညွတ်မှူကို ကိုယ်စားပြုတဲ့အနေနဲ့ ကြာပန်း (မြောက်) နဲ့ ပပိုင်းရပ်ပန်း (တောင်)တို့ကိုလည်း သရုပ်ဖေါ်ထားပါတယ်။ ရွှေချထားတဲ့ ခြေနင်းခုံမှာတော့ ရန်သူခြောက်မျိုး ( အာရှသားသုံးမျိုးနဲ့ အာဖရိကန်သုံးမျိုးတို့ကို ) အောင်နိုင်ခြင်းအထိမ်းအမှတ်နဲ့ထွင်းထုထားပါတယ်။ လက်ရန်းရဲ့ ဘေးဘယ်ညာမှာ ကာကွယ်ခြင်းနဲ့ အောင်နိုင်ခြင်းကို ကိုယ်စားပြုတဲ့ မြွေဟောက်ခေါင်း (အီဂျစ်မြောက်ပိုင်း) နဲ့ လင်းတတောင်ပံ (အီဂျစ်တောင်ပိုင်း) တို့ကို ထည့်သွင်းထားပါတယ်။ခြေနင်းခုံရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့ ( အာရှသားရန်စွယ်အားလုံးဟာ သင့်ခြေဖ၀ါးအောက်မှာ) နှင့် ( လူထုအားလုံးကချစ်မြတ်နိုးတဲ့ဘုရင်) စသဖြင့် ရေးထိုးထားပါတယ်။
တော်ဝင်မံမီရုပ်အလောင်းတွေ ( Royal Mummies) ကိုတော့ သီးခြားပြတိုက်ခန်းမထဲမှာထားပြီး နောက်ထပ် ဒေါ်လာ၂၀နဲ့ညီတဲ့ အီဂျစ်ငွေပေးပြီး ၀င်ကြည့်ရပါတယ်။ တစ်နေ့တစ်နေ့ လာလည်သူအရေအတွက်နဲ့ မြှောက်ရင် တော်တော်များတဲ့ဝင်ငွေကို အီဂျစ်အစိုးရက ရနေတာပါ။ မံမီတွေကို မှန်ခန်းထဲမှာ အပူအအေးသင့်တင့်အောင် ချိန်ပြီးထိမ်းသိမ်းထားတာပါ။ စုစုပေါင်း မံမီ ၁၀ ခု ရှိပါတယ်။
တကယ်တော့ မံမီတွေ ဟာ နိုင်ငံတကာ ရှေးဟောင်းပစ္စည်းသူခိုးများရဲ့ မျက်စေ့ကျစရာဖြစ်ခဲ့ပါတယ်။ မံမီအများအပြားဟာ နိုင်ငံပြင်ပကို ရောင်းစားခံကြရပါတယ်။ ( အသက်ရှိတုန်းသာ trafficking လုပ်ခံရနိုင်တာမဟုတ်ဘူးနော် :-) ) တစ်ချို့က ပြန်ရပေမဲ့ တော်တော်များများက နိုင်ငံခြားပြတိုက်တွေမှာ။ ပထမဆုံးအကြိမ် မံမီကို မိုးစက်မြင်ခဲ့ရတာက ဗီယင်နာမြို့က ပြတိုက်တစ်ခုမှာ။
အခုတော့ ကိုင်ရိုမှာ တစ်ဒါဇင်နီးနီးရှိတဲ့ မံမီတွေကို မြင်တွေ့နေရပါပြီ။ တကယ်တော့ ခြောက်ကပ်နေတဲ့ ရုပ်အလောင်းတွေကိုကြည့်ရတာ ပျော်စရာတော့ ဘယ်ကောင်းပါ့မလဲ။ သြော် တစ်ချိန်က သူလဲ ငါတို့လို လှုပ်လှုပ်ရွရွနဲ့ သွားခဲ့လာခဲ့ပါလား၊ စားခဲ့သောက်ခဲ့ပါလား။ ဘုရင်တွေ ဘုရင်မတွေ ဆိုတော့ကာ ဆီဦးထောပတ်စားပြီး ဟိန်းလိုက်ဟောက်လိုက် ကြိမ်းလိုက်မောင်းလိုက် နှိပ်ကွပ်လိုက်နေမှာပဲ...။ အခုတော့လဲ သူ့ခမျာ ခြောက်ပေခွဲ မှန်ခေါင်းထဲမှာ ပက်လက်အစန့်သားနဲ့ လူတကာကြည့်တာခံနေရပါလား - စသဖြင့် စသဖြင့် မရဏာနုသတိ ပွားရတော့တာပေါ့.. :-) ။
မံမီတွေက ခေါင်းပေါ်မှာ ၀ါကျင်ကျင်ဆံပင်တွေ ကပ်နေတယ်။ ညိုခြောက်ခြောက်ခြေချောင်း၊လက်ချောင်းတွေကို ရင်ဘတ်ပေါ်ယှက်တင်ထားကြတယ်။ စစ်သူကြီးလို့ထင်ရတဲ့သူတစ်ယောက်ရယ်။ လက်အနေအထားကိုကြည့်ပြီး ဘုရင်လို့မသတ်မှတ်နိုင်တဲ့ သူရယ်ကလွဲရင် ကျန်တာအားလုံးက ဘုရင်တွေပါ။ ဘုရင်မတစ်ယောက်ပါတယ်။ ပြင်သစ်မှာ ယူပြီး စမ်းသပ်ချက်တွေလုပ်ထားတာမို့ ဘုရင်ရဲ့ အရပ်အမောင်း၊ သေဆုံးတဲ့အသက်၊ ဒဏ်ရာရဖူးခြင်းရှိမရှိ သိနိုင်ပါသတဲ့။ သွား တွေကိုစမ်းသပ်ပြီး အမည်တွေကို အတည်ပြုပါတယ်။ သက်ဆိုင်ရာ မံမီရဲ့ဘေးမှာ စာတမ်းတွေ ရေးထိုးထားပါတယ်။ တစ်ဦးတည်းသောဘုရင်မကတော့ (ဟာရှိဆု) ပါတဲ့။ သူမဟာ နှစ်ပေါင်းများစွာ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချူပ်ခဲ့သူတစ်ဦးဖြစ်တယ်တဲ့။ သူမမှာ အရုပ်ဆိုးတဲ့သွားတွေရှိပြိး အ၀လွန်သူဖြစ်ပါသတဲ့ ( အင် - အီဂျစ်ဘုရင်မချောချောလေး စိတ်ကူးယဉ်ထားမိတာ - သွားရော)...။
ဘုရင်တွေသေဆုံးရင် ကျွန်တွေပါ မြှူပ်နှံခံရသလား ဆိုတာက (ကျွန်မအတွက်တော့) မသေချာပါ။ guide က ဂူသချိုင်းထဲမှာ တွေ့ရတဲ့ အလုပ်လုပ်နေတဲ့ ကျွန်အရုပ်သေးသေးလေးတွေကိုပြပြီး ရှေးအီဂျစ်များဟာ ကျွန်ကို မသဂြိုလ်ပါ..အရုပ်ကလေးတွေသာ ထည့်ပေးပါတယ်လို့ ရှင်းပြပါတယ်။ တကယ်ထည့်ရင်လည်း အရိုးစုတွေ့ရမှာမို့ သူပြောတာ ဖြစ်နိုင်စရာ ရှိပါတယ်။ ( ပိရမစ်တွေ တည်ရာမှာတော့ ပညာလျိုတဲ့အနေနဲ့ အလုပ်သမားတွေကို သတ်ပစ်တယ်လို့ ပြင်သစ်လူမျိုးတစ်ယောက်ပြောတာ မှတ်သားရပါသေးတယ်- ဟုတ် မဟုတ် မသိပါ)..။
တကယ်တော့ မံမီတွေဟာ ကျွန်မတို့ကို ပညာတွေအများကြီးပေးခဲ့တာပါ။ သူတို့ကိုလေ့လာပြီး ဟိုးရှေးရှေးက ဘယ်လိုနေခဲ့စားခဲ့ကြသလဲဆိုတာ ပညာရှင်တွေ သိရှိနိုင်တာပေါ့နော်..။ ဟိုးတုန်းကရောဂါတွေ ကုထုံးတွေအကြောင်းလည်း အထောက်အကူ ဖြစ်လိမ်းမယ် ထင်ပါတယ်။ ဘာပဲပြောပြော ကျွန်မကတော့ အီဂျစ်ပြတိုက်နဲ့ မံမီတွေအနားမှာ နေလိုက်ရတဲ့ တစ်ခဏတာမှာ ကိုယ်တိုင် နှစ်ပေါင်း၅၀၀၀က လှူု့အဖွဲ့အစည်းထဲမှာ ကိုယ် ကိုယ်တိုင်တိုးဝင်လှူပ်ရှားနေရသလို ခံစားမိပါတယ်ရှင်..။
(ပိရမစ်များဆီသို့ ...... ဆက်ပါဦးမည်...)
မိုးစက်ပွင့်
Labels:
Egypt,
ခရီးသွားခြင်း
Subscribe to:
Post Comments (Atom)
အစ်မရေ.... အီဂျစ်ဗီဇာလွယ်လားခင်ဗျာ။သွားလည်ချင်လို့ ပါ။ချင်းပြည်နယ်ပို့ စ်တွေဖတ်ရတာကျေးဇူးပါ။ကျနော်ကကလေးမြို့ ကပါ။
ReplyDeleteကိုအောင်မြင့်ဌေးရေ ...အီဂျစ်က တိုးရစ်အားထားတဲ့နိုင်ငံဆိုတော့ လွယ်လောက်ပါတယ် ... ကျွန်မကတော့ အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင်ထောက်ခံချက်ကြောင့် အခက်အခဲမတွေ့ခဲ့ရပါဘူး။ ကြိုးစားကြည့်ပါနော်...။ ချင်းပြည်နယ်အကြောင်း ထပ်ရေးချင်ပါသေးတယ်...ကလေးကိုလည်း နောက်တစ်ခေါက်ရောက်ရင်ပေါ့..။
ReplyDeleteကံကောင်းခြင်းအလွန်နဲ့ အစ်မပါလား အီဂျစ်မရောက်ဖူးပေမယ့် အစ်မကြောင့်အခုရောက်ဖူးသွားပြီ(အာရုံထဲမှာ) ကျေးဇူးအနန္တပါ..............
ReplyDeleteအီဂျစ်ကို စိတ်ကူးယဉ်ထားဆဲဖြစ်နေသေးတယ်
ReplyDeleteနိုင်းမြစ်၊ သဲကန္တာရနဲ့ ပိရမစ်တွေကို တနေ့တော့ တွေ့ခွင့်ရနိုင်ကောင်းရဲ့