Sunday 10 January 2010

ပိရမစ်များ နှင့် ခဏတာ

ပိရမစ်တွေဆီကို ရောက်ခဲ့တဲ့ မှတ်တမ်းကလေးပါ..... ပထမဦးဆုံး သွားခဲ့တာကတော့ ကိုင်ရိုနဲ့ မဝေးလှတဲ့ ဂီဇာအရပ်က ပိရမစ်(Giza's Pyramids )တွေပါ .. ဂီဇာက မြို့ထဲနဲ့ နာရီဝက်သာသာပဲ ကားမောင်းရတာမို့ တိုးရစ်စ်တွေ အသွားများပါတယ်... ပိရမစ် ၃-လုံးကို ဓါးလွယ်ခုတ် တန်းပြီး မြင်နေရပါတယ်.... ၁၅ ဒေါ်လာနဲ့ညီတဲ့ အီဂျစ်ငွေကို ဂိတ်ကြေးပေးပြီး အထဲကိုဝင်ရပါတယ်... ပထမဦးလုပ်တာကတော့ သိတယ်ဟုတ်... ဓါတ်ပုံ ရိုက်တာ ပဲပေါ. ... ပိရမစ်နဲ့ စဖင့် ( Sphinx) ကြီးကို တွဲလျက် ဒီလိုမြင်ရတယ်။ ဂီဇာ ပိရမစ်၃ခုထဲက ကူဖူးဘုရင်ရဲ့ပိရမစ်ကြီးဟာ Seven Wonders of the World ထဲမှာပါပြီး လူသားတွေ တည်ဆောက်ထားသမျှထဲမှာ အမြင့်မားဆုံးလို့သိရပါတယ်။ လူပေါင်း တစ်သိန်း ကျော်နဲ့ နှစ်ပေါင်း ၂၀လောက် တည်ဆောက်ခဲ့ရပြီး ဘီစီ ၂၅၅၁မှာ ပြီးတယ်ဆိုတော့ သက်တမ်းကို တွက်သာကြည့်ပါတော့နော်။ နှစ်တန်ခွဲလေးတဲ့ ကျောက်တုံးပေါင်း နှစ်သန်းခွဲနဲ့တည်ဆောက်ထားတာပါတဲ့။ ကျောက်တုံးတွေကလည်း ဒေသထွက်မဟုတ်ဘဲ အီဂျစ်တောင်ပိုင်းကနေ နိုင်းမြစ်ရိုးတစ်လျှောက် လှေတွေ၊ လူအားတွေနဲ့ သယ်ဆောင်လာတာပါ။ လုပ်အားအကြောင်းပြောရာမှာ ကျွန်တွေနဲ့ဆောက်တယ်လို့ ပြောကြသလို၊ ဘုရင်က ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားတဲ့ လက်မှူပညာသည်တွေနဲ့ ဆောက်တယ်လို့လည်း အယူအဆ ကွဲနေပါသေးတယ်။ ဘာဘဲဖြစ်ဖြစ် ထုထည်က မတရား ကြီးမားလွန်းတာတော့ အမှန်ပဲ :-) စပ်စုချင်စိတ်ကြောင့် ရောက်ဖူးတဲ့ မိတ်ဆွေက တားတဲ့ကြားက နောက်ထပ်လက်မှတ်ဝယ်ပြီး ပိရမစ်ထဲ ၀င်ကြည့်ခဲ့သေးတယ်။ မွန်းကြပ် ပိတ်လှောင်တဲ့ လှေကားအတိုင်းဆင်းပြီး နောက်ဆုံးမှာ ဆယ်ငါးပေလောက်ပတ်လည်အခန်းတစ်ခန်းနဲ့ မံမီထားတဲ့ ကျောက်ကန်နေရာပဲ မြင်ခဲ့ရတယ် :-)

ဒုတိယအစီအစဉ်အနေနဲ့ ကုလားအုတ်စီးကြတယ်။ ကုလားအုတ်က မြင့်မြင့်ကြီးဆိုတော့ သူ့ကျောပေါ်ခွပြီးပြီးချင်း ထရပ်လိုက်တော့ အသည်းထဲမှာ အေးခနဲ။ ကုလားအုပ်ပေါ်ကကျလို့ ခါးကျိုးရရင်လည်း ကျော်မကောင်း ကြားမကောင်းဖြစ်ရဦးမယ်။ မထူးပါဘူးဆိုပြီး ကုန်းနှီးစွန်းကဘုကြီးကို လက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ပြီး စီးခဲ့တာ... ။ ကုလားအုတ်က မပြေးပါဘူး... တစ်လှမ်းချင်းမှန်မှန်လျောက်တာဆိုတော့ စီးလို့ကောင်းပါတယ်။ ကုလားအုတ်ထိန်းက အမှတ်တရဓါတ်ပုံ ရိုက်ပေးတယ်။ တစ်ယောက်က သူငယ်ချင်း နီပေါသူပါ.... နှစ်ယောက်လုံး
ခပ်ဝေးဝေးကကြည့်တော့ ခပ်ဝါးဝါးနဲ့ ချောတယ်ဟုတ်..။ ကုလားအုတ်တွေကအသက် ၉ နှစ် နဲ့ ၁၁နှစ်ရှိပြီလို့ သိရတယ်။ မိုးစက်တို့စီးရတဲ့ကုလားအုတ်က အမွေး ကွက်တိကွက်ကြားနဲ့ တော်တော်ရုပ်ဆိုးတယ်။ သဲကန္တာရထဲမှာ မြင်းစီးတဲ့သူတွေလည်း အများကြီးပဲ။ မြင်းကတော့ ရွှေနိုင်ငံမှာလည်း ပေါမှပေါဆိုတော့ စီးမနေတော့ဘူး။ ညနေ၇နာရီမှာပြတဲ့ ပိရမစ်ရှိုးကို မလွတ်အောင်ကြည့်ကြသေးတယ်။ ကွင်းခေါင်ခေါင်ကြီးမှာ ခုံတွေတန်းစီချထားတယ်။ ညလေ တဟူးဟူးက အေးစိမ့်နေတာမို့ ပါလာတဲ့ ပုဝါတွေကို တင်းတင်းစေ့ခြုံထားရတယ်။ ပိုက်ဆံပေးပြီး စောင်ငှားလို့လည်း ရပါတယ်။ ပရိသတ်တွေရဲ့ နောက်က တာဝါစင်ကြီးကနေ ပိရမစ်တွေရဲ့မျက်နှာပြင်ကို ပရိုဂျက်တာထိုးပြီး ရုပ်ရှင် လိုပြတာပါ။


ပိရမစ် ၃ ခုကို ရောင်စုံပရိုဂျက်တာနဲ့ တစ်ပြိုင်နက် ထိုးပြပြီး အသံစနစ် ကလည်းကောင်းလှတာမို့ စိတ်ကူးကောင်းလှပါရဲ့လို့ ချီးကျူးမိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေက စိတ်ဝင်စားစရာမကောင်းလှပါ။ animation မပါတာကြောင့် ပိရမစ်များရဲ့သမိုင်းကြောင်း ရုပ်ရှင်က ပုံမပေါ်လှပေဘူး။ လာကြည့်တဲ့ ပရိသတ်နဲ့ ရုံဝင်ခ ၁၅ ဒေါ်လာ၊ တစ်နေ့ပြသချိန်သုံးချိန် မြှောက်ရင် တစ်လတစ်လ သိန်းချီတဲ့ ဒေါ်လာတွေ ၀င်နေတာတောင် ကောင်းကောင်း မဖန်တီးကြဘူး။ ဟောလိဝုဒ်က ကုမ္မဏီတွေနဲ့ စာချူပ်ချူပ်ပြီး ရုပ်ရှင်ကောင်းကောင်းလေး ရိုက်ရောပေါ့လို့ အချင်းချင်း တီးတိုးတီးတိုး သဖန်းပိုး ဝေဖန်ခဲ့ကြသေးတယ်...။

နောက်တစ်နေ့သွားတဲ့ Saqqara ခရီးစဉ်က ပိုလို့စိတ်ဝင်စားစရာပါ။ ဂီဇာထက်အများကြီး မက်ဆေ့ခ်ျ ပေးနိုင်တဲ့နေရာပါ။ Saqqara က ကိုင်ရိုကနေ ကီလိုမီတာ ၃၀လောက်ဝေးပါတယ်။ တက္ကစီနဲ့ တစ်နာရီ လောက်သွားရပါတယ်။ အပြန်အတွက်သေချာအောင် တက္ကစီကို စောင့်ခိုင်းမှသာ အဆင်ပြေနိုင်ပါတယ်။ Saqqara အသွား မော်တော်ကားလမ်းရဲ့တစ်ဖက်က ရေသွင်းစိုက်ပျိုးရေးကြောင့် စိမ်းစိုနေပြီး ကျန်တစ်ဖက်ရဲ့ မနီးမဝေးမှာ သဲကန္တာရတွေကို လှမ်းမြင်နေရတာက စိတ်ဝင်စားစရာပါ။ Saqqara အ၀င် ဂိတ်ဝမှာ ရဲကတားပြီး တက္ကစီသမားကို တစ်ခုခုတောင်းနေပုံရတယ်။ သူတို့လစာက ဒေါ်လာ၅၀လောက်ဘဲရတာလေ လို့ ကားဆရာက ရှင်းပြပါတယ်။



Saqqara ဟာ ရှေးအကျဆုံး အီဂျစ်မြို့တော် Memphis ရဲ့ သချိုင်္င်းနေရာပဲဖြစ်ပါတယ်။ အဲဒီမှာ နာမည်ကျော် ဇိုဇာ (Djoser)ဘုရင်ရဲ့ အဆင့်များစွာဖေါ်ထားတဲ့ ပိရမစ်သချိုင်္င်းတော်ရှိပြီး နောက်ထပ် ဘုရင် ၁၆ဦးကလည်း သူတို့ရဲ့ပိရမစ် တွေတည်ခဲ့ပါတယ်။ ဖာရိုဘုရင်များလက်ထက်မှာ ဘုရင့်မင်းမှူထမ်းအရာရှိများကပါ သူတို့ သချိုင်္င်းဂူတွေ တည်လာကြတာဖြစ်ပါတယ်။ ပြင်သစ် ပညာရှင် Jean-Philippe Lauer (May 7, 1902 – May 15, 2001) ဟာ သှူုအသက် ၂၄နှစ်ကစလို့ သေဆုံးချိန် အထိ နောက်ထပ် ၇၅နှစ်တိုင်တိုင် ပိရမစ်များကို လေ့လာထိမ်းသိမ်း ပြုပြင်ခဲ့သူပါ။Saqqara ပြတိုက်ရဲ့ ယာဘက်ဒေါင့်မှာ သူ့ရဲ့အလုပ်ခန်းလေးကို လက်ရာမပျက် ပြသဂုဏ်ပြုထားပါတယ်။ စာအုပ်စင်၊ ဦးထုပ်၊ စာရေးစားပွဲ၊ ကွန်ပြူတာလေးများကို မြင်ရပါတယ်။ စားပွဲရဲ့ မျက်နှာပြင် မှန်ချပ်အောက်မှာ ပြတိုက်ဖြစ်မြောက်ရေးအတွက် အစိုးရအဆင့်ဆင့်ကို သူရေးသားခဲ့တဲ့ မူရင်းစာကလေးများကို ပြသထားပါတယ်။ သူ့ရဲ့ မဆုတ်နစ်တဲ့လုံ့လနဲ့ ဇွဲက ချီးကျူးစရာပါ။

Saqqara ပြတိုက်ထဲမှာတော့ တူးဖေါ်ရရှိခဲ့တဲ့ ရှေးမူလက်ရာ ပစ္စည်းများကို ရင်သပ်ရှူမော တွေ့ရပါတယ်။ ရှေးခေတ်ကသုံးခဲ့တဲ့ လက်ကိုင်ပါတဲ့ မှန်တွေ၊ဘီးတွေ ဘီးစိပ်တွေ၊ အဆောင်လက်ဖွဲ့တွေ၊ natural color ဆိုးထားတဲ့ မြေပန်းကန်ကွဲ တွေကို ပြထားပါတယ်။ Granite ကျောက်သားနဲ့လုပ်ထားတဲ့ ရေတကောင်းတွေ၊ Schist ကျောက်နဲ့လုပ်ထားတဲ့ ပန်းကန်ပြားတွေ၊ စကျင်ကျောက်လိုမျိုးအသားနဲ့ထုထားတဲ့ ငန်းရုပ်ပုံ ထမင်းအုပ်တွေက မယုံနိုင်လောက်အောင် လက်ရာမြောက်လှပါတယ်။ အရာရှိပုံ၊ တရားသူကြီးပုံ၊ ဘုန်းကြီးပုံရုပ်တုတွေလည်း တွေ့ရတယ်။ နံရံ အကြွင်းအကျန်ထဲမှာ နံရိုးပြိုင်းပြိုင်းနဲ့လူတွေပုံ ထုလုပ် ထားတာတွေ့ရလို့ တစ်ချိန်က အငတ်ဘေး ဆိုက်ခဲ့ဘူးတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။


ပြတိုက်ထဲကထွက်တာနဲ့ မင်း၊ အမတ်နဲ့ တခြားအရာရှိတွေရဲ့ ဂူတွေကို အလည်အပတ်ထွက်ခဲ့ကြပါတယ်။ တစ်ခုခြင်းရေးဖို့တော့ အင်အားမရှိတော့ပါဘူး။ တူညီတာတစ်ခုကတော့ အားလုံးသော ဂူတွေဟာ အခန်းပေါင်းများစွာပါသော တစ်ထပ်တိုက် အိမ်ကြီးတစ်ခုလိုပါဘဲ။ နံရံတွေမှာ ရေးခြယ်ထားတဲ့ ပန်းချီတွေက သေဆုံးသူနဲ့ သူ့ပါတ်ဝန်းကျင်ကလူတွေရဲ့ နေ့စဉ်ဘ၀ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားတာပါ။ ဥပမာ ငါးဖမ်းပုံ၊ အမဲလိုက်ပုံ၊ ဘဲငန်းဖမ်းနေပုံ၊ ပွဲလမ်းသဘင် ကျင်းပနေပုံ၊ အားကစားလေ့ကျင့်နေပုံ၊ ကချေသည်များက နေပုံ၊ တိရိစ္ဆာန်များ မိတ်လိုက်နေပုံ၊ စသဖြင့်ပေါ့။ ပုံတွေကို သဘာဝပစ္စည်းတွေနဲ့ဖေါ်စပ်ထားတဲ့ Natural Colour တွေနဲ့ ဆေးချယ်ထားပါတယ်။ အနီ၊ အ၀ါ၊ အနက် တွေဖြစ်ပါတယ်။ နှစ်ပေါင်း ၃-၄၀၀၀ အရောင်မပျက်ဘဲကျန်နေတာက အံ့သြစရာပါ။ UNESCO ရဲ့ သိပ္မံနည်းကျ ထိမ်းသိမ်းမှူကြောင့်လည်း ပါပါလိမ့်မယ်။

နံရံဆေးရေးပန်းချီလက်ရာတွေက ပြေပြစ်ကောင်းမွန်လှပါတယ်။ မှတ်သားစရာက ယောင်္ကျားရဲ့အသားရောင်ကို အနီ၊ မိန်းမရဲ့အသားရောင်ကို အ၀ါ နဲ့ရေးဆွဲပါတယ်။ ကလေးကိုတော့ အသားအ၀ါရောင်၊ လက်တစ်ဖက်ကနှာခေါင်းနှိုက်လျက် တစ်ဖက်က ငှက်ကိုဆွဲလျက် အမြဲပုံဖေါ်ကြပါတယ်။ အီဂျစ်အရုပ်စာတွေကိုလည်းတွေ့ရပါတယ်။ တစ်စိုက်မတ်မတ် လေ့လာသူများကတော့ စာရဲ့အဓိပ္မါယ်ကို သိရှိနိုင်ပါတယ်။ ကျမမှတ်မိသလောက်ကတော့ အီဂျစ်ရှေးစာကို ဘယ်မှညာ ရေးနိုင်သလို၊ ညာမှဘယ်လည်း ရေးကြပါသတဲ့။ ၀ါကျအဆုံးမှာ ငှက်ရုပ်ကလေးတွေနဲ့ အဆုံးသတ်လေ့ရှိတာမို့ ငှက်ရုပ်ခေါင်းနှင့်မျက်နှာချင်းဆိုင်ပြီး စာကိုဖတ်မှ စာကြောင်းရဲ့ဦးတည်ရာအမှန်ကို ဖတ်နိုင်မှာပါ တဲ့။

ဂူသချိုင်းတွေရဲ့အလည်ဗဟိုမှာ သေသူရဲ့မံမီထားလေ့ရှိပြီး၊ အဲဒီ အခန်း တံခါးကို ပိတ်ထားတတ်ပါတယ်။ သချီူင်းတော်တော်များများရဲ့ မံမီတွေဟာ မသမာသူတွေရဲ့ ခိုးယူခြင်းခံရပြီးဖြစ်ပါတယ်။ မံမီခန်းနဲ့ကပ်လျက်အခန်းနံရံမှာတော့ သေသူမကွယ်လွန်မီက သုံးဆောင်ခံစားခဲ့တဲ့အရာတွေကို ရေးဆွဲထားရှိပါတယ်။ အခန်းနံရံတစ်နေရာမှာ တံခါးအတုတစ်ချပ်၊ အီဂျစ်စာနဲ့ ဂါထာမန္တာန်တစ်ပုဒ်ရေးထားပြီး သေသူဝိဥာဉ်ဟာ တံခါးအတုကထွက်လာပြီး အဲဒီဂါထာရွတ်လိုက်ရင် ပုံထဲက အသုံးအဆောင်တွေကို ခံစားနိုင်တယ်လို့ အယူရှိကြပါတယ်။ ပန်းချီပုံတွေကတော့ ပျက်စီးမှာစိုးတဲ့အတွက် ဓါတ်ပုံရိုက်ခွင့်မပေးပါဘူး။ (ဒါပေမဲ့ သူတို့ဆီမှာလည်း ငွေရရင် အကုန်ဖြစ်တယ်ဆိုတာ မြင်ခဲ့ရပါတယ်..) အောက်ကပုံက စာအုပ်ထဲကပါ :-)

အဲဒါတွေ ပြီးတော့ ပိရမစ်တွေဖက်ကိုသွားခဲ့ကြတယ်။ ပျက်စီး ပြိုကျနေတဲ့ ပိရမစ်တွေကိုလည်း မြင်ခဲ့ရပါတယ်။ သဘာဝကြောင့် ပျက်စီးတာက နည်းနည်း၊ သေသေချာချာ မထိမ်းသိမ်းနိုင်ခင်က ပိရမစ်ကျောက်တုံးတွေကို ခိုးယူပြီး အိမ် နဲ့ တခြားအဆောက်အဦတွေမှာ သုံးခဲ့ကြတာကြောင့် များများ ပါတဲ့။ တစ်ချို့ပိရမစ်တွေ၊ ဂူသချိုင်င်္းတွေက ခိုင်ခန့်ကောင်းမွန်ပါတယ်။ အထဲကို ၀င်ကြည့်လို့ရတယ်။ ၀င်ပေါက်ကတော့ ကျဉ်းကျဉ်းလေး။ ခေါင်းနဲ့တိုက်မိလို့ကတော့ နဖူးမှာ အာလူးသီးလက်ဆောင်ရမှာ သေချာတယ်။ (မိုးစက် လည်း တစ်ဖု ရခဲ့တယ်) အထဲကိုဝင်ဖို့က ငှက်ကုလားအုပ်လို လမ်းလျှောက်တတ်ရပါမယ်။

တစ်ချို့ အတွင်းပိုင်း နေရာတွေမှာ ဒီလောက်ကျယ်တာလည်းရှိတယ်။
နောက်ဆုံးကြည့်ခဲ့တာကတော့ ဇိုဇာ (Djoser)ဘုရင်ကြီးရဲ့ သချိုင်းတော်ဖြစ်ပါတယ်။ သချိုင်္င်းတော် သယ်ဆောင်ရာလမ်းက ဒီလိုခမ်းနားပါတယ်။

ဇိုဇာ (Djoser)ဘုရင်ရဲ့ ရင်ပြင်လျှောက်လမ်းတစ်ခု လို့ထင်ပါတယ်။
ဇိုဇာ (Djoser)ဘုရင်ရဲ့ နာမည်ကြီး အဆင့်များပါတဲ့ပိရမစ် (stepped pyramid ) ဖြစ်ပါတယ်။

ဇိုဇာ (Djoser)ဘုရင်ရဲ့စိတ်ဝင်စားစရာ မြေအောက်လှေခါးတစ်ခုပါ။

သုတေသနပြု တူးဖေါ်မှူတွေက ဆက်ရှိနေဆဲပါ။ နိုင်ငံတကာက အဖွဲ့ပေါင်းစုံက တူးဖေါ်နေကြတာကို တွေ့ရပါတယ်။ အရင်ကဆို တူးလို့ရသမျှရဲ့ ၅၀%ကို တူးဖေါ်သူအဖွဲ့ရဲ့နိုင်ငံကို ပေးလိုက်ရတာဖြစ်ပြီး အခုတော့ ပုံတူပွား ( Replica) ကိုပဲယူခွင့်ပေးတော့တယ် လို့ Guide က ရှင်းပြပါတယ်။ ( အီဂျစ်အစိုးရလည်း မအ တော့ဘူး)

ပိရမစ်မြေသို့ခရီးစဉ်က ဒီလောက်ပါပဲနော်။ သူငယ်ချင်းတို့ရောက်တဲ့အခါ မိုးစက်ရဲ့စာမှတ်တမ်းလေးတွေက တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်လောက်ပါတယ်။ အကြံပေးချင်တာက ၄-၅ယောက်အုပ်စုနဲ့သွားပါ- ကားခ လမ်းပြစရိတ်ကအစ သက်သာသလို ကိုယ့်ကို တစ်ပါတ်ရိုက်မဲ့ဘေးကလည်း ကာကွယ်နိုင်ပါတယ်။ (ကိုင်ရိုမှာ အဲဒါမျိုး ခဏခဏ ကြုံရလို့ပါ၊ ခရီးဆုံးရင် ပြောထားတဲ့ဈေးထက် ငြင်းပြီး ပိုတောင်းတတ်ပါတယ်)။ ဂီဇာပိရမစ်တွေရဲ့အတွင်းကို ဒေါ်လာ ၂၀လောက်အကုန်ခံ အမွန်းကြပ်ခံပြီး ၀င်မကြည့်ပါနဲ့။ Saqqara ရောက်ရင် အလားတူနေရာတွေ အလကားဝင်ကြည့်လို့ရပါတယ် ဆိုတဲ့အကြောင်း နဲ့ အလည်သွားတဲ့ site မှာ တကယ်သေသေချာချာရှင်းပြနိုင်တဲ့ guide ကို ရအောင် ရှာဖွေနီုင်ရင် လေ့လာရေးခရီးသွားရာမှာBonus ပါပဲ -လို့...။


ကိုယ်ရောစိတ်ပါ နှစ်ဖြာရွှင်လန်းကြပါစေ-


မိုးစက်ပွင့်


စာကြွင်း - ဖုတ်ပူမီးတိုက် လည်ရတာမို့ သိပ်မပြည့်စုံပါဘူးနော် ......ကျွန်မထက် ပိုပြီးပြည့်စုံတဲ့ အီဂျစ်ခရီးစဉ်အကြောင်းကိုတော့ http://suenwelay.blogspot.com/search/label/%E1%80%A1%E1%80%AE%E1%80%82%E1%80%BA%E1%80%85%E1%80%B9%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%90%E1%80%B1%E1%80%81%E1%80%AB%E1%80%80%E1%80%B9%20(%20Egypt%20) မှာ ဖတ်ရှူနိုင်ပါတယ်။  မစူးနွယ်ရဲ့ ဖတ်လို့ကောင်းတဲ့ ခရီးသွား ဆောင်းပါးလေးပါ..။

2 comments:

  1. စိတ်ဝင်စားဖို့ ကောင်းတယ်။ သွားလည်ချင်တဲ့နေရာပါ။ တနေ့ ပေါ့။
    ရှင် ကုလားအုပ်စီးတာကြည့်ချင်လိုက်တာ။

    ReplyDelete
  2. သွားချင်လိုက်တာကွယ်။ ငယ်ငယ်က(၄တန်းကထင်တယ်) ပိရမစ်တွေ၊ဖာရိုဘုရင်တွေအကြောင်း ကျောင်းသင်ခန်းစာမှာသင်ရကထဲက အီဂျစ်ကို အရမ်းသွားချင်ခဲ့တာ။ အခုထိ မရောက်နိုင်သေးဘူး။

    ReplyDelete

ပဲ့တင်သံလေးတွေ .......