Monday 28 September 2009

မြူနှင်းဝေေ၀ ဂျာမန်မြေ (၁)

ြဲမူးနစ်ဆို့တဲ့ အထင်ကရ ဂျာမန်မြို့လေးကို မထင်မှတ်ဘဲ ၂၀၀၅ နဲ့ ၂၀၀၆ မှာ နှစ်ကြိမ်ရောက်ခဲ့ပါတယ်။ မြို့တော်ဘာလင်ကိုတော့ မရောက်ခဲ့ပါဘူး။ ပထမတစ်ခေါက်က ပိုက်ဆံမရှိလို့။ ဒုတိယတစ်ခေါက်က သူငယ်ချင်းမမ အီးတီ ခေါ် မမရှင်လေး ရှိတဲ့ Bad Krozingen မြို့ကလေးကို သွားလည်ချင်လို့.....။


ပထမဆုံးအံ့သြမိတာက နှင်းပဲ။ ကိုယ့်မွေးရပ်မြေ မြစ်ဝကျွန်းပေါ်မှာက နှင်းဆိုလို့ ဆောင်းတွင်းမှာ မစို့မပို့ ဖွဲဖွဲလေးပဲကျတာလေ။ ရုပ်ရှင်ထဲမှာတော့ မြင်ဖူးတာပေါ့နော့။ နှင်းခဲလွင်ပြင် ဖြူဖြူကြီးကို အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ရတာကတော့ ပထမဆုံးပါပဲ။ မြက်ပင်အဖျားက နှင်းစက်လောက်ပဲ မြင်ဖူးခဲ့တာမို့ ဖွေးဖွေးလှူပ်နေတဲ့ နှင်းခဲလွင်ပြင်ကြီးက ကျွန်မကို တစ်အံ့တစ်သြဖြစ်စေခဲ့တာပါ။ ကြည့်ပါဦး... လမ်းဘေး ၀ဲယာက နှင်းပင်လယ်ကြီး...။


အပူချိန်က ၈ဒီဂရီလောက် ရှိမယ်ထင်တယ်။ လေဆိပ်ကထွက်ကထဲက မျက်နှာကို အအေးဓါတ်က ဖြန်းကနဲလာရိုက်တာ။ တစ်ကိုယ်လုံးကတော့ ထူပိန်းနေအောင်ဝတ်ထားတာမို့ မထောင်းတာဘူးပေါ့။ သင်တန်းက လာကြိုတဲ့ကားကလေးက ကိုယ့်အမည် ဆိုင်းဘုတ်ကိုင်ထားတဲ့ ဂျာမန်ကားဆရာနောက်ကို လိုက်ပါခဲ့ပါတယ်။ လေဆိပ်ကနေ ၄၅မိနစ်လောက် မောင်းရတဲ့ Feldafine ဆိုတဲ့ တောပိုင်းမကျတကျနေရာကလေးမှာ InWEnt သင်တန်းကျောင်းလေးက အိနြေ္ဒရရလေးကြိုလို့။ ကျောင်းကလေးလဲ နှင်းခဲထဲမှာ တစ်ပိုင်းမြုပ်နေပေါ့။ သင်တန်းသားတစ်ယောက်ကို အခန်းတစ်ခန်း ပေးထားပါတယ်။ ဇိမ်ခံပစ္စည်း ဘာမှမရှိပေမဲ့ ရေပူရေအေး ရေချိုးခန်းနဲ့ အိပ်ယာခင်းဖြူဖြူ စာကြည့်စားပွဲလေးနဲ့ နေချင်စဖွယ်လေးပါပဲ။ မှန်ပြူတင်းက လှမ်းကြည့်ရင်တော့ နှင်းဖြူဖြူတွေပဲမြင်ရတာ လွမ်းချင်စရာကြီး။


သင်တန်းက ဘူဖေး တစ်နေ့သုံးကြိမ်ကျွေးပါတယ်။ ဥရောပ အစားအစာပဲများပါတယ်။ စားဖိုမှူးတွေက ဂျာမနီမှာ ဒုတိယ အများဆုံးဖြစ်တဲ့ တူရကီလူမျိုးတွေ။ သင်တန်းသားတော်တော်များများက အာဖရိကတိုက်သားတွေ။ ကျွန်မတို့နဲ့ရုပ်ချင်းဆင်တဲ့ အရှေ့တောင်အာရှသားတွေတော့ အနည်းအကျဉ်းပါတယ်။


Training Method က မကြုံစဖူး ကောင်းလွန်းလှပါတယ်။ ကလေးတွေလို လက်ချာပေးတာမဟုတ်ဘဲ တစ်ယောက်တစ်လှည့် ဆွေးနွေးရတာပါ။ သင်တန်းဆရာမ Facilitator နှစ်ယောက်လုံးက ဂျာမန်တက္ကသိုလ်က ပရော်ဖက်ဆာတွေပါ။ အသက် ၄၀ကျော်လောက်ဘဲ ရှိဦးမယ်။ သင်ရိုးက ပုံသေမဟုတ်ဘဲ သင်တန်းသားတွေရဲ့ feedback နဲ့ evaluation ပေါ်မှာ နောက်တစ်နေ့ သင်ရိုးကို အတိုးအလျော့ပြင်တာ ဆိုတော့ သူတို့ တော်တော်ပင်ပန်းကြပါတယ်။ ညညဆို ၁၂နာရီ နာရီပြန်တစ်ချက်အထိမအိပ်ကြဘူး။ ရေးကြ၊ ကပ်ကြ၊ ညှပ်ကြနဲ့။ ဗမာဇာတိကပြလာတော့ ကိုယ့်သင်တန်းဆရာမတွေက ပင်ပန်းနေချိန်မှာ ကိုယ်ကအနားယူနေရတာ စိတ်မသန့်ဘူး။ ဘာကူရမလဲလို့ သွားသွားမေးမိတယ်။ သူတို့က အဲဒီလို မေးတာမျိုးကို မကြုံဘူးလို့ အထူးအဆန်းလို့များ ထင်နေမလားတော့မသိဘူး။ ရပါတယ်နေပါစေဘဲ ပြောလွှတ်တယ်။ သင်တန်းမှာ power point သိပ်မသုံးပါဘူး။ flip chart နဲ့ color card သုံးများတယ်။ Handout တွေ ဝေတယ်။ ဆွေးနွေးချက်တွေကို ကပ်ပြားလေးတွေပေါ်ချရေးခိုင်းတယ်။ ပြီးတော့မှ တူရာစုပြီး ဘုတ်ပြားပေါ်မှာ ပင်နဲ့ထိုးစိုက်တယ်။ ကတ်ပြားကို ပင်အပ်နဲ့စိုက်တဲ့နည်းက ဖြစ်ပြီး တူရာစုဖို့၊ ဖြန့်ဖို၊ ဖြုတ်ဖို့ အလွယ်တကူဖြစ်စေတယ်။ သင်တန်းသားအားလုံး တစ်ပြိုင်နက်တည်း ရေးရတာမို့ အချိန်ကုန်သက်သာတယ်။ Group work presentation များများလုပ်တယ်။ flip chart နဲ့ ရေးပြီး နံရံမှာ ကပ်ပေးထားတဲ့အတွက် ဆွေးနွေးပြီးသမျှကို ပြန်သတိရဖို့နဲ့ ဓါတ်ပုံရိုက်မှတ်တမ်းတင်ဖို့ လွယ်ကူစေတယ်။ ( ဆရာမတွေကို ချီးကျူးတာကတော့ သင်တန်းအပြီးမှာ စာမျက်နှာ ၁၀၀ကျော်တဲ့ report တန်းထွက်ပါတယ်။ တစ်ချို့လဲ ကြိုပြင်ထားပုံရပါတယ်) သင်တန်းကရတဲ့ အကြောင်းအရာကိုဘေးဖယ်ထားဦး၊ သင်တန်းနည်းစံနစ်နဲ့တင် တော်တော် အသုံးဝင်လှပါတယ်။ နိုင်ငံပေါင်း ၂၃နိုင်ငံကလာတဲ့ မိတ်ဆွေတွေနဲ့ ချစ်ချစ်ခင်ခင် ဆွေးနွေးလုပ်ဆောင်ခွင့် ရခဲ့တဲ့ အတွက်လည်း စိတ်ကျေနပ်ူပျော်ရွှင်ခဲ့ရပါတယ်။ အသက်အရွယ်၊ အသားရောင်၊ လူမျိုးတွေ ဘယ်လိုပဲကွာခြားပါစေ သင်တန်းခန်းမထဲမှာတော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ ညီရင်းအစ်ကို မောင်ရင်းနှမတွေပဲ မဟုတ်ပါလား ရှင်....


(ဆက်ရန်)



မိုးစက်ပွင့်

1 comment:

  1. ဂျာမန် ပုံစံ ရသွားတာပေါ့
    ကောင်တယ်။ လာလည်တုန်းက အချိန်လေးတွေ လွမ်းမိတယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......