ထုံးစံအတိုင်း သဘောကောင်းတဲ့ ဂျာမန်မလေး ရက်ဂီနာက ရထားလက်မှတ်ဝယ်ပေးပါတယ်။ ကျွန်မ သွားမဲ့ ခရီးစဉ်ရဲ့ အခြေအနေအရ ဈေးကြီးတဲ့ ရထား ICE- Intercity Express ကိုစီးရမယ်တဲ့။ ကျွန်မ ခပ်အအမှန်းသိလို့ထင်တယ်။ သူက ဘူတာရုံအထိလိုက်ပို့ပြီး ရထားစင်္ကြန်ပါ ရှာပေးသွားတယ်။ ဂျာမန်လို စင်္ကြန်ကို Glais ဂလိုက်ဇ် လို့ခေါ်ပါတယ်။ Glais 1,2,3 စသဖြင့် ရှာရတာပေါ့။ မယ်မင်းကြီးမ ကျေးဇူးကြီးလှပါရဲ့။ အသွားတစ်ကြောင်းကို ၇၃ယူရို ( ဒေါ်လာ ၁၀၀နီးပါး) ဆိုတော့ ဘုရားတ မိပါတယ်။ စီးရတာတော့ သက်တောင့်သက်သာရှိလှပါတယ်။ အမြန်နှုန်း ၁နာရီ ၁၂၅ကီလိုမီတာနဲ့မောင်းတာတောင် ငြိမ်လို့။ အော် အမြန်နှုန်းကို ရထားတွဲထဲက digital screen မှာပြထားတယ်လေ။ ဂျာမန်ရထားတွေအကြောင်းတော့ ဒီမှာ ဖတ်လို့ရပါတယ်။ ကျွန်မက အအေးဒဏ်ကာကွယ်ဖို့ သယ်လာတဲ့ အနွေးထည်တွေရော အိမ်ပြန်လက်ဆောင်တွေ ကြုံတိုင်းဝယ်တာရော အထုပ်တွေက လေးလံလှပါတယ်။ ရထားကလဲ နှစ်ဆင့်ပြောင်းစီးရသေးတယ်။ အအေးဒဏ်ကြောင့် နှာရည်ကလည်း တစ်ရွှဲရွှဲကျနေတာဆိုတော့ ရထားစင်္ကြန်ပြောင်းလို့ အထုပ်ဆွဲပြီး ခြေကျင်လျှောက်ရချိန်မှာ အထုပ်ချလိုက် နှပ်သုတ်လိုက် အထုပ်ပြန်ဆွဲလိုက်နဲ့ ဟမ်မယ်မင်းလို့သာ ဟစ်ငိုလိုက်ချင်တော့တယ်။ ရွှေပြည်ကြီးမှာသာဆို ငွေစက္ကူတစ်ချပ်နှစ်ချပ်ထုတ်ပြီး အလုပ်သမားကို သယ်ခိုင်းလို့ ရသေးရဲ့။ ခလုပ်ထိမှ အမိတ ဆိုထင့်။ စုစုပေါင်း ၅နာရီလောက်စီးပြီးမှ သူငယ်ချင်းလာကြိုတဲ့ ဘူတာကို ရောက်ပါတယ်။ သူတို့ စုံတွဲကို မြင်လိုက်ရတော့ ပျော်လိုက်တာ။ သူတို့ ကားလေးက ကိုယ်ကြိုက်တဲ့ ဖက်ဖူးစိမ်းရောင် ၀က်ဂွန်လေး။ အေးချက်ကတော့ အလွန်ပါပဲ။ ၅ ဒီဂရီဆိုလားမသိ။ ကားရပ်ထားတုန်းကျနေတဲ့ မှန်ပေါ်ကနှင်းခဲတွေတောင် နှင်းခြစ်တံနဲ့ခြစ်ပစ်ရသေးတယ်။ ဒုက္ခပါလားကွယ်။
သူငယ်ချင်းအိမ်ခန်းထဲရောက်မှ နွေးထွေးသွားတော့တယ်။ Heater ဖွင့်ထားတာကိုး။ အာကာသ၀တ်စုံလောက်ထူတဲ့ အကျီင်္အထပ်ထပ်ကို ချွတ်လိုက်တော့မှ ပေါ့ပါးသွားတော့တယ်။ မမ ရှင်လေးက နေ့လည်စာဟင်းအမြန်ချက်ပါတယ်။ သူကကျွမ်းကျင်သူဆိုတော့ သိပ်မကြာပါ။ ကျွန်မက မချက်တတ်သူဆိုတော့ ဘေးကနေ အာလူးဖုတ် (တော်ကီပွား) ပါတယ်။ အံ့သြမိခဲ့တာ က အသားထုပ်တွေကို အိမ်အပြင်က ဘောင်တန်းလေးပေါ်တင်ထားရုံနဲ့ ရေခဲသေတ္တာ ထဲမှာထားသလို တောင့်ခဲ နေတာကိုပါ။ ဦးသောမတ်က အလိုက်တသိရှောင်ပေးတာနဲ့ ကိုယ်တို့နှစ်ယောက် ပြောလိုက်ကြတဲ့စကားဆိုတာ နောက်ထပ် နှစ်ရက်လုံးလုံး မနားတမ်းပဲပေါ့။
နောက်တစ်နေ့မနက်မှာ သူတို့မြို့ကလေးက ချစ်စရာကော်ဖီဆိုင်လေးကို လိုက်ပို့ပေးပါတယ်။ ဆိုင်လေးရဲ့ အဆင်အပြင်က ဗိသုကာဆန်ဆန်၊ ဆေးရောင်တွေကလည်း အ၀ါ၊ ခရမ်း၊ လိမ္မော်စပ်မို့ မျက်စေ့နွေး သွားပါတယ်။ ထိုင်ခုံလှလှတွေနဲ့။ ခဏနေတော့ အိမ်နီးချင်းမိတ်ဆွေ Fabianne (”ဖားပျံ”လို့ ဗမာလို နောက်ပြီး ခေါ်ကြတယ်) က စက်ဘီးလေးတွန်းလို့ ရောက်လာတယ်။ သူပြောပြတဲ့ ဂျာမနီက လတ်တလော ဆရာဝန်ဆန္ဒပြပွဲတွေအကြောင်း နားထောင်ခဲ့ရတယ်။
ပြီးတော့ စာဆိုရှင် ဂိုသဲ (Gothe ) ရဲ့ မွေးရပ်မြေ တောမကျ မြို့မကျ နေရာလေးကိုလည်း လိုက်ပို့သေးတယ်။ Gothe Institute ဆိုတာလည်း တွေ့ခဲ့တယ်။ ဆက်သွားတော့ ရေခဲဖုံးတောင်ပေါက Black Forest ဆိုတဲ့နေရာကိုရောက်ပါတယ်။ တကယ်တော့ white forest လို့ခေါ်သင့်တယ်လို့တွေးမိခဲ့ပါတယ်။ တောင်တစ်ဝက်လောက်အထိ ကားနဲ့တက်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်ရင်း မမရှင်လေးက ခပ်ဝေးဝေးတစ်နေရာကို လှမ်းပြပါတယ်။ ခပ်ပျပျမြင်နေရတာက ဆွစ်ဇာလန်နဲ့ ပြင်သစ် နယ်စပ် တဲ့။
ကျွန်မက စာအုပ်တွေဖတ်ပြီး ပြင်သစ်မြို့တော် ပါရီကို သိပ်သွားချင်တာလေ..။ အလုပ်မအားတဲ့ မမရှင်လေးက အာသာပြေ ပြင်သစ်နယ်စပ်မြို့လေး ( Strausbouag့) ကို လိုက်ပို့ပေးခဲ့ပါတယ်။ ဦးသောမတ်စ်လဲ ပါတယ်။ အမှတ်တရ ဖြစ်ခဲ့တာကတော့ အေးလွန်းလို့ နှစ်ယောက်လုံး မူးလဲမတတ်ခံစားခဲ့ရတာ၊ အနွေးဓါတ်ရှိတဲ့ ဘူတာရုံထဲ ပြေးဝင်ခဲ့ရတာတွေပါပဲ။ ဘူတာနားက ကော်ဖီဆိုင်မှာ ပြုံးချိုတဲ့ ပြင်သစ်ဝိတ်တာလေးကို အမှတ်တရရှိခဲ့တယ်။ လူတွေ stereotype လုပ်ထားတဲ့ လူမျိုးစရိုက်အရဆိုရင် ပြင်သစ်က easy-going ၊ ဂျာမန်က serious and over-concious ဖြစ်ပါသတဲ့။ ဟုတ်မဟုတ်တော့သေချာမသိပေမဲ့ ဦးသောမတ်တစ်ယောက် သူ့ရထားလက်မှတ်ကို ၆ခါထက်မနည်း ထုတ်ထုတ်စစ်နေလို့ သူငယ်ချင်းနှစ်ယောက် ဗမာလို အတင်းပြောပြီး ရယ်ခဲ့ကြရသေးတယ်...လေ။
ဂျာမနီမှာ ဖိလစ်ပိုင်သူ တော်တော်များများတွေ့ရတယ်။ အများစုက လာလုပ်ကြတာပါ။ နေထိုင်ခွင့်အဆင်ပြေအောင် ဂျာမန်တွေနဲ့ (အမည်ခံဖြစ်ဖြစ်) လက်ထပ်လိုကြပါသတဲ့။ နောက်တစ်ခု အမှတ်ရမိတာက သတင်းစာထဲက ဖူးစာရေးကြော်ငြာတွေပါ။ ကိုယ်ကမဖတ်တတ်တော့ မမရှင်လေးက ဖတ်ပြီး ဘာသာပြန်ပြတယ်လေ။ ကျွန်မက ဒိုင်ခံရယ်နေတာပေါ့။ အံမယ် ဘာတဲ့။ ရုပ်ရည်သင့်တင့်၊ အသက် ၄၅နှစ်ခန့်ရှိသော အိမ်ပိုင်ယာပိုင်ရှိအမျိုးသားက အသက် ၃၀ ကျော်၊ ရုပ်ရည်ကြည့်ကောင်းပြီး သီချင်းဆိုတတ်တဲ့ အမျိုးသမီး အလိုရှိပါတယ်တဲ့။ ဖုန်းနံပါတ်နဲ့ လိပ်စာက ဘာဘာညာညာ ပေါ့။ အသက်၆၀-၇၀ တစ်ကိုယ်တည်းသမားတွေလည်း ပါတယ်။ ယောက်ျားချင်း အဖေါ်ရှာတဲ့ ( Gay) တွေလည်း ကြော်ငြာထားတယ်။ ငါက ဟင်းချက်ကောင်းပါတယ်တဲ့။ ငါနဲ့ လက်တွဲမဲ့ ဖူးစာရှင်လေးကို မျှော်နေပါတယ် တဲ့။ အမျိုးသမီးတွေကတော့ နည်းပါတယ်။ ရှိတော့ရှိတယ်။ ကျွန်မကိုတောင် မမရှင်လေးက ကြော်ငြာ ထည့်သွားပါလား- တဲ့။
ဒီလိုနဲ့ ခွဲခွာရမယ့်အချိန်ကို ရောက်ခဲ့ပြီ။ ဘူတာရုံအထိ လိုက်ပို့ လက်ပြနှုတ်ဆက်ခဲ့တဲ့ ၀တ္တရားကျေလွန်းတဲ့ မမရှင်လေးနဲ့ ဦးသောမတ်ကို ကျေးဇူးတင်စွာ၊ ခင်မင်စွာနဲ့ လက်ပြခွဲခွာခဲ့ပါတယ်။ မြူးနစ်-ဘန်ကောက်-ရန်ကုန် ဆက်ပြီး ခရီးနှင်ရဦးမယ်လေ။ သြော်- အလည်တစ်ခေါက် တို့တွေရောက်ခဲ့ လွမ်းလောက်ပါတဲ့ဂျာမနီရယ် ....လို့။
မိုးစက်ပွင့်
မိုးစက်ရေ.. ကျမတို့ သွားခဲ့တဲ့ပြင်သစ်မြို့ က strasbouag တဲ့။
ReplyDeleteEuropean Parliament ရှိတဲ့မြို့ ပါ။
ဘုရားကျောင်းရှေ့ က ကောက်ရတဲ့ ဘီးလေးလည်းရှိသေးတယ်။
သတိရစရာတွေ .... လွမ်းလာပြီ။
ပြင်လိုက်ပါပြီအစ်မ .... ကျေးဇူး...သတိရတာပေါ့ ဘီးအညိုရောင်လှလှလေး........
ReplyDeleteရှင်မှတ်မိသေးတယ်နော်....
ReplyDelete