Tuesday 15 September 2009

ငတ်မွတ်ဘေးမှ ကယ်တင်ရှင် -သို့ ဦးညွှတ်ခြင်း

(Norman Borlaug speaking at the Ministerial Conference and Expo on Agricultural Science and Technology in June 2003)

ပြီးခဲ့တဲ့ စနေနေ့ စက်တင်ဘာ ၁၂ရက်နေ့က အသက် ၉၅ နှစ်အရွယ် နိုဘယ်ဆုရှင် နော်မန်ဘော်လော့ (Norman Ernest Borlaug) ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ Green Revolution မြစိမ်းရောင် တော်လှန်ရေးရဲ့ ဖခင်ကြီး လို့ အခေါ်ခံရလောက်အောင် သူအသက်ရှိနေစဉ်မှာ လူသားတွေရဲ့ စားဝတ်နေရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာမို့ သူ့အကြောင်းကို ဒီဆောင်းပါးနဲ့ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။

နော်မန် ဘော်လော့ အကြောင်းကို ၁၉၇၅ခုနှစ် သြဂုတ်လမှာ အမေရိကန် ပြန်ကြားရေးဌာနက ဘာသာပြန်ထုတ်ဝေထားတဲ့ ”ငတ်မွတ်ဘေးမှ ကယ်တင်ရှင်” ("Facing Starvation" ရေးသူ- Lennard Bickel) ထဲမှာ မကြာသေးခင်ကမှ ကံကောင်းစွာ ဖတ်ရှူခဲ့ရပါတယ်။ သှူုကို အိုင်အိုဝါပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်း ခရက်စကို မြို့လေးနားက ရွာကလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ နော်မန်ကလေးရဲ့ဘ၀ဟာ ကြမ်းတမ်းခဲ့ပါတယ်။ နှင်းတောတိုးပြီး သုံးမိုင်လောက်ဝေးတဲ့ကျောင်းကို လမ်းလျှောက်တက်ခဲ့ရတာပါ။ ငယ်ငယ်ထဲက အဖိုးတွေ အဖေတွေနဲ့အတူ ဂျူံစိုက်ခဲ့ရတယ်။ မြေသားနဲ့ ဂျူံပင်ရဲ့ကြားက ဆက်နွယ်မှူ ပုစ္ဆာတွေက ငယ်ငယ်ထဲက နော်မန့်ခေါင်းထဲမှာ အမြဲနေရာယူခဲ့တာပါ။

ဥာဏ်ကောင်းပြီး စာတော်တဲ့ နော်မန်ကို မိဘများက မင်နီယာပိုလစ်တက္ကသိုလ်တက်ခွင့်ပေးလိုက်ပါတယ်။ အဲဒီမှယပဲ သူ့ဘ၀ရဲ့လက်တွဲဖေါ်ဖြစ်လာမယ့် မာဂရက် ဂစ်ဘဆင် ကိုတွေ့ခဲ့တာပါ။ ပညာစကောစက ဒုတိယနှစ်လောက်နဲ့ လက်ထပ်ခဲ့လို့ စားဝတ်နေရေးခက်ခဲခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒုက္ခသုက္ခများကို လက်တွဲဖေါ်နဲ့အတူရုန်းကန်ရင်း ၁၉၄၂ခုနှစ်မှာ မင်နီဆိုးတားတက္ကသိုလ်က စိုက်ပျိုးရေးပညာ အပင်ရောဂါဘာသာရပ်နဲ့ Ph.D ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၄၄မှာ မက္ကဆီကိုနိုင်ငံတစ်ဝှမ်း သံချေးမှိုရောဂါကြောင့် သီးနှံဆုံးရှူံးမှူကို ကူညီဖို့ အမေရိကန်အစိုးရနဲ့ ရော့ကဖဲလားဖောင်ဒေးရှင်းအစီအစဉ်နဲ့ ဒေါက်တာနော်မန် သွားရောက်ခဲ့ရပါတယ်။ နော်မန်ရဲ့သုတေသနလုပ်ငန်းဟာ ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။ သံချေးမှိုဒဏ်ခံပြီး အထွက်ကောင်းတဲ့ မျိုးသစ်ရဖို့ ဂျူံမျိုးပေါင်းများစွာကို အပြန်ပြန်အလှန်လှန် စမ်းသပ် မျိုးပွား ရတာပါ။ ဇွဲနဲ့ခံနိုင်ရည် အလွန်လိုအပ်ခဲ့ပါတယ်။ နောက်ဆုံး ရရှိလာတဲ့မျိုးကို စိုက်ဖို့တောင် သူ့ရာသီမဟုတ်လို့ အားလုံးက ကန့်ကွက်ခဲ့ကြတယ်။ ဒေသအာဏာပိုင်တွေမှအစ မိရိုးဖလာ တောင်သူတွေအဆုံး အယုံအကြည်မရှိ။ ကျွဲတွေ နွားတွေတောင် ပေးမငှားတဲ့အတွက် နောက်ဆုံး သူကိုယ်တိုင် ထွန်တုံးမှာကြိုးတပ်ပြီး နွားလိုရုန်းရင်း ထွန်ယက်ခဲ့ရတယ်။ သှူုရဲ့အစမ်းသပ်ခံနိုင်တဲ့ ဇွဲနဲ့သတ္တိကြောင့် နောက်ဆုံးမှာ မက္ကဆီကို တစ်ပြည်လုံးက ကြိုဆိုတဲ့ ဂျူံမျိုးသစ်နဲ့ စိုက်နည်းတွေကို ရရှိခဲ့တယ်။ ၁၉၆၃မှာတော့ မက္ကဆီကိုဟာ ဂျူံတင်ပို့သူနိုင်ငံ ဖြစ်လာပါတယ်။ အဲဒီအောင်မြင်မှူတွေကို အိန္ဒိယနဲ့ ပါကစ္စတန်မှာ ဆင့်ပွားယူဖို့ သူ အားထုတ်ခဲ့တယ်။ ရလာဒ်အနေနဲ့ အဲဒီနိုင်ငံတွေမှာ ၁၉၆၅မှ ၁၉၇၀အတွင်း သီးနှံထွက်ကုန် နှစ်ဆ တိုးခဲ့ပါတယ်။

သူဟာ လူပေါင်း ၂၄၅သန်းကို ငတ်မွတ်သေဆုံးရမယ့် ဘေးဆိုးက ကယ်တင်ခဲ့တယ် လို့ဆိုပါတယ်။ ဒါကြောင့် သူ့ကို ၁၉၇၀ခုနှစ်မှာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သမ္မတရဲ့ လွပ်လပ်ရေးဆုတံဆိပ် (
Presidential Medal of Freedom ) နဲ့ ကွန်ဂရက်ရွှေတံဆိပ်ဆု (Congressional Gold Medal) တို့ကိုလည်းရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရပ်သားတွေအတွက် ဒုတိယအမြင့်ဆုံးဆုဖြစ်တဲ့ ပက်ဒမာ ဘီရှုရှန် (Padma Vibhushan) ဆုကိုလည်း ပေးအပ်ခြင်းခံခဲ့ရပါသေးတယ်။ ဒါတောင်မှ သူ့ကို ပိုးသတ်ဆေးသုံးစွဲလို့၊ စိုက်ပျိုးနည်းစံနစ်တွေက ရေရှည်အတွက် ကောင်းကျိုးပေးမှာမဟုတ်လို့ စသဖြင့် ထောက်ပြဝေဖန် ကန့်ကွက်မှူတွေ ခံခဲ့ရပါသေးတယ်။
နော်မန်ရဲ့တုန့်ပြန်မှူကတော့ ရှင်းလှပါတယ်။....... ဒီနေ့ ကမ္ဘာ့ လူထုကိုမေးချင်တယ်... စိုက်စားပြီးအသက်ရှင်မလား... အငတ်ခံပြီး သေကြမလား ဆိုတဲ့ မေးခွန်းပါပဲ.... တဲ့။

လူသားတွေကောင်းစားဖို့ ချမ်းသာရာရဖို့ လူဖြစ်လာတဲ့ ဒေါက်တာ နော်မန်ဘော်လော့ဟာ သေသည်၏အခြားမဲ့မှာ ကောင်းရာသုဂတိလားမှာ အသေအချာပါပဲ...။ သြော်တွေးမိပါသေးရဲ့။ တချို့လူတွေက အနစ်နာခံပြီး သူများကို ကျွေးဖို့လူဖြစ်လာတာ...... တချို့ကျတော့ သူများ မသထာရေစာကျွေးတာစားဖို့ လူဖြစ်လာတာ...................။


မိုးစက်ပွင့်

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......