Wednesday, 30 September 2009
မြူနှင်းဝေေ၀ ဂျာမန်မြေ (၂)
စနေ၊တနင်္ဂနွေမှာတော့ ရထားစီးပြီး မြို့ထဲထွက်လည်ကြပါသေးတယ်။ S-Bahn လို့ခေါ်တဲ့ မြို့ပါတ်ရထားတွေက အဆင်ပြေချောမွေ့စွာပြေးဆွဲနေကြပါတယ်။ သင်တန်းရဲ့ Coordinator ဂျာမန်လေးက Peter တဲ့။ သူက သိပ်ကူညီတတ်တယ်။ ယူရိုငွေလဲတာ၊ ဖုန်းကတ်ဝယ်တာ၊ ရထားစီးလက်မှတ်၊ မြေပုံ အားလုံးကို လိုလေသေးမရှိကူညီဆောင်ရွက်ပေးပါတယ်။ နောက် Ragina ရက်ဂီနာဆိုတဲ့ အချိန်ပိုင်း Assistant လုပ်နေတဲ့ ဂျာမန်မလေးကလည်း မျက်နှာချိုချိုနဲ့ ကူညီတတ်သူပါ။ နောက်မှသိရတာက သူက ဂျာမန်တက္ကသိုလ်တစ်ခုက PhD Candidate တစ်ယောက်ပါတဲ့။ သူတို့နဲ့တွေ့မှ Service ပေးတယ်ဆိုတဲ့စကားကို ပိုနားလည်လာခဲ့တယ်။ ကျွန်မက ဂျာမန်ဆိုရင် ရှုတည်တည်ကြီးတွေလို့ ဟစ်တလာတို့ စစ်ကားတို့ကြည့်ပြီး Stereotyping လုပ်ထားသူမို့ အရမ်းအံ့အားသင့်ခဲ့မိပါတယ်။ ကြာကြာမနေခဲ့ရလို့ မမရှင်လေးပြောပြတဲ့ သူများကို အထင်သေးတတ်တဲ့ ဂျာမန်လူဇိုးတွေနဲ့ တွေ့ခွင့်မကြုံခဲ့ပါဘူး။
အမှတ်မရှိ Stereotyping လုပ်ရမယ်ဆိုရင် ဂျာမန်တွေရဲ့တိကျမှူကို သင်တန်းမှာမြင်တွေ့ခဲ့ရပါတယ်။ ဆင့်ပွားသင်တန်းပေးတဲ့အခါ ပြောရမယ့်စကားတစ်ဆင့်ချင်းနဲ့ ကြာချိန်၊ ကုန်မယ့်စာရွက်အရေအတွက်၊ သုံးသင့်တဲ့ Marker Pen မာကာပင်အမျိုးအစားနဲ့ မာကာပင့်ရဲ့ နစ်ထိပ်ဖျားအကျယ် ကို ဓါတ်ပုံနဲ့တစ်ကွ သတ်မှတ်ပေးလာပါတယ်။ ကျွန်မလဲ တတ်နိုင်သလောက်တော့ လိုက်နာခဲ့ပါတယ်။ အရာရာတိုင်း ရွှေပြည်ကြီးမှာ ရှာမရတာကတော့ တတ်နိုင်ဘူးကွယ်လေ့ ။
အားလပ်ရက်တစ်ရက်မှာ ဘာဘေးရီးယားပြည်နယ်ရဲ့ မြို့တော်လဲဖြစ် ယဉ်ကျေးမှူအနုလက်ရာစုံတဲ့ မြူးနစ်မြို့တစ်ခွင် လည်ပတ်ခဲ့ပါသေးတယ်။ မြို့ထဲမှာ လှပတဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေကို လက်ညှိုးထိုးမလွဲ မြင်တွေ့နိုင်တာမို့ မျက်စေ့ပသာဒ ရှိလှပါတယ်။ ကျွန်မရောက်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းကြီးရဲ့အ၀င်ဝ တံခါးဘောင်နဲ့ အပေါ်ဖက်တွေမှာ တမန်တော်တွေရဲ့ ရုပ်ထုအမျိုးမျိုးကို မြင်တွေ့ရသလို အတွင်းပိုင်းမှာလည်း ခရစ်တော်နဲ့ မယ်တော်တို့ရဲ့ ရုပ်ထုတွေက အသက်ဝင် လက်ရာမြောက်လှပါပေရဲ့။ နံရံဟိုးမြင့်မြင့်က အပြာကဲတဲ့ ရောင်စုံဖန်သားချပ်တွေကို ဖေါက်ဝင်လာတဲ့ အလင်းရောင်ကြောင့် ဘုရားကျောင်းထဲမှာ အလင်းဖျော့ဖျော့ ရှိနေတယ်။ ၀တ်ပြုဆုတောင်းသူ တစ်ချို့ကိုလည်းတွေ့ရတယ်။ တိုးရစ်အများအပြား ၀င်ထွက်နေပေမယ့် ဘုရားရိပ်တရားရိပ်နဲ့ တိတ်ဆိတ်ငြိမ်းချမ်းလို့နေတယ်။ ဘုရားကျောင်းပြင်ပမှာတော့ အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်ကလေးတွေက အစီအရီပေါ့။
မြူးနစ်မြို့က ဘီယာနဲ့လည်း နံမည်ကြီးပါတယ်။ နိုင်ငံတကာ ဘီယာပွဲတော်တောင် နှစ်စဉ် ကျင်းပတာပဲလေ။ ဟပ်ဘင်ဟော့ဖ် ( Hupbenhorb?) ဘူတာရုံက ဘီယာဆိုင်ကို ရောက်ခဲ့ပါတယ်။ ဘူတာရုံရော ဘီယာဆိုင်ရော နှစ်ပေါင်းရာကျော်နေပြီမို့ သမိုင်းဝင်တွေလို့ပြောရမှာပါ။ သူတို့က လုပ်ငန်းနှစ်ရှည်တာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်တာကို ဂုဏ်ယူလေ့ရှိတယ်။ since 1883, 1904 စသဖြင့် ဆိုင်ဝမှာ တစ်ခုတ်တစ်ရရေးကြ ဖေါ်ပြကြတယ်။ အဲဒီ ခပ်မှောင်မှောင်ဆိုင်ထဲမှာစားသောက်နေကြတာ လူ ၂၀၀ထက်မနည်းဘူး။ ၀ိတ်တာတွေကလည်း သွက်လက်ဖျတ်လတ်လိုက်တာ လက်တစ်ဖက်စီမှာ ဘီယာအပြည့်ခွက်ကြီး ၆ခွက်လောက်ကိုင်ပြီး serve လုပ်နေကြတယ်။ Corner တစ်ခုမှာလည်း ဘူတာရုံတံဆိပ်နဲ့ ဦးထုပ် တီရှပ်အပါအ၀င် အမှတ်တရပစ္စည်းဆိုင်လေးရှိတယ်။ ကျွန်မကတော့ ဈေးအသက်သာဆုံး HB ဆိုတဲ့တံဆိပ်နဲ့ရင်ထိုးသေးသေးလေးပဲ ၀ယ်ခဲ့တယ်။ ခဏနေတော့ ဆိုင်အလည်က တီးဝိုင်းစင်မြင့်မှာ ငွေရောင်ဆံပင်နဲ့ အဖိုးကြီးလေးငါးယောက် တီးမှူတ်ဖျော်ဖြေကြတော့တယ်။ ရှေးဂီတထင်ပါရဲ့။ နောက်သိခဲ့ရတာတစ်ခုက ပုံမှန်ဖေါက်သည်တွေက ကိုယ့်ဘီယာခွက်ကိုကိုယ် Register လုပ်ပြီး ဆိုင်ရဲ့ Locker ထဲမှာသိမ်းထားခဲ့သတဲ့။ ရောဂါကာကွယ်တာတော့ဟုတ်ဟန်မတူပါ။ HB ဆိုင်ရဲ့ regular customer အဖြစ် ဂုဏ်ယူကြတာလို့ထင်ပါတယ်။
ကျွန်မတို့ မြို့ထဲလည်တဲ့နေ့က အေစီမီလန်နဲ့ ဘေယန်မြူးနစ်ကစားကြမှာတဲ့။ လက်မှတ်ခက အသက်သာဆုံးတောင် ယူရို၅၀ ဆိုတော့ ... တာ့တာ ပေါ့နော်။ ခုံမဲ့ မတ်တတ်ရပ်ရင် ၃၅ ယူရို ဆိုလား...ဟုတ်မဟုတ်မသိပါ။ အရပ် ကလန်ကလားနဲ့ ယူဂန်ဒါနိုင်ငံသား သူငယ်ချင်း အန်တိုနီက ငါတို့တစ်ဖွဲ့လုံး နင့်ကိုတစ်လှည့်စီထမ်းပြီး ရပ်ကြည့်ကြမယ်လို့ အရပ်ပုတဲ့ကျွန်မကို နောက်နေသေးတယ်။
ရှေးတုန်းက ဘုရင်ခေါ်မလား နယ်စားခေါ်မလား ရဲ့ ပြတိုက်နဲ့ သူ့ဘ၀အကြောင်း မှတ်တမ်းတင်ရုပ်ရှင်ကြည့်ခဲ့တာ၊ သူကိုယ်သူသတ်သေခဲ့တဲ့ရေကန်ကြီးကို အလည်ရောက်ခဲ့တာတွေကို အခုတော့ ပြန်ရေးဖို့တောင် သေချာမမှတ်မိတော့ပါဘူး။
ဒီလိုနဲ့ ပျော်ရွှင်စရာ သင်တန်းလေး ပြီးဆုံးသွားခဲ့တော့ ၀မ်းသာ ၀မ်းနည်းမှူများစွာနဲ့ပေါ့။ သင်တန်းဆင်း လက်မှတ်တွေကို အပြန်အလှန်ပေးကြရင်း နှူတ်ဆက်စကားဆိုကြတယ်။ နှူတ်ဆက်ပွဲမှာ ကိုလံဘီယာသူလေးက ထူးထူးခြားခြားအကကောင်းလွန်းလို့ ချီးကျူးမိတယ်။ သူက နင့်ကိုသင်ပေးမယ်တဲ့။ သူသင်ပေးတဲ့အတိုင်းကကြည့်တော့ ခြေချော်လဲကျသွားပါလေရော။ အဲဒါကြောင့် ဖားတုပြီးခရုမခုန်သင့်ဘူး လို့ပြောခဲ့ကြတာဖြစ်မယ်။
အိမ်ပြန်ခရီးကိုတော့ နဂိုရ်ထဲက ကြံရွယ်စီစဉ်ထားတဲ့အတိုင်း ဖရိုင်းဘုတ်မြို့ အနီးက ဘက်ခရိုဇင်ဂျန်မှာနေတဲ့ သူငယ်ချင်း မမရှင်လေး ဆီကို သွားလည်ခဲ့ပါတယ်။ နောက်တစ်ပိုင်းကျမှ အသေးစိတ်ရေးပါမယ်နော်...၊
(ဆက်ရန်)
မိုးစက်ပွင့်
Labels:
germany,
ခရီးသွားခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......