
ဒီရက်ပိုင်းမှာ အီးမေးလ်မှာရော အင်တာနက်မှာပါ ဆရာ လူထုဦးစိန်ဝင်းရဲ့အတ္တပရဟိတလုပ်ငန်း ဆောင်းပါး တော်တော်လေး ပြန့်နှံ့နေပါတယ် (လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဆရာ့ FMA အင်္ဂလိပ်စကားပြော သင်တန်း တက်ခဲ့ဖူးတာမို့ နှုတ်ကျိုးစွာ ဆရာ လို့ခေါ်မိခြင်းပါ)။ ဆောင်းပါးထဲမှာ ဆရာက NGO လုပ်ငန်းများ အပေါ် လူငယ်များ နားလည်မှူလွဲ ရေလိုက်လွဲပြီး ကိုယ်ကျိုးအတွက် မျောက်ပြဆန်တောင်းသလိုဖြစ်သွားမှာ စိုးရိမ်တဲ့ စေတနာအပြည့်အ၀နဲ့ရေးထားတာကိုလည်း ခံစားရပါတယ်။ အိုးကိုလှစေချင်တဲ့ အိုးထိမ်းသည်က နာနာထုနှက်သလို အလွန်ထိမိတဲ့ ဆရာ့ဝေဖန်ချက်ကြောင့် အနာပေါ်တုတ်ကျဖြစ်သူတွေလည်း အများကြီးရှိမှာပါ။ ဆရာ့ကို ထောက်ခံတာ၊ ဆန့်ကျင်တာ တစ်ခုမှမဟုတ်ဘဲ ဆရာရေးတဲ့ခေါင်းစဉ်နဲ့ ဆက်စပ်ပြီး ကျွန်မ ခေါင်းထဲက ပေါ်လာတာတွေကို ချရေးမှာ ဖြစ်ပါတယ်။
ယူအင်န် တို့ အဲန်ဂျီအို တို့ဆိုတာ ချို့ငဲ့သူတွေရဲ့ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးဖို့၊ အလှူရှင်တွေနဲ့ ကြားခံဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားလေးတွေပါ။ (ဒီနေရာမှာ ဒေါ်လာရိတ်ဖို့ အကြံအဖန်နဲ့ဖွဲ့စည်းထူထောင်ထားတဲ့ အဖွဲ့များကို မဆိုလိုပါ။) ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်မြင့်မြတ် လှပါတယ်။ အကျိုးအမြတ်မရည်ရွယ်ဘဲ၊ လူမှူရေးသက်သက် ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်။ အဖွဲ့တိုင်းမှာ (၀န်ထမ်းကျင့်ဝတ် ခေါ်တဲ့ Code of Conduct) ကိုယ်စီရှိကြပြီး အခြေခံအားဖြင့် လူသားချင်းစာနာဖို့၊ ကိုယ်ကျင့်သီလ စင်ကြယ်ဖို့၊ သမာသမတ်ရှိဖို့ ဆိုတာတွေ ပါဝင်ကြပါတယ်။
ရည်ရွယ်ချက် ဘယ်လိုပင်ကောင်းကောင်း ”လူ”နဲ့ဖွဲ့စည်းထားတာမို့ လူသားသဘာဝ အဆိုးအကောင်းတွေ ရောပြွမ်းနေတာပါပဲ။ အတ္တကြီးတဲ့ ၀န်ထမ်းတွေ၊ လောဘကြီးတဲ့ဝန်ထမ်းတွေ၊ စေတနာခေါင်းပါးပြီး ကိုယ်ကျိုးရှာတဲ့ဝန်ထမ်းတွေ များလာလေလေ သက်ဆိုင်ရာ အဖွဲ့အစည်းဟာ နာမည်ဆိုးထွက်လာလေလေ ပါပဲ။
ပထမဆုံး ဆန်တောင်းတောင်းမတောင်းတောင်း မျောက်ကတော့ရှိနေမှာပဲ (တောင်းလို့မျောက်ဖြစ်တာမဟုတ်) .... ဆန်မတောင်းတော့ မျောက်မစားရဘူးပေါ့..... အဓိက က မျောက်ဘယ်လောက် စားရသလဲ... တောင်းပေးတဲ့လူက ဘယ်လောက်စားသလဲ ဆိုတာကို ဝေဖန်ရမှာပါ ဆိုတဲ့ မောင်ငယ်တစ်ယောက်ရဲ့စကားကို နှစ်သက်စွာ မျှဝေချင်ပါတယ်။
တကယ်က မြန်မာနိုင်ငံကရတဲ့အကူအညီက သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်ကိုနည်းပါးလှပါတယ်။ အိတ်ခ်ျအိုင်ဗွီ အေ့ဒ်စ် လူနာတွေဆိုရင် ARV ဆေးရတဲ့သူ အဆမတန်နည်းပါးလို့ သေမိန့်စောင့်နေရသလိုပါပဲ။ NGO Report တွေအရ ARV ရသင့်ရက်နဲ့မရသူ ခြောက်သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဆေးရ သူတို့အတွက်တော့ အဲန်ဂျီအိုတွေကရတဲ့ ဆေးဝါးတွေဟာ အသက်နဲ့အမျှ အလွန်တန်ဖိုးကြီးမားလှပါတယ်။ သူတို့အတွက် အကူအညီ တောင်းတဲ့သူတွေရှိရပါမယ်။ ရတဲ့အကူအညီကို ထိထိရောက်ရောက် ပြန်လည် ဖြန့်ဖြူးပေးတဲ့သူတွေလည်းရှိရပါမယ်။

ယူအင်န် နဲ့ အဲန်ဂျီအို ၀န်ထမ်းတွေဟာ အောက်ပါသဘောတရားတွေကို လေ့ကျက် ကျင့်သုံးသူတွေ ဖြစ်သင့်ပါတယ်။
Humanitarian
တစ်ချို့က ကိုယ်လုပ်ပေးနေရတဲ့ ချို့ငဲ့သူတွေအပေါ် တကယ်စေတနာမရှိဘူး။ လုပ်ငန်းအပေါ်တကယ် ယုံကြည်လို့မဟုတ်ဘူး။ လခရဖို့၊ရာထူးရဖို့၊လူရာဝင်ဖို့ စသဖြင့် စသဖြင့်.....။ နာဂစ်မှာ အလုပ်ဝင်တဲ့ လူငယ်တစ်ချို့က ”နာဂွတ်ဒ်”လို့ ပြောနေကြတော့ ဘယ်လိုစိတ်နဲ့ပြောနိုင်ကြပါလိမ့်ဆိုပြီး အံ့သြ၀မ်းနည်းမိတယ်။
Cost-effectiveness
Cost-effective ဖြစ်ရပါမယ်။ အရှူံးအမြတ်တွက်တာမျိုးမဟုတ်ပေမယ့် စီမံခန့်ခွဲမှူကောင်းကောင်းနဲ့ သုံးသင့်မသုံးသင့် ချင့်ချိန်ရမှာပါ။ ဥပမာ တစ်သိန်းဖိုးလောက်ကူညီထားတဲ့နေရာကို သွားသွားကြည့်တဲ့ ခရီးစရိတ်က ဆယ်သိန်းဘိုးလောက် ဖြစ်နေတာမျိုး ပါ။ တစ်ချို့ဝန်ထမ်းတွေကလည်း ကိုယ့်ဘာသာကိုယ်သာ ကားစီးသွားရင်သွားမယ်၊ အဖွဲ့အစည်းတာဝန်နဲ့ဆိုရင် လေယာဉ်စီးရမှ ဆိုတာမျိုးတွေ တွေ့ရပါတယ်။
result-oriented
အဲန်ဂျီအို လုပ်ငန်းတွေဟာ profit-oriented မဟုတ်ပေမဲ့ result-oriented ဖြစ်ရပါမယ်။ သစ်ပင်ဘယ်နှစ်ပင်စိုက်လိုက်တယ် ဆိုတာထက် သစ်ပင်ဘယ်နှစ်ပင် ရှင်သန်နေပြီလဲ၊ လူတွေကို ဘယ်လောက် အကျိုးပြုနိုင်ပြီလဲ ဆိုတာကြည့်ရမယ်။ တော်တော်များများက အမြဲတမ်းဆိုသလို (လုပ်)လိုက်တာပဲ ပြောကြတယ် (ဖြစ်)သွားတာကို ဂရုပြုပြီး မလေ့လာကြဘူး။
ယူအင်န် ၊ အဲန်ဂျီအိုလောကမှာ အလုပ်အပေါ်မှာ စေတနာပါပါနဲ့ လုပ်ကိုင်နေသူတွေ ရှိသင့်သလောက်တော့ ရှိနေတာပါပဲ။ နာဂစ်တုန်းက အခက်အခဲကြား အန္တရာယ်ကြားကပဲ အကူအညီတွေ အချိန်မီပေးနိုင်အောင် မအိပ်မနေ ကြိုးပမ်းခဲ့သူတွေ မြင်ခဲ့ရတာပါပဲ။ နှစ်ပေါင်းများစွာ တောကြိုအုံကြားမှာ ဘ၀ကို မြှုပ်နှံလုပ်ကိုင် နေသူတွေလည်း ရှိခဲ့တာပါပဲ။ ဆရာ လူထုဦးစိန်ဝင်းရဲ့ဆောင်းပါးထဲမှာကို .......စေတနာအစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူ ငယ်တွေလည်း ရှိပါတယ်.... လို့ ရေးထားခဲ့ တာပါပဲ။ ဆရာ ဆက်ပြောတာက ............ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်းသူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်” တဲ့အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ဆိုတာ သူတို့အားကျ အတုယူရတဲ့ “စံပြုပုဂ္ဂိုလ်” (Role Model) တွေ ရှိဖို့လိုပါတယ်...... ဆိုပြီး မြန်မာ့အလင်း ဦးတင် ကို နမူနာပေးခဲ့တာပါ။ ဦးတင်လိုလူမျိုးမရှိတော့ဘူးလား....... ” မေးရင် သူ့လောက်မတော်ပေမယ့် သူ့လမ်းစဉ်ကို လိုက်နာနေသူ တစ်ချို့တစ်လေ ရှိဦးမှာပါ။ အဲဒီလိုလူတွေကို ဖေါ်ထုတ်ချီးကျူးဖို့ လူငယ်တွေက အတုယူ အားကျတဲ့ role-model ဖြစ်စေဖို့ အားလုံးမှာ တာဝန်ရှိနေပါပြီ။ ကိုကျော်သူကိုပဲကြည့်ပါ။ သူတကာလုပ်ဖို့ဝန်လေးတဲ့အလုပ်ကို အောင်မြင်အောင် ကိုယ်ကျိုးမဖက် လုပ်ဆောင်နိုင်ခဲ့တယ်။ သူ့ကို ၀ိုင်းဝန်းချီးကျူးဖို့ကျတော့ ဘာကြောင့် တော်တော်များများက ၀န်လေးနေရတာလဲ...... ။ စေတနာရှင်မလေး မဖြူဖြူသင်း ရဲ့ ပရဟိတလုပ်ငန်းတွေကရော ....... အဆုံးမရှိသော အတွေးတွေပါ။
strong civil society အတွက် supported system ရှိရပါမယ်။ ပိတ်ဆို့မှူတွေကြီးထွားနေတာနဲ့အမျှ စီးဆင်းနေတဲ့ရေအယာဉ်ဟာ တိုးဝှေ့ကွေ့ကောက်စွာ ခရီးဆက်နေမှာပါပဲ။ မြစ်ကြောင်းကလည်း ပြောင်းရင်ပြောင်းသွားပါလိမ့်မယ်။ သူရည်ရွယ်ရာ သမုဒ္ဒရာကမ်းဆီရောက်ဖို့တော့ အဓိကဖြစ်ပါတယ်။ တစ်စတစ်စနဲ့ အကွေ့အကောက်လွန်ပြီး အတ္တ မြစ်ကျိုးအင်းထဲမှာ ကိုယ်ကိုယ်တိုင်ပိတ်မိမနေဖို့တော့ လိုပါလိမ့်မယ်။
မိုးစက်ပွင့်

မိုးစက်ရေ
ReplyDeleteအန်ဂျီအိုဆိုတာက ဗမာပြည်လို နိုင်ငံကျတော့ အစိုးဆီမှာ လုပ်တာ ထက် လခ ပိုရတယ်၊ တခြား ခံစားခွင့်တွေဆိုလည်း မိုးစက် ပြောသလိုပေါ့လေ ခရီးစရိတ် စားသောက် တည်းခို စရိတ် တခါ ဆေးဝါးကုသစရိတ်တွေ ပေးတာ ရှိတယ်ပေါ့။ ခုဆိုရင်ပဲ ၀က်တုတ်ကွေး ကာကွယ်ဆေးကို မြန်မာပြည်ထဲက ယူနန်မှာ လုပ်တဲ့ who undp စတဲ့ နေရာတွေမှာ လုပ်တဲ့ ၀န်ထမ်းတွေကို ထိုးကြရတယ်။
ဒီတော့ အန်ဂျီအို မှာ လုပ်တာက မြန်မာ ပြည် အစိုးရ ၀န်ထမ်းထက်တော့ သာတယ်။ ဒီတော့ လုပ်ချင်ကြတယ်။ ပြီးတော့ အစိုးရ ၀န်ထမ်းလောက် တင်းကျပ်မှု့ မရှိတော့ လုပ်ရတာလည်း ပို အသက်ရှူ ခြောင်တာကိုး။
ဝါသနာပါလို့ စာနာ သနားတတ်လို့ စွန့်လွှတ် စွန့်စားချင်လို့ လုပ်တဲ့သူတွေလည်း ရှိကြပါတယ်။
ကိုယ်က မျောက်ဖြစ်ကြရတာလည်း ရှိမယ် ထင်တယ် မိုးစက်ရေ။ နားဂွတ်ဒ် ဆိုတဲ့ လူတန်းစားလည်း ရှိမယ် ထင်ပါတယ်။
မအယ် သိသလောက် ဥရောပက မိတ်ဆွေတွေကတော့ စိတ်မ၀င်စားကြဘူး။ မိသားစုနဲ့ အတူ မနေရတာ ခရီးခဏခဏ ထွက်ရတာ၊ ပင်စင်မရှိတာ လခ နည်းတာတွေ ကြောင့် ခဏတဖြုတ်ပဲ လုပ်ချင်ကြတယ်။
တချို့ လခ ကောင်းတာတောင် ၂နှစ်လောက် နေပြီး ကိုယ့် အလုပ်ထဲ ပြန်ဝင်ရတာ ခက်တယ် ဆိုပြီး မလုပ်ချင်ကြဘူး။
စိတ်ထားတတ်ဖို့ အဓိကပါပဲလေ။ နားဂွတ်ဒ်ဆိုတာမျိုးတော့ ရင့်သီးလွန်းပါတယ်။
မအယ်