Thursday 2 December 2010

အားနာတတ်သလား




အားနာတတ်တဲ့ အကြောင်းလေးတွေးမိရင် ငယ်ငယ်က ရေဒီယိုဇာတ်လမ်း လေးတပုဒ်ကို အမြဲသတိရတယ်။ အဲဒီတုန်းက ရေဒီယိုတွေပဲ အဓိက နားထောင်ကြရတာ ( အမ်- ပြောရင်းနဲ့ အသက်ကို ခန့်မှန်းကြဦးမယ်)။ ဇာတ်လမ်းပမာ နားဆင်စရာ ကဏ္ထမှာ အပြောကောင်းတဲ့ ဦးဇော်ဝင်းက ဒန့်ဒလွန်သီးသည်ကြီးပေါ့။ ခြံထွက် ဒန့်သလွန်သီးကို တအိမ်တက်ဆင်း ရောင်းလာလိုက်တာ။ သုံးတောင့်တဆယ်နဲ့ ရောင်းရာကနေ၊ ၀ယ်သူတွေက မရမက ဆစ်လို့ လေးတောင့်၊ ငါးတောင့်၊ ခြောက်တောင့်၊ ခုနှစ်တောင့်နဲ့ ပေးပေးလာလိုက်တာ နောက်ဆုံး အရင်ဝယ်ထားတဲ့သူတွေက သူ့နောက်လိုက်ပြီး မျက်နှာလိုက်ရပါမို့လားနဲ့ ကက်ကက်လန် ၀ိုင်းရန်တွေ့ကြလို့ မရှူနိုင်မကယ်နိုင်ဖြစ်၊ နောက်ဆုံး “အကုန်လုံး အလကားသာ ယူကြပါဗျာ၊ ပြန်အမ်းပါ့မယ်ဗျာ” ဆိုပြီး ဖြေရှင်းလိုက်ရတဲ့ ဟာသ ဇာတ်လမ်းလေး။ ကျမတို့ အိမ်မှာတောင် တခုခုကို အလျှော့ပေးလွန်းရင် “ဒန့်ဒလွန်သီးသည် ဖြစ်နေမယ်နော်” လို့ အခုထိ သတိပေး တတ်ကြသေးတာ..။

“အားနာတယ်” ဆိုတာ မြန်မာစကားမှာပဲ ရှိတယ်လို့ တော်တော်များများက ပြောတတ်ကြပါတယ်။ ကိုယ့်လူမျိုးကို အမွှန်းတင်ရင်း တခြားလူမျိုးတွေက အားမနာတတ်ဘူး လို့ အပြစ်ပြောချင်တာပေါ့။ အဲဒီမှာ ပြဿနာ နှစ်မျိုး တွေ့ရပါတယ်။ (၁) လူမျိုးတိုင်းမှာ အားနာတာ ရှိသလား၊ မရှိဘူးလားနဲ့ (၂) အားနာတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာပါ။

ပထမဆုံး အားနာတာ ရှိမရှိနဲ့ပါတ်သက်လို့ကတော့ မြန်မာလူမျိုးမှာပဲ အားနာတဲ့စကားရှိတယ်၊ မြန်မာတွေဘဲ အားနာတတ်တယ် ဆိုတဲ့ အဆိုကို ကျမက ငြင်းပယ်ပါတယ်။ ဘာသာစကား များများမတတ်တဲ့အတွက် သက်သေမပြနိုင်ပေမဲ့ အားနာတယ် အတိအကျ မဟုတ်ရင်တောင် အားနာခြင်းနဲ့ ဆင်တူတဲ့စကားတော့ ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါကလည်း တွေ့ဖူးကြုံဖူးတဲ့ လူမျိုးတချို့ရဲ့ အမူအကျင့်ကို အခြေခံပြီး ပြောရခြင်းဖြစ်ပါတယ်။ ပါတ်ဝန်းကျင် နဲ့ ယဉ်ကျေးမှုကိုလိုက်လို့ အားနာတတ်မှု အနည်းနဲ့အများ ဒီဂရီ တော့ ကွာခြားနိုင်ပါတယ်။

အားနာတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာကတော့ တော်တော် ယေဘုယျဆန်တဲ့ မေးခွန်းပါ။ အချိန်အခါ နေရာဒေသ နဲ့ အခြေအနေကို လိုက်လို့ အဖြေတွေ ကွဲသွားနိုင်ပါတယ်။ အခုတလော တီဗွီမှာခေတ်စားနေတဲ့ စကားနပမ်း လုပ်ကြည့်ရအောင်။

(အဆို) အားနာတာ ကောင်းတယ်
အားနာတယ် ဆိုတာ လှပတဲ့ စိတ်ကလေးတခု။ သူများကို ကိုယ်ရောစိတ်ပါ ကသိကအောက်ဖြစ်စေမှာ မလိုချင်တဲ့စိတ်။ အနိုင်ယူဖို့ထက်၊ ကြုံလာရင် ကိုယ်သာလျှင်အနစ်နာခံပစ်လိုက်ချင်တဲ့စိတ် ကလေးပါ။ အလွန်အကျွံ မသုံးစွဲသရွေ့ပေါ့ကွယ်။

အားနာတတ်တဲ့သူဟာ ဘယ်တော့မှ သူများ မျက်ခုံးမွေးပေါ် စကြံင်္မလျှောက်ဘူး။ မနီဇူလိုင်က သူ့ကဗျာလေးထဲမှာ (မဟာမြတ်မုနိကို အားနာတယ်၊ မနူဟာကို အားနာတယ်၊ ကမ္ဘောဇဟော်နန်းကို အားနာတယ်) တဲ့။ ကဲ ဘယ်လောက်လှတဲ့ စိတ်ကလေးလဲ။ အဲဒီလိုမျိုးသာ လူတိုင်းက တွေးမိရင် စစ်ပွဲတွေမရှိတဲ့ ငြိမ်းချမ်းရာမြေ ဖြစ်နေမှာပဲနော်။

ရခိုင်လူမျိုးတွေက (အားမနာ) ဆိုတဲ့စကားကို ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးတတ်ကြလေရဲ့။ “ဒီကောင်နှယ် အားမနာ” ဆိုရင် အလိုက်မသိသူ၊ ရိုင်းပြသူ၊ မောက်မာသူ စသဖြင့် အဓိပ္မါယ်အများကြီး ထွက်တာ သတိထားမိပါတယ်။

ကျမတို့ လမ်းသွားရင်း မတော်တဆ ကိုယ့်ပခုံးနဲ့ သူများပခုံးဝင်တိုက်မိပြီ ဆိုပါစို့။ သာမာန်စိတ်ထားရှိသူတောင် အားနာသွားမှာ အမှန်ပဲ။ မြန်မာဆန်တဲ့ ကျမအမေက ဘယ်သူ့ကိုပဲ မတော်တဆ ထိမိတိုက်မိပါစေ- “ကန်တော့”“ကန်တော့”လို့ ပြောရမယ်လို့ ငယ်ငယ်က စွဲနေအောင် သင်ထားပေးတယ်။ (ကန်ခိုင်းတာမဟုတ်ပါ၊ ဦးချတောင်းပန်ပါတယ် ဆိုတဲ့ အဓိပ္မါယ်ပေါ့) အခုတော့လည်း ကျမကိုယ်က ကမ္ဘာဆန်လာသလားတော့ ငယ်ငယ်ကလို “ကန်တော့” သိပ်မပြောဖြစ်တော့ပါဘူး။ မတော်တဆ ကြုံလေတိုင်း “အိုး- မတော်လို့” “ဆောရီး” စသဖြင့် ပေါ့လေ။ ကိုယ်က အားနာမှန်းသိတော့လည်း ဘယ်သူမှ ရန်စွယ်ငေါငေါ မတုန့်ပြန်ကြတော့ဘူး။ ကဲ ဘယ်လောက် အေးချမ်းလဲ။

ကျမတို့ လူသားဆန်စွာ အားနာတတ်ကြရအောင်နော်။

(အချေ) အားမနာတာ ကောင်းတယ်
“အားနာလို့လိုက်လျောတာ အ တယ်လို့ထင်”တဲ့။ “အားနာရင် ခါးပါတယ်”တဲ့။ အဲဒါက ယဉ်ယဉ်ကျေးကျေး ပြောထားတဲ့ စကားပုံတွေပါ။ ကျမတို့ ငယ်ငယ်က ခပ်ကြမ်းကြမ်းပြောလေ့ရှိတဲ့အိမ်နီးခြင်း အဒေါ်ကြီးကတော့ သူ့သမီးကို ဆုံးမပုံက “ဟဲ့- နင်ကြပ်ကြပ် အားနာနေ၊ တော်ကြာ ကလေးတွေ ခြင်းတောင်းနဲ့ လိုက်ကောက်နေရမယ်”တဲ့ လေ။ တကယ့်ပြင်ပလောကမှာလည်း အားနာတတ်သူတွေဟာ လူလည်တွေ မျက်စေ့ကျတဲ့ အမဲတမျိုးပါဘဲ။

တခါတလေ အားနာတာက ပြဿနာတခုကို ပိုပြီးကြီးထွားစေတယ်။ ဆိုပါစို့- လူတယောက်ဆီက ငွေတရာချေးထားတယ်။ ပြန်ပေးမယ်ဆိုတဲ့အချိန်မှာ မပေးနိုင်သေးဘူး။ သူ့ကို ရင်ဆိုင်ရမှာ အားနာနေတယ်၊ မရဲဘူး၊ ဒါနဲ့ပဲ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေမယ် ဆိုရင် တဖက်လူက ဘယ်လိုထင်မလဲ။ မိန်းကလေးတယောက်က ကိုယ့်ကို ချစ်ရေးဆိုတဲ့သူကို ငြင်းလိုက်ရမှာ အားနာနေတယ်။ သူပေးတဲ့ ပန်းတို့ ဘာတို့လဲ အားနာနာနဲ့ ယူထားမိတယ် ဆိုပါစို့။ ကြာလာရင် ဘာဖြစ်သွားနိုင်လဲ။ အဲဒီအဖြစ်မျိုးတွေ အားလုံး မြင်ဖူးကြားဖူးကြမယ် ထင်ပါတယ်။

အားနာတာက မပွင့်လင်းတဲ့ သဘောကို ဦးဆောင်သွားတယ်။ တခါတရံ မရိုးသားတဲ့ဘက်ကိုတောင် ရောက်သွား တတ်သေးတယ်။ ကိုယ်ဖက်က တတ်နိုင်တဲ့အတိုင်းအတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက တဖက်သားကိုလည်း သေသေချာချာ စဉ်းစားဖို့ အထောက်အကူ ဖြစ်စေတယ်။ စိတ်မပါဘဲ ကိုယ်မတတ်နိုင်ဘဲ ကူညီမဲ့အစား ပွင့်ပွင့်လင်းလင်း No  လို့ ပြောလိုက်တာ ပိုကောင်းတယ်ဆိုတဲ့အကြောင်းကို မရှင်လေးက ဒီပို့စ် မှာ ရေးခဲ့ဖူးပါတယ်။ အနောက်တိုင်းသား တော်တော်များများက အဲဒီလိုမျိုး ကျင့်သုံးနိုင်ကြတာ အတုယူ အားကျစရာပါ။  အလော့ဂါဇောင်းကလည်း သူ့ရဲ့ ပို့စ်လေးတခုမှာ “အားနာတာဟာ အားနည်းချက်တခုပဲ၊ အားနာတာဟာ အရှူံးတ၀က် ရောက်နေတယ်။ အားနာတဲ့စိတ်ကြောင့် ဘ၀ပါ မွဲပြာကျသွားစေနိုင်တယ်တဲ့”.။ အမှန်တွေ ကိုယ့်ရှေ့မှာရပ်ပြောနေသလိုပါဘဲကွယ်။

မှတ်မှတ်ရရ ငယ်ငယ်တုန်းက အားနာတတ်တဲ့ သူငယ်ချင်းလေးတယောက် ရှိတယ်။  အတန်းဖေါ်တွေက သူ့ဆီက ခဲတံပေတံ ငှားပြီးရင် ဘယ်တော့မှ ပြန်မပေးဘူး။ သူကလည်း အားနာတော့ ပြန်မတောင်းဘူး။ အဖေအမေကို ခဏခဏ ပူဆာနေရတော့ သူ့ ကိုမိဘက စိတ်မရှည်တော့ဘူး။ မကြာမကြာ အဆူခံနေရတယ်။ ဒါနဲ့ပဲ သူဆုံးဖြတ်လိုက်တယ်။  ငါ- နောက်ခါ အားမနာတော့ဘူး။ ပြန်တောင်းမယ်ပေါ့။ ဒါပေမဲ့ အားနာတဲ့အကျင့်က တော်တော် ဖျောက်ရခက်တာမျိုးကလား။ နောက်ဆုံးတော့ သူ့ကိုယ်သူ တွန်းအား တခု ထည့်လိုက်တယ်။ ပစ္စည်းတခုငှားပြီးတိုင်း ဒီတခါ ငါ့ပစ္စည်း ပြန်မတောင်းဖြစ်ရင် ငါစာမေးပွဲကျပါစေ လို့ ကျိန်လိုက်တယ်တဲ့။ အဲ့လိုကျ သူကြောက်တယ်လေ။ (စာမေးပွဲကျမှာကြောက်လို့) သူ့ပစ္စည်းလေးတွေ မဖြစ်မနေ ပြန်တောင်းရတော့တာပဲ။

အားနာတတ်သူကို လူတွေက ပိုပြီး ချစ်ခင်ကြမယ်၊ လေးစားကြမယ် ထင်နေပါသလား။ အဖြေကတော့ No Way ပါ။ ကဲ- ကျမတို့ကိုယ်ထဲမှာ ကပ်ပါးပိုးလို တွယ်နေတဲ့ အားနာမှုတွေကို ဖျောက်ကြပါစို့။

ဒီစာလေးကိုဖတ်ပြီး သူငယ်ချင်းတို့ ဘယ်အဆိုဖက်ကို အလေးသာသလဲဆိုတာ-
- အားနာရင်လည်း တခုခု ရေးသွားလိုက်ပါ
- ဒါမှမဟုတ် အားမနာတမ်း လှည့်ပြန်သွားလို့ရပါတယ် လို့...။   (အဟဲ-နောက်တာပါ)

မိုးစက်ပွင့်

13 comments:

  1. အားမနာတာကောင်းပါတယ်
    သူများအကူအညီယူရမှာမျိုး အားနာလို့ ဘယ်တော့မှ ပြောမထွက်ဘူး

    ဒါပေမယ့် ကိုယ်မလုပ်နိုင်တာကိုယ်မကြိုက်တာဆိုရင်လည်း အားမနာပဲ ပြောနိုင်ပြီ
    အိမ်ပြန်ရင် စာကလွဲလို့ ဘာပစ္စည်းပါးပါး၊ ဟိုကဘာပစ္စည်းထည့်ထည့် ယူမပေးနိုင်ဘူးလို့ မိတ်ဆွေတွေကို ရှင်းရှင်းပြောပြထားတယ်:)
    ဒီကိစ္စမှာက အားနာတာ မကောင်းဘူး

    စူးနွယ်လေး

    ReplyDelete
  2. ဟုတ်ပါရဲ့ စူးနွယ်... စာရှည်မှာစိုးလို့ ထည့်မရေးလိုက်တဲ့ ခါးသီးသော ရယ်စရာလည်းကောင်းသော အားနာမှု ကိုယ်တွေ့တွေ အများကြီး (ငယ်ငယ်က ကျမ အလွန်အကျွံ အားနာတတ်သူလေ)...အခုတော့ အားမနာတတ်အောင် ကျင့်ရင်း တော်တော်လေး အောင်မြင်လာပါပြီ... အဲဒါလေး အပိုင်း ၂ ဆက်ရေးရင်ကောင်းမလားလို့ စဉ်းစားနေမိတယ်...

    မိုးစက်ပွင့်

    ReplyDelete
  3. အားနာတတ်ပါ့ဗျာ...။မကောင်းပါဘူး အဲ့ဒါကြီးက...။ပြင်တော့ပြင်နေတာပဲ..။
    သိပ်တော့ မအောင်မြင်သေးဘူးဗျ...။ဆက်ဗျာ အပိုင်း၂ ကို...ရေးသင့်ပါတယ်။

    ReplyDelete
  4. အားနာတတ်တာကိုအခွင့်ကောင်းယူပြီးလူလည်ကျတာကို
    အမြဲသိသိကြီးနဲ့အားနာပြီးခံနေရပါတယ်။လူတချို့တော်တော်
    ဆိုးပါတယ်။အပိုင်း၂ ကိုဆက်ရေးပါ မရေ။

    ReplyDelete
  5. ဆက်ရေးပါ အပိုင်း၂ကို :)

    ReplyDelete
  6. မင်္ဂလာပါရှင်းးးး
    ပိုစ့်လေးဖတ်လို့ တော်တော်ကောင်းပါတယ်။ လူတစ်ယောက်မှာ အတွင်းဗီဇကအတော်ပျောက်ရခက်ပါတယ်နော် အားနာစိတ်ကြောင့်ရလာတဲ့ဆိုးကျိုးမျိုးမရှိအောင်တော့ကြိုးစားနေထိုင်ရမှာပဲပါပဲနော်

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  7. စာလာဖတ်သွားပါတယ်။ ခံရပါများလွန်းတော့လည်း အားမနာတတ်တော့ဘူး။ ဒါပေမယ့်လည်း မဖြစ်မနေ လုပ်ပေးရတာမျိုးတွေတော့ရှိနေတုန်းပါပဲ။ ဒါကျတော့ အားနာလို့မဟုတ်တော့ဘူး။ Forced to do ဖြစ်သွားပြီ။ အထူးသဖြင့် အမျိုးတွေနဲ့ပတ်သက်ရင်။

    ReplyDelete
  8. အားနာသလားမမေးနဲ့ ။ အထူးသဖြင့် သူငယ်ချင်းတွေကို ပိုက်ဆံချေးရင် ကိုယ်က အားနာပြီး ချက်ချင်းပေးတတ်ပေမဲ့ ၊ ပြန်မရတာကလည်း ခပ်များများပါ။ အမေ့ခံတာ၊ ပြန်မပေးနိုင်တာတွေကြောင့်လည်း ပြန်တောင်း ရမှာလည်း ပြန်ပေးမယ်ဆိုတဲ့နေ့ ကျော်သည့်တိုင် အားနာလို့ မတောင်းတဲ့ အပြင် ကိုယ့်အကြွေးကို နောင်သံတရာထိ သူတို့ ပြန်ဆပ်ရမှာ စိုးရိမ်လို့  နင်ချေးထားတဲ့ ပိုက်ဆံကို ပြန်မဆပ်နဲ့ တော့နော်။ မုန့် ဖိုးလို့ ဘဲမှတ်လိုက်ပါ လို့ နောက်ဆုံး လတွေ ဖြတ်သန်းလာတဲ့အထိ မပေးတော့တဲ့အခါ အခုလို ပြောလိုက်ခဲ့ရတာ များလှပါပြီရှင်.....

    ReplyDelete
  9. အားနာတတ်တာတော့ ပြောနဲ့။ မေမေက “မယ်အားနာ”လို့ တောင် ခေါ်ယူရတယ်။

    ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေမှာ အားနာတာ မကောင်းဘူးလို့ ထင်ပါတယ်။ အဲလို မကောင်းမှန်းသိပေမယ့် အားနာတတ်တဲ့စိတ်က ဖျောက်မရသေးပါဘူး။ အားနာမိရင် စာမေးပွဲကျပါစေလို့လည်း ဆုမတောင်းရဲဘူး။ မတော်တဆ တကယ်ကျသွားမှာစိုးလို့း))

    ဒုတိယပိုင်းကို ပြောပြပါဦး..။

    ReplyDelete
  10. အားနာတတ်တဲ့အထဲမှာ ထိပ်ဆုံးကပါတယ်...
    ခုတော့ အားမနာတတ်အောင်ကြိုးစားနေတာ
    အောင်မြင်သေးဘူးး)

    ReplyDelete
  11. အားနာတတ်သူတွေထဲမှာ ထိပ်ဆုံးကပါတယ်
    အားမနာတတ်အောင်တော့ ကြိုးစားနေတာပါဘဲ
    ဟိဟိ.. နည်းနည်းတော့ အောင်မြင်လာပြီထင်တယ်

    ReplyDelete
  12. အားမနာတော့ဘူး။
    ထင်ချင်သလိုထင်နိုင်ပါတယ်။
    မိမိ အဆင်ပြေဖို့ တော့ကြည့်ရပါအုံးမယ်။

    ReplyDelete
  13. အားနာတတ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကိစ္စတွေမှာ အားနာတတ်တာမကောင်းဘူး။ အားနာတတ်တော့ တစ်ခါတရံ မပွင့်မလင်းဖြစ်ရတယ်။ အဲလိုအခါမျိုးကျ အားမနာပဲ black and white တိတိကျကျပြောတာ ပိုကောင်းတယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......