Tuesday, 31 August 2010

လကုန်ရက် အိမ်လည်ထွက်ခြင်း

ကလင်....ကလင်..ကလင်...
ခေါင်းရင်းက နာရီ နှိုးစက်သံက မပိတ်မချင်း ဒုက္ခပေးတော့မှာမို့   အိမ်သားတွေ နိုးသွားမှာ အားနာလို့   ကမန်းကတန်း စမ်းပိတ်လိုက်သည်။ ခြောက်နာရီခွဲပေမဲ့ မျက်လုံးက မဖွင့် နိုင်သေး။ ဒါပေသိ လူးလဲထပြီးတာနဲ့   အဆင်သင့်ရှိနေတဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သွားပွတ်တံ အပါအ၀င် ရေချိုးခြင်းတောင်းကလေးကို ဆွဲပြီး ရေကန်ရှိရာ သွားလိုက်သည်။  အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်း အားလုံးကို တဆက်တည်း လုပ်တတ်တာ ကိုယ့်အကျင့်။  အချိန်ကုန်သက်သာအောင် ရည်ရွယ်ခြင်းဖြစ်သည်။  ထုံးစံအတိုင်း ရေကို ၁၀ခွက်၊ ၁၅ခွက်လောက်နှင့် အပြီးချိုးသည်။  ကမ္ဘာကြီးမှာ ရေချိုရေသန့်တွေ ရှားပါးနေသည်လေ။  သနပ်ခါး လိမ်းတာက ၁၀မိနစ်၊ အ၀တ်လဲတာနှင့်ပေါင်းရင် ၁၅ မိနစ်။   စုစုပေါင်း နာရီဝက်ပျော့ပျော့မှာ အိမ်ကနေ ထွက်လာနိုင်ခဲ့သည်။  အိမ်နှင့် ရုံးက ၁၅မိနစ်လောက် လမ်းလျှောက်ရုံသာဝေးတာမို့ သိပ်ဝေးလှတာမဟုတ်၊ ရုံးကိုရောက်တော့ ၇နာရီမခွဲသေးချေ။   မနက်စာကို ရုံးမှာပဲ စားမယ်လို့   စိတ်ကူးပေမဲ့ နေ့တိုင်းစားနေကျ အစားအသောက်တွေကြည့်ပြီး စိတ်မပါတာနဲ့   မစားတော့ပါဘူး။  အလုပ်လုပ်မယ်လို့   ကွန်ပြူတာလေး ဖွင့်လိုက်ပြီးမှ  “ ဟယ်- ရုံးမှာလဲ ဘယ်သူမှ မရောက်သေးဘူး။  လမ်းပေါ်ခဏတက်ဦးမှ“ ဆိုပြီး အညောင်းပြေ အညာပြေ အပြင်ကို လမ်းထွက်လျှောက်မိသည်။

စ ထွက်ထွက်ချင်းတွေ့တာက ဘကြီးလွဏ်းဆွေ ။  ဟေ့ စပ်စုမ တူမကြီး- ဘယ်များလဲကွဲ့။  သြော်- ဟိုနားဒီနားပါ ဘကြီး။  အေး - သတိလေးတော့ ထားသွားဦး ရာသီဥတုက မကောင်းဘူး။ ပဲခူးမှာ ရေကြီးနေသတဲ့။ အညာမှာတော့ မိုးခေါင်နေတယ်တဲ့။  ဟိုစပ်စပ် ဒီစပ်စပ် တော်တော်ဗဟုသုတ စုံတဲ့ဘကြီး။ သူပြောသမျှ ဟို- ဒေ၀ါလီသတင်းစာက ဘာရေးတာ၊ မျက်စိပြူးဂျာနယ်က ဘယ်လို အင်တာဗျူးထားတာ၊  အသံပျောက် ဂျာနယ်က ဘာပြောတာ စသဖြင့် လေတော်တော်ဖြတ်မရတာနဲ့   နာရီဝက် ကျော်ကျော် လောက်ကြာသွားသည်။  “သြော်- သွားလိုက်ဦးမယ်နော် ဘကြီး”.......“အေး၊ အေး၊ မနက်ဖြန်လဲ လာခဲ့ဦး၊ သတင်းတွေ စုထားလိုက်မယ် သိလား“   သြော် - ပီတိစားပြီး အားရှိနေတဲ့ သူ့ဝါသနာ၊ ၀ါသနာ၊ ၀ါသနာ ..............

စကားပြောကောင်းတဲ့  ကိုဇော် တို့အိမ်ဝင်မိတော့ နောက်ထပ် နာရီဝက်လောက်ကြာပြန်ရော....
အံမယ်-  ဟိုဘက်အိမ်မှာ ကိုပေါ ကြီးပါလား၊  ဘယ်သူတွေနဲ့ များ ဒေါကြီးမောကြီး ရန်ဖြစ်နေသတုန်း အောက်မေ့တယ်။  အရှေ့ဖက်ရပ်ကွက်က စွမ်းအားသေ အဖွဲ့သားတွေနဲ့ပါလား။  ကိုယ်ပါ ရောပြီး အမှူပါတ်နေဦးမယ် မြန်မြန် ဆက်လျှောက်မှ။

မနက်စာကလည်း ဘာမှ မစားရသေးတော့  လမ်းလျောက်ရင်း ဗိုက်ဆာလာသည်။  ဘယ်အိမ်မှာ ဖရီးကြိတ်ရင် ကောင်းမလဲလို့  ရပ်စဉ်းစားလိုက်သည်။  ပထမဆုံးတွေ့တဲ့ မခင်ဦးမေအိမ်ကိုတော့ ခပ်သုတ်သုတ် ကျော်လျှောက်ခဲ့သည်။  သူ့ဆီမှာ ဘာမှ စားစရာ မရှိတာ သေချာသည်။  တော်ကြာ ကိုယ်တောင် အမြင်မတော် အိမ်ကူရှင်းပေးနေရလိမ့်မည်။ စင်္ကာပူက ပြန်လာခါစဆိုရင်တော့ ပါလာတဲ့ လက်ဆောင် ကလေးတွေ ခွဲတမ်းရလိုရငြား ၀င် နှုတ်ဆက်ရရဲ့။

Monday, 30 August 2010

“အမွှေးတိုင် “ကို မုန်းသည်

တီဗွီခလုတ်ကို ဖွင့်လိုက်တာနဲ့   ဖန်သားပြင်ပေါ်မှာ မကြာမကြာတွေ့ရလေ့ရှိတဲ့  “လိုတရ” “ကံပွင့်”  “အောင်သိဒ္ဒိ” “ရွှေပြည့်ငွေလျှံ“ “၀င်းဝင်း“ ဆိုတဲ့ အမွှေးတိုင်၊ နံ့သာတိုင် ကြော်ငြာတွေ .............. .။ ကြော်ငြာ မင်းသမီး ချောချောလှလှလေးက ဧရာမ စိန်လက်စွပ် ပြူးပြူးကြီးဝတ်ထားတဲ့ သူ့လက်ချောင်း လှလှလေးတွေနဲ့    အခိုးအငွေ့ တလူလူထွက်နေတဲ့  အမွှေးတိုင်ချောင်းတွေကို ဘုရားမှာ ကပ်လှူပူဇော်နေဟန်၊  မစားရ ၀ခမန်း ကြော်ငြာစာသားတွေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပုံ ဟန်ပါပါ လှုပ်ခါယမ်းပြီး သရုပ်ဆောင်လိုက်တာများ  ကြည့်ရင်းနဲ့  အမွှေးတိုင်ထုပ်တွေ ဒါဇင်လိုက်ဝယ်ပြီး ဆုတောင်းပစ်ချင်စိတ် ပေါက်သွားစေရမယ်။
ဒီ လှပတဲ့ မြင်ကွင်းရဲ့နောက်မှာ မလှပတဲ့ အဖြစ်အပျက်ကလေးတွေ ရှိနေပါတယ်။ 
မြန်မာတပြည်လုံးအတွက် အမွှေးတိုင်တွေကို အဓိက ထုတ်လုပ်နေတာကတော့ ရေစကြိုမြို့နယ် ကပါ။  ရေစကြိုက နံမည်ကြီး ရှင်မတောင်သနပ်ခါးထွက်သလို ပါတ်ဝန်းကျင်ကရွာတွေမှာလည်း သနပ်ခါးခြံတွေ အများအပြားရှိကြပါတယ်။ သဘာဝပေါက်ပင်ဖြစ်တဲ့ သနပ်ခါးဟာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ကိုမှ အလွန်ပဲ နှစ်သက်ပါတယ်။ ရှင်မတောင်လို ကျောက်သားဆန်တဲ့မြေပေါ်မှာဆို ပိုကျစ်ပြီး ပိုမွှေးတော့တာဘဲ။  ( လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်အထိ တခြားသီးနှံစိုက်ဖို့အတွက် သဘာဝပေါက်ပင်သနပ်ခါးကို တူးတောင်ထုတ်ပစ်ရပါသတဲ့။ အခုတော့ ၀င်ငွေကောင်းတဲ့ အပင်တမျိုးအဖြစ် စီးပွားဖြစ် စိုက်လာကြပါပြီ။)  မူလက အဲဒီ သနပ်ခါး ပင်စည်တွေရဲ့  ကြိတ်ဖတ်တွေကနေ အမွှေးတိုင် ထုတ်လုပ် လာခဲ့ကြတာပါ။  နောက်ပိုင်း တော့ သနပ်ခါးပင်တွေ ရှားပါးခဲ့ပြီမို့  မကျည်းသားကိုကြိတ်၊ အမွှေးနံ့ရောစပ်ပြီး လုပ်ကိုင် လာကြရာကနေ  အခုနောက်ဆုံး ရရာသစ်သားကိုကြိတ်ပြီး ပြုလုပ်လာကြပါပြီ။ အကျိုးဆက် အနေနဲ့   ပူပြင်းတဲ့ ဒီဒေသမှာ အပင်တွေ နည်းသထက်နည်းလာလို့  အပူရှိန်ပိုပြင်းလာ၊ မိုးတွေလည်း ပိုနည်းလာနေပါတယ်။

နောက် အမွှေးတိုင်လိပ်ဖို့အတွက် ၀ါးတွေကို ဂန့်ဂေါဒေသကနေ ၀ယ်ယူပါတယ်။  တပေလောက်ရှည်တဲ့ ဖြတ်ပြီးသား ၀ါးပိုင်းကလေးတွေကို အိတ်ထဲသွတ်ပြီး ရောင်းကြ၀ယ်ကြတာပါ။ အောက်ကလို ပီနံအိတ်တစ်အိတ်မှ တထောင်ပဲရပါတယ်။  ဒါတောင် အစိုအခြောက် စိတ်တိုင်းမကျရင် မ၀ယ်ပါဘူး။ မတန်တဆ ဈေးနှိမ်ထားမှန်းသိသိနဲ့  လည်း ရှောင်လွှဲလို့မရတဲ့ စားဝတ်နေရေးကြောင့်  တနေ့တနေ့   ၀ါးပင်ပေါင်းများစွာ ခုတ်လှဲနေကြပါတယ်။

လက်လုပ်လက်စားတွေက အဲဒီ ၀ါးဆစ်ပိုင်းကလေးတွေကို အမွှေးတိုင်ချောင်းအရွယ် အနေတော် အစိတ်သေးသေးကလေးတွေ ခွဲပြီး ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းလို မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ ၀ါးစိတ်ရဲ့အနားစောင်းတွေ ချောသွားအောင် လှိမ့်ရပါတယ်။ ပြီးတော့ အစည်းကလေးတွေစည်းပြီး ကုမ္မ္မဏီကို သွင်းရပါတယ်။

အမွှေးတိုင်လက်ခစားလုပ်တဲ့ ကလေးမလေးများကျတော့ အမွှေးတိုင်ကုမ္မ္မဏီကပေးတဲ့  ကြိတ်သားအနှစ်တွေနဲ့   ၀ါးချောင်းစည်းကလေးတွေကို ယူပြီး အမွှေးတိုင် “လှိမ့်”ကြပါတယ်။  လက်ခအနေနဲ့  အချောင်း ၂၀၀ ပြီးရင် ၁၅၀ ကျပ်ရပါတယ်။  လက်မြန်ရင်မြန်သလို တနေ့လုံးကို အချောင်း ၆၀၀ ကနေ ၈၀၀ အထိ ပြီးအောင်လုပ်နိုင်ကြတာမို့  တနေ့ဝင်ငွေက ၅၀၀-၆၀၀ ကျပ်ပါ။ တနေကုန် ခါးချိအောင်လုပ်ရပေမဲ့ ၀င်ငွေက မြို့ပေါ်က ကလေးမုန့်ဖိုးလောက်ပဲ ရကြရှာတာပါ။  ဒါပေမဲ့ အလုပ်မရှိတဲ့ တောသူတောင်သား တွေအတွက် ကောက်ရိုးတမျှင်ပါဘဲ။  ရွာတွေမှာရှိတဲ့ အဲဒီလို အလုပ်မရှိကြတဲ့ ကလေးမလေးတွေအတွက် ဘယ်လိုဝင်ငွေရမဲ့လုပ်ငန်းတွေ ထူထောင်ပေးကြမလဲ ဆိုတာ  လူတိုင်း စဉ်းစားအဖြေရှာသင့်တဲ့ ပုစ္ဆာတပုဒ်ပါ။



ကဲ-  ကုမ္မ္မဏီကြီးများအနေနဲ့ကတော့ လုပ်ပြီးသား အမွှေးတိုင်ချောင်းတွေကို အဆင်သင့် လှလှပပ တံဆိပ်ရိုက်ထားတဲ့ အိတ်တွေထဲကိုသွတ်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့   အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချရုံပါဘဲ။  သူတို့က လူကြားကောင်းအောင် သစ်ပင်ပြန်စိုက်တယ် ဆိုပြီး မြေတွေဝယ်၊ သနပ်ခါးခြံတွေ ချကြပါတယ်။  ဒါဟာလဲ သူတို့ကြွယ်ဝဖို့  နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတခုသာပါ။   ဟိုမှာဒီမှာ လှူကြတန်းကြတာတွေလဲ ကြားပါတယ်။  ဒီလောက်နဲ့  ပြည့်စုံပြီလို့  ဆိုနိုင်မလား။ တကယ်ဆို အများပိုင်မြေမှာ တမာ၊ ထနောင်း၊ ဇီး၊ ရှား တွေကိုရော စိုက်ပေးရမှာ မဟုတ်လား။

Saturday, 28 August 2010

“ကွမ်း“ကိုမုန်းသည်

  
ကျမ ငယ်ငယ်ကတော့ ကွမ်းကို အတော်ချစ်ခဲ့ပါတယ်။  အဖိုးအဖွားတွေရဲ့ အိမ်ရှေ့ဧည့်ခန်းမှာ  ရေနွေးဗန်းနဲ့အတူ ကြေးကွမ်းအစ် အရွယ်ခပ်လတ်လတ်တလုံးကို အမြဲချထားတာ မှတ်မိနေတယ်။ ( အလှူအတန်းတွေ ဆိုရင်တော့ ဗုဒ္မ၀င် ဇာတ်တော်ပုံတွေ ရေးခြယ်ထားတဲ့ ကျောက်ကာ ယွန်းကွမ်းအစ်ကို ထုတ်သုံးလေ့ရှိပါတယ်) ကြေးကွမ်းအစ်ကလေးရဲ့ အောက်ဆုံးအဆင့်မှာ ရေဆွတ်ထားတဲ့ ကွမ်းရွက်ကလေး တွေ စီစီရီရီ ရှိပြီး၊ အလယ်ဆင့်မှာ ကွမ်းသီးစိတ်၊ စမုံစပါး၊ ဆေးရွက်ကြီးထည့်ထားတဲ့ အံကလေး၊ အပေါ်ဆုံးမှာတော့ ကြေးထုံးဘူး နဲ့   သံကွမ်းညှပ်ကလေးတင်ထားလေ့ ရှိပါတယ်။ ကွမ်းဓလေ့က အိန္ဒိယကစပြီး မြန်မာပြည်ကို ဘယ်တုန်းက ရောက်ခဲ့မှန်းတော့မသိ။  ဟိုးရှေးရှေးကတည်းက  လာသမျှဧည့်သည်ကို ကွမ်း၊ ဆေး၊ လက်ဖက် တည်ရတယ် ဆိုတာ လူမှုထုံးစံ လိုဖြစ်နေတာ ကလား။ ကျမကတော့ စမုံစပါးကလေးတွေကို တမြုံမြုံ့ဝါးရတာ သိပ်သဘောကျပါတယ်။  အဖွားက ကွမ်းရွက်ကလေးကို အရိုးဆိတ်၊ အရွက်ထိပ်ဖျားတွေဆိတ်၊ ထုံးဘူးထဲ လက်ညှိုးကလေးနဲ့ ကော်တဲ့ပြီး အကြောယှက်တဲ့ ခပ်ကြမ်းကြမ်း ကွမ်းရွက်ရဲ့ ကျောဖက်အခြမ်းကလေးကို အသာအယာသုတ်၊ ကွမ်းသီးစိတ်ထည့်၊ စမုံစပါးကလေးဖြူးပြီး။ သုံးထောင့်ချွန်ကလေးခေါက်လို့  ပါးစပ်ထဲထည့်လိုက်တာကို ကြည့်ကောင်းကောင်းနဲ့  ငေးတတ်ခဲ့ပါတယ်။  “ကွမ်းရွက်ကို ဘာလို့ အဖျားဆိတ်ရတာလဲ အဖွားရဲ့“ လို့ စပ်စပ်စုစုမေးတော့ “ကွမ်းရွက်ဖျားကို ဘီလူးစောင့်တယ်ကွဲ့၊ အဲဒါကြောင့် အန္တရာယ်ကင်းအောင် ဆိတ်တာ”။  ဘယ်ကစခဲ့တဲ့ အယူမှန်းမသိပေမဲ့  ကလေးပီပီ ယုံခဲ့တာပါဘဲ။  

ကွမ်းအစ်ရဲ့ မရှိမဖြစ် အတွဲက ထွေးခံ(ထွေးအင်) ပါ။  “သွေးသောက်ညီနောင်“ လို့တောင် အမည်ပေးလို့ရတယ်။ ကွမ်းတမြုံ့မြုံ့ဝါးပြီးတိုင်း ထွေးခံထဲကို ကွမ်းသွေးနီနီရဲရဲတွေ ထွေးထွေးပစ်ကြရတာကိုး။ လူသိများတဲ့ ရှေးရှေးကဗျာတပုဒ်ကတော့-  “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး” တဲ့။  ကွမ်းစားရတာ နောက်ဆုံးတော့ ဗိုက်ထဲကို ဘာမှမရောက်ပဲ ကုန်တာမို့   “အရည်မရ၊ အဖတ်မရ“ဆိုတာ ကွမ်းစားတာကို ပြောတာ တဲ့ ။  (စကားချပ်- သုမောင်ရဲ့ “ကွမ်းစကား” ကို သတိရသေးတော့သည်။ သူက သူ့ဆောင်းပါးတွေဟာ ကွမ်းဝါးသလို မယ်မယ်ရရ မရှိတဲ့ စာမျိုးမို့လို့ပါလို့ ဆိုသည်။ တကယ်ကတော့ နားထောင်ကောင်းတဲ့လေသံလေးနဲ့  ပြောပြတတ်တဲ့ မှတ်မှတ်ရရ အကြောင်းလေးတွေပါ)  

ဘုန်းတော်ကြီးကျောင်းတွေမှာဆို ကွမ်းက မရှိမဖြစ်။  အလှူအတန်း ဆိုလည်း မပါမဖြစ်။ ကြည့်လေ- အလှူငွေစာရင်းခေါင်းစဉ်ကိုက “ဆွမ်းကွမ်းဝေယျာဝစ္စ”တဲ့။  ဆွမ်းပြီးရင် ကွမ်းက ဒုတိယ အရေးအကြီးဆုံးလို ဖြစ်နေတာ။  လူမှုနယ်ပယ်မှာ ကွမ်းက အဲဒီလောက် မျက်နှာပွင့်ပုံများ။ နောက်ပြီး  ကြည့်လိုက်ဦး  အလှူအတန်းတွေမှာ ရပ်ရွာရဲ့ အချောဆုံးအလှဆုံးမိန်းကလေး ကိုင်ရတာက “ကွမ်းအုပ်”ပါ၊ သူမရဲ့ ဂုဏ်ပုဒ်အမည်က “ကွမ်းတောင်ကိုင်” တဲ့။  ဒီတော့ ခြုံပြောရရင် ကွမ်းဆိုတာ မြန်မာမှုနယ်ပယ်မှာ နှယ်နှယ်ရရ  ပေါ့သေးသေးတော့ မဟုတ်ဘူးပေါ.လေ။

Thursday, 26 August 2010

သူငယ်ချင်း(၂)


ကိုယ်သူ့ကို စသိတာက (၇)တန်း။
တနေ့မှာ စိတ်ကူးပေါက်ပေါက်နဲ့  ကိုယ့်ပုံကိုကိုယ် ပြန်ဆွဲထားတဲ့ မလှမပ ပန်းချီပုံကလေးက အတန်းထဲမှာ ကျပျောက်သွားတယ်။ စာအုပ်ထဲက လျှောကျသွားတာကို မသိလိုက်တာပဲ ဖြစ်မှာ။  ကိုယ်သိပ်ဖြစ်ချင်တဲ့ ဆရာဝန်မပုံလေးကို ဂျူတီကုတ်ဝတ်ပြီး လည်ပင်းမှာ နားကြပ်လေး ဆွဲထားတယ်။  အောက်မှာ ကိုယ့်နာမည်နဲ့   ဘွဲ့တွေ ရေးထားတယ်။  နောက်နေ့မှာ ကောက်ရတဲ့ အထဲက အစ အနောက်သန်တဲ့ ကျောင်းသားတွေက သင်ပုန်းကြီးမှာ ကိုယ့်ပုံကို ကပ်ထားပြီး ရယ်ပွဲဖွဲ့ကြတယ်။   ရှက်လိုက်တာ အရမ်းပါဘဲ။  ဆရာဝင်လာရင် ပိုတောင် ရှက်ရဦးမယ်ထင်ပါရဲ့။  ကိုယ်သွားခွာဖို့ကြိုးစားတယ်။ အတန်းထဲမှာ အသက်အငယ်ဆုံးလဲဖြစ်၊ နဂိုရ်က ခပ်ပုပု ကိုယ့်အရပ်နဲ့ မမီဘူးဖြစ်နေပြန်ရော။  ကျောင်းသားတွေ ပိုရယ်ကြတယ်။  စားပွဲပေါ်မှောက်ပြီး ငိုနေတုန်း -  “ဟေ့၊ဟေ့ ဘာလုပ်တာလဲကွ” လို့   ရယ်နေတဲ့ ကျောင်းသားတွေ  အော်တာမေးတာ ကြားရတော့ ကိုယ် မော့ကြည့်မိတယ်။  နင်ရယ်လေ။  သင်ပုန်းက အရုပ်ကို ခွာပြီး ပြူတင်းပေါက်ကနေ ပစ်ချလိုက်ပါရောလား။  အကျီစားသန်တဲ့ ကျောင်းသားကြီးတွေရဲ့ ပစ်မှတ်က နင်ဖြစ်သွားတယ်။  ဟေ့ကောင်  A မင်းက သူ့ကို ကြိုက်နေတာကိုး တဲ့။ နင်ကတော့ ခပ်တည်တည်ပဲ။ အတန်းဖေါ်  မိန်းကလေးတယောက်ရဲ့ အခက်အခဲကို ကူညီလိုက်ရတဲ့ အတွက် ဘာပြောပြော ဂရုမစိုက်ဖူးပေါ့။  ကျေးဇူးတင်လိုက်တာ A ရယ်။  နှုတ်က ထုတ်ဖေါ်ခွင့်မရပေမဲ့ ရင်ထဲကပဲပေါ့နော်။

Wednesday, 25 August 2010

သူငယ်ချင်း (၁)


လူတိုင်းလိုပဲ ကိုယ့်ရဲ့ ဘ၀မှာ ကိုယ်ကခင်ပြီး ကိုယ့်ကိုခင်တဲ့  သူငယ်ချင်းတွေ ကတော့ အများကြီးရှိခဲ့တာပေါ့ ။သူငယ်ချင်းတချို့ နဲ့  ထူးထူးခြားခြား အမှတ်ရစရာ အဖြစ်အပျက်လေးများကို မျှဝေချင်လို့ပါ။

T ဆိုတဲ့ တက္ကသိုလ်က သူငယ်ချင်းလေး...  မျက်မှန်ထူထူ၊ စိတ်ထားဖြူဖြူ။     Tရေ ...  နင် ကလေးဆန်ပြီး အပျင်းကြီးတာတော့  ငါဘယ်သူ့ကိုမှ ပြောမပြတော့ဘူးနော်..။  တို့နှစ်ယောက်  တူညီတာက အဝေးကြည့် မျက်မှန်ပါဝါ ထူထူကြီးတွေတပ်ရတာ ..... နောက်ပြီး မေ့တတ်တာ...။

တနေ့တော့ ကိုယ်တို့နှစ်ယောက် အတန်းလစ်ပြီး မြေနီကုန်းရုံမှာ ကုလားကားအသစ်တင်တာနဲ့ သွားကြည့်ကြတယ်။  အဲ- တို့နှစ်ယောက်က ကုလားကားကြိုက်တာလည်း တူတယ်။   ရုံထဲရောက်တော့မှ  - “အဲတော့- ဒုက္ခ၊ ငါ ....ငါ  မျက်မှန်ပါမလာဘူး”.. (ကိုယ့်အသံ) ။  ကောင်းတယ်- နင့်ဟာနင် လှချင်ပြီး မျက်မှန်ချွတ်ထားတာကိုး”   - သူ့အသံ။  “ဘယ်လိုလုပ်ကြမလဲ” - ကိုယ့်အသံက ယိုင်နေပြီ၊ ကြည့်ချင်လွန်းလို့  အတန်းတောင် ဖျက်လာတာနော်...။ တယောက်က ကြည့်ပြီး တယောက်က ထိုင်နေလို့လည်းမကောင်း၊ နှစ်ယောက်လုံး ထ ပြန်လို့လဲ မဖြစ်။   “ကဲ- ဘာမှလုပ်မနေနဲ့ ၊ ငါတို့ တယောက်တလဲ မျက်မှန်တပ် ကြည့်ကြတာပေါ့”။   ဒါလဲ မဆိုးပါဘူး လို့  တွေးပြီး သူ့အကြံကို ထောက်ခံလိုက်တယ်။ နှစ်ယောက်သား ခပ်တည်တည်နဲ့   ရုပ်ရှင်ဆက်ထိုင်ကြည့်ကြတယ်။

ဇာတ်လမ်း စပြီး ၁၀မိနစ်လောက်နေတော့ သူ့မျက်မှန်လေး ကိုယ့်ကို ချွတ်ပေးရှာပါတယ်။ မယ်မင်းကြီးမ ကျမ်းမာချမ်းသာပါစေ။  ကိုယ်လဲ အားနာတော့ ၅မိနစ်လောက်ကြည့်ပြီး သူ့ကို ပြန်ပေးလိုက်တယ်။  နေကြာစေ့တဖြောက်ဖြောက်ဝါးရင်း ကျန်တဲ့ အပိုင်းကို မှုန်တုန်တုန် ၀ါးတားတားအမြင်နဲ့   အသံ  (စကားနားမလည်ပေမဲ့ အသံအတက်အကျ ပေါ့) ဆက်စပ်ခန့်မှန်းပြီး ကြည့်နေလိုက်တယ်။  ဒီလိုနဲ့   သိပ်မကြာဘူး သူ့ဆီက မျက်မှန်ပြန်ရောက်လာတယ်။  ကိုယ်တို့နှစ်ယောက်ကြားမှာ မျက်မှန်တလက် အခေါက်ခေါက် အခါခါ လွန်းပြန်ကူးနေတာ အနားကလူတွေတောင်  မျက်စေ့နောက်လောက်တယ်။  ဟူး- တော်ပါသေးရဲ့- ရုံထဲမှာ မှောင်နေလို့...။

ဒါပေမဲ့ ဇါတ်ကားက အလယ်လောက်ရောက်တော့ အရှိန်တက်လာတယ်။  အဆိုအကတွေ၊ ချစ်ခန်းကြိုက်ခန်းတွေနဲ့  ဝေဆာမြူးကြွလာတယ်။  ကိုယ်လဲ ကြည့်ကောင်းကောင်းနဲ့   သူ့ကို မေ့နေတာပေါ့။ “ဟဲ့..ဟဲ့  မျက်မှန်ပေးဦးလေ” သူက ပေါင်ကိုပုတ်ပြီး သတိပေးတယ်။  “သြော်- အေးအေး ခဏလေး”  အခန်းက ကောင်းနေတာကိုး။  သူ့ဆီရောက်တော့လဲ တော်တော်နဲ့ ပြန်မလာဘူး။  “ ဟဲ့ T တော်တော့လေဟာ၊ ငါကြည့်ဦးမယ်”။  “နေပါဦး ဟ”။ ပေးလိုက် ယူလိုက်။   ဒီလိုနဲ့   ရုပ်ရှင်တကားသာဆုံးရော ၊ ဇာတ်လမ်းရဲ့ အရသာက ဘာမှန်းကိုမသိတော့ဘူး။ ရုပ်ရှင်ရုံထဲကထွက်လာတော့ နှစ်ယောက်လုံးတော့ မျက်မှန်လုတဲ့အကြောင်း ပြောရင်း ရယ်ရလွန်းလို့  အူတွေနာနေတာပါပဲ။  

T ရေ - ငါတို့ နှစ်ယောက်ရဲ့ မျှဝေခြင်းက ရယ်ရတယ်နော်။ 
သူငယ်ချင်းဆိုတာ အဲသလို ကောင်းတူဆိုးဖက် တကျက်ကျက်ကလေးတွေကို ခေါ်တာမို့လား။
အနှစ် ၂၀လောက်က ရုပ်ရှင်ကားကို မမှတ်မိပေမဲ့  တို့ နှစ်ယောက်ကြားကမျှဝေခံစားဖူးတဲ့ အရသာနဲ့ အတွေ့အကြုံ၊  ခင်မင်မှုလေးတွေက နှလုံးသားထဲမှာ အမြဲ သစ်လွင်နေမှာ မို့လေ........။

မိုးစက်ပွင့်