Saturday 27 February 2010

ပန်းမြို့တော် သို့တစ်ခေါက်

".....xxxxx မေမြို့ သို့မဟုတ် ပြင်ဦးလွင် xxx တောင်လှေခါးလေးများ ဖြတ်သန်းလာခဲ့လျှင် xxx လှမ်းကာလာရှင် xxx ပန်းကမ္ဘာမျှော်စင် xxxx မြွေလိမ်မြွေကောက်လမ်းကလေး အပြေးသာလာခဲ့ရှင် xxxx....."
နားထဲစွဲနေတဲ့ ရေဒီယိုသီချင်းသံ ချိုမြမြကလေး တစ်ပိုဒ် ပါ .... အစ အဆုံးတော့ မရဘူးပေါ့ .:))................။
အဲဒီ " မေမြို့" " ပြင်ဦးလွင်" "တောင်လှေခါးမြို့တော်" "နှင်းမြို့တော်" ""ပန်းမြို့တော်" စတဲ့ ငါးမည်ရမြို့တော်ဆီကို ခုတလောလေးကပဲ ရောက်ခဲ့ပါတယ်...။ မန္တလေး-မေမြို့ကားလမ်းကလေးက သီချင်းထဲကလို မြွေလိမ်မြွေကောက်ရော၊ ချိတ်ယက္ကန်းတွေလိုရော ဝေ့ကာဝိုက်ကာနဲ့ ပေသုံးထောင်ကျော်ကို တက်လာကြပါတယ်။ အောက်ကပုံကတော့ တောင်တက်လမ်းရှူခင်းတစ်ခုပါ...။
ပြင်ဦးလွင် (အရင်ကတော့ အင်္ဂလိပ်ဗိုလ်ချူပ်ကြီး မေ ကို အစွဲပြီး မေမြို့လို့ခေါ်ပါသတဲ့။ ) ဆိုတဲ့ မြို့ကလေးက ကျွန်မမျက်စေ့ထဲမှာ အမြဲလှပနေတာပါ။  မီးခိုးခေါင်းတိုင်ပါတဲ့၊ ကိုလိုနီခေတ် အိမ်လှလှကလေးတွေ၊ ရထားလုံး လို့ခေါ်တဲ့ မြင်းရထားတွေ၊  သန့်ရှင်းသပ်ယပ်တဲ့ ဝေ့ဝေ့၀ိုက်ဝိုက် လမ်းကလေးတွေ ... အို..အားလုံး အားလုံးက ချစ်စရာကောင်းနေပါတယ်။  ဒီတစ်ခေါက်တော့ စိန်ပန်းပြာတွေကို ရင်ထဲအေးသွားအောင် ဝေေ၀ဆာဆာ မမြင်ခဲ့ရတော့ပါဘူး။  ရာသီကုန်ခဲ့ပြီမို့  မစို့မပို့ လက်ကျန်လေးတွေပဲ မြင်ခဲ့ရပါတယ်..။


 
သူများတွေ တူစုံတွဲလို့ သွားကြလာကြတာ မြင်ရတော့လည်း ကိုသကောင့်သားကို သတိရပါ့ ...။ ဒါနဲ့ပဲ သူနဲ့အတူစားခဲ့ဘူးတဲ့ အောင်ပတ္တမြား ချစ်တီးထမင်းဆိုင်ကို တကူးတက သွားပြီး စားပစ်လိုက်တယ်  ဘာရမလဲ.။  စားလို့ကတော့ ကောင်းသလားမမေးနဲ့။  အနှစ်များများနဲ့  ဆိတ်သား၊ ပဲစဉ်းငုံဟင်းရည်၊ မနုတ်တာနီ ချဉ်ရည် တွေကလည်း ကောင်းမှကောင်း။ ဓါတ်ပုံတော့ မရိုက်ခဲ့မိဘူး။  သူများကို သွားရည်ယိုအောင် မနှိပ်စက်ရတော့ဘူးပေါ့။

တစ်ဖွဲ့လုံးရဲ့ ပထမဦးစားပေးဖြစ်တဲ့ အရင်တုန်းက ရုက္ခဗေဒဥယျာဉ်လို့ခေါ်တဲ့ အခု ကန်တော်ကြီးအမျိုးသားဥယျာဉ် (အမျိုးသမီးတွေနဲ့ မဆိုင်ဘူးထင်ပါ့) ကို သွားခဲ့တယ်။      ၀င်ကြေးက ၁၀၀၀၊ ကင်မရာခွန်က ၁၀၀၀ တဲ့။  ဒီဥယျာဉ်မှာ အပန်းဖြေဖို့က တစ်နေ့လုပ်တစ်နေ့စားနဲ့ သူတို့သားသမီး တွေအတွက် လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ...။ 


အထဲရောက်တာနဲံ့ မြင်ရပါပြီ  ပန်းလှလှတွေ...။ အောက်က ပန်းလေးနာမည်က ဒေါင်းမြီးကွက် တဲ့..။











ဒီအချိန်က ပန်းတော်တော်များများက စိုက်ဆဲလေ..။ ဒါကြောင့် လှတာလေးပဲ နည်းနည်း ရိုက်ခဲ့ရတာ..။ ချယ်ရီပန်းပွင့်ချိန်ဆို ဥယျာဉ်ကြီးက အလှဆုံးပဲ လို့ထင်တယ်။  ဟော ဟို စိမ်းပြာလဲ့လဲ့ ရေကန်ကြီးကလည်း ဘေးနားက ထီးထီးမားမား အပင်ကြီးနဲ့ ပနံရလိုက်တာ....။
ရေကန်နံဘေးမှာ ငန်းနုက်ကြီးတစ်ကောင် ပို့စ်ပေးနေလေရဲ့..။ လာလေရော့- ချပ်။


စိမ်းစိမ်းစိုစို နေရာလေးတစ်ခု....။
 တကယ်တော့ ဒီဥယျာဉ်ကြီးဟာ ကမ္ဘာ့ ရှားပါးအပင်တွေအပါအ၀င်၊ သစ်ပင်အမျိုးအမည်ပေါင်း သောင်းနဲ့ချီပြီး ရှိနေတဲ့  မြန်မာတို့ ဂုဏ်ယူစရာ အဖိုးတန်ရတနာဒေသတစ်ခုပါ...။ ခေတ်အဆက်ဆက်လည်း ထိမ်းသိမ်းခဲ့ကြပါတယ်။  ဒါကို တန်ဖိုးထားရကောင်းမှန်းမသိဘဲ ငွေရှာတဲ့နေရာတစ်ခုလိုသာ မြင်နေမယ် ဆိုရင်တော့ ရင်လေးစရာပါ။  အခုကိုပဲ ပန်းပွင့်အတုတွေဆွဲလိုဆွဲ ၊  ခြေနင်းကျောက်ပြားတွေစီလိုစီ၊ သဘာဝမဆန်တဲ့ မြင်ကွင်းတွေကြောင့် ကျွန်မစိတ်ထဲမှာ ပင်ကိုယ်လှတဲ့ မိန်းမချောလေးတစ်ယောက် အပေါစားမိတ်ကပ်တွေချယ်၊ မျက်တောင်တုတွေတပ်ထားသလို ခံစားမိပါတယ်။


ပြီးတော့ ပိတ်ချင်းမြောင် ရေတံခွန်ဆီ ရောက်ခဲ့ကြသေးတယ်။
 
ရေတံခွန်အဆင့်ဆင့်ကျနေတဲ့ ကျောက်ဂူကြီးပါ။  ဂူအထဲမှာတော့ (ပင်းတယဂူလိုပဲ) ကျောက်စက်ပန်းဆွဲတွေ အမိုးပေါ်က ကျနေတာ ဒီလိုတွေ့ရပါတယ်..။


နောက်ထပ်ရေးပြချင်တဲ့ နေရာလှလှကလေးကတော့ မြို့အထွက် (ရှမ်းပြည်ဖက်သွားတဲ့ အခြမ်း)က ဒီဇင်ဘာ စိုက်ပျိုး၊မွေးမြူရေးခြံပါ။  နို့စားနွားတွေမွေးပြီး နွားနို့စစ်စစ်တွေကို အသင့်သောက်နိုင်အောင် ရောင်းချပေးပါတယ်။  တဲလှလှကလေးထဲမှာ ၀င်သောက်နိုင်ပါတယ်။  တဲရှေ့က အပွင့်နီနီရဲရဲ ကလေးတွေတော့ မေမြို့ရဲ့ ပန်းကေရီ (ကျွန်မဘာသာ သတ်မှတ်တာပါ) ပန်းချဉ်ပေါင်တွေပဲဖြစ်ပါတယ်။ တကယ်ဆို သူတို့က ပန်းရောင် ခရမ်းရောင် အ၀ါရောင် စသဖြင့် ရောင်စုံရှိပါတယ်။


နောက်ပြီး တဲနားမှာ စတော်ဘယ်ရီခင်းတွေ ရှိပြီး ကိုယ်တိုင်ခူးဝယ်လို့ ရပါသတဲ့။  ဟော်မုန်းဆေးတွေ ဖြန်းထားတာမို့ စားတဲ့အခါမှာ ရေဆေးပြီးမှစားဖို့ သတိပေး ဆိုင်းဘုတ်စာကလေးကပ်ထားပါတယ်။ ကျွန်မတို့တစ်ဖွဲ့လုံး နွားနို့သောက်ပြီး စတော်ဘယ်ရီသီးနဲ့ မလိုင်လုံးမုန့်တွေ ၀ယ်ခဲ့ကြပါတယ်။ 



အေးစိမ့်စိမ့်ရာသီဥတုလေးကြောင့် ပါလာတဲ့ အနွေးတည်တွေနဲ့မလုံလောက်တော့ဘဲ မြို့ထဲက ပုလဲဖြူဆွယ်တာဆိုင်မှာ မာဖလာလေးတွေ တစ်ယောက်တစ်ထည် ၀ယ်ပတ်ခဲ့ရတာလည်း အမှတ်တရပါ..။ ညဈေးတန်းလျှောက်လည်ရင်း ချဉ်ချဉ်စပ်စပ် ကြက်ခြေထောက်သုပ် နဲ့ မြေအိုးမြီးရှည်ကလည်း အရသာ ကောင်းလွန်းလှပါတယ်။
ပြင်ဦးလွင်က အပြန်မှာ အားလုံး ပျော်ရွှင်ခဲ့ကြတဲ့အတွက် ဒီခရီးကို စီစဉ်ရကျိုးနပ်ခဲ့တယ်လို့ ဆိုရမှာပါ။  အပျော်လေးတွေ မျှဝေလိုက်ရပါတယ် သူငယ်ချင်းတို့ရေ ......ရောက်ဖူးသူများအတွက်လည်း အလွမ်းပြေပေါ့နော်။

မိုးစက်ပွင့်

3 comments:

  1. ပန်းမြို့တော်ဆိုတဲ့အတိုင်း လှလိုက်တာ။
    အေးတဲ့အရသာလေးကိုလည်း အောင့်မေ့မိသွားတယ်၊
    ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  2. ရောက်ခဲ့တာကိုအမှတ်ရသွားတယ်။ ရေတံခွန်တော့မရောက်ဖူးဘူး။

    ReplyDelete
  3. မရောက်တာ ကြာလို့ ပုံတွေကြည့်ပြီး ချက်ချင်းသွားချင်စိတ် ပေါက်မိတယ်...:)

    ReplyDelete

ပဲ့တင်သံလေးတွေ .......