Thursday 5 November 2009

အငိုက်မိတဲ့အခါ

(၁)
အချစ်ဆိုတာ နှလုံးသားကိုယ်ခံအားနည်းချိန်မှာ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးလို့ မြလေးငုံထင်ပါတယ်လေ...။

XXXXXXXXXXXXXXXXX
(၂)
ငုံ တို့မေမေ အပျိုတုန်းက ကုန်သွယ်ရေးမှာ အရောင်းစာရေးမ လုပ်ခဲ့ဘူးတယ်တဲ့။ မေမေ တို့ဆိုင်မှာ ရောင်းတဲ့ ဆပ်ပြာ တို့ ယောင်းတိုင်ထုပ်တို့ အရမ်းပျောက်တာပဲတဲ့။ မေမေလဲ မကြာမကြာ စိုက် လျော်ရလို့ လခထဲက တော်တော် ထိနေတာပေါ့နော်..။ ဒါနဲ့ တစ်နေ့တော့ ယုံကြည်ချက်အပြည့်နဲ့ မေမေ့သူခိုးဖမ်းပွဲကြီးစ ပါတယ်။ သူခိုးမိအောင်ဖမ်းမယ်ဆိုပြီး ဆပ်ပြာပိုင်း ၆ပိုင်းလောက် ကောင်တာပေါ်တင်ပြီး လူက အနောက်မှာ ပုန်းစောင့်နေပါသတဲ့။ နာရီတော်တော်ကြာလာလို့ လူကသာ ညောင်းချိလာတယ်...... ဘယ်ကိုရွှေသူခိုး မရွှေသူခိုး အရိပ်မှ မမြင်ရပါဘူး တဲ့..။ ဒါပေမဲ့ သူ ထောင်ဖမ်းထားတဲ့ ဆပ်ပြာပိုင်းတွေကတော့ မရှိတော့ဘူးတဲ့....။ မေမေ ပြောပြော ပြတိုင်း ငုံ တို့ တစ်ခိခိရယ်ကြရတယ်..။ ငုံက မေးလိုက်သေးတယ်..။ မေမေ့ကို သူခိုးက စာရေးမသွားဘူးလား... နည်းတောင်နည်းသေးတယ် ...လို့..။


xxxxxxxxxxxxxxxxxxx


(၃)
ငုံက အိမ်က ညီအစ်မလေးယောက်ထဲမှာ နို့ညှာ။ အိမ်မှာ ငုံက စာအဖတ်ဆုံး။ အချစ်ဝတ္တုကအစ၊ ဒဿနအလည်၊ နိုင်ငံရေးစာပေ တရားစာအုပ်အဆုံး။ အဲဒါကြောင့်လည်း တစ်အိမ်လုံးက နာမည်ပေးထားပါတယ်။ မရွှေစာ တဲ့။ စာဖတ်တော့ သိသမျှမတောက်တစ်ခေါက်နဲ့ တစ်အိမ်လုံးကိုရော အပေါင်းအသင်းတွေကိုရော ဆရာလုပ်လေ့ရှိပါတယ်။ အခုဆို ငုံ့မမ နှစ်ယောက် အိမ်ထောင်သည်တွေလေ။ မမကြီး ပွင့် အိမ်ထောင်ပြုတုန်းကဆို မေမေတို့ စီစဉ်တဲ့လူကို မမြင်ဘူးဘဲ ခေါင်းငြိမ့်ရမလားဆိုပြီး ပြောခဲ့သေးတယ် ။ မမရာ လူတစ်ယောက်ကို သူများတိုက်တွန်းတာနဲ့ လက်ခံတယ်ဆိုရင် အမေမွေးတုန်းကပါလာတဲ့ အသည်းနှလုံးက အလုပ် လက်မဲ့ဖြစ်သွားမှာပေါ့...။ မနိပ်ပါဘူးကွာ လို့။ အေးဆေး ရှက်ကြောက်တတ်တဲ့ မမကတော့ မေမေတို့က ငါ့ထက်ပိုကြည့်တတ်ပါတယ်ဟာ လို့ ခပ်တိုးတိုး ပြန်ဖြေရှာတယ်။ မမလေး ခိုင် ကျတော့လည်းတစ်မျိုး..။ ဟိုယောင်ယောင် ဒီယောင်ယောင် လူစားကို ကြိုက်လွန်းလို့ အိမ်က တားတဲ့ကြားက လိုက်ပြေးသွားသေးတယ်..။ မမလေးကို ၀ိုင်းရှူံ့ချတဲ့အထဲမှာ ငုံက ရှေ့ဆုံးက။ မမလေးရဲ့ ဦးနှောက်က ဘရိတ်ပေါက်နေတယ်။ လောကဓံအုတ်နံရံကြီးနဲ့ဆောင့်တော့မှ ဘ၀နာမှာ... လို့ ပြောလိုက်တယ်။ ညီမလေး ဖူး ကို တစ်ဖက်အိမ်ကကောင်လေး စာပေးတာကို သိရတော့လည်း ငုံ ကဲကဲဆတ်ခဲ့တာပါပဲ။ အဲဒီ ခွေးပေးလို့ဝက်မစား နွားတောင်ခုတ်ခုတ်မကိုက်ချင်တဲ့ရုပ်ကို နင်စဉ်းစားစရာ မလိုဘူး လို့ ။ ဟုတ်တယ်လေ ဘိန်းစားလိုလို ဆေးသမားလိုလို ဖြူလျော်လျော် ကောင်ကလေးနဲ့တော့ အဖိုးတန်ညီမငယ်လေးကို မပါတ်သက်စေချင်တာ အမှန်။

အခင်ဆုံးသူငယ်ချင်း သစ်သစ် ဆိုရင်လည်း ရုပ်ကလေးကချောတော့ ကြိုက်သူက ပေါ။ ချဉ်းကပ်လာသူတိုင်းကို ငုံကချည်း ဝေဖန်တာ။ အဲဒီကောင်က မြင်မြင်သမျှမိန်းကလေး သူ့ရည်းစားလောင်းလို့ထင်နေတာ မိသစ်ရဲ့... သွားကြိုက်လို့ကတော့ နင်ငါးပါးမှောက်မှာ။ ဟိုလူကျတော့လည်း ပိုက်ဆံရှိသလောက် ကပ်စေးနဲတဲ့ငတိပါ.. သူ့ကိုရွေးလို့ကတော့ နင်ထမင်းရည်ဆားခတ်သောက်ရမှာ..။ အဲဒီကောင်လေးကို စာရေးကောင်းတိုင်း နင်ကြွေမနေနဲ့ ... အပြောကောင်းတဲ့ယောက်ျားတွေက မယုံရဘူးတဲ့..။ တကယ်ပါ ...မနာလိုစိတ်နဲ့ မဟုတ်ဘဲ..သူငယ်ချင်း ကို စိတ်ချမ်းသာစေချင်လို့ ကာကွယ်ခဲ့တာချည်းပါ။ သစ်သစ်ကိုကြိုက်တဲ့ တစ်ချို့ကောင်လေးတွေဆို ငုံ့ကို ဆိုင်ကယ်နဲ့တောင် တိုက်သတ်ပစ်ချင်တာ တဲ့..။ သစ်သစ်ခမျာ ကျောင်းပြီးတဲ့အထိ အတွဲရမသွားဘူး။ ငုံနဲ့ ကွဲပြီး သူဟာသူ အလုပ်ထဲရောက်တော့မှ အိမ်ထောင်ကျသွားတယ်။ သစ်သစ်နဲ့ ငုံလည်း အခင်အမင်မပျက်ပေမယ့် ကိုယ့် အလုပ်နဲ့ကိုယ်ဆိုတော့ အသွားအလာကျဲသွားတယ်..။ ဒါတောင်မှ ကြုံတုန်း သစ်သစ်ကို လက်ချာပေးလိုက်သေးတယ်။ ဟဲ့ နင့်ယောက်ျားကို ကိုယ်ဘယ်လောက် ချစ်ကြောင်းအစွမ်းကုန်ထုတ်မပြနဲ့နော်..။ နင့်ကို အသေနိုင်စားမှာ..။ စိတ်ထဲကချစ်ရင်ချစ်ပေါ့။ ဒါမှ သူက ကိုယ့်ကို အမြဲအလေးအနက်ထားမှာ သိလား... လို့။ သစ်သစ်က လိုက်လုပ်မလုပ်မသိပေမယ့် ငယ်နိုင်ဖြစ်တဲ့ သူငယ်ချင်းငုံရဲ့စကားကို မျက်နှာသေလေးနဲ့ နားထောင်ရှာပါတယ်..။

အချစ် ဒဿနနဲ့ ပါတ်သက်လို့တော့ ငုံဟာ ကိုယ့်ကိုယ်ကိုယ် တော်တော် ယုံကြည်ချက် ရှိခဲ့တာပါ။


XXXXXXXXXXXXXXXXX

(၄)
ငုံလား။ ရည်းစား မထားခဲ့ပေမယ့် သီလရှင်စိတ်ဝင်နေတာတော့ မဟုတ်ပါဘူး။ ငုံ စံပြထားတဲ့ ယောက်ျားမျိုးက ရှားတယ်လေ။ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ သူ ထဲက ဒေါက်တာကိုမြင့်မောင်လို မြင့်မြတ်တဲ့စိတ်ထားမျိုး ၊ ဘာသာပြန် ကွိ ၀တ္တူထဲက ဇာတ်ကောင် ကွိ လို တော်လွန်းတဲ့သူမျိုး၊ ငြိမ်းကျော် ဇာတ်ကောင်တွေလို ရည်မွန် သိမ်မွေ့တဲ့သူမျိုး ပေါင်းစပ်ထားတဲ့ လူတစ်ယောက်ကို ငုံ စောင့်ခဲ့တာပါ။ အားလုံးကလည်း မျှော်လင့်ထားကြတယ်လေ...။ မိငုံ ရွေးတဲ့သူက တော်တော် တန်တန် မဟုတ်ဘူး လို့...။


XXXXXXXXXXXXXXXXX
(၅)
တစ်ဖြေးဖြေးနဲ့ ငုံ့အသက်လည်း သုံးဆယ်စွန်းစပြုလာပြီလေ.။ စတိုးဆိုင်က စာရေးမလေးတွေက အန်တီ လို့တောင် ခေါ်လာကြပြီ။ ငုံကတော့ မရင့်ကျက်ဘူးပဲဆိုဆို ... ထောင်းကနဲ ဒေါသထွက် သွားတာချည်းပဲ။ သူတို့ အသက်က ငါနဲ့ဆယ်နှစ်တောင်မကွာတာ အန်တီ ခေါ်စရာလား ပေါ့လေ။ အလုပ်ထဲမှာ ငုံ့ရာထူးကလည်း မြင့်မြင့်လာတော့ ရွေးချယ်စရာလူက ပိုရှားလာသလိုပါပဲ။ မမ မမ နဲ့ လာလာရောတဲ့ စာရေးလေးကိုလည်း မျက်နှာ တင်းထားရသေးတယ်။ တော်ကြာ သူများကဲ့ရဲ့စရာ ဖြစ်ဦးမှာ။ ပြီးတော့ မေမေ့သူငယ်ချင်းရဲ့သား အင်ဂျင်နီယာ ကလည်း ငုံ့ကို သဘောကျတယ်သာဆိုတယ်။ အိမ်ကိုလာရင် စကားလေးလုံးကွဲအောင်မပြောဘဲ ပြန်ပြန်သွားတာ။ ရင်ခုန်စရာ တစ်စက်မှ မကောင်းဘူး။ တို့ရဲ့ စိတ်ကူးယဉ် အိမ်မက်ထဲက မင်းသားလေးနဲ့တော့ ကွာပါ့...။ မင်းသားလေး ဘယ်ရောက်နေမှန်းကို မသိတာပါ။ ဘီအီးဒီအောင်သိုက် ပြဇာတ်ထဲက စကားအရဆိုရင် ဆယ်ကျော်သက်မှာ အချစ်ကို ဖိနှိပ်ခဲ့ရင် အချစ်ဟာ စိတ်နာပြီး အသက်သုံးဆယ်ကျော်တဲ့အထိ ပြန်မလာဘဲ နေတတ်တယ် တဲ့။


XXXXXXXXXXXXXXXXX
(၆)
မောင် နဲ့တွေ့ပုံကတော့ သိပ်မဆန်း ပါ။ ငုံတို့ ရုံးကို သူအလုပ်ဝင်ပြီးမကြာခင်မှာဘဲ သူ့ရဲ့အကြည့်တွေ မရိုးသားတာ သတိထားမိတယ်။ ခရီးအတူသွားတိုင်း ငုံ့ကို သိပ်ဂရုစိုက်တယ်။ သူ့ရဲ့ အပြုံးတွေက တစ်ချိန်လုံး ငုံ့စိတ်ကို လွှမ်းမိုးထားတယ်။ သူ့ကို ဂရုမစိုက်ဖြစ်အောင် သတိမထားဖြစ်အောင် ကြိုးစားပေမယ့်လည်း သူက ငုံရှိတဲ့နေရာကို အကြောင်းအမျိုးမျိုးပြပြီး လာတတ်တယ်။ ငုံတိုက်တဲ့ ကော်ဖီကို ကမ္ဘာပေါ်မှာ အရသာအရှိဆုံး လို့ပြောတတ်တယ်။ နောက်ပြီး ငုံ့ကိုတုပ်နှောင်လိုက်တဲ့ စကားတစ်ခွန်းက ငုံသာလျှင်သူ့အပေါ်မှာ နားလည်မှူအရှိဆုံးမိန်းကလေးပါ တဲ့။ ဘ၀မှာ ငုံမရှိရင် သူဟာ လောကကြီးမှာ ရှင်လျက်နဲ့သေတဲ့ လူတစ်ယောက် ဖြစ်သွားတော့မှာပါတဲ့...။ သူ့ရုပ်သွင်က ကြမ်းတမ်းပေမယ့် သူ့ရဲ့ ရယ်လိုက်တိုင်းပေါ်လာတဲ့ သွားဖြူဖြူတန်းလေးတွေ၊ လက်သည်းတိတိရိရိ ညှပ်ထားတဲ့ လက်ချောင်းလေးတွေကို ခုံမင်တတ်လာတယ်။ အဲဒီ မောင့် လက်တွေကိုပဲ ငုံက ယုံကြည်ကိုးစားစွာ ဆုပ်ကိုင်လက်တွဲဖြစ်ခဲ့တာ လေ...။


XXXXXXXXXXXXXXXXX
(၇)
တနင်္ဂနွေတစ်ရက်မှာ သံဈေးအ၀အရောက် သစ်သစ်နဲ့ အမှတ်မထင် ပြန်ဆုံချိန်မှာတော့ ငုံက မိခင်လောင်းဝတ်စုံနဲ့......။ ဟယ် မိငုံ နင်အိမ်ထောင်ကျသွားပြီးလား၊ တို့ကိုတောင် အကြောင်းမကြားဘူး၊ ကြည့်စမ်း ဘယ်တုန်းက ...... ဘယ်သူနဲ့.....။ သူ့ရဲ့ အမောတကော မေးမြန်းစပ်စုမှူကို ဖြေဖို့အာစေးထည့်ထားသလို ဖြစ်နေတုန်းမှာ ... ဈေးထဲက အထုပ်အပိုးတစ်ပွေ့တစ်ပိုက်နဲ့ လူတစ်ယောက်ထွက်လာတယ်။ ကျောက်ပေါက်မ သက်သက် အသားညိုညို ဂင်တိုတိုနဲ့ပေါ့။ ((ငုံရေ ဘယ်ပျောက်သွားတာလဲကွာ၊ ကိုယ်က သစ်သီးဆိုင်တွေဖက်မှာ ရှာနေတာ)) တဲ့။ သြော် သစ်သစ် ဒါ တို့အမျိုးသား...ကိုထူး တဲ့။ ဟိုလေ..... ကိုထူးက ငုံတို့ရုံးက ယာဉ်မောင်း ပါ...။


XXXXXXXXXXXXXXXXX
(၈)
ငုံဖတ်နေကျ စာအုပ်ကလေးတွေ စာအုပ်စင်ထောင့်တစ်နေရာမှာ ငိုက်မျဉ်းနေတာ ကြာပေါ့။ အချစ်မှာ အငိုက်မိသွားကြတဲ့ လူတွေထဲမှာ ငုံလည်း အမှတ်စဉ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်လို့ ကြုံးဝါးခဲ့ဖူးတဲ့ ငုံကတော့ မေမေ ငယ်ငယ်က သူခိုးဖမ်းတဲ့ ပုံပြင်လေးကို ခဏခဏ သတိရနေမိပါတယ်..။

XXXXXXXXXXXXXXXXX
(၉)
အချစ်ဆိုတာ နှလုံးသားကိုယ်ခံအားနည်းချိန်မှာ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးလို့ မြလေးငုံထင်ပါတယ်လေ...။


မိုးစက်ပွင့်

4 comments:

  1. မိုးစက်ရေ... ဖတ်လို့ ကောင်းတယ်။

    ReplyDelete
  2. :) ဖူးစာ..ပေါ့နော်။

    ReplyDelete
  3. ပို့စ် တွေ ၄၊၅ ခုလောက်ဖတ်ကြည့်ဖြစ်တယ်။ အရေးအသားနဲ့ ပေးချင်တဲ့ message ကို ရိုးရိုးလေးပေ မဲ့ ဆန်းဆန်းလေးဖြစ်အောင်ရေးထားတာ တွေ့ရတယ်။ ကောင်းပါဧ။်

    ReplyDelete
  4. မျက်စိလည်ပြီးရောက်လာတာပါ။ ထူးခြားတာက ရေးတဲ့နေ့ကလဲ ၅ရက် ၁၁ လ၊ ၂၀၀၉ လာဖတ်ဖြစ်တဲ့ရက်ကလဲ ၆ ရက်၁၁လ ၂၀၁၀ ဆိုတော့ တိုက်ဆိုင်တယ်နော်။ ပို့စ်အားလုံးဖတ်လို့ကောင်းပါတယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......