Monday, 11 May 2009

မေမေ (အမေနေ့အမှတ်တရ)




source: flickrမနေ့က မိခင်များနေ့။ မှတ်မှတ်ရရ မေမေ့ဆီဖုန်းဆက်ပေမဲ့ လိုင်းကမ၀င်။ ဒီနေ့မှ ထပ်ဆက်ဖြစ်တယ်။ နေကောင်းရဲ့လား ဘာညာအပြင် တီတီတာတာ မပြောတတ်တဲ့ ကျွန်မကိုယ်ကျွန်မ မုန်းတယ်။ အမေနေ့မှာ မေမေ့ကို ထမင်းလေးတစ်ပွဲမှ ကျွေးခွင့်မကြုံ၊ ပန်းကလေးတစ်ပွင့်မှ ပေးခွင့်မကြုံတဲ့ ကိုယ့်ဘ၀ကို စိတ်ဆိုးတယ်။ ဖုန်းထဲက မေမေ့အသံကြားရုံနဲ့ လုံခြုံနွေးထွေးမှု တစ်ခုခံစားရတာကတော့အမှန်ပါဘဲ။ ဒါနဲ့ဘဲ မေမေနဲ့ပါတ်သက်တဲ့ အမှတ်တရလေးတွေ ချရေးကြည့်ချင်လာတယ်။


source: "mother goose" in Flickr
- ကျွန်မတို့ တစ်အိမ်လုံးမှာ မေမေ့လက်ရေးက အလှဆုံး။ ငယ်ငယ်က ဘုန်းကြီးကျောင်းနေခဲ့ရလို့တဲ့။ ၀လုံးမ၀ိုင်းရင် ဘုန်းဘုန်းက လက်ဆစ်ခေါက်သတဲ့။ မေမေတို့ မောင်နှမအားလုံး လက်ရေးတူတယ်။ အင်္ဂလိပ်စာ လက်ရေးဆက်လည်းလှတယ်။ ဖေဖေရော ကျွန်မတို့ မောင်နှမကတော့ နှစ်ယောက်လုံးလက်ရေးမလှတဲ့အပြင် တစ်ယောက်တစ်ပုံစံစီထွက်နေတာပါ။
- ငယ်ငယ်က အတန်းထဲမှာ မေမေက သချာင်္တော်တယ်။ သူငယ်ချင်းတွေကမုန့်ကျွေးပြီး တွက်နည်းကူးရတယ်။
- မောင်နှမတွေထဲမှာ အသားအညိုဆုံးမို့ လှည်းလမ်းကြောင်းကကောက်ရတာလို့ အမြဲအစ ခံရတယ်။ ဘဲရုပ်ဆိုးလေး မေမေ အားငယ်ခဲ့မိမှာပါ။
- စီးပွားရေးမကောင်းတဲ့ အဘိုးနဲ့အဘွားက သားအကြီးဆုံးကို ဘွဲ့ရအောင်သင်ဖို့အတွက် သူ့အကိုလိုပဲစာတော်တဲ့ မေမေ့ကို စိတ်မကောင်းစွာနဲ့ အထက်တန်းမှာ ကျောင်းနုတ်ခဲ့ရတာ- မေ့မေ့ရင်မှာ တစ်မြေ့မြေ့။ ဒါကြောင့် ကိုယ့်အလှည့်မှာ သားတွေ သမီးတွေကို သင်ယူနိုင်သလောက် ပညာအမွေပေးဖို့ ဆုံးဖြတ်ချက်နဲ့မာန်တင်းခဲ့တာတဲ့။
- သနားတတ်တဲ့မေမေ။ ငယ်ငယ်ထဲက မိဘမဲ့ခွေးပေါက်စလေးတွေ အိမ်ခေါ်မွေးတာတို့ ခြေကျိုးတဲ့ ကြက်ငှက်ကလေးတွေ ကျပ်စည်းပေးတာတို့ အမြဲလုပ်နေကျ။
- ကျွန်မကိုမွေးပြီးတော့ ကလေးကြည့်နိုင်ဖို့အတွက် မေမေ နေ့စားဝန်ထမ်းအလုပ်ထွက်ရတယ်။ တတ်ထားတဲ့ စက်ချူပ်ပညာနဲ့ မိသားစုကိုဖြည့်ဆည်းပေးတယ်။ အဖေ့ အရာရှိလစာက အိမ်စရိတ်လောက်ရုံသာသာနဲ့ အပိုအလျှံမသုံးနိုင်တဲ့အခြေအနေမို့ပါ။
- မေမေချူပ်ပေးတဲ့ စပ်လွယ်အိတ်လေးက သိပ်လှတယ်။ ပိတ်စလေးတွေ ဖြူနီကြောင်ကြားနဲ့ အနားကွပ်ထားတဲ့ စပ်စောင်လေးက ခြုံလိုက်တိုင်း သိပ်နွေးတယ်။
- ကျောင်းစတက်ကတည်းက လေးတန်းအထိ မေမေက ညတိုင်းအိမ်မှာ စာပြပေးတာ။ ကျောင်းစာတွေကို ကျွန်မအမြဲ ကြေညက်နားလည်နေတာ မဆန်းတော့ပါ။
- ၇တန်းကစပြီး လူရည်ချွန်ဖြေခါနီးတိုင်း ကျွန်မနဲ့လိုက်ပြီး အပြေးကျင့်ခဲ့တာ။ (မေမေက ငပလီတို့ ရွှေဝါချိုင်တို့မှန်းခဲ့ပေမဲ့ ကျွန်မကတော့ တစ်ခါမှ မြို့နယ်အဆင့်က မကျော်ခဲ့ပါ)
- ရန်ကုန်တက္ကသိုလ်တက်တော့ ကလေးတစ်ယောက်လို ကျောင်းပို့ကျောင်းကြိုတစ်ပါတ် လောက်လုပ်ပေးပြီး နယ်ပြန်ခါနီးမှာ မေမေ့မျက်နှာတွေပျက်လို့။ သူများသမီးတွေဆိုရင် အမေပြန်တော့ ငိုကြတာ။ ငါ့သမီးက ဘာမှမဖြစ်ပါလားတဲ့။ ကြေနပ်တာလား မကြေနပ်တာလားမသိ။
- ကျွန်မနေ့စဉ်ကုန်ုကျစရိတ်မှတ်ဖို့ စာအုပ်ကလေးတစ်အုပ်ထားခဲ့တယ်။ မေမေက ကျွန်မကို စည်းစံနစ်ကျသူအဖြစ် မြင်ချင်သူပါ။ ( ဒုတိယနှစ်အကုန်လောက်အထိတော့ မပျင်းမရိ မှတ်ပါသေးတယ်။ နောက်တော့လည်း စာအုပ်ကလေးချောင်ထိုးလို့.. ..)
- မေမေချက်ပို့တဲ့ ဘာလချောင်ကြော်နဲ့ ကင်ပွန်းချဉ်ရွက်ကြော်ကို သူငယ်ချင်းတွေက သိတ်ကြိုက်တာ။ အဆောင်မှာဆို မျက်နှာသိပ်ပွင့်ပေါ့။
- ကျောင်းပိတ်လို့အိမ်ပြန်ရင် ခြံထဲလယ်ထဲ တန်းဆင်းခိုင်းတာကလည်း သမီး ပေါ့ပျက်ပျက်ဖြစ်မှာ ဘ၀မေ့မှာစိုးလို့ဆိုတာ သမီးသိပါတယ်မေမေ။
- မောင်နှမတွေနှစ်ယောက်လုံး တစ်ပြိုင်နက် နိုင်ငံရပ်ခြားသွားချိန်မှာ လွမ်းစိတ်နဲ့ အရိုးပေါ်အရေတင်ဖြစ်ခဲ့တဲ့မေမေ။ အမှတ်တရ သရက်ပင်၃ပင် ခြံစည်းရိုးမှာ စိုက်ခဲ့သေးတယ်တဲ့။ အခုတော့ အဲဒီအပင်က သရက်သီးလှိုင်လှိုင်သီးနေပါပြီ။
- နယ်စပ်ဒေသမှာ အလုပ်ဝင်ဖို့သွားတဲ့သမီးကို စိုးရိမ်ပူပန်တဲ့ မျက်ဝန်းနဲ့ လေဆိပ်လိုက်ပို့တဲ့မေမေ။ (တစ်ကယ်တော့ အဲဒီတုန်းက ကျွန်မအသက်နဲ့ယှဉ်ရင် မေမေ့တုန်းက ကလေးနှစ်ယောက်အမေ ဖြစ်နေပါပြီ။)
- တစ်နှစ်တစ်ခါတောင် အနိုင်နိုင်ပြန်မလာနိုင်တဲ့သမီးကို ပြန်လာတိုင်း တွေ့တုန်း ဘာစားချင်သလဲဆိုပြီး ချက်ရကျွေးရ မမောနိုင်တဲ့မေမေ။
- ရပ်ရေးရွာရေး မညည်းညူစတမ်း အကျိုးဆောင်တတ်လို့ အများကချစ်တဲ့မေမေ။ (တစ်ကယ်လဲ မေမေဆေးရုံတက်တော့ လာမေးသူ၊စောင့်ပေးသူတွေနဲ့တစ်ရုန်းရုန်းပါ။)
- နွမ်းပါးသူတွေကို ပေးကမ်းမျှဝေတတ်တဲ့ မေမေ။ ကျွန်မစွဲစွဲလမ်းလမ်းကြိုက်တဲ့ အကျှီုင်္ဟောင်းလေးတွေ ပါပါသွားလို့ စိတ်ဆိုးလိုက်ရတာ ခဏခဏ။
- သူများတွေ ၀ိုင်းပြီးစကားပြောရင် အနီးအနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်တဲ့မေမေ။ (စကားသံတွေစဲသွားရင် လန့်နိုးလာတတ်ပါတယ်။)
- မေမေ့ရဲ့ ဟာသနဲ့ ဖြူစင်တဲ့ရယ်မောသံတွေကို အားလုံးက ဝေးတိုင်းသတိရနေကြလေရဲ့။ တစ်နေရာရာခရီးသွားတိုင်း ပြန်မလာသေးဘူးလားလို့ ရပ်ဆွေရပ်မျိုးတွေက ဖုန်းဆက်ခေါ်ကြတဲ့အထိ။

ဆက်ရေးလို့ မဆုံးနိုင်အောင် မေမေ့ရဲ့ အမှတ်တရတွေက များလှပါတယ်။ မေမေ အသက်ကြီးလှပြီ။ သားတွေသမီးတွေက အနားမှာမနေနိုင်ပဲ တစ်မြေတစ်ရွာ ခပ်ဝေးဝေးမှာ။ မေမေ ၀မ်းနည်းနေလား။ ဆီးချိုရှိသူမို့ ကျန်းမာရေးအမြဲဂရုစိုက်ပါဦးနော်။ မေမေ့ကျေးဇူးတွေကို သမီးဘာမှ ဟုတ်တိပတ်တိ မဆပ်ရသေးသလိုဘဲ.... စုန်ရေရဲ့ပြယုဂ်မေမေ... ကျမ်းမာ ပျော်ရွှင် အသက်ရှည်ပါစေ..............


source: flikr
source: flikr
မိုးစက်ပွင့်

အညာမြေအလှ



Mt. Poppa
Mt. Poppa

Tamarid road in Pauk
Tamarind road in Pauk

MoHnyin Thanbuddhay Zedi
MoHnyin Thanbuddhay Zedi

suset in Maungdaw
suset in Maungdaw

panoramic view of Maungdaw
panoramic view of Maungdaw
A farm land in Yenanchaung





Yenanchaung farmland 

ဟယ် မောင်တော နှစ်ပုံတော့ ရောပါသွားတယ်... ဒါပေမဲ့ ဖြုတ်တော့ပါဘူး.....
 
မိုးစက်ပွင့်

Saturday, 9 May 2009

ဝိုင်သောက်ခြင်း

source: flickr၀ိုင်…..၀ိုင်…..၀ိုင်……….ကိုယ်ကတော့ ၀ိုင်ဆိုတာကြားရုံနဲ့ ဖန်သားကြည်ကြည် ကလပ်ခွက်ထဲက သွေးလိုနီနီရဲရဲ အရည်လေးတွေပြေးမြင်မိပြီး လျာဖျားမှာ ချိုမြမြပြင်းရှရှလေး ခံစားလာရသလိုပဲ။ တကယ်တော့ အနီရောင်အပြင် အဖြူရောင်၊ ပန်းရောင်ဝိုင်တွေပါရှိသေးတာ။ မှတ်သားမိသလောက်က ၀ိုင်အနီကို အခန်းအပူချိန် ( room temperature) မှာထားပြီး အသားနဲ့တွဲဖက်သောက်သုံးဖို့ရာ အလွန်လိုက်ဖက်ပါသတဲ့။ ၀ိုင်အဖြူကတော့ အအေးခံသောက်ရင် အရသာပိုထူးပြီး ငါးနဲ့တွဲဖက် သောက်သုံးသင့်တယ်လို့ ဖိလစ်ပိုင်သူတစ်ယောက်က ပြောဖူးတယ်။ ၀ိုင်ခွက်ကို စက်ဝိုင်းပုံ မသိမသာလေးလှုပ်လိုက်တော့ အရည်ထဲက မွှေးပျံ့တဲ့ဝိုင်နံ့ထွက်လာသတဲ့။ အဲဒါကို အနံ့ခံပြီးမှ သောက်ရပါသတဲ့။ 
ကိုယ်ကတော့ အဖြူရော အနီရော ပန်းရော အကုန် ကြိုက်တာပါပဲ။ နိုင်ငံတကာ လေကြောင်းစီးချိန်ဆိုရင် သောက်ရခဲတဲ့ အကောင်းစားဝိုင်ဖြူကို မှတ်မှတ်ရရသောက်လေ့ရှိတယ်။ မူးတာလဲမဟုတ်လဲ ရီဝေေ၀လေးနဲ့ လေယာဉ်စီးရတာကိုကြိုက်တာလေ။ ကိုယ့်ပြည်တွင်းမှာတော့ ကြုံရင်ကြုံသလို မေမြို့စပျစ်ဝိုင်၊ တောင်ကြီးစပျစ်ဝိုင်တို့ မှာပြီးသောက်ခဲ့ပါသေးရဲ့။ ရှမ်းမြောက်မှာနေတုန်းကတော့ ကွတ်ခိုင်ကထွက်တဲ့ ချဉ်စော်ကားဝိုင် (quench wine)ကို သောက်ခဲ့ဖူးတယ်။ ချင်းကထွက်တဲ့ တောင်ဇလပ်ဝိုင်တို့ ရှမ်းက ချယ်ရီဝိုင်တို့ကိုတော့ ကြားသာကြားဖူးပြီး မသောက်ဖူးသေးပါ။ ဈေးကြီးတဲ့ ပြင်သစ်ဝိုင်တို့ သြစတေးလျဝိုင် တို့ကိုတော့ စားပွဲသောက်ပွဲ ကြုံမှ ဖရီးကစ်တာလေ။ ရာသီဥတုအေးတဲ့ အချိန် ၀ိုင်ကလေး တစ်ခွက်လောက်မော့လိုက်ရရင်တော့ သွေးကြောကလေးတွေထဲအထိ နွေးထွေးပြီး နေလို့ကောင်းသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် စပျစ်သီး၊စပျစ်ရည်က အင်တီအောက်ဆီးဒင့်ဓါတ်ပါတယ်ဆိုတော့ အိုမင်းရင့်ရော်မှု ကာကွယ်တယ်ဆိုပဲ။ အခုဆို အသက်ကြီးလာပြီဆိုတော့ များများသောက်ပေးမှ။ 
နောက်ပြီး ၀ိုင်က အမှောင်ခန်းနဲ့ အအေးဓါတ်ရှိတဲ့ နေရာမှာ နှစ်ကြာကြာထားလေ ပိုကောင်းလေဆိုတော့ ပုလင်းပေါ်မှာ ဘယ်နှစ်နှစ်ကြာပြီဆိုတာ ဈေးကွက်ဝင်အောင် ကြော်ငြာကြတယ်မို့လား။ အရင်တုန်းကဆို ကိုယ်တို့ ဂေါ်မစွံတစ်သိုက်က အိမ်ထောင်ကျနေတဲ့သူငယ်ချင်းတွေကို ငါတို့က နှစ်ချို့ဝိုင်တွေဟ ကြာလေ တန်ဖိုးတက်လေဆိုပြီး ငြင်းချက်ထုတ်ခဲ့တာ သတိရသေးတော့။ (၀ါသနာအရ ကြုံလို့ အပုပ်ချရရင်- သူငယ်ချင်း အပျိုကြီး နောက်တစ်ယောက်ကတော့ သူ့ကိုယ်သူ မာစီဒီးကားပါတဲ့- ဈေးကြီးလွန်းလို့ တော်ရုံလူ ၀ယ်မစီးနိုင်တာဆိုပဲ၊ မိုးစက် သူငယ်ချင်းပီပီ အဲလိုပေါရဲတာ။)  တို့အမျိုးသား ကိုအ၀ှာ ကတော့ ကိုယ်ဝိုင်သောက်တာသိတိုင်း ၀ိုင်ထဲမှာအယ်လ်ကိုဟော ပါတယ်ဆိုပြီး သိပ်မကြိုက်ချင်ဘူး။ ဘာရမလဲ နောက်ဆို သူ့ကိုပါ ၀ိုင်ပုလင်း ၀ယ်လာလိုက်တယ်။ ငြင်းမရအောင် အမှတ်တရလက်ဆောင်ပေးပြီး အတူသောက်ဖို့စည်းရုံးလိုက်တာပေါ့   :-D

ရှေးမြန်မာထုံးစံမှာ ရပ်ရွာအသိုင်းအ၀ိုင်းကြားက အငြင်းအခုန်တွေကို ရပ်မိရပ်ဖတွေနဲ့လက်ဖက်စားပြီး ၀ိုင်းဖြေရှင်းလေ့ရှိတယ်လို့ ကြားဖူးတယ်။ ဘလော့ပိုင်ရှင် စာရေးဆရာမ ပန်ဒိုရာကတော့ ငြိမ်းချမ်းရေးအတွက် ၀ိုင်သောက်ပြီးဆွေးနွေးကြမယ်တဲ့။ အဲဒီအိုင်ဒီယာကို ချွင်းချက်မရှိ ထောက်ခံချင်ပါတယ်ဗျို့။ ကဲ.... ၀ိုင်သောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရအောင်နော် ............။

ဝိုင် အတူသောက်ခြင်း
ပန်ဒိုရာ (http://pandora-and-pandora.blogspot.com/2009/01/blog-post_05.html)
မူးယစ်ထုံထိုင်း မေ့လျော့ဖို့တော့မဟုတ်ဘူး
လွတ်လပ်ချင်တဲ့ရှေ့အနာဂတ်တွေအတွက်
ရဲနီစွန်းထင်းခဲ့တဲ့သွေးစက်တွေအတွက်
အဟောင်းတွေချုပ်ငြိမ်းစေဖို့အတွက်
အသစ်တွေကိုကြိုဆိုဖို့အတွက်
တရားမျှတမှုတွေအတွက်
ငြိမ်းချမ်းရေးရဲ့
ခေါ်သံ
ဝိုင်
ဝိုင်
ဝိုင်
ဝိုင်
တစ်ခွက်တည်းရယ်ပါ။
wine2

 
မိုးစက်ပွင့်

Friday, 8 May 2009

ပေါက်ပေါက်ရှာရှာ



source: flickr
source: flickr
ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ
လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့
ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။
အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို
ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး
ရောက်လာပြီး စုံးစမ်းပြန်၏ ။pig2
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့
ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။
ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ
ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို
ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "

စည်းကမ်းရှိသူ
" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။
ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။
မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး
စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး
ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "

မှားယွင်းမှု၏ရလဒ်
" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။
တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ
မဟုတ်ဘူး ။ တက္ကစီသမားကိုကွ "

သိနားလည်မှု
piano" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး
ဂရုစိုက်တင်ပေးစမ်းပါကွာ "

သူ့လက်ရာ
" ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့် "

ထီးတစ်လက်၏သံသရာ
" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို
ပြန်ယူချင်လို့ပါ "
" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။umbrella
သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။
အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "
" အရေးကြီးပါသော်ကောဗျာ။ ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။
အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး
ခဏငှားလာတာတဲ့ "

စိတ်ချစမ်းပါ
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ
လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။
ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့
မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "
" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ
ကောင်းကင်မှာမထားခဲ့ပါဘူး "

ယုံပါတယ်
" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "
" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် "

မေမေ့စကား
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊
မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "
" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊
ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ "

ဘယ်သူ့လက်ချက်လဲ
" ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက
စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား "
" ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ
ငါ့ကိုတွန်းချလိုက်တာလဲလို့ "

တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ်
ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက်
မရှိရင်လည်းမဖြစ်ပြန်ဘူး။
နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့
ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။
ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ "

သူ့နေရာသူပြန်သွား
" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့
ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက
ခွဲထုတ်ထားတဲ့ဟာတွေရှင့် "

မေးမှသိတယ်
" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊
နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့
မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "

ပြောချင်တာကဒီလိုပါ
" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။
အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "

ဘယ်သူမှမပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို
ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "

စနစ်တကျအသုံးပြုနည်း
" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊
ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့
ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "

နားလေးသူမို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "

ဟိုတစ်မျိုး ဒီတစ်မျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ
ဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ
သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "

မေမေ့တာဝန်ထားလိုက်
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။
သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန်ထားလိုက်စမ်းပါ "

အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။
ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "

မမြောက်ပါနဲ့ဗျာ
" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊
ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ
မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို
အနေခက်အောင်မြှောက်နေပြန်ပြီ "

အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့

ထင်တာကတခြား
" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ
ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်
မထင်ခဲ့မိလို့ပါရှင် "

သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

ပြင်ပအစားအစာ
crocodile_m" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။
မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ
ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "

သမ်းပြတာမဟုတ်ပါ
" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ
သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း
ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "

ယောက်ျားဆိုတာ
" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "

တလွဲမထင်ပါနဲ့
" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "

ဆရာ့ညွှန်ကြားချက်
" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "

လိုချင်ရင်ပြောပါ
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "

source: flickr

Tuesday, 28 April 2009

ခံစားသိမြင်မှူဖြင့် အလုပ်လုပ်ကြခြင်း (အီးကျူ)

(အီးကျူ လို့ခေါ်တဲ့ emotional quotient ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး မိတ်ဆက်မှတ်သားခဲ့ရပါတယ်။ ဆင်မီနာ နှစ်ခုလောက်မှာကြားသိနားထောင်ပြီးတဲ့နောက် စိတ်ဝင်စားလာတာနဲ့ Daniel Goleman ရဲ့စာအုပ်လေးကို အပိုင်ဝယ်ဖြစ်တယ်။ ဘာသာပြန်ချင်စိတ်လည်းရှိခဲ့တယ်။ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ အခုတော့ ကျွန်မလုပ်ငန်းခွင်မှာရော ပြင်ပမှာရော အီးကျူဆိုတဲ့စကားက သုံးနေကျဖြစ်နေပြီမို့ ဆီသည်မလက်သုတ်တောင်ဖြစ်နေပြီ။ ဘာသာမပြန်ချင်တော့ပါဘူး။ အကျဉ်းချူံးလေးတော့ လိုတဲ့အခါ ပြန်ပြန်ပြီး refer လုပ်လို့လွယ်အောင်တင်ထားလိုက်တယ်။ )

ကိုကျော်နဲ့ ကိုမော် က ကျောင်းနေဖက်တွေဖြစ်တယ်။ ကျောင်းစာမှာ ကိုကျော်က အမြဲအမှတ်ကောင်းကောင်းနဲ့အောင်တယ်။ ဘွဲ့ရတော့လည်း မာစတာတန်းကို ထူးထူးချွန်ချွန်အောင်ခဲ့တယ်။ ကိုမော်ကတော့ အတန်းထဲမှာ ပညာရည်အဆင့်အရ သူလိုငါလို ပေမယ့် အတန်းသားတွေရဲ့ချစ်ခင်လေးစားမှူနဲ့ ဆရာ၊ဆရာမ တွေရဲ့ယုံကြည်ခြင်းခံရသူ။ အဲဒီနှစ်ယောက်က ဘွဲ့ရချိန်မှာ ကုမ္မဏီအသီးသီးမှာ အငယ်တန်း အရာရှိ အလုပ်ရကြပါတယ်။ ကိုကျော်ကက အလုပ်ကြိုးစားပြီး ထုံးစံအတိုင်း စာရွက်တွေနဲ့ အလုပ်များနေလေ့ရှိတယ်။ တစ်ခြားလူတွေကို ခပ်ဖယ်ဖယ်နေပြီး အခန်းထဲမှာ မိမိဘာသာ အချိန်ကုန်လေ့ရှိပါတယ်။ အစည်းအဝေးတွေမှာ အငြင်းသန်ပြီး ကိုယ့်အယူအဆကို တရားသေစွဲကိုင်တတ်သူလို့ နာမည်ထွက်ပါတယ်။ ကိုမော်ကတော့ လုပ်စရာရှိတာကို တည်တည်ငြိမ်ငြိမ်နဲ့ ပြီးစီးအောင်ဆောင်ရွက်ပြီး လိုအပ်ရင် တစ်ဖက်သားဆီက အကြံဥာဏ်တောင်းယူဖို့နဲ့ ကိုယ့်လုပ်လက်စကလေးခဏဖြတ်ပြီး အကူအညီတစ်ခုခု ပေးလိုက်ဖို့ ၀န်မလေးတတ်သူတစ်ယောက်ပါ။ လုပ်ဖေါ်ကိုင်ဖက်အားလုံးက ကိုမော်ကို လေးစားချစ်ခင်သလို အတူတွဲလုပ်ရတာလည်း ပျော်ကြပါတယ်။ နှစ်နှစ်အကြာမှာတော့ ကိုကျော်ဟာလက်ရှိအလုပ်က ရပ်စဲခံရပြီး ကိုမော်ကတော့ သူ့ရဲ့ ကုမ္မဏီမှာ တစ်ဆင့်မြင့်ရာထူးကို ထမ်းဆောင်နေရပါပြီ။

အဲဒီဖြစ်ရပ်မှန်ဇာတ်လမ်းကလေးမျိုးကို သင့်ပါတ်ဝန်းကျင်၊ ဒါမှမဟုတ် သင်ကိုယ်တိုင် ကြုံဖူးပါသလား။ ကျောင်းစာထူးချွန်သူ ဒါမှမဟုတ် ဥာဏ်ကြီးရှင်တိုင်းဟာ လုပ်ငန်းခွင်မှာ သူများထက် အောင်မြင်သူတွေဖြစ်ကြသလား။

ဒီနေ့ခေတ်မှာ ခံစားသိမြင်မှူဟာ လုပ်ငန်းခွင်ထဲမှာ ပိုလို့ပိုလို့ အရေးပါလာပါတယ်။ အိုင်ကျူ လို့ အများသိကြတဲ့ (IQ- Intelligent Quotient ) ဥာဏ်ရည်ပြကိန်းဟာ လုပ်ငန်းခွင် အောင်မြင်မှူနဲ့ ဆက်စပ်မှုအနည်းငယ်သာရှိပြီး အီးကျူ (EQ- Emotional Quotient ) ခေါ် ခံစားသိမြင်မှူစွမ်းရည်ပြကိန်း ဟာ ငါးဆပိုမို အကျိုးသက်ရောက်မှူရှိတယ်လို့ သုတေသနပြုချက်များအရ သိရှိရပါတယ်။ လေ့လာချက်များအရ
အီးကျူ ဟာ လုပ်ငန်းထူးချွန်အောင်မြင်သူများရဲ့ မရှိမဖြစ် အခြေခံအုတ်မြစ်များဖြစ်တယ်လို့ ဆိုကြပါတယ်။ စာရေးသူ က အီးကျူကို ငါးပိုင်းခွဲပြပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ခွဲခြားသိမြင်ခြင်း (self-awareness)
(၂) ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျရှိစေခြင်း (self-regulation)
(၃) လှူံ့ဆော်နိုင်စွမ်းရှိခြင်း ( Motivation)
(၄) နားလည်စာနာတတ်ခြင်း ( Empathy )
(၅) လူမှူဆက်ဆံရေး ကောင်းမွန်ခြင်း (Social skills ) တို့ဖြစ်ကြပါတယ်။

သူ့ရဲ့ဆန့်ကျင်ဖက် မအောင်မြင်သူများ ( Losers )မှာ တွေ့လေ့ရှိတဲ့ အဓိက လက္ခဏာနှစ်ရပ်ကတော့ -
(၁) သဘောထားတင်းမာခြင်း-(rigidity) နဲ့
(၂) ဆက်ဆံရေးညံ့ဖျင်းခြင်း (poor relationship) တို့ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ရဲ့ ဆင့်ပွားလက္ခဏာတွေကတော့-
  • ပြိုင်လိုစိတ်ကြီးမားပြီး ကိုယ်ကပဲ အမြဲသာချင်တာ
  • မဖြစ်နိုင်တာကို မနိုင်ဝန်ထမ်းချင်တာ
  • ကိုယ်တိုင်လည်း ကိုယ်ရောစိတ်ပါ ချူံးချူံးကျအောင်လုပ်၊ သူများကိုလည်းအလားတူဖြစ်စေတာ
  • အခွင့်အာဏာမက်မောတာ
  • ထင်ပေါ်ချင်လွန်းလို့ သူများကိုဝေဖန်တိုက်ခိုက်တာ
  • လူမြင်ကောင်းဖို့ကို ဦးစားသိပ်ပေးတာ
  • အမှားကိုဝန်မခံချင်တာ တို့ဖြစ်ပါတယ်။

အီးကျူဟာ လူပေါ်လူဇော်လုပ်နည်းမဟုတ်ပါ။ သူများ ဘာပြောပြော မဆန့်ကျင်ဘဲ ပြောသမျှ တပြုံး ပြုံးလက်ခံပြီး ပီယဆေးဖေါ်ဖို့လည်းမဟုတ်ပါ။ လက်တွေ့နဲ့ သဘောတရားပေါင်းစပ်ထားပါတယ်။ စာရေးသူက ရွှေဥပဒေသ (၂၅)ရပ်ကိုအောက်ပါအတိုင်း တင်ပြထားပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ်သိခြင်း။ (emotional awareness)
တစ်နေ့လျှင် နာရီဝက်ခန့် ဘာအလုပ်မှမလုပ်ဘဲ စိတ်လေ့ကျင့်ခန်းလုပ်ပါ။ ဆိုလိုသည်မှာ အလဟသာ ကုန်မည့်အချိန်များ (ဥပမာ TV ကြည့်ခြင်း) ကိုလျှော့ချပြီး လေးနက်သော ကိစöများတွေးပေးပါ။ လက်ရှိအလုပ်ကဘယ်လိုနေသလဲ၊ ကိုယ်ဘာဖြစ်ချင်သလဲ၊ ဘာတွေခံစားရသလဲစသဖြင့်။ အောင်မြင်သော လုပ်ငန်းရှင်များတွင် လုပ်ငန်းအပေါ်ထားသော တွယ်တာစိတ် (passion) ကအဓိကကျသည်ကို တွေ့ရသည်။

(၂) ကိုယ့်ကိုယ်ကိုယ်တိကျစွာ သုံးသပ်ခြင်း။ ( accurate self-assessment )
ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ပါ။ အထက်က နံပါတ်(၁) နှင့် တူသယောင်ရှိသည်။ သို့သော် ကိုယ့် အားနည်းချက်၊ အားသာချက်များကို ဘက်မလိုက်ဘဲ သုံးသပ်ရန်ဖြစ်သည်။ အတွေ့အကြုံများကို သုံးသပ်ကာ သင်ခန်းစာယူခြင်း နှင့် အသစ်ဖြစ်သော အကြံကောင်း၊ ဥာဏ်ကောင်း များကို လက်ခံကြိုဆိုခြင်းတို့ ပါဝင်သည်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ရယ်မောပစ်ရန် (ဥပမာ- ငါတော်တော်တုံးခဲ့တာဘဲ စသဖြင့်) လိုအပ်သည်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း။ (self-confidence)
ယုံကြည်ချက်ခိုင်မာစွာ ပြောဆိုလုပ်ကိုင်ခြင်းက အောင်မြင်မှူအတွက် အခရာကျပေသည်။ လူကြိုက်မများသော အယူအဆတစ်ခုကိုပြောရဲခြင်း၊ မှန်တဲ့ဘက်ကို လိုက်ရဲခြင်း၊ မတွန့်မဆုတ် ဆုံးဖြတ်ချက်ချရဲခြင်း တို့ပါဝင်သည်။ သတိထားရန်မှာ ယုံကြည်မှူလွန်ကဲပြီး ဆက်ဆံရေးညံ့ဖျင်းကာ မော်ကြွားသည့်ပုံစံ မဖြစ်စေရန်ပင်ဖြစ်သည်။

(၄) ကိုယ့်ကိုယ်ကိုယ် ထိမ်းချူပ်နိုင်ခြင်း။ (self-control)
အကြပ်အတည်းနှင့် ဖိအားများကြားမှပင် စိတ်ကိုတည်တည်ငြိမ်ငြိမ် ထိမ်းချူပ်နိုင်ရေး၊ အာရုံစူးစိုက်နေရေး ဖြစ်သည်။ အလုပ်ဖိအားသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးရှိပါသည်။ အလေးမမှ ကြွက်သားတက်သလို လုပ်နိုင်စွမ်းအားများ တိုးတက်စေပါသည်။ သို့သော် သွေးဆူတုန့်ပြန်တတ်ခြင်းက အကျိုးထက် အပြစ်ကိုသာဖြစ်စေပါသည်။ မိုက်တိုင်ဆန်က လက်ဝှေ့ပွဲမှာ သွေးဆူပြီး ဟိုလီဖီးနားရွက်ကို ကိုက်ခဲ့မိလို့ ဟိုးလေးတကြော် ပြစ်တင်ခံရပြီး ဒေါ်လာ ၃သန်းလျော်ရတာ သတိရစေလိုပါသည်။

(၅) ယုံကြည်ထိုက်ခြင်း။ (trust-worthiness)
တည်ကြည်ဖြောင့်မတ်တယ်လို့ အများကလက်ခံယုံကြည်ရန်အတွက် အမှန်ဖက်က ရပ်တည်ရဲရပါမည်။ ကိုယ့်အမှား ရှိခဲ့ရင် ၀န်ခံရဲပြီး သူများမသမာတာကို ထောက်ပြရဲရပါမည်။ ပေးထားတဲ့ကတိကို ထိမ်းသိမ်းတာ နှင့် အလုပ်ခွင်ထဲမှာ ရည်မှန်းချက်ပြည့်မီရေး အာမခံတာ တို့လည်းပါဝင်သည်။ အလုပ်လုပ်ရာမှာ သေသပ်ပြီး သတိရှိတဲ့အတွက် လုပ်ဖေါ်ကိုင်ဖက်နှင့် အထက်လူကြီးမှ ယုံကြည်မှုရှိရန် ဂရုစိုက်ရပါမည်။

(၆) တာဝန်ယူတတ်ခြင်း။ (responsibility)
သူ့ကြောင့် ငါ့ကြောင့် အပြစ်မဖို့ဘဲ ကိုယ်နဲ့ သွယ်ဝိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ပါတ်သက်တာတွေကို အပြည့်အ၀ တာဝန်ယူတတ်ခြင်းဖြစ်သည်။ သူများအပြစ်ကို အရင်မရှာဘဲ ငါဘာလိုအပ်သွားပါလိမ့်လို့ ဦးစွာစဉ်းစားဆင်ခြင်တတ်ရပါမည်။

(၇) ပြောင်းလွယ်ပြင်လွယ်ရှိခြင်း။ (adaptability)
ပြောင်းလဲတတ်သော အခြေအနေများတွင် လိုအပ်သလို ဦးစားပေးအဆင့်ပြောင်းကာ ဆောင်ရွက်နိုင်ရမည်။ ပြောင်းလွယ်ပြင်လွယ်ရှိမှ အရေးပေါ်အခြေအနေတွင် အကောင်းဆုံး နည်းAျူဟာ ချမှတ်ဆောင်ရွက်နိုင်လိမ့်မည်။

(၈) ဖန်တီးနိုင်စွမ်းအားရှိခြင်း။ (Innovation)
ဘက်ပေါင်းစုံမှ အကြံသစ်ဥာဏ်သစ်များကို ရယူပြီး ထုတ်နုတ်သုံးသပ်ခြင်းဖြင့် နောက်ဆုံးတွင် တိကျခိုင်မာသော အဖြေတစ်ခုထွက်လာစေနိုင်သည်။ မိမိကိုယ်တိုင် အကြံသစ်ဥာဏ်သစ်များ ပေးတတ်ပြီး မထင်မှတ်တဲ့ရှူဒေါင့်က စဉ်းစားပြတာတို့ ပါဝင်သည်။

(၉) ပန်းတိုင်အတွက်တွန်းအားမွေးခြင်း။ (Achievement drive)
ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်တတ်ဖို့၊ တစ်ခါတစ်ရံ မျှော်လင့်ထားတဲ့ ရလာဒ်ထက်ပိုကောင်းအောင် လုပ်ကြည့်ဖို့လိုသည်။ မိမိအလုပ်ကို တိုးတက်ကောင်းမွန်ဖို့ အမြဲကြံဆနေပြီး လုပ်ငန်းနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်များကို အမြဲရှာဖွေနေပါ။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲနဲ့ စွန့်စားလုပ်ကိုင်ရတာမျိုးလည်းရှိနိုင်ပါတယ်။

(၁၀) စိတ်ရောကိုယ်ပါရှိခြင်း။ (Commitment)
ကိုယ့်လုပ်ငန်းရည်မှန်းချက် အောင်မြင်ဖို့ လိုအပ်သလို အနစ်နာခံရန် အသင့်ရှိရပါမယ်။
လုပ်ငန်းဆောင်ရွက်ရာမှာ ချမှတ်ထားတဲ့ စံများနှင့် မတိမ်းချော်ဖို့ အမြဲသတိပြုနေပြီး နည်းလမ်းသစ်များကိုလည်း တက်ကြွစွာ ရှာဖွေတတ်ဖို့ လိုပါမယ်။

(၁၁) ထိုးထွင်းဥာဏ်ဖြင့် ဦးဆောင်လုပ်ကိုင်တတ်ခြင်း။ (Initiative)
သမားရိုးကျမဟုတ်သောနည်းသစ်များကို နည်းလမ်းတစ်ကျ ဆောင်ရွက်ရာတွင် အခြေအနေနှင့် အချိန်အခါကို မှန်ကန်စွာဆုံးဖြတ်တတ်သော ဥာဏ်ပညာ လိုအပ်ပါသည်။ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိသူတို့တွင် တွေ့ရတတ်သော အရည်အချင်းတစ်မျိုးဖြစ်သည်။

(၁၂) အကောင်းမြင်စိတ်ထားရှိခြင်း။ (Optimism)
ရှူံးမှာကြောက်သောစိတ်ထက် အောင်မြင်ဖို့မျှော်မှန်းချက် ပိုများခြင်းဟု ဆိုနိုင်ပါသည်။ အခက်အခဲ မည်မျှပင်ရှိရှိ ရည်မှန်းချုက်ဆီသို့ မဆုတ်မနစ် သွားတတ်ခြင်း၊ တစ်ခုခုကို ဝေဖန်ရာတွင် ပုဂ¾ိုလ်ရေးအပြစ်အနာအဆာများကိုအာရုံမစိုက်ဘဲ လုပ်ရပ်ပေါ်တွင်သာ သုံးသပ်တတ်ခြင်း တို့ပါဝင်သည်။

(၁၃) တစ်ဖက်သားကို နားလည်ပေးခြင်း။ (Understanding others)
သူတစ်ပါး၏ လက်ရှိအခြေအနေကို နားလည်စာနာပေးကာ လိုအပ်သလို ကူညီပေးခြင်းဖြစ်သည်။ အားနည်းသူများ ( ဥပမာ- လူနည်းစု၊ အမျိုးသမီး၊ ကလေး….) တို့အပေါ် နားလည်စာနာစွာ ဆက်ဆံရန်လိုသည်။ သို့သော် နားလည်မှူကို အခွင့်အရေးယူတတ်သူများရှိပေရာ အထူးသတိထားရန်လိုသည်။

၁၄) တစ်ဖက်သားကို တိုးတက်စေခြင်း။ (Developing others)
သူတစ်ပါး၏ကောင်းကွက်တော်ကွက်များကို ချီးကျူးပါ။ အသုံးဝင်မည့်အကြံဥာဏ်များကိုပေးပါ။ အနီးကပ်သင်ပြပေးရန်လိုအပ်ပါက အချိန်ပေးကာ ပျိုးထောင်ပေးခြင်း၊ အစမ်းတာဝန်ပေးခြင်း၊ စသည်တို့ပြုလုပ်ပေးနိုင်သည်။

၁၅) ၀န်ဆောင်မှူကို ဂရုစိုက်ခြင်း။ (Service orientation)
သူတစ်ပါးကို လိုလိုလားလား ကူညီတတ်ခြင်းဖြစ်သည်။ ဈေးကွက်တွင်မူ စားသုံးသူများ၏ လိုအပ်ချက်နှင့် ရောင်းကုန်၏၀န်ဆောင်မှူ ကိုက်ညီခြင်းရှိမရှိ အစဉ်လေ့လာရန်၊ ပိုကောင်းသော ရောင်းကုန်နှင့် ၀န်ဆောင်မှူကို ပေးအပ်ရန် ကြိုးပမ်းခြင်းတို့ပါဝင်သည်။

၁၆) မတူကွဲပြားမှူကို လက်ခံခြင်း။ (Accepting Diversity)
လုပ်ငန်းအတွင်းရှိ မတူညီမှူ၊ ကွဲပြားမှူများကို အားသာချက်တစ်ရပ်အဖြစ် လက်ခံကာ တလေးတစားဆက်ဆံတတ်ရပါမည်။ တူရာချင်း အုပ်စုဖွဲ့ကာ ဘက်လိုက်မျှူနှင့် ရန်လိုမှူများကို ဆန့်ကျင်ရပါမည်။

၁၇) ဆက်နွယ်နေသောဆက်ဆံရေးများကို သတိရှိခြင်း။ (Relations awareness)
အဖွဲ့တွင်းနှင့် ပြင်ပရှိပုဂိ¾ုလ်များ၏ ပါတ်သက်ဆက်နွယ်မှုများကို လေ့လာသိရှိရန်ကြိုးပမ်းပြီး လူမှူအ၀န်းအ၀ိုင်းတစ်ခု ထူထောင်ရန် ကြိုးပမ်းသင့်သည်။ ယင်းအ၀န်းအ၀ိုင်း၏ ဖြစ်ပေါ်ပြောင်းလဲမှူများ၊ စားသုံးသူများ၏ပါတ်ဝန်းကျင်မှ ပြောင်းလဲမှူများ၊ နှင့် ဖြစ်ပေါ်နိုင်သော ဂယက်များကို တွက်ဆနိုင်ရန်လိုသည်။

၁၈) မိမိသြဇာသက်ရောက်မှူနယ်ပယ်တည်ဆောက်နိုင်ခြင်း။ (Building Influence)
မိမိလုပ်ငန်းအစီအစဉ်ကို တစ်ဖက်သားနားလည်လက်ခံလာ အောင် ဆွဲဆောင်စည်းရုံးနိုင်ခြင်း ဖြစ်သည်။ မိမိပြောလိုသော အဓိကအချက်ကို နားထောင်သူအာရုံစိုက်အောင် စီမံတတ်ခြင်းသည်လည်း ထင်ရှားသောအရည်အချင်းတစ်ရပ်ဖြစ်သည်။

၁၉) ဆက်ဆံရေးနယ်ပယ်တည်ဆောက်နိုင်ခြင်း။ (Communication)
အထက်ပါစွမ်းရည်မှာ သတင်းပေးပို့ခြင်း၊ လက်ခံခြင်း နှင့် အသုံးပြုခြင်း တို့တွင် ထိရောက်မှူရှိခြင်း၊ တစ်ဖက်သား အရိပ်အကဲနားလည်ခြင်း၊ နှစ်ဦးနှစ်ဖက်ကြားမှ နားလည်မှူကို အလေးထားခြင်း နှင့် အခက်အခဲများကို ပွင့်လင်းစွာ ဖြေရှင်းခြင်း တို့ပါဝင်သည်။ သတင်းဆိုးများကိုပင် တည်ငြိမ်စွာ ရယူလက်ခံနိုင်သော အရည်အချင်းလည်း အကြုံးဝင်ပါသည်။

၂၀) ပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်း။ (Conflict management)
အထက်ပါသံခင်းတမာန်ခင်းအရည်အချင်းတွင် ဆက်ဆံရခက်သူများနှင့် တင်းမာသောအခြေအနေတစ်ရပ်ကိုပင် ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ဖြစ်နိုင်ချေရှိသော တင်းမာမှူများကို လျှော့ချခြင်း၊ အခြေအတင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှူကို အားပေးကူညီခြင်း၊ နှစ်ဦးနှစ်ဖက် ရလာဒ်ကောင်းထွက်အောင် ဆောင်ရွက်နိုင်ခြင်းတို့ပါဝင်သည်။

၂၁) ခေါင်းဆောင်နိုင်မှူ။ (Leadership)
မိမိ အဖွဲ့အစည်း၏ရည်မှန်းချက်ကို မျက်ချေမပြတ်ဘဲ တစ်ဖက်သားကို ရှင်းလင်းပြောပြနိုင်သူ၊ လုပ်ဖေါ်ကိုင်ဖက်များကို တက်ကြွစေသူ၊ မိမိအပြုအမူကို စံနမူနာဖြစ်စေသူများဖြစ်သည်။ သူတို့သည် မည်သည့် အဆင့်တွင်ရှိစေကာမူ လိုအပ်လျှင် ရှေ့သို့ထွက်ကာ ဦးဆောင်နိုင်ကြသည်။

၂၂) စံနမူနာပြ ပြောင်းလဲနိုင်မှူ။ (Change Catalyst)
မိမိ အဖွဲ့အစည်း၏လက်ရှိအနေအထားမှ လိုအပ်နေသော အပြောင်းအလဲများကို သိရှိကာ ကိုယ်တိုင်ကိုယ်ကျ ရှေ့ဆောင်ပြောင်းလဲသူများကိုဆိုလိုသည်။ ၄င်းတို့သည် အပြောင်းအလဲများလိုအပ်နေမှူကို ထုတ်ဖေါ်ပြောဆိုခြင်း၊ အတားအဆီးများကိုဖယ်ရှားခြင်း၊ အခြားသူများနှင့်လက်တွဲဆောင်ရွက်ခြင်း၊ စံနမူနာပြပြောင်းလဲသူဖြစ်စေခြင်း ဟူသည့် အင်္ဂါရပ်များပိုင်ဆိုင်ကြသည်။

၂၃) ဆက်ဆံရေးနယ်ပယ်ထူထောင်ခြင်း။ (Building Bonds)
မိမိ နှင့် လုပ်ဖေါ်ကိုင်ဖက်များကြားတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ခင်မင်ရင်းနှီးသော အ၀န်းအ၀ိုင်းတစ်ခု တည်ဆောက်နိုင်ခြင်းက အရေးပါလှပါသည်။ ယင်းအ၀န်းအ၀ိုင်းကို လုပ်ငန်းခွင်ပြင်ပမှာပါ တိုးချဲ့တည်ဆောက်ခြင်းဖြင့် များစွာ အကျိုးရှိစေနိုင်သည်။

၂၄) ပူးပေါင်းဆောင်ရွက်ခြင်း။ (Cooperation)
လုပ်ငန်းခွင်အတွင်းတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထ ကြီးထွားရှင်သန်စေရမည်။ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ၊ အရင်းအမြစ်များကို မျှဝေသုံးစွဲခြင်းဖြင့် လုပ်ငန်းကို ချောမွေ့စွာ လည်ပတ်စေရမည်။

၂၅) အသင်းလိုက်စွမ်းရည်တည်ဆောက်ခြင်း။ (Team Capabilities)
မိမိ အဖွဲ့အစည်းသည် အားကစားအသင်းကောင်းတစ်ခု၏ အရည်အသွေးများဖြစ်သော အပြန်အလှန်လေးစားမှူ၊ ကူညီမှူ၊ ပူးပေါင်းမှူများကို လုပ်ဆောင်လာအောင် မိမိကိုယ်တိုင် စံပြလုပ်ဆောင်ပါ။ အဖွဲ့၏ အောင်မြင်မှူများကို မျှဝေကာ ၀န်ထမ်းတိုင်းက ဂုဏ်ယူတတ်အောင်၊ အဖွဲ့၏ ဂုဏ်သိက္ခာကို ၀ိုင်းဝန်းထိမ်းသိမ်းတတ်အောင် ကူညီဆောင်ရွက်ရမည်။

လုပ်ငန်းခွင် လိုအပ်ချက် ဆိုင်ရာ ဥပဒေသတွေကပြောင်းလဲနေပါတယ်။ ၀န်ထမ်းတွေဟာ သူတို့ဘယ်လောက်တော်သလဲ ဒါမှမဟုတ် ဘယ်လိုအတွေ့အကြုံတွေပိုင်ဆိုင်ထားသလဲ ဆိုတာထက် ကိုယ်ကိုယ်တိုင်နဲ့တစ်ပါးသူကို ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်လုပ်ဆောင်နိုင်သလဲ (အီးကျူ) ဆိုတဲ့ ပေတံနဲ့ တိုင်းတာလာကြပြီဖြစ်တယ်လို့ စာရေးသူ Daniel Goleman က ထောက်ပြထားပါတယ်။ ကိုကျော်လို ဥာဏ်မကောင်းခဲ့ရင်တောင်မှ ကိုမော်လို ပိုပြီး အောင်မြင်မှူရယူနိုင်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ အောင်မြင်မှူအတွက် အိုင်ကျူက ၂၀ရာနှူန်း အီးကျူက ၈၀ရာနှုန်းအရေးပါတယ်လို့ ပြောကြတာကြားဖူးပါတယ် (ဥာဏ်ရည် အမှတ် ၂၀ပဲရှိရင်ရတယ်လို့ ပြောတာမဟုတ်ပါကြောင်း) ။ အားလုံးအတွက် သတင်းကောင်းကတော့ အီးကျူဟာ ဘယ်အသက်အရွယ်မှာမဆို လေ့ကျင့်ခြင်းဖြင့် တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတယ်ဆိုတာပါပဲ။
မိုးစက်ပွင့်
Source: Working with Emotional Intelligence, Daniel Goleman, 1999