Wednesday, 26 December 2012

ချစ်သော ဒီဇင်ဘာ နှင့် ရောက်တတ်ရာရာများ

 
ချစ်စရာ့ ဆောင်း


မြန်မာပြည်ရဲ့ ဆောင်းရာသီက ဥရောပလိုမျိုး အအေးဓါတ် မစူးရှ မပြင်းထန်လေတော့   နေလို့ထိုင်လို့ ကောင်းရုံကလေးပါဘဲ။ ကြုံခဲ့ဖူးတဲ့ ရှမ်းပြည်ဆောင်း၊ ရခိုင်ဆောင်းတို့လောက် မအေးပေမဲ့ အညာဆောင်းက ရန်ကုန်ဆောင်းနှင့်ယှဉ်လျှင်တော့ ပိုပိုကဲကဲ အေးလှပါတယ်။ ညဖက်ဆို   စောင်ထူထူကလေး တထည်ခြုံပြီး   ကွေးလိုက်တာများ    ကောင်းမှကောင်းဘဲ။ မနက်ရောက်တော့ ကိုယ့်ကိုယ်ငွေ့နဲ့ ကိုယ် နွေးလှတဲ့   စောင်ပုံ အောက်မှာ အိပ်ယာတောင် မထချင်လောက်အောင် ဇိမ်ရှိနေတော့တာလေ။

ကိုယ့်ရဲ့ ဆောင်းရာသီ တနေ့တာက ရိုးစင်းလွန်းလှပါတယ်။ မနက်စောစော အိမ်ရှေ့ လမ်းမကနေ ”ပဲပြုတ်၊ ကောက်ညှင်းပေါင်း” ဆိုပြီး ဆွဲဆွဲငင်ငင်နဲ့ အော်တတ်တဲ့ ဈေးသည် အဒေါ်ကြီး ဖြတ်သွားပြီ ဆိုရင်   ခြောက်နာရီခွဲ ကွက်တိ။ ပိုရင်လိုရင် ငါးမိနစ်ဘဲ။ သူ့အသံက ကိုယ့်ကို လန့်နိုးစေပေမဲ့ ချက်ချင်း အိပ်ယာမထသေးဘဲ နဲနဲ ဆက်နှပ် တတ်တာလည်း အကျင့်တခု ဖြစ်နေပါတယ်။   ခြောက်နာရီလေးဆဲ့ငါး ဆိုရင်တော့ မဖြစ်ချေတော့။ ငယ်ငယ်က သင်ရတဲ့ သိပ္မံမောင်ဝရဲ့ စာထဲကလို (ကြီးတော်ရဲ့ ၀ါးခြမ်း)ကို မကြောက် (တာဝန်ဝါးခြမ်း) ကို ကြောက်ရပုံမျိုးနဲ့ လူးလဲထ ရတော့တာကိုး။   ရေအေးထိတာနဲ့ ဟတ်ချိုးပေါင်းများစွာ ဆက်တိုက် နှာချေတတ်သူမို့ ရေကြက်သီးနွေးနဲ့ မျက်နှာသစ် သွားတိုက် ရပါတယ်။ ပြီးတာနဲ့ ပထမဆုံး လုပ်ရတာက အိုးကြီးကြီးတလုံးနဲ့ ရေနွေးကျိုရတာဘဲ။ ဂက်စ်နဲ့ဆိုတော့ ဆယ်မိနစ်အတွင်း   ရေဆူပါတယ်။ ငါးဂါလံဆံ့တဲ့    ရေပုံးထဲ ရေတ၀က်လောက်   ဖြည့်ပြီး   ရေနွေးစပ်လိုက်တော့  အတော် ပူနွေးနေသေးတယ်။   ခြေ၊ လက်တွေကို အနွေးဆုံးအနေအထားမှာ   လောင်းချိုး ရေအေးတွေ ဆက်တိုက် ဖွင့်ထားပြီး အနေတော်ရမှ ကိုယ်ကို   လောင်းတယ်။   ရေချိုးမြန်တဲ့အကျင့်ရှိတာမို့ ငါးလီတာ နှစ်ပုံးစာလောက်နဲ့ ရေချိုးခြင်းအလုပ်ပြီးမြောက်သွားပါတယ်။  မနက်စာကိုတော့ ထမင်းအကျန်ကို နွှေးပြီး၊ ဘာလချောင်ကြော်၊ ငါးကြော်၊ ကြက်ဥကြော် စသဖြင့် ရှိတာကို သူနဲ့အတူ တက်သုတ်ရိုက် စားပြီး မနက် ရှစ်နာရီ အိမ်က ထွက်နိုင်အောင် ကြိုးစားရပါတယ်။  ရုံးကို ကိုယ်က ဖြစ်နိုင်ရင် အစောဆုံးရောက်ချင်တာကိုး။

တနေ့တာ ရုံးအလုပ်က ထူးထူးခြားခြား ပြောပြစရာမရှိပါဘူး။  မိသားစုပုံစံ နွေးနွေးထွေးထွေး အသိုက်အ၀န်းကလေးတခုပါဘဲ။  သုံးနာရီခွဲဝန်းကျင်ဆိုရင် dining room မှာ မုံ့တခုခု အမြဲစားကြတယ်။  အလှည့်ကျ ဒကာခံတဲ့သူ တယောက်ယောက်ကတော့ အမြဲ ရှိနေတာပါဘဲ..။ 

ညနေစောင်းတော့ အိမ်ပြန်ရောက်ပြီ။  စိုက်ထားတဲ့ သစ်ခွပင်ကလေးတွေရဲ့ အထွေထွေ ကျမ်းမာရေးကို ကြည့်တယ်။ နွယ်သာကီ၊ စက္ကူ၊ ဇလပ်ဖြူ၊ နှင်းဆီ ပန်းကလေးတွေရဲ့ အလှကို ခံစားတယ်။ သူတို့မျက်နှာ ရွှင်နေရင် ကိုယ်ပျော်တယ်၊ သူတို့ညှိုးနေရင် လိုမယ်ထင်တဲ့   မြေသြဇာကလေးတွေ   ဖြည့်ပေးတယ် ။   အနားက ပေါင်းမြက်လေးတွေ နည်းနည်း ရှင်းပေးတယ်။

 ညမိုးချူပ်ရင်တော့ တီဗီရှေ့ကို ရောက်တော့ တာပါဘဲ။  ဘောလုံးပွဲကြိုက်တဲ့ ကိုသကောင့်သား နဲ့၊ သိပ္မွံဆိုင်ရာ knowledge channel နဲ့  National Geographic ကြိုက်တဲ့ ကိုယ်နဲ့ အပေးအယူ ညှိနှိုင်းကြရတယ်။  ဘောလုံးပွဲစဉ်ကောင်းနေရင် ကိုယ်ကလျှော့၊  မကောင်းရင် သူကလျှော့ ပေါ့။  တခါတခါ fashion tv show နဲ့  ရုပ်ရှင်ကောင်းကောင်းတွေဆိုရင်လည်း ကိုယ်က ကြည့်ဖြစ်တယ်။  ရုပ်ရှင်နဲ့ documentary တွေမှာ မြန်မာဘာသာပြန်တွေပါတဲ့အတွက် ပိုနားလည်စေတယ်။ အဲဒီအတွက်   ကျေးဇူးတင်ပေမဲ့  မျက်စေ့ထဲမှာ ခိုးလိုးခုလု ဖြစ်တာတွေ မကြာခဏ ကြုံရတယ်။ အသုံးအနှုံး အမှန်မဟုတ်ဘဲ  dictionary ကို တိုက်ရိုက်ကြည့်ပြန်တာတွေ များနေတာ ကို တွေ့ရတယ်။  ဥပမာ -  saving ကို ငွေစုထားတယ်လို့ ပြောရမှာကို (ကယ်တင်ခြင်း) လို့ဘာသာပြန်တာ၊ stretcher ကို ထမ်းစင်လို့မပြန်ဘဲ  ( ဆွဲဆန့်တဲ့ပစ္စည်း) လို့ ဘာသာပြန် ထားတာမျိုးပေါ့။   အလားတူ အမှားတွေ အများကြီးပါဘဲ။ အကုန်မမှတ်မိတော့ဘူး။ မြန်မာလို ဘာသာပြန်ထားပုံကလည်း တခါတရံ အဓိပ္မါယ် မပေါ်တဲ့၊ ဘာကိုဆိုလိုမှန်း နားမလည် နိုင်လောက်တဲ့ စာကြောင်းတွေ ဖြစ်နေတတ်သေးတယ်။   တော်လွန်းလို့တော့ မဟုတ်ပေမဲ့ ကိုယ်တောင် ဒီလောက်မြင်သေးရင် ပိုသိတဲ့ သူတွေက ပိုမြင်ဦးမှာပါ။  ကိုယ်တိုင် အနည်းဆုံး spelling  တကြိမ်စစ်၊ နောက်ထပ် ကိုယ့်ထက် နားလည် တတ်ကျွမ်းသူတွေနဲ့ ထပ်စစ်ခဲ့မယ်ဆိုရင် တနိုင်ငံလုံးမြင်နေရတဲ့ အမှားတွေ နည်းသထက်နည်း သွားမှာပါ။ တနိုင်ငံလုံးကို   ပြန်ကြားပေးနေတဲ့  Professional ၀န်ထမ်း တွေကို တကယ်ဘဲ professional   ဖြစ်စေချင်လှပါတယ်။

ချစ်သော ဒီဇင်ဘာ

ခရစ်စမတ်နဲ့ နှစ်ကူးကို ချစ်ရတဲ့ အချက်တွေထဲမှာ သူငယ်ချင်း မိတ်ဆွေတွေကြားက အေးခဲစပြုနေတဲ့ ချစ်ခြင်းမေတ္တာ နှောင်ကြိုးတွေကို ပြန်လည် တင်းရစ်နိုင်တဲ့ အခွင့်အရေးတခု ပေးတဲ့အတွက်လည်း ပါပါတယ်။ သာမာန်အားဖြင့် ကိုယ်က သွက်လက်ချက်ချာပြီး ဖေါ်ရွေပြူငှာတတ်သူ မဟုတ်လို့ပါ။ များသောအားဖြင့် ခင်မင်မှုတွေကို ကိုယ့်ရင်ထဲမှာဘဲ တိတ်တိတ်လေး     သိမ်းထားတတ်သူပါ။ သူတို့ မွေးနေ့တွေကိုလည်း အမြဲတမ်း နောက်ကျပြီးမှ သတိရတတ်သူ။  သူငယ်ချင်းတွေဆီ အလ္လာပ သလ္လာပ အီးမေးလေးတွေ ပို့ပေးဖို့ တွန့်ဆုတ်နှောင့်နှေး တတ်သူပါ။  ငါ့ရဲ့ nonsense ကိုဖတ်ပြီး သူတို့များ အချိန်ကုန် အလုပ်ရှုပ်လေမလား.. အတွေးတွေ ၀င်နေတတ်သူပါ...။

ဒါပေမဲ့ ဒီဇင်ဘာ တတိယပါတ် နေ့ရက်တွေ ရောက်လာတဲ့ အခါမှာတော့  ”  Merry X'mas and Happy New Year"   နှုတ်ဆက်လွှာ လေးတွေ   ပို့လို့ ရင်ထဲက ခင်မင်ဆဲပါဆိုတဲ့ စကားလေးတွေ   ပးပို့နိုင်ခဲ့ပါတယ်။ သူငယ်ချင်း + မိတ်ဆွေ + ဆွေမျိုးအရင်းအချာ -  စုစုပေါင်း ၅၄ ယောက် တိတိ ပါ။ (ဖဘ နဲ့ ဘလော့က သူငယ်ချင်းတချို့တော့ ကျန်ခဲ့တယ်)    greeting123.com ရဲ့ အခမဲ့ အီးမေးလ်  greeting card ၀န်ဆောင်မှုကလေးကလည်း ချီးကျူးချင်စရာ။ သူငယ်ချင်းလေးတွေ    တော်တော်များများ  ဆီကလည်း ၀မ်းပန်းတသာ  ပြန်လည်နှုတ်ဆက်မှုနဲ့အတူ thank you greeting ကတ်လေးတွေ   ပြန်ရခဲ့တဲ့အတွက်    ကျေးဇူးတင်ပါတယ် ဒီဇင်ဘာ လကလေးရယ် - လို့   ပြောချင်ပါတယ်။  


ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁

မာယာပြက္ခဒိန်နဲ့ ဆက်စပ်ထားတဲ့ ကမ္ဘာပျက်နေ့အကြောင်းကို မယုံတ၀က် ယုံတ၀က် ဖြစ်ခဲ့ပါတယ်။ မယုံတာက များပေမဲ့ မဖြစ်ဘူးလဲ မပြောနိုင်တော့ အတွေးခေါင်ခေါင်နဲ့ ခဏခဏ   တွေးကြည့်မိ ပါတယ်။  သြော်- ကမ္ဘာများ တကယ်ပျက်ရင် ဘယ်လိုနေမလဲ၊ ခက်ရချည်ရဲ့ ပေါ့။   နေလုံးကြီး ကွယ်ပျောက်သွားလို့ အရာအားလုံး ရေခဲတုံးကြီးလို အေးခဲသွားမှာလား၊  ဖရဲသီးကြီး ရိုက်ခွဲလိုက်သလို အာကာသထဲကို အစိတ်စိတ်အမွှာမွှာ   ပြန့်ကျဲသွားမျာလား၊ တလောကလုံး မှောင်အတိ ကျသွားမှာလား၊ ချော်ရည်ပူတွေ မီးတောက်မီးလျှံတွေ ထွက်လာမှာလား၊ ငလျင်လှုပ်သလို သွက်သွက်ခါသွားမှာလားပေါ့။  နောက်ပြီး အဆုံးအစမဲ့ မည်းမှောင်တဲ့ စကြာင်္ဝဠာတွင်းနက်ကြီးထဲ လွင့်စင်ကျသွားမလားပေါ့။ တကယ်ဖြစ်ခဲ့မယ်ဆိုရင် အဲဒီတခဏလေးမှာ ကြောက်လန့်တဲ့ စိတ်တွေ အနည်းဆုံးနဲ့ တည်ငြိမ်နေချင်တာ။  ဘာသာတရားနဲ့ မကင်းကွာပေမဲ့ တအားကြီး   ပေါက်ရောက်နေသူ မဟုတ်တော့ တုန်လှုပ်မှာတော့ အမှန်ဘဲပေါ့။ အဲဒီအချိန်မှာ ကိုယ် အယုံကြည်ရဆုံး၊ အရင်းနှီးဆုံး သူတယောက်ကိုတော့ အနားမှာ ရှိစေချင်တယ်။ သူ့လက်ကိုသာ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားလို့ရရင် အဆိုးဆုံးတွေကိုလည်း ရင်ဆိုင်ဖို့ အင်အားရှိမယ် ထင်ပါရဲ့ လို့ တွေးမိတယ်။ အဲဒီလို တကယ်သာ ကမ္ဘာကြီးပျက်စီးသွားခဲ့မယ်ဆိုရင် သူများ ပိုင်တဲ့ အိမ်မြေကွက် ၊ လယ်ကွက်တွေကို အနိုင်ကျင့် နည်းမျိုးစုံနဲ့ သိမ်းထားတဲ့သူတွေ  အလကားဖြစ်ကုန်တော့မှာလို့လည်း မဆီမဆိုင် တွေးမိသေးရဲ့။  ဒါပေမဲ့ ၂၁ရက်နေ့က သာမာန်နေ့တနေ့လိုဘဲ ကုန်ဆုံးသွားခဲ့ပြန်ပါတယ်။

၂၀၁၂ စစ်တမ်း

၂၀၁၂ ဆိုတဲ့ နှစ်တနှစ်က ကိုယ့်အတွက် ဘယ်လိုကုန်သွားမှန်းမသိအောင် ကိစ္စများမြောင်လှပါရဲ့။ ကိုယ့်ဘလော့လေးမှာ အသစ် ရေးဖို့မဆိုထားနှင့်၊ မိတ်ဆွေတွေရဲ့ ပို့စ်အသစ်တွေ ဖတ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတော့တာပါ။   ကောင်းတာလေးတွေ တော်တော်များများ တော့ လုပ်ဖြစ်ခဲ့တယ် ထင်ပါရဲ့။ အဖွဲ့အစည်း တခုကို ကူညီပြီး  မြို့ခံလူငယ်ကလေးတွေ တော်တော်များများကို  ဘာသာရပ်   ခေါင်းစဉ်တခုအနေနဲ့ သင်တန်း ငါးကြိမ် ပေးဖြစ်တာ၊  ကိုယ့်ပညာရေးနယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် ရသော်ရှိ မရသော်ရှိ နိုင်ငံရပ်ခြား ပညာသင် အစီအစဉ်တခုကို   အောင်အောင်မြင်မြင် လျောက်ဖြစ်ခဲ့တာ၊  အဝေးက ကိုယ့်မိသားစုရဲ့ဗာဟီရတွေကို တတ်နိုင်သလောက် လုပ်ကိုင်ဖြေရှင်းပေးနိုင်ခဲ့တာတွေကတော့ အပေါင်းလက္ခဏာတွေပဲ ထင်ပါရဲ့။   နောက်ပြီး လူမှုရေး၊ နိုင်ငံရေး   ပြဿနာတွေကြောင့်   ဘေးဒုက္ခကြုံရသူ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် တွေအတွက် ၀န်ထမ်းမိသားစုအားလုံးနဲ့ စုပေါင်းပြီး   နှစ်ကြိမ်တိုင်တိုင် အလှူဒါနပြုနိုင်ခဲ့ပါတယ်။ အနုတ်လက္ခဏာ ကြီးကြီးမားမား ပြောပြစရာ မရှိပေမဲ့ (မမှတ်မိတာလည်း ဖြစ်နိုင်တယ် :-P )အသက်တနှစ်ကြီးသွားပြီး နေရမဲ့ ဘ၀သက်တမ်းထဲက တနှစ်လျော့သွားပြီ ဆိုတာကတော့ အသေအချာပါဘဲ။

သြော် မေ့တော့မလို့။  ဒီနှစ်ထဲမှာ ရေကူးလည်း သင်ဖြစ်ခဲ့တယ်။  ”ဘာကြီးမှ ဘာပေးသင်တယ်” ဆိုလား၊ ပြောရင်လည်း ခံရတော့ မှာပါဘဲ။  ကိုယ်ငယ်ငယ်က ရေကူးသင်ဖို့ အခွင့်အရေးမရခဲ့ဘူး။  အခုတော့ အချိန်အခါနဲ့ အခြေအနေ ပေးလာတုန်း အကောင်အထည်ဖေါ်လိုက်တာပါ။  ဆယ်ရက်အတတ်ဆိုပေမဲ့ ရေကြောက်တဲ့ ကျမက အတတ်နှေးပါတယ်။  ကန်ဘောင်မှာ    ခြေထောက်ပေါ်အောင်ခတ်ဖို့ သုံးရက်လောက် ကျင့်ရတယ်။  ကန်ဘောင်ရဲ့ အနံကို ခြေယက်ပြီး ကူးနိုင်အောင် နောက်ထပ် သုံးရက်လောက် ကူးရတယ်။  လက်လွှဲတတ်အောင် နောက်ထပ် သုံးလေးရက် သင်ရတယ်။  အသက်တအောင့်ဘဲကူးနိုင်သေးတယ်။ ရေထဲမှာ ခေါင်းစောင်းပြီး အသက်ရှူတာ ( breathing) မရသေးဘူး၊  ကိုယ်မဖေါ့တတ်သေးဘူး၊ ရေနက်ထဲမှာ မကူးတတ်သေးဘူး။  နောက်မှသင်တဲ့ ကလေးတွေ အရင်ရေကူးတတ်သွားကြတယ်။  ရှိစေတော့။  နွေပေါက်လာမှ ဆက်ပြီး လေ့ကျင့် ဦးမှာ။   အခုတော့ ရေကူးတဲ့ document တွေဖတ်၊ how to  ဗီဒီယိုတွေ   youtube မှာ တကြည့်ထဲ ကြည့်နေတုန်းပါ။ (အကြံကောင်း ဥာဏ်ကောင်းလေးများ ရှိရင်လည်း ပေးကြပါဦးနော်)။

ချင်းတောင် ဆီသို့

ငယ်ငယ်တုန်းက အော်အော်ကျက်ခဲ့တဲ့ “မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်မှာ ကချင်ပြည်နယ်မှ ခါကာဘိုရာဇီ တောင်ထိပ်ဖြစ်ပြီး အမြင့်ပေ ၁၉၂၉၆ ဖြစ်ပါသည်။  ဒုတိယအမြင့်ဆုံးမှာ ....................” ဆိုတာကလေး အမှတ်ရမိတယ်.....။  တက္ကသိုလ်တုန်းက ခြေလျှင်တောင်တက်အသင်း  ၀င်ပြီး တောင်တက်ဖို့ မိန်းထဲက ဘူမိဗေဒ ဌာနမှာ စာရင်းသွင်းခဲ့သေးတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို  နောက်ကြတယ် ”မစွံတောင်တက်” တဲ့..။ မုန်းစရာကောင်းလိုက်ပါဘိ။  အဲဒီနောက်က ...” မတက် လှေလှော်၊ မလှော် ရေကူး၊ မကူး လုပ်အားပေး၊ မပေး မိဘကူ” ဆိုတာတွေကျတော့ ဆက်မဆိုဘူး။  အဲဒီ တောင်တက်မဲ့ အစီအစဉ်က အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရတယ်။  ကိုယ်က  တောင်တက်ခြင်းနဲ့ အကျိုးမပေးခဲ့ဘူး ဆိုပါတော့။ အဲဒီနောက်ပိုင်း နှစ်အတော်ကြာတော့မှ တကူးတက တက်ဖြစ်တဲ့တောင်တွေကတော့ ငွေတောင် (မောင်တော)၊ ကျိုက်ထီးရိုး နဲ့  ပုပ္မါးတောင် တို့ဘဲ ဖြစ်ပါတယ်။ 

အခုတော့ အဖေါ်စပ်မိတာနဲ့   ချင်းပြည်တောင်ပိုင်းက ၀ိတိုရိယတောင်ထိပ် ( နတ်မတောင်) ကို တက်ဖို့ စီစဉ်နေကြပါပြီ။  ဒီဇင်ဘာ ၂၉-၃၁ မှာ တောင်ပေါ်ရောက်နေပါမယ်။ ဒီအချိန် အရမ်းအေးတယ် လို့ ပြောကြလို့ အနွေးဆုံး အ၀တ်အစားတွေ ထုပ်ပိုးနေမိတယ်။  အခုတော့ ခရီးစဉ်အတွက် အားလုံး စိတ်လှုပ်ရှားနေကြတယ်....  ပြန်လာရင်တော့ အတွေ့အကြုံနဲ့ ဓါတ်ပုံကလေးတွေ တင်နိုင်ကောင်းပါရဲ့..။

၂၀၁၃ အတွက် ဆုံးဖြတ်ချက်

၂၀၁၃ ဆိုတဲ့ နှစ်သစ်တနှစ်က မကြာခင် ရောက်လာတော့မှာ..။
တချို့သူတွေက  new year resolution တွေဘာတွေ ချတတ်ကြတယ်။ 
ကိုယ်ကတော့ အခုထိ ဘာ resolution ချရမှန်းမသိသေးပါ။ တွေးမိသလောက်တော့ ရေကူးခြင်းကို ကျွမ်းကျင်လာအောင် ဆက်သင်မယ်၊ နောက်ပြီး ဂီတ တခုခုတော့ သင်မယ် စိတ်ကူးတာပါဘဲ။  ဘာပဲဖြစ်ဖြစ် .... မင်းကို ကြိုဆိုပါတယ် ၂၀၁၃ ရေ.....   မြန်မာပြည်ကြီးအတွက်  ငြိမ်းချမ်းမှုတွေကိုလည်း မင်းနဲ့အတူ သယ်ဆောင် လာနိုင်ပါစေသား...။
သူငယ်ချင်းအားလုံးလည်း  ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေနော်...

မိုးစက်ပွင့်

(ပုံများအားလုံးကို ဒီက ရယူပါတယ်)

Thursday, 29 November 2012

မရဏလမ်းဆုံ




ရာနီဟာ စီရင်စုရှိ သူကြွယ် ဆာရဒစန်ကာ၏ နေအိမ်ရှိ ခယ်မဖြစ်သူ ကာဒမ်ဘီနီသည် တကောင်ကြွက် မုဆိုးမ  ဖြစ်၏။  ထိုအိမ်တွင် သူမခင်ပွန်းနှင့်တကွ နီးနီးစပ်စပ်ဆွေမျိုး သားချင်းများလည်း တယောက်ပြီး တယောက် ဆုံးပါးကုန်ကြပြီဖြစ်သည်။  ယခုအခါ တအိမ်လုံးတွင် ကာဒမ်ဘီနီ  အသည်းပေါက်မတတ် ချစ်ခင်တွယ်တာရသော တဦးတည်းပုဂ္ဂိုလ်မှာ  သူမခဲအိုကမွေးသော သားကလေး ဆာတစ်   ဖြစ်လေသည်။ ကလေးမိခင်မှာ မီးတွင်းထဲကပင် ကျန်းမာရေး မကောင်းသဖြင့် ဒေါ်လေး ကာဒမ်ဘီနီ ကပင် ဆာတစ်ကလေးကို မွေးစားမိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့ရသည်။  မိမိနှင့်  သွေးသား မတော်စပ်သော ကလေးငယ်ကယောက်ကို ပြုစုစောင့်ရှောက်ရသူ တဦးအနေနှင့် ကလေးထံမှ ချစ်ခြင်းမေတ္တာကလွဲ၍ ဘာတခုမှ ပြန်ရရန် မမျှော်လင့်ခဲ့ပါပေ။  ကလေးငယ်၏ “ဒေါ်ဒေါ်၊ ဒေါ်ဒေါ်” ဟူသော ချစ်စဖွယ်အသံ တစာစာတွင်သာ သူမ၏ ဘ၀င်နှလုံးချမ်းမြေ့ခဲ့ရပါပေသည်။ အတိတ်ကာလက ဆုံးရှူံးခဲ့ရသော  ချစ်ခြင်းမေတ္တာတရားတို့အတွက်  အလျော်အစားပြန်ရသော ရှားရှားပါးပါး ရတနာတုံး ရတနာခဲကလေးသဖွယ် ကလေးငယ်အား သဘောထားကာ နှစ်ဆတိုး၍ မြတ်နိုးခဲ့ရပါသည်။

တရက်တွင်တော့  ကာဒမ်ဘီနီတယောက် နှလုံးရပ်တန့်ကာ ရုတ်တရက်ဆုံးပါးသွားခဲ့သည်။  ချစ်ခြင်းမေတ္တာနှင့် ပါတ်သက်သော ခံစားချက်ဝေဒနာပြင်းပြင်း တို့ နှစ်ပေါင်းများစွာ ရိုက်ခတ်ခံခဲ့ရသော သူမရင်အုံသေးသေးလေးသည် နောက်ဆုံး မနိုင်ဝန်ကို လွှတ်ချကာ ထာဝရ ရပ်တံ့ အနားယူ သွားဟန်ရှိပေသည်။

အိမ်သူအိမ်သားများက ကာဒမ်ဘီနီ၏ ဈာပနာကို တခန်းတနား လုပ်မနေတော့ဘဲ ချက်ချင်းပင် ပြီးပြတ်စေသည်။ စီရင်စုနယ်နိမိတ်အတွင်းမှ  ဗြဟ္မဏနွယ်ဝင် လူလေးယောက်ကို  ဆင့်ခေါ်ပြီး မီးသဂြိုလ်မည့်ကိစ္စ အ၀၀ကို ဆောင်ရွက်စေခဲ့သည်။  ယင်းလူလေးယောက်က ကာဒမ်ဘီနီ၏ ခန္ဒာကိုယ်ကို ရွာနှင့် အတော်အတန်ဝေးသော သုဿာန်မြေသို့ သယ်ဆောင်သွားခဲ့ကြသည်။ သုဿန်မြေ တွင်  ညောင်ပင် အိုကြီးနှင့် တဲငယ်တလုံးရှိပြီး အနီးတ၀ိုက်တွင် ရေလုံးဝခမ်းခြောက်နေသော မြစ်တစင်း ရှိလေသည်။ မြစ်ကမ်းပါးတွင်း လက်ယက်တွင်းတခုရှိပြီး လူအများက ယင်း တွင်းမှထွက်သောရေ ကို မြစ်ရေချောင်းရေသဖွယ် သဘောထားကာ အသုဘအခမ်းအနား ပြုလုပ်လေ့ရှိကြသည်။

သဂြိုလ်ထင်းစောင့်ရင်း တဖြေးဖြေး အချိန်ကုန်မှန်းမသိကုန်ကာ သုဿာန်မြေတွင် အမှောင်ရိပ်လွှမ်းလာသည်။ အလောင်းကို တဲငယ်အတွင်းချကာ ထင်းများကို စောင့်ဆိုင်းရသည်မှာ ကာယကံရှင် လေးယောက် အတွက် ငြီးငွေ့ဖွယ်ရာ ဖြစ်သည်။  မစောင့်နိုင်တော့သည့် အဆုံး လူနှစ်ယောက်က မိမိတို့ဘာသာ ထင်းပြန်ယူမည်ဟုဆိုကာ ရွာဘက်သို့ ပြန်သွားသဖြင့် ဘီဒူး နှင့် ဘာနာနာလီ   နှစ်ယောက်တည်းသာ အလောင်းစောင့်ရန် ကျန်ခဲ့သည်။   ကောင်းကင်တွင် တိမ်ညိုတိမ်မည်းတို့ ယှက်သန်းနေသလို ကြယ်တာရာ တလုံးတလေမှလည်း ရှိမနေခဲ့ပါပေ။ သူတို့တွင် မီးခြစ်နှင့်မီးအိမ် အတူ ပါလာသော်လည်း မီးခြစ်က စိုထိုင်းနေသည့်အတွက် မီးမကူးချေ။ အတန်ကြာ ငြိမ်သက်နေပြီးမှ ဘီဒူးက “နောင်ကြီးရေ၊ ကျူပ်တို့ ဆေးရွက်ကြီး တစ်ဆုံလောက်ယူခဲ့ရ ကောင်းသား၊ အလျင်လိုနေလို့ ပါမလာခဲ့ဘူး” ဟုဆိုလေရာ ဘာနာနာလီ က “ဒါဆို ကျူပ် တခေါက်လောက် ရွာပြန်ပြီး ပြေးယူလိုက်မယ်လေ” ဟု အကြံပြုသည်။ သရဲခြောက်သည်ဟု နာမည်ကြီးလှသည့် သုဿာန်မြေမှ ကိုယ်လွတ်ရုန်းထွက်လိုသော ဘာနာနာလီ၏ အကြံကို ရိပ်မိသည့် ဘီဒူးက “ဟာ- ဒါဆိုရင် ကျူပ်တယောက်တည်း အလောင်းစောင့်နေရတော့မှာပေါ့” ဟု ကန့်ကွက်လိုက်သဖြင့်  ခေတ္တငြိမ်သက်သွားကြပြန်သည်။ တစုံတခုကို စောင့်ဆိုင်းရချိန်တွင် ငါးမိနစ်ကိုပင် တနာရီလောက် ထင်ရပေရာ ထင်းရှာသွားသူနှစ်ဦးကို စိတ်ထဲမှ ကျိန်ဆဲနေကြသည်။  လမ်းကြုံဝင်ပြီး အတင်းအဖျင်း စကားဝိုင်းတခုခုမှာ သဝေထိုးပြီး စကားဖောင်ဖွဲ့ နေကြရော့သည်ဟု အထင်ရောက်ပြီး စိတ်ဆိုးမိကြသည်။ ထိုအခိုက်မှာပင် အလောင်းကောင်ဆီက သက်ပြင်းချသံတချက်ကြားလိုက်သလိုလို ထင်မိလိုက်သည်။ တဆက်တည်းမှာပင်  “အင်၊ဟင်၊ဟင်” ညည်းတွားသံနှင့် အလောင်းကောင်ကြီးသည် သူ့ခန္ဒာကိုယ်ကို တဖက်စောင်းလိုက်သလို လှုပ်ရှားမှုကိုပါ  မြင်လိုက်ရသော အခါ နှစ်ယောက်သား မတိုင်ပင်ဘဲ တဲပေါ်မှ ရုတ်ကနဲပြိုင်တူခုန်ချပြီး ရွာဖက်ဆီသို့ သုတ်ခြေတင် ပြေးကြလေသည်။ အတော်ကြာကြာ ပြေးပြီးသောအခါမှ မီးအိမ်များကိုဆွဲပြီးပြန်လာသော အဖေါ်နှစ်ယောက်နှင့် ဆုံမိကြသည်။ သူတို့၏ သွေးပျက်ဖွယ် ဖြစ်ပုံပျက်ပုံများကို အမောတကော ရှင်းပြသော်လည်း ယုံကြည်ဟန်မပြဘဲ မစဉ်းမစား ကိုယ်လွတ်ရုန်းပြေးလာရမလားဟု ဆဲဆိုကြိမ်းမောင်း ခံရသည်သာအဖတ်တင်သည်။ နောက်ဆုံး လေးဦးသား သုဿာန်တဲသို့ပြန်ရောက်သောအခါ အသုဘစင်ပေါ်တွင် တင်ထားသည့် အလောင်းကောင်ကြီးကို မမြင်ရတော့ချေ။  တယောက်မျက်နှာ တယောက်ကြည့်ပြီး  ခွေးအများ ၀င်ဆွဲ သွားလေသလား ဟု မေးခွန်း ထုတ်ကြသည်။ သို့ရာတွင်   ခြေရာလက်ရာလည်း မပျက်ချေ။ တဲနံဘေးရှိ ရွှံ့စေးမြေတွင်တော့ လတ်လတ်ဆတ်တတ် အမျိုးသမီးခြေရာများကို တွေ့ရလေသည်။  ခက်ချေပြီ။  သူတို့၏ အသုဘရှင်ကို ပြန်ပြောပြလျှင်လည်း အဆိုပါ သရဲပုံပြင်ကို ယုံကြည်မည့်ပုံမရှိပေ။ သူတို့တွင် သက်သေခိုင်ခိုင်မာမာ မရှိ။ နောက်ဆုံးတော့ သဂြိုင်္လ်ခြင်းကိစ္စ ပြီးခဲ့ပြီဟု ပြောလိုက်ခြင်းသာ အကောင်းဆုံးဟု အားလုံးက သဘောတူကြသည်။ တကယ်တော့ သူတို့စကားကို မည်သူမှ ထွေထွေထူးထူး မေးခွန်းထုတ်နေမည် မဟုတ်ပေ။ မျက်နှာမွဲ အလောင်းတလောင်းအတွက်  မည်သူတဦးတယောက်မှ တန်ဖိုးထား အရေးတယူလုပ်ကာ စစ်ဆေးမေးမြန်း နေမည် မဟုတ်သည်ကို သူတို့အားလုံး သေချာပေါက် သိထားလေသည်။
--------------------------
(၂)
ဘ၀ဆိုသည်မှာ  လျို့ဝှက်နက်နဲလှသည်။ ကာဒမ်ဘီနီတယောက်  တကယ်တော့ မသေပါ။  သူမ၏ ရှင်သန်မှု ဘ၀ယန္တရားကြီးက အကြောင်းတစုံတရာကြောင့် ခေတ္တရပ်ဆိုင်းသွားခြင်းသာ ဖြစ်ပါသည်။
   သတိပြန်လည်လာချိန်တွင် သူမပါတ်ဝန်းကျင်တခုလုံး ပိန်းပိတ်အောင်   မှောင်နေသည်။  သူမ ကျောအောက်ကအိပ်ယာကလည်း အိပ်နေကျနေရာမဟုတ်သည်ကို သတိထားမိပေရာ “အစ်မရေ” ဟု ခေါ်ကြည့်လိုက်သော်လည်း မည်သူတဥိးတယောက်မှ ပြန်မထူးချေ။ ကြောက်ကြောက်လန့်လန့်ဖြင့် ထထိုင်မိသည်။ ရင်ဘတ်ထဲကနာနေပြီး လည်ချောင်းဝက တစ်ဆို့နေသည်။ နောက်တော့ သူမ တဖြေးဖြေး ပြန်မှတ်မိလာသည်။ ယောင်းမကြီးက ကလေးအတွက် နို့အိုးတည်နေပုံ၊ သူမ သတိလစ်ချင်သလိုဖြစ်ပြီး ကုတင်ပေါ်လဲကျသွားပုံ၊ “အစ်မ၊ ကလေးကို ခေါ်ပေးပါ၊ ကျမ ဘာဖြစ်မှန်း မသိဘူး”ဟု ပြောလိုက်မိပုံ၊ နောက်ဆုံး စာရွက်ဖြူပေါ်ကို မှင်အိုးမှောက်သွားသလို အာရုံထဲမှာ   မှောင်အတိကျသွားပုံတို့ကို တကွက်ချင်း ပြန်မြင်လာသည်။ သို့ရာတွင် ကလေးငယ်၏   နောက်ဆုံးခွဲခွာခြင်း လက်တောင်ဖြစ်သော “ဒေါ်ဒေါ်၊ ဒေါ်ဒေါ်ရေ”ဟု တီတီတာတာ   ခေါ်သံ နှုတ်ဆက်သံ   တို့ကိုမူ မကြားနိုင် တော့ချေ။

အေးမြစိုစွတ်သောလေက တချက်ဝှေ့လာပြီး  ဖားသူငယ်တို့၏ တကွပ်ကွပ် အော်သံ၊ လျှပ်စီးတလက်တွင်မြင်ရသော ညောင်ပင် ကွင်းပြင်ကျယ် နှင့် အဝေးက သစ်ပင်အုပ်များကို   မြင်ရလေသော် သူမနှင့် ကမ္ဘာမြေကြီးတို့ ဘယ်လောက် ဆက်စပ်နေသလဲဆိုတာ ခံစားမိသည်။ သူမ ငယ်စဉ်က ဒီသုဿာန်မြေမှာ မီးသဂြိုလ်အံ့ဆဲဆဲ အလောင်းတွေကို မြင်ရစဉ်က ဘယ်လောက်    ကြောက်စရာ ကောင်းလိုက်သလဲဆိုတာ သတိရမိသည်။

ပထမဆုံးအတွေးကတော့ အိမ်ပြန်ရန်ဖြစ်သည်။  သို့သော် “ ငါက သေခဲ့ပြီဘဲ၊ ဘယ်လိုလုပ် အိမ်ပြန်လို့ရတော့မလဲ”  ဟု အတွေးပေါ်လာသည်။  သူမကို မြင်လိုက်ရလျှင် သူတို့အားလုံး အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ကြမှာ အမှန်ပင်။ အတွေး ပေါ်လာသည်နှင့် တပြိုင်နက် သူမကိုယ်သူမ သက်ရှိလောကနှင့် နှောင်ကြိုးအားလုံး ပြတ်သွားသလို ခံစားနေရသည်။  သူမသည် လွပ်လပ်သော သတ္တ၀ါတကောင်လို သွားချင်ရာသွား၊ နေချင်သလို ရူးသွပ်စွာ နေလို့ရပေပြီ။ အတွေးသစ်ဖြင့် ထူးထူးခြားခြား အားအင်တွေ ပြည့်ဖြိုးလာပြီး သုဿာန်တဲပေါ်မှ   လေအဟုန်လို ပြေးဆင်းလာခဲ့သည်။  အခုတော့ သူမမှာ ရှက်ရွံ့မှု၊ စိုးကြောက်မှုတွေ အလျင်းမရှိတော့ပြီ။

ခြေဦးတည့်ရာ မနားတမ်းလျှောက်သွားနေရင်း ကိုယ့်ခြေကိုပင် ကိုယ်မသယ်ချင်လောက်အောင် ပင်ပန်းလာတော့မှ အဆုံးအစမဲ့ လယ်ကွင်းပြင်ထဲမှ ဒူးလောက်ရှိသော ရေထဲတွင် ရပ်နေသည်ကို သတိထားမိတော့သည်။ အာရုဏ်ကျင်းခဲ့ပြီမို့ ဟိုးအဝေး အိမ်တန်းများဆီမှ ပျံသန်းလာသော ငှက်တကောင်စ နှစ်ကောင်စကို မြင်တွေ့နေရပေပြီ။ ဒီကမ္ဘာမြေက သက်ရှိလူသားတွေနှင့် ဘယ်လို ဘယ်ပုံ ဆက်စပ်ရပါ့မလဲ ဆိုသည့်အတွေးများနှင့် သူမရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုများ   ပြည့်နှက်လာသည်။ လူသားနှင့် ၀ိဥာဉ်လောကသားတို့ တယောက်နှင့်တယောက် စိုးကြောက်ကြသည်မှာ မဆန်းလှချေ။ တကယ်တော့ အုပ်စုနှစ်စုသည် သေဆုံးခြင်း မြစ်တစင်း၏ ဟိုဖက်ကမ်း ဒီဖက်ကမ်းမှာ တကွဲစီနေထိုင်ကြသူတွေ မဟုတ်ပါလား။
-----------------------
(၃)
သူမ အ၀တ်အစားများက ရွှံ့အလိမ်းလိမ်း ကပ်နေသည်။ ညလုံးပေါက် လမ်းလျှောက်ထားသဖြင့် ယိမ်းယိုင်နေသော ခြေအစုံနှင့် အတွေးဆန်းဆန်း မျက်နှာတို့ကြောင့် အရူးမအသွင်ဖြစ်နေသည်။ ရွာသားများက သူမကို ထိတ်လန့်နိုင်သည်၊ ကလေးများက ခဲများနှင့်ပေါက်ထုတ်နိုင်သေးသည်။  ကံကောင်းထောက်မစွာ သူမနှင့် ပထမဆုံး တွေ့ဆုံရသူက သနားကြင်နာတတ်သော ခရီးသွားတဦး   ဖြစ်သည်။  “ အို အမေ၊ ရည်ရည်မွန်မွန် အသွင်အပြင် ရှိပါလျက်နဲ့ ဒီလိုပုံစံနဲ့ ဘယ်ခရီးကို တယောက်တည်း သွားမလို့ပါလဲ” ဟု မေးရာ ကာဒမ်ဘီနီ မည်ကဲ့သို့ဖြေရမည် မသိ။  သူမကို သက်ရှိလူတွေက ဆက်ဆံကြသေးပါလား၊ သူမ ရုပ်သွင်က ရည်ရည်မွန်မွန် ရှိနေသေးသလား ဆိုသည့် အတွေးများ ခေါင်းထဲတွင် ချာချာလည်နေသည်။  “ ပြောပါအမေ၊ ဘယ်မှာနေပါသလဲ၊ ကျွန်တော် ဘယ်ကို လိုက်ပို့ရပါမလဲ” ဟု သူက ထပ်မေးလာသည်။

သူမ တွေးသည်။ သူစိမ်းပြင်ပြင်တို့နေထိုင်ရာ ယောက္ခမအိမ်ကိုလည်း မပြန်ချင်။ ကာလကတ္တားမှာနေသော ငယ်သူငယ်ချင်း ဂျောမယာ ကို သတိရမိသည်။ မတွေ့ရတာ ကြာပြီဖြစ်သော်လည်း မကြာသေးခင်ကအထိ ရံဖန်ရံခါ စာအဆက်အသွယ် ရှိကြသည်။ “ ဆရီပတီ ( ဂျောမယာ၏ခင်ပွန်း) ရဲ့အိမ်ကို သွားမှာပါ”  ။ လမ်းကလည်းကြုံသဖြင့် လူငယ်က ကူညီ ပို့ဆောင်ပေးသည်။  သူမတို့ သူငယ်ချင်းနှစ်ဦး တွေ့တွေ့ချင်း မမှတ်မိကြသော်လည်း တဖြေးဖြေး ငယ်ရုပ်များ ဖမ်းမိလာကြသည်။ “ကံကောင်းလိုက်တာ အေရယ်၊ ငါဖြင့် ညည်းနဲ့ တခါပြန်ဆုံမယ်လို့ ဘယ်တုံးကမှ အိမ်မက်တောင်မမက်မိဘူး၊ နို့- ယောက္ခမအိမ်ကရော တားသေးလား”  ဟု ၀မ်းသာအားရ မေးသော်လည်း ကာဒမ်ဘီနီက ဆိတ်ဆိတ်နေလျက်။ နောက်ဆုံးတော့ “ ယောက္ခမအကြောင်း မမေးပါနဲ့ သူငယ်ချင်းရယ်၊ ငါ့ကို ဒီမှာ နေစရာလေးတနေရာ ပေးပါ၊ အိမ်အလုပ်မှန်သမျှ အစေခံလို လုပ်ပါ့မယ်” ဟု ပြောလေသည်။  “ဘာပြောတယ်၊ ငါ့အချစ်ဆုံး သူငယ်ချင်းကို ငါကအစေခံလို ထားရမယ်ဟုတ်စ၊ ပြောမှပြောတတ်ပလေအေ….” စသဖြင့် မကျေမချမ်းပြောစဉ်မှာပင် ဂျောမယာ၏ ခင်ပွန်း ဆရီပတီ ပြန်ရောက်လာသည်။  ကာဒမ်ဘီနီက ဆရီပတီအား ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်ခြင်း၊ အရိုအသေပြုခြင်း မလုပ်ဘဲ ထွက်သွားသည့် အတွက် ဂျောမယာက မိမိအခင်ဆုံးသူငယ်ချင်းဖြစ်ကြောင်း ခင်ပွန်းကျေနပ်အောင် ဖာဖာထေးထေး   ပြောရှာသည်။ ဆရီပတီကမူ ဂျောမယာ ပြီးလျှင်ပြီးသည်မို့ ယင်းကိစ္စအား စိတ်ထဲတွင် မည်သို့မျှ အလေးအနက်မရှိချေ။
ကာဒမ်ဘီနီသည် ဂျောမယာထံ လာမည့်သာလာရသည်၊ သူမနှင့် စိမ်းနေသလို ခံစားနေရသည်။  “သူ့မှာ တွယ်တာရမဲ့ ခင်ပွန်းနဲ့၊ ဆက်ဆံရမဲ့ လူ့အသိုင်းအ၀ိုင်းနဲ့ ၊ ငါကတော့ ဗလာထီးထီး အရိပ်တခုဘဲ၊ ဘ၀ခြင်းက ခြားနေပြီ” ဟု အမြဲအတွေးဝင်သည်။  ဂျောမယာကိုယ်တိုင်ကလည်း တစုံတခုကို တိတိကျကျ ပြောမပြတတ်သော်လည်း ကာဒမ်ဘီနီနှင့် ဆက်ဆံရသည်မှာ စိတ်မသက်မသာ ဖြစ်မိသည်။ ကာဒမ်ဘီနီတွင် လျို့ဝှက်ချက်တခုခု၊ စိတ်ပင်ပန်းစရာတခုခု ရှိမည်ဟုလည်း ထင်သည်။  ကာဒမ်ဘီနီ တယောက် အတွေးဆန်းများတွင် နစ်မာနေလေလေ ဂျောမယာ တွင် စိတ်ဖိစီးမှု ပိုလေလေဖြစ်သည်။

သရဲတစ္ဆေကြောက်သူသည် မိမိနောက်ကျောကို အမြဲမလုံမလဲ ဖြစ်နေတတ် သည်။  ကာဒမ်ဘီနီကမူ မိမိကိုယ်တိုင်ကို ကိုယ်ပြန်ကြောက်နေရသလိုပင်။ ညကြီးမင်းကြီး လန့်ဖျပ်အော်ဟစ်မိသည်က အကြိမ်ကြိမ်၊ ညနေစောင်း အချိန်များတွင်လည်း မီးအိမ်မှ တစောင်းကျနေသော ကိုယ့်အရိပ်ကို ကိုယ်ပြန်လန့်ကာ တုန်လှုပ်ခြောက်ချားနေတတ်သည်။  တဖြေးဖြေး သူမ၏ စိုးရွံ့စိတ်များက   ဂျောမယာနှင့် အိမ်စေများအား ကူးစက်လာခဲ့သည်။  တညတွင် ကာဒမ်ဘီနီက သူမ အခန်းထဲ  အထိ လာရောက်၍ ကြောက်လန့်တကြား ငိုကြွေးသောအခါတွင်မူ ဂျောမယာ၏ စိုးရိမ်စိတ်များသည်   ဒေါသအသွင်သို့ ပြောင်းလဲလာလေသည်။

ပထမဆုံး အပြစ်တင်ခံရသူမှာ သူမ၏ခင်ပွန်း ဆရီပတီ ဖြစ်သည်။ “ဒီမှာ ရှင် ဘယ်လိုလူလဲ၊   ယောက္ခမအိမ်က ထွက်ပြေးလာတဲ့ မိန်းမတယောက်က ကိုယ့်အိမ်မှာ တလလောက်နေ   နေတာတောင် ပြန်ဖို့အကြောင်း တစက်ကလေးမှ အရိပ်အမြွက်မှ မဟဘူး။ ရှင်တို့ ယောကျာ်းတွေက ဒီလိုဘဲ သာယာနေတာလား၊ ပြောစမ်းပါဦး” ဟူ၍။ ဆရီပတီက အမျိုးမျိုးကြိမ်တွယ်၍ သူ၏ ကာဒမ်ဘီနီအပေါ်ထားသော စေတနာမှာ သူမရုပ်ရည်ကြောင့် မဟုတ်ဘဲ သနားစရာကောင်း ၍ဖြစ်ကြောင်း ဖြေရှင်းသည်။ သို့သော် ဂျောမယာက အလျှော့မပေးသဖြင့် နောက်ဆုံးတွင် ကာဒမ်ဘီနီ၏ ယောက္ခမအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်သတင်းပေးပါမည်ဟု ကတိပေး လိုက်လေသည်။

ဆရီပတီ ထွက်သွားပြီးနောက် ဂျောမယာက ကာဒမ်ဘီနီအား အောက်ပါအတိုင်း ပြော၏။ “ သူငယ်ချင်း၊ ညည်းဒီမှာ ရေရှည်နေလို့ လူတွေအမြင်မှာ သင့်တော်ပါ့မလား မဆိုနိုင်ဘူး” ။  ကာဒမ်ဘီနီက သူမကို စိတ်မသက်မသာကြည့်ရင်း “လူတွေမြင်တာ မမြင်တာ ငါနဲ့ ဘာဆိုင်သလဲ”ဟု ပြန်ပြောသည်။  “မဟုတ်ဘူးလေ၊ ညည်းက ဂရုမစိုက်ပေမဲ့ ငါတို့အနေနဲ့ကျတော့ သူများတွေကို ဂရုစိုက်ရမှာပေါ့၊ တကယ်ဆို တခြားအိမ်ကပိုင်တဲ့ မိန်းမတယောက်ကို ကိုယ့်အိမ်မှာ ခေါ်ထားတာကို ငါတို့က ဘယ်လို ဖြေရှင်းရမလဲ”
“ ငါ့မှာ ယောက္ခမအိမ်ဆိုတာ ရှိလို့လား”
(လုပ်ထားဟဲ့၊ ဒီ မိန်းမစုတ် ဘာတွေ ဆက်ပြောဦးမလဲမသိဘူး) ဟု ဂျောမယာက စိတ်ထဲက တွေးလေသည်။
ကာဒမ်ဘီနီက “ငါကရော ညည်းနဲ့ ဘယ်လိုပါတ်သက်ရမလဲ၊ ဒီကမ္ဘာပေါ်မှာ ကာဒမ်ဘီနီဆိုတဲ့ ငါ ရှိသေးရဲ့လား၊ ညည်းတို့က ရယ်တတ် ငိုတတ် ချစ်တတ် ပိုင်ဆိုင်တတ်တဲ့ လူသားတွေလေ၊ ငါက အရိပ်တခုပါဘဲ။ ဘုရားသခင်က ဘာကြောင့် ငါ့ကို လူ့လောကမှာ ဆက်ထားနေရသလဲ မဆိုနိုင်ဘူး” ဟု ဆက်ပြောလေရာ ဂျောမယာသည် မည်သို့မျှ နားမလည်နိုင်တော့ဘဲ စိတ်ကို ချိုးနှိမ်၍ အဝေးသို့ ထွက်လာခဲ့တော့သည်။
---------------------------------
(၄)
ဆရီပတိ ပြန်ရောက်လာချိန်တွင် ည ဆယ်နာရီခန့်ရှိပေပြီ။ မိုးက သည်းသည်းမည်းမည်း ရွာလျက်။  ဆရီပတိက ရေစိုအ၀တ်များ လဲလှယ်နေစဉ်တွင် ဂျောမယာက မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။  
“ ကဲ-ဘာတွေများ ကြားခဲ့သတုန်းရှင့်”
“ ငါပြောချင်တာကတော့ မင်းသိပ်မှားနေပြီ ဆိုတာဘဲ” သူ့စကားက ဂျောမယာကို ဒေါပွသွားစေသည်။  ဘယ်အမျိုးသမီးမှ ဒီလိုမျိုးဝေဖန်တာကို ကြိုက်မည်မဟုတ်ချေ။ “ဘာပြောလိုက်တယ်”   ဆရီပတီက “ အိမ်မှာ မင်းခေါ်ထားတဲ့ မိန်းမက မင်းရဲ့သူငယ်ချင်း ကာဒမ်ဘီနီ မဟုတ်ဘူး” သူ့စကားက ပိုလို့ ဒေါပွစရာ။  နောက်ဆုံး ဆရီပတီက ကာဒမ်ဘီနီ၏ အသုဘသတင်းကို ဂျောမယာ လက်ခံလာအောင် အကြိမ်ကြိမ်ရှင်းပြသည်။ သူ့ဇနီးက သူ့စကားကို မယုံခြင်းအတွက်လည်း နာကျည်းသည်။ တဖြေးဖြေး သူတို့အချင်းချင်း အငြင်းပွားသည့် အသံများက  တစစ ကျယ်သထက်ကျယ်လာသည်။ တဖက်ခန်းတွင် ကာဒမ်ဘီနီ အိပ်စက်လျက် ရှိသည်ကို မေ့လျော့နေကြသည်။ ည တနာရီပင် ရှိပေပြီ။

သူတို့၏ အခန်းတံခါး ရုတ်တရက်ပွင့်သွားပြီး ကာဒမ်ဘီနီ ပေါ်လာသည်။ “ဒီမှာ သူငယ်ချင်း၊ ငါဟာ မင်းရဲ့ ငယ်သူငယ်ချင်း ကာဒမ်ဘီနီ အစစ်ပါဘဲ၊ ဒါပေမဲ့ ငါဟာ သေပြီးသားလူပါ” ကြားလျှင်ကြားချင်း ဂျောမယာ က ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။ ကာဒမ်ဘီနီက ဆက်၍ “ငါ့မှာ လူရှင်တွေကြားမှာလည်း နေစရာမရှိဘူး၊ ၀ိဥာဉ်တွေကြားမှာလည်း နေစရာမရှိဘူး၊ အို - ငါဘယ်ကို သွားရမှာလဲ” ကာဒမ်ဘီနီသည် မေ့မြောနေသော သူငယ်ချင်းနှင့် မှောင်မည်းသောအိမ်ကို စွန့်ခွာပြီး ကိုယ်ပိုင်နေရာတခု ရှာဖွေရန် ထွက်လာခဲ့တော့သည်။
---------------------------
(၅)
ကာဒမ်ဘီနီ တယောက် နေရင်းဒေသကို မည်သို့မည်ပုံ ပြန်လာခဲ့မှန်း ပြောဖို့မလွယ်ချေ။ စစချင်း သူမသည် တဦးတယောက်ကိုမျှ အတွေ့မခံ။ တနေကုန် ဘုရားကျောင်းပျက်ထဲတွင် နေရင်း ဗိုက်ဟောင်းလောင်း ဖြစ်နေသည်။ ညနေစောင်းတွင် မိုးမှောင်ကြီးကျလာသဖြင့် လူတွေက မိုးသက်မုန်တိုင်းကြောက်ပြီး အိမ်ထဲဝင်နေကြသောအခါမှ သူမက အပြင် ထွက်လာလေသည်။ ယောက္ခမအိမ်ရှေ့ရောက်သောအခါ စိတ်အလွန် လှုပ်ရှား မိလေသည်။  ခြုံပုဝါကို မျက်နှာပေါ် အုပ်မိအောင် ဖုံးထားသဖြင့် ခြံစောင့်များက သူမကို အိမ်စေများထဲမှ တဦးဟုထင်ကာ မတားဆီးခဲ့ကြပါ။ ထိုအချိန်တွင် မိုးရောလေပါ သည်းထန်လျက်ရှိသည်။

အိမ်ကြီးရှင်မ သည် မုဆိုးမဖြစ်သူ ညီမနှင့် ဖဲကစားလျက်ရှိပြီး အိမ်စေက မီးဖိုချောင်ထဲတွင် ရှိနေသည်။ ကလေးငယ်က အိပ်ခန်းထဲတွင် ဖျားနာ လျက်ရှိသည်။ တဦးတယောက်မှ မရိပ်မိခင် ကာဒမ်ဘီနီသည် ကလေး အခန်းထဲ ၀င်သွားလေသည်။  သူမ ဘာလုပ်နေသည်ကို သူမကိုယ်တိုင် တိတိကျကျ မသိဘဲ ကလေးကို မြင်ချင် တွေ့ချင်စိတ် တခုသာရှိသည်။ အခန်းထဲတွင် ပိန်လှီ ချူံးကျနေသောကလေးငယ်က အိပ်ပျော်လျက်။ ဂရုဏာစိတ်တို့ ရင်မှာ တလိပ်လိပ်တက်လာပြီး “ ငါမရှိတော့ ဒီကလေးကို ဘယ်သူစောင့်ရှောက်ပါ့မလဲ၊ သူ့အမေက အဖေါ်မက်၊ အတင်းပြော၊ ဖဲရိုက်တာလောက်သာ စိတ်ဝင်စားတော့ ငါ့လို ဒုက္ခခံပြီး ပြုစုမှာမဟုတ်ဘူး” ဟု တွေးမိလေသည်။

ကလေးငယ်က အိပ်တ၀က်နိုးတ၀က်ဖြင့် တဖက်သို့ စောင်းလှည့်ပြီး “ဒေါ်ဒေါ်၊ ဒေါ်ဒေါ် ရေပေးပါ” ဟု ဆိုလေသည်။  ကလေးငယ်က သူမကို မမေ့သေးပါကလား။  အနီးမှ ရေကိုယူပြီး ကလေးကို   ထွေးပွေ့ရင်း ရေတိုက်လိုက်သည်။  သူမက ကလေးကို တချက်နမ်းရှူံ့လိုက်ပြီး ပြန်အိပ်ပျော်အောင် လှုပ်သိပ်လိုက်သည်။  သို့သော် ကလေးငယ်က နိုးလာပြီး သူမကို   မြင်သောအခါ   ပြန်ဖက်ထား လိုက်သည်။ 
 “ ဒေါ်ဒေါ်၊ ဒေါ်ဒေါ်က သေသွားပြီဆို” ဟု မေးသည်။ 
“ ဟုတ်တယ်၊ ကလေးရဲ့”
“ဒါဆို အခု ပြန်လာတာလား၊ နောက်ထပ် မသေတော့ဘူးပေါ့” ဟု မေးပြန်သည်။ 
သူမ မဖြေနိုင်ခင်မှာပင် အိမ်စေက ကလေးအတွက် သာကူခွက်ကို ကိုင်ကာ အခန်းတွင်း ၀င်လာသည်။ သူမသည် အထိတ်တလန့်ဖြစ်ပြီး နို့ခွက် ကျကွဲသွားလေရာ ဆူညံသံကြောင့် အိမ်ကြီးရှင်မ ၀င်လာလေသည်။ ကာဒမ်ဘီနီကို မြင်သည်တွင် မလှုပ်မယှက်နိုင်တော့ပဲ နေရာတွင်ပင် ကြက်သေသေနေသည်။  အဖြစ်အပျက်များကြောင့် ကလေးငယ်ကလည်း လန့်ငိုလေသည်။
 “ ဒေါ်ဒေါ်၊ သွားပါတော့၊ ထွက်သွားတော့” ဟု ကလေးက ဆိုလေသည်။

ယခုအခါ သူမ မသေသေးဆိုသည်ကို ကာဒမ်ဘီနီ ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီ ဖြစ်သည်။ အရင်ကအခန်း၊ အရင်က ပစ္စည်းများ၊ သူမ၏ ကလေး၊ သူ့အပေါ် ထားသည့်ချစ်ခြင်းမေတ္တာ၊ စသဖြင့် ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။  ဂျောမယာနှင့်တုန်းက ငယ်ဘ၀ ခံစားချက်တို့   သေဆုံးသလိုဖြစ်နေခဲ့သော်လည်း ကလေး၏ “ဒေါ်ဒေါ်” ဟူသော ခေါ်သံက သူမကို လှုပ်နှိုးလိုက်သလိုပင်။ “ အစ်မ၊ ကျမကို ဘာလို့ ကြောက်နေတာလဲ၊ ကျမက အစ်မသိခဲ့တဲ့ အရင် ကာဒမ်ဘီနီပါဘဲ” ဟု အိမ်ကြီးရှင်မကို ပြောလိုက်သောအခါ သူမသည် တင်းမခံနိုင်တော့ပဲ   မေ့မြောလဲကျသွားလေသည်။ ထိုအချိန်တွင် သူမခဲအို ဆာရဒစန်ကာ ရောက်လာသည်။ သူက လက်ပိုက်ပြီး “ ဆာတစ်က ငါ့ရဲ့ တဦးတည်းသော သားပဲ။ နင် ငါတို့ကို ဆွေမျိုးလိုသဘောထားရင် ဘာကြောင့် သူ့ရှေ့မှာ ကိုယ်ထင်ပြရတာလဲ၊ နင်မရှိကတည်းက ကလေးက တပိန်ပိန် တလိန်လိန်နဲ့   ဒေါ်ဒေါ်၊ ဒေါ်ဒေါ် နဲ့ ကယောင်ကတမ်းခေါ်ပြီး ဖျားနေတာ၊ တကယ်ဆို နင်ငါတို့နဲ့ ဘ၀ခြားနေပြီပဲ၊ သံယောဇဉ်ဖြတ်ပါတော့၊ ငါတို့ ကုသိုလ်ပြု အမျှအတန်းဝေ ပေးပါ့မယ်”ဟု ဆိုသည်။

ကာဒမ်ဘီနီ တကယ်ပင် သည်းမခံနိုင်တော့ပါ။ “ကျမ မသေဘူး၊ မသေသေဘူးရှင့် သိရဲ့လား၊ ရှင်တို့ကို လက်ခံလာအောင် ကျမ ဘယ်လို ရှင်းပြရမှာလဲ၊ ကျမဟာ ရှင်တို့လိုပဲ အသွေးအသားနဲ့ သက်ရှိလူသားတယောက်ပါ၊ အို -ကျမဟာ အသက်ရှင်နေဆဲလူပါ”“ဒီမှာကြည့်ပါ” ဟု ပြော၍  အနားမှ ကြေးအိုးဖြင့် သူမနဖူးကို ထုခွဲလိုက်ရာ  သွေးများ ဖြာစီးလာလေသည်။  ဆာရဒစန်ကာက   ကျောက်ရုပ်တရုပ်လို   ကြောင်ကြည့်နေမိသည်။ ကလေးငယ်က လန့်အော်လိုက်ပြီး လဲကျနေသော အမျိုးသမီးနှစ်ယောက်မှာ မူလနေရာတွင် မလှုပ်မယှက် ရှိနေဆဲပင်။

ထို့နောက် ကာဒမ်ဘီနီသည် “ကျမ မသေသေးဘူး၊ မသေသေးဘူး” ဟု အော်ဟစ်ကာ လှေခါးထစ်မှ ပြေးဆင်းသွားပြီး ရေတွင်းနံရံနှင့် ခေါင်းပြေးဆောင့်လိုက်လေသည်။  ဆာရဒစန်ကာသည် အပေါ်ထပ်မှပင် ခွပ်ကနဲ အသံကို ကြားလိုက်ရသည်။

တညလုံး မိုးကသည်းလျက်၊ နောက်နေ့ မနက်နှင့် နေ့လည်အထိ မစဲပေ။ ကာဒမ်ဘီနီသည်  သေငယ်ဇောဖြင့် မြောနေသည်။  နောက်ဆုံးတော့ သူမ ယခင်က တကယ် မသေခဲ့ကြောင်းကို  လက်တွေ့သေဆုံးခြင်းအားဖြင့် သက်သေ ပြနိုင်ခဲ့လေသည်။

ရာဘင်ဒြာနတ်တဂိုး
 

---------------------------

Greatest Works - Rabindranath Tagore မှ Living or Dead ကို ပြန်ဆိုပါသည်။  ယခင်က ဘာသာပြန်ဖူးသူ ရှိမရှိ မသိပါ။ ကျွန်မ မဖတ်ဖူးသေးသဖြင့်သာ လက်တည့်စမ်းလိုက်ပါသည်။

ချစ်ခင်စွာဖြင့် -

မိုးစက်ပွင့် 


Friday, 29 June 2012

ချင်းတောင်တန်းရဲ့အလှများ

ချင်းပြည်နယ်ကို ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ဓါတ်ပုံတွေကို တခါက  ဖေါ်ပြခဲ့ပြီးပါပြီ။  ဒီတခါတော့ ကိုယ်တိုင်ရိုက်တာမဟုတ်ဘဲ အလုပ်ထဲက ညီမလေးတယောက်ရဲ့ ခရီးမှာ ရခဲ့တဲ့ ပုံလှလှလေးတွေကို သဘောကျလို့  သူ့ကိုယ်စား တင်လိုက်ပါတယ်...။



စုစုပေါင်း ဆယ်ပုံတိတိပါ။  သူငယ်ချင်းတို့ ရော ကြိုက်ပါသလား။  ကြိုက်တယ်ဆိုရင် ဘယ်ပုံအကြိုက်ဆုံးလဲ ပြောကြည့် ကြည့်လေ။  ကျမကတော့ နံပါတ်  4 က လိပ်ပြာကလေး နားနေတဲ့ပုံ အကြိုက်ဆုံးပါဘဲ........

ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

မိုးစက်ပွင့်

Monday, 11 June 2012

လတ်တလော အတွေးရူးများ



ကွန်ပြူတာဖန်သားပြင်ပေါ်က အနိဌာရုံ ပုံရိပ်တွေ၊  မီးတောက်မီးလျံတွေ၊ သောကတွေ၊ ဒေါသ တွေ .......  ရင်ထဲကို တိုးဝင်ကူးစက် လာသည်။  ရင်တွေ ပူလိုက်တာ။  ရေ ထသောက်တော့လည်း လည်ချောင်းဝမှာတွေ ရေအေးအေးတွေ နွေးလာသလိုလို။

ဒီဒေသမှာ အဖြစ်အပျက်တွေက ဒီလောက် အရုပ်ဆိုး အကျည်းတန် သွားပြီလား ....
မဝေးလှသေးသော နှစ်များတုန်းက ကိုယ် ခြောက်နှစ်ကျော် ကျင်လည်လာခဲ့တဲ့ အရပ်ပေဘဲ...

အဲဒီတုန်းကတော့ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိခဲ့။ မကြာခဏတော့  ပူညံပူညံကလေးတွေ ရှိပေသပေါ့။  ကိုယ်တိုင်က အတူလက်တွဲအလုပ်လုပ်ခဲ့ရတဲ့ အုပ်စု နှစ်ခုလုံးနဲ့ ဘယ်ဖက်မှ မျက်နှာမလိုက်ဘဲ မျှတစွာ နေလာနိုင်ခဲ့သည်လို့ ထင်သည်။

အခုတော့ ပြာဖုံးနေတဲ့ မီးခဲတစကို လေပြင်းတိုက်လိုက်သလို။ ပါတ်ဝန်းကျင်မှာ ကူးစက်  လောင်ကျွမ်းစရာ အမှိုက်တွေကလည်း များလွန်းလှသည်။  မီးသတ်ခြင်း သင်ခန်းစာထဲမှာတော့   လောင်စာရယ်၊ အပူ ရယ်၊  အောက်စီဂျင်ရယ် တခုခု ဖြတ်မှ မီးငြိမ်းမယ်တဲ့။  ကဲ- ဘာကို စလုပ်ကြမလဲ။ ဒီအချိန်ဆို တောကြောင်တွေများ လက်ခမောင်း ခတ်နေကြမလား။

ကိုယ် အမြဲ စားနေကျ လမ်းဘေး ထမင်းဆိုင်ကလေးရော ဘယ်လိုနေမလဲ....
လူမျိုးမရွေး ဘာသာမရွေး ခင်မင်တတ်တဲ့၊ လူတိုင်းရဲ့ စားအိမ်သောက်အိမ်ဖြစ်နေတဲ့ ဟို အစ်ကိုကြီးတွေရဲ့ မိသားစုရော ဘယ်လိုရှိနေမလဲ.....
ပိတောက်ပင်ရိပ်က ခုံပုကလေးတွေခင်းထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ အတူထိုင်နေကျ ရောင်းရင်းတွေရော ဘယ်တွေ ရောက်နေကြမလဲ...
သိခဲ့ ကျွမ်းခဲ့ ခင်ခဲ့ဖူးတဲ့ သူတွေရဲ့ မျက်နှာတွေ  အတွေးထဲမှာ ချာချာလည်နေသည်.....

ဆိုဒ်ဘားမှာ တင်ထားတဲ့ ဦးသန့်ရဲ့ (စစ်ပွဲမှာ ပထမဦးဆုံး ထိခိုက်ကျဆုံးတာက အမှန်တရား) ဆိုတဲ့ စကားကလေး လိုပါဘဲ။  အမှန်တရားက တိမ်ဖုံးတဲ့လလို ပေါ်ချည်တခါ ပျောက်ချည်တလှည့်။  စစ်တုရင်ပေါ်မှာ ပြိုလဲသွားတဲ့ နယ်ရုပ်ကလေးတွေ များလှပေါ့။  ဒီဖြစ်ရပ်မှာ အပြစ်မရှိတဲ့သူတွေရဲ့ သွေးတွေ၊ မျက်ရည်တွေ ဘယ်လောက်များ ပေးဆပ်ခဲ့ရပြီလဲ....
ဒီလို မြုံနေတဲ့အနာ၊ ယင်းနေတဲ့ အနာကြီးကို ဘယ်လို ကုကြမလဲ....
ဥာဏ်မီလောက်တဲ့အဖြေ မရှိပေမဲ့၊ စေတနာမှန်နဲ့ ၀ိုင်းဝန်းဖြေရှင်းကြရင် မျှော်လင့်ချက် ရှိပါသေးသည်။ စီမံခန့်ခွဲသူတို့အနေနှင့်လည်း ပညာပြည့်ဝ နှလုံးလှဖို့ လိုလိမ့်မည်။ လတ်တလောမှာ မီးငြိမ်းရေး အဓိက ဆိုသည်ကို မငြင်းပါ။  သို့ပေမဲ့ ရေရှည်မှာ ဒဏ်ရာတွေကို ကုစားဖို့လိုသလို  ဒီနာတာရှည်ရောဂါရဲ့ အကြောင်းရင်း ဇစ်မြစ်နှင့် ဆေးချက်ကို ပိုင်ပိုင်မိမိ ဖွေရှာကြည့်တတ်ဖို့လည်းလိုမည်။ နားလည် နှံ့စပ်သူ ပညာရှင်တွေနဲ့ ပွင့်လင်းစွာ ညှိနှိုင်းတိုင်ပင်ဖို့လိုလိမ့်မည်။

မရှိမဲ့ ရှိမဲ့ ဖုံးနံပါတ်တွေကို ကယောင်တတမ်းနှိပ်ကြည့်ပေမဲ့ မ၀င်တာက များနေတော့သည်.. ကိုယ်ဘာလုပ်ပေးနိုင်သလဲ ဆိုတာ ကိုယ်ကိုယ်တိုင်ပင် ခွဲခြား မသိတော့ချေ.... ဒုက္ခသည်တွေအတွက် တနိုင်တပိုင် ကူညီရုံ၊ သေဆုံးသွားသူတွေရဲ့ ၀ိဥာဉ်တွေ အေးချမ်းနိုင်ဖို့၊  နောက်ထပ်လောင်ဖို့ရာ အဆင်သင့် လေထဲမှာ ပျံဝဲနေတဲ့ မီးခိုးပြာမှုန်တွေ စဲသွားဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တဲ့ ကိုယ့်လက်ရှိ အခြေအနေကို မနှစ်မြို့မိတာကတော့ အမှန်ပါဘဲ...


မိုးစက်ပွင့်

Friday, 1 June 2012

အိန္ဒိယက ရော်ဘင်ဟုဒ် ( Movie Retold )

 ပျင်းပျင်းနဲ့ တီဗီချန်နယ်တွေ ဟိုပြောင်းဒီပြောင်း ပြောင်းရင်း မနေ့ညက မမျှော်လင့်ဘဲ ကြည့်ဖြစ်လိုက်တဲ့ ဘောလီးဝုဒ်က ဟင်ဒီ ရုပ်ရှင်ပါ။ ဆယ်ကျော်သက်တုန်းကတော့   ဘောလီးဝုဒ် ဆို အသေကြိုက်၊  မင်းသမီးဝတ်တဲ့ ဆာရီ အရောင်လွင်လွင် လှလှတွေရော၊  မြူးမြူးကြွကြွ ကကြတာတွေကိုရောပေါ့။  ဇာတ်ရံတချို့က မလိုအပ်ဘဲ ကလိထိုး အရွှန်းဖေါက် ကြတာကလွဲလို့  သရုပ်ဆောင်အများစုက ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တယ်လို့ ထင်လို့ပါ။  ”ဆီသာ နဲ့ ဂီသာ” ဆိုတဲ့ အမြွှာညီမ ဇာတ်လမ်းဆို အသည်းစွဲပေါ့။ အဲဒီတုန်းက  မြန်မာတွေလည်း ဆင်တူဇာတ်လမ်းတွေ ကက်ဆက်ခွေတွေ ထွက်လိုက်သေးတယ် ထင်ပါ့။

Knock Out ဆိုတော့  ( အလဲထိုး အနိုင်ယူ ) လိုက်တယ် လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ ဇာတ်လမ်းအစအဆုံးက   အထပ်မြင့်တိုက်တွေရှိနေတဲ့  လမ်းမကျယ်ကြီးနှစ်ခုဆုံတဲ့အလည်က တယ်လီဖုံးရုံ ကလေးကိုပဲ  ဗဟိုပြုပြီးရိုက်ထားတာပါ။  စစချင်း ဘာချူး ( မင်းသား  Irrfan Khan )   က သူ့ကို ရှစ်ထပ် တိုက်အမြင့်ပေါ်ကနေ စနိုက်ပါနဲ့ ချိန်ထားတဲ့  ( မင်းသား - ဆန်ဂျေးဒတ်)  နဲ့ ဖုန်းပြောနေရပါတယ်။  ဖုန်းက ဘာချူး ဖုံးရုံထဲ ၀င်လာလာချင်းမြည်တာပါ။  အပြင်ကိုထွက်သွားရင် ပစ်မယ်လို့ ပြောထားတဲ့အတွက် ဆက်ပြောနေရတာပါ။  ဘယ်သူလဲလို့ မေးတော့ မဖြေပါဘူး။  နောက်တော့  ဘာချူး တခါက အိပ်ဆေးခတ်ပြီး စော်ကားခဲ့တဲ့ မိန်းကလေးရဲ့ ရည်းစားဟောင်းလို့ ပြောပါတယ်။  ဘာချူးက တောင်းပန်ပြီး ငွေပေးဖို့ ကမ်းလှမ်းပေမဲ့ စနိုက်ပါသမားက လက်မခံပါဘူး။   ဘာချူးအကြပ်ရိုက်နေပါတယ်။  အဲဒီအချိန်မှာ ဆေးသမားတယောက်က ဘာချူးရဲ့ အိတ်ကို လာလုပါတယ်။  စနိုက်ပါသမားက သူ့ကိုရှင်းလိုက်တယ်။  အဲဒီမှာဘဲ လူသတ်မှုနဲ့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ရဲတွေရော သတင်းထောက်တွေရော ရောက်လာကြပါတယ်။   အိန္ဒိယရုပ်သံက  သတင်းထောက်မလေး နီရှား ( မင်းသမီး ကန်ဂါနာ)  လည်းပါတယ်။

စနိုက်ပါသမားက ဘာချူးကို တိမ်းရှောင်ခွင့်မပေးဘူး။  ရဲတွေကို ဘာချူးအနားကပ်လို့ မရအောင်  ဖုန်းရုံရဲ့ အံဆွဲထဲမှာ အဆင်သင့်သိမ်းထားတဲ့ စတီးချိုင့်တလုံးကို ထုတ်ခိုင်းလိုက်ပြီး ” ဒါ ဗုံးပဲ”  လို့ ပြခိုင်းလိုက်တယ်။  လူတွေ အလန့်တကြားနဲ့ နောက်ကို နည်းနည်းရှဲသွားတယ်။  စနိုက်ပါသမားက နောက်တမျိုးခိုင်းပြန်တယ်။ လူအများရှေ့မှာ က  ရမယ်တဲ့။  နိုက်ကလပ်မှာ သူနဲ့ တွဲတဲ့ မိန်းကလေးတွေကို အရှက်ခွဲပြီး က ခိုင်း သလိုမျိုး တဲ့။   ဘာချူးက ငြင်းတဲ့အခါ  သူ့မိန်းမနဲ့ ကလေးကို အန္တရာယ်ပေးနိုင်တယ်လို့  စနိုက်ပါသမားက ခြိမ်းခြောက်တဲ့အတွက် သူ က ရပြန်တယ်။  ဖုန်းပြောနေတာကိုမြင်နေရတဲ့  ရဲတွေက အခြားတဖက်မှာ တယောက်ယောက်ရှိနေမှန်း  မရိပ်မိဘဲ  စိတ်မမှန်လို့ တယောက်တည်းပြောနေတယ် ထင်အောင် အကွက်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။  မောပြီး စိတ်တိုနေတဲ့ ဘာချူးက မင်းခိုင်းတာ ငါလုပ်ပြီးပြီ၊ သွားလို့ရပြီလား ဆိုတော့ မပြီးသေးဘူးတဲ့။  သူ ပွေခဲ့ရှုပ်ခဲ့တာတွေ မိန်းမကို လူသိရှင်ကြား ၀န်ခံရမယ်တဲ့။  ဆန်ဂျေးဒတ်ရဲ့ ထိမ်းချူပ်မှုအောက်မှာ လုံးလုံးလျားလျားရောက်နေတဲ့ ဘာချူးက နောက်ဆုံးတော့ သူလုပ်ခဲ့သမျှ ဆိုးခဲ့သမျှအပြစ်တွေကို  အိန္ဒိယတီဗွီမှာ မချွင်းမချန်ဝန်ခံလိုက်ရတယ်။  ပြီးတော့ တီဗွီကြည့်နေမဲ့ (အပြင်မှာ တကယ်လဲ ရှက်ရွံ့ငိုကြွေးနေတဲ့)  သူ့မိန်းမနဲ့ သမီးကို တောင်းပန်တယ်။  မင်းတို့နှစ်ဦးလုံးကို ငါတကယ် ချစ်ပါ တယ်၊ ငါ့ကို ခွင့်လွှတ်ပါ၊  နောက်ဒီလိုမမှားတော့ပါဘူး တဲ့။

ထက်မြက်တဲ့ သတင်းထောက်မလေး နီရှားက ဓါတ်ပုံရိုက်ရင်း ဖုံးရုံကာထားတဲ့ မှန်သားပေါ်က ကျည်ဆံအပေါက်တွေရဲ့ ထူးခြားချက်ကို သတိပြုမိပြီး ရဲမှူး ဗီခရမ်ကို သေနတ်သမား တယောက်ယောက်  အပြင်မှာရှိရမယ်လို့  မှတ်ချက်ပေးလိုက်တယ်။   ဗီခရမ်က လက်ခံပြီး ကျည်ဆံလားရာဒေါင့်ကို တွက်လို့   ဖြစ်နိုင်ချေရှိတဲ့ အဆောက်အဦကို အဖွဲ့နဲ့ ၀င်ရှင်းတယ်။  ဆန်ဂျေးဒတ်က အတက်အဆင်းမှာ ကင်မရာတပ်ထားတာမို့  လက်ဦးမှုရပြီး ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း လက်နက်တွေသယ်လို့ ခိုးထွက်ပေါက်ကနေတဆင့် နောက်တနေရာကို ကူးသွားတယ်။ စကားပြောနေရင်း  ဖုန်းအဆက်အသွယ် အကြာကြီးပြတ်သွားတဲ့အတွက်  ဘာချူးက ပွဲပြီးသွားပြီ၊ သူသွားလို့ရပြီလို့ ထင်လိုက်တယ်။  ထွက်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဖုံးထဲကနေ “ ဘာချူး” ဆိုပြီး သူ့နာမည်ကို နောက်တခေါက် ခေါ်လိုက်တာကို ကြားလိုက်ရတော့တယ်။

စနိုက်ပါသမားက ဘာချူးအလုပ်လုပ်နေတဲ့ ဘဏ်လုပ်ငန်းရဲ့ မသမာမှုတွေကို ပြောပြတယ်။  မိဘမဲ့ မိန်းကလေးတွေအများကြီးကို လူကုန်ကူးပြီး ရတဲ့ငွေတွေအပါအ၀င် အခြားသော ဆင်းရဲသားတွေအပေါ် ဂုပ်သွေးစုပ်ငွေတွေ ဆွစ်ဇာလန်ဘဏ်မှာ ကဲ့ဝှက်ထားတာတွေပါ ဖေါ်ထုတ်တယ်။  တခြားဖုံးတလုံးနဲ့ သူကယ်ခဲ့တဲ့ မိန်းကလေးတယောက်ကို ဆက်သွယ်ပြီး သူမခံစားခဲ့ရတဲ့ ဒုက္ခတွေကို ဘာချူးကို နားထောင်စေတယ်။  ဘာချူး ၀မ်းနည်းသွားတယ်။  သူ ဒီလုပ်ငန်းတွေအကြောင်းမသိဘဲ  ငွေပေးငွေယူ ပွဲစားလုပ်ရင်း ကော်မရှင်ယူနေတဲ့သူပါလို့ ပြန်ပြောတယ်။  ဆန်ဂျေးဒတ်က ဒါဆိုရင်  အခု ဖုံးရုံအပြင်က ကားထဲမှာပါလာတဲ့ ငွေသန်း၅၀၀ကို ပြည်သူကို ပြန်ပေးလိုက်ပါ  တဲ့။  သော့ကို ရဲအပ်လိုက် လို့ ပြောတယ်။  ဘာချူးက သူဌေးခိုင်းထားတဲ့ ငွေတွေမို့ မလုပ်ရဲဘူး။ ငြင်းဆန်တယ်။  အဲဒါနဲ့   ဆန်ဂျေးဒတ်က  အခု မင်းသူဌေးက မင်းမိန်းမနဲ့ သမီးကို ဓါးစာခံသွားဖမ်းနေပြီ၊  သူတို့ကို လွတ်အောင်  ပြေးဖို့ ငါအချိန်မီ အကြောင်းကြားပေးမယ်လို့  ဆိုတော့  ဘာချူး ကား သော့ကိုရဲကို မပေးချင်ဘဲ ပစ်ပေးလိုက်ရပါတယ်။  အဲဒီအချိန်မှာပဲ ဘာချူး သတင်းကိုသိသွားတဲ့ သူဌေးက သူ့လူယုံတွေကို လွှတ်ပြီး ကားကိုပြန်ယူဖို့ လုပ်ပါတယ်။  မီဒီယာတွေရော မျက်မြင်သက်သေလူတွေ အများကြီးရှိနေတာကြောင့် ထူလို့မရပါဘူး။ 

သူဌေးမှာ သန်း၅၀၀ဆုံးရှုံးရတဲ့အပြင် နောက်ထပ် ဆုံးရှုံးစရာ အများကြီးရှိနေပါသေးတယ်။  ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဘဏ်အကောင့်အချက်အလက်အားလုံးကို ငွေလွှဲနေကျ သူ့လူယုံ ဘာချူးက သိနေလို့ပါ။   ဘာချူးကို နှုတ်ပိတ်ဖို့ လိုလာပါပြီ။  သူ့မိန်းမနဲ့ကလေးကို ပြန်ပေးဆွဲခိုင်းလိုက်ပေမဲ့ စနိုက်ပါသမားက ဖုံးနဲ့ဆက်သွယ်ပြီး ပြေးဖို့ (အိမ်ရှေ့မှာ နဂိုထည်းက ကားတစီးရပ်ထားပေးခဲ့တယ်)  စီစဉ်ပေးလိုက်ပါတယ်။  လက်ဖြောင့်တပ်ဖွဲ့တွေက ပုန်းပြီး  ရဲမှူး ၀ိုက်ခရမ် ဘာချူးကို ပစ်ပေမဲ့  စနိုက်ပါသမား ဆန်ဂျေးဒတ်က ဘာချူးကို ဖုံးရုံအောက်ခြေက ကျည်ကာမှန်ဖြစ်ကြောင်းပြောပြီး အမြန်ဝပ်ခိုင်းလိုက်လို့ မသေဘူး။  ရဲကိုပစ်တဲ့သူကိုလည်း သူက ရှင်းပစ်လိုက်တယ်။  စနိုက်ပါသမားက သူ့ကို ကယ်ခဲ့တယ်ဆိုတာ ၀ိုက်ခရမ် သိလိုက်တယ်။  ဒီအကြောင်းကို နီရှားကို ပြောပြလိုက်တယ်။

ဘဏ်သူဌေးကြီးမှာ နောက်ထပ် အသုံးဝင်တဲ့ ၀ှက်ဖဲတချပ် ရှိပါသေးတယ်။ ဒါကတော့ ပြည်နယ်ရဲချူပ်ကို အပိုင်ကိုင်ထားနိုင်ခြင်းပါဘဲ။  ရဲချူပ်က ၀ိုက်ခရမ်ကို ဆက်သွယ်ပြီး မတော်တဆပုံစံနဲ့ ဘာချူးကို အပြတ်ရှင်းခိုင်းပါတယ်။ ဗိုက်ခရမ်အတွက် ငွေ သန်း ၁၀၀ကိုလည်း ပေးမယ်လို့ ဆွဲဆောင်လိုက်တယ်။  အထက်လူကြီးရဲ့ မသမာမှုကို ရိပ်မိသွားတဲ့ ၀ိုက်ခရမ်က အရမ်း တုန်လှုပ်သွားပါတယ်။ ဒါပေမဲ့ ခိုင်းတဲ့အတိုင်း သူမလုပ်နိုင်ဘူးလို့ ငြင်းလိုက်ပါတယ်။  သတင်းထောက် နီရှားက ၀ိုက်ခရမ်တယောက် သူ့ရုံးနဲ့ ဖုန်းပြောပြီးမှ မျက်နှာအကြီးအကျယ်ပျက်နေတာကို သတိပြုမိလို့  ဘာကြောင့်လဲဆိုတာ  မေးပေမဲ့ သူက ဒီအကြောင်းကို ပာပြဖို့ ငြင်းခဲ့ပါတယ်။  ဘာချူးကိုတော့ ၀ိုက်ခရမ်က လက်နက်ချပြီးထွက်လာခဲ့ဖို့ အချိန် ဆယ်မိနစ် ပေးထားပါတယ်။  ဒေါသထွက်နေတဲ့ ရဲချူပ်က  ၀ိုက်ခရမ်ကို နောက်ရဲမှူးတယောက်နဲ့ လဲလှယ်ခိုင်းပါတယ်။    ရုတ်တရက် တာဝန်ရုပ်သိမ်းပြီး ဌာနချူပ်ကို ပြန်ရောက်သွားတဲ့ ၀ိုက်ခရမ်ကို ရဲချူပ်က နှုတ်ပိတ်တဲ့အနေနဲ့ ပစ်သတ်လိုက်ပါတယ်။  

သူဌေးကလည်း ဘာချူးကို ထိမ်းချူပ်နေတဲ့သူတယောက်ယောက် အထပ်မြင့်အဆောက်အဦထဲမှာ ရှိနေတာကို ရိပ်မိတဲ့အတွက် ဟယ်လီကော်ပတာဝဲပြီးရှာပါတယ်။  နောက် အထဲကိုဝင်စီးပြီး သတ်ကြပုတ်ကြရာမှာ ဆန်ဂျေးဒတ် အနိုင်ရပေမဲ့ လက်မောင်းမှာ ဒဏ်ရာပြင်းပြင်းရသွားပါတယ်။  သူ့ရဲ့ စနိုက်ပါလည်း မရှိတော့ပါဘူး။  ဘာချူးနဲ့ ဆက်သွယ်နေတဲ့ နားကြပ်ဖုန်းလေးဘဲ ကျန်တယ်။   သတင်းထောာက်မလေး နီရှားက ၀ိုက်ခရမ် ရုတ်တရက် တာဝန်ပြောင်းခံရတာကို အတော်လေး သံသယရှိတယ်။  နောက်တော့ တကိုယ်တော်စွန့်စွန့်စားစား  အဆောက်အဦထဲကို သွားကြည့်လိုက်တဲ့အခါမှာ အောက်ထပ်က ကော်ဖီခန်းထဲမှာ လူတယောက်ယောက်ရှိနေတာ သိသွားတယ်။  အဲဒီအခန်းထဲမှာ ဆန်ဂျေးဒတ်က အနာကို သွေးတိတ်အောင် ပါတ်တီးစည်းရင်း  ဘာချူးနဲ့ စကားပြောနေတာ ဖြစ်ပြီး နီရှားက (လူမမြင်ရပေမဲ့) ပြောတာတွေ ကြားသွားတယ်။  သတင်းဦးရပြီဆိုပြီး အခန်းတ၀်ုက်ကို ဓါတ်ပုံတချို့ တိတ်တဆိတ် ရိုက်လိုက်တယ်။  သူနားထောင်ရင်း   ဆန်ဂျေးဒတ်ရဲ့ ရည်ရွယ်ချက်အမှန်ကို သိပြီး လေးစားသွားတယ်။  နားပါးတဲ့ ဆန်ဂျေးဒတ်က နီရှားရောက်နေတာကို သိသွားတယ်။  ” မင်းတော်တယ် နီရှား” တဲ့။  ” ရှင်က ပိုတော်ပါတယ်” လို့ နီရှားက ပြန်ပြောတယ်။  ”ကျမ ၀င်လာခဲ့ရမလား”  တဲ့ ။ ” ဟင့်အင်း၊  မကြာခင် သူဌေးရဲ့ လူတွေ ပြန်လာကြဦးမှာ၊  မင်းပြန်ပါ၊  ပြီးတော့ တခုစဉ်းစားပါ   အလုပ်နဲ့ နိုင်ငံ ဘယ်ဟာ အရေးကြီးသလဲ ဆိုတာ”  လို့ ပြန်ပြောလိုက်တယ်။  နီရှားက အခင်းဖြစ်တဲ့ ဖုန်းရုံနားကိုပြန်သွားတယ်။  သူမရဲ့ သတင်းထောက်အဖေါ်အမျိုးသမီးကိုမေးတယ်။  နင်သာဆို အလုပ်နဲ့ နိုင်ငံဘယ်ဟာ ရွေးမလဲ- ဟင် တဲ့။  အဖေါ်က  ” နိုင်ငံပေါ့ဟ၊  ဒါနဲ့ နင်ဟိုဖက်အဆောက်အဦမှာ ဘာတွေ့ခဲ့လဲဟင်”  တဲ့။  နီရှားက ” ဘာမှ မတွေ့ခဲ့ပါဘူး”  လို့ပြောပြီး ကင်မရာထဲက သူရိုက်လာတဲ့ ဓါတ်ပုံတွေကို အကုန်ဖျက်ပစ်လိုက်တော့တယ်။

ဆန်ဂျေးဒတ်က ဘာချူးကိုပြောတယ်။  “ ဘာချူး- အခုဆို မင်းမှာ အချိန် ဆယ်မိနစ်မရှိတရှိပဲ ကျန်တော့တယ်။  သူဌေးက မင်းကို ရတဲ့နည်းနဲ့ အပျောက်ရှင်းတော့မယ်။  မင်းစဉ်းစားပါ။  ဒီငွေတွေဟာ ငါတို့တိုင်းပြည်က ကလေးလေးတွေ ကောင်းစားဖို့  ပညာသင်ဖှိုအတွက်ပါ။  သူတို့က မတရားယူသွားတာမို့ ဆန္ဒရှိရင် မင်းပြန်ပေးလို့ရတယ်။   အခုငါပြောနေတာ အလွတ်သလောပါ။ မင်းကို စနိုက်ပါ ချိန်ထားတာလည်း မရှိတော့ဘူး။  စတီးချိုင့်ထဲမှာလည်း တကယ်ဗုံးမရှိဘူး။ မင်းဖာသာမင်း လွတ်လွတ်လပ်လပ် စဉ်းစားပြီး ဦးနှောက်နဲက ဆုံးဖြတ်ပါ”  လို့ ပြောလိုက်တယ်။  ဘာချူး တွေဝေသွားတယ်။  တော်တော်ကြာကြာစဉ်းစားပြီးမှ   တစုံတခုကို ဆုံးဖြတ်လိုက်တယ်။  ဒီလူအုပ်ထဲမှာ ပြည်တွင်းအခွန်ကလူ ရှိလား လို့ အော်မေးတယ်။  နီရှားက သူ့အနားက တွန့်ဆုတ်နေတဲ့ အခွန်အရာရှိကို သူမေးနေတာပာလိုက်ပါ ဆိုပြီး တိုက်တွန်းလိုက်တယ်။    ငွေမည်းတွေ ပြန်ပေးချင်လို့  အခွန်ရုံးရဲ့ ဘဏ်နံပါတ်ပေးပါ လို့ဘာချူးက တောင်းတယ်။  အရာရှိက စက္ကူတရွက်မှာ ရေးပြီး ဖုံးရုံထဲ လုံးပြီးပစ်ပေးလိုက်တယ်။  ဘာချူးက လက်ဆွဲသေတ္တာထဲက လက်ပ်တော့ကိုထုတ်ပြီး  ငွေလွှဲလုပ်ငန်းကို စလုပ်ပါတယ်။    အရာရှိကလည်း တဖက်က လက်ပ်တော့ကိုဖွင့်ပြီး သူ့စာရင်းကိုဖွင့်တယ်။ ခဏနေတော့  ” ငါတို့ စာရင်းထဲကို ဘီလျံ ၂၈၀၀ ၀င်လာပြီ”  လို့ အော်တယ်။  လူအုပ်ကြီးက” ဟေး” ကနဲ အားပေးတယ်။  နောက်ထပ် ဘီလျံ ၅၀၀၀ လား၊ ၇၀၀၀ လားလို့ ဘာချူးက အော်မေးတော့ လူအုပ်ကြီးက ”ဘီလျံ ၇၀၀၀”  လို့အော်တယ်။  ငွေလွှဲလုပ်ငန်း အောင်မြင်စွာ ပြီးစီးသွားပါပြီ။  ဖုံးရုံထဲမှာ ဘာချူးက မောပန်းစွာ ကျေနပ်စွာ လှဲလျောင်းနေတယ်။ သူ လူသား တာဝန်ကျေခဲ့ပြီ။

လူတွေလည်း အောင်ပွဲခံကြတယ်။  ပျော်နေတယ်။  နီရှားလဲ လူတကာကို အင်တာဗျူးပြီး အိန္ဒိယရဲ့ အပျော်ဆုံးနေ့တနေ့အတွက် အင်တာဗျူးနေတယ်။ တချိန်မှာ သူ့အနားမှာဖြတ်သွားတဲ့ ကုတ်အကျီင်္အနက်၊ ဦးထုပ်အနက်နဲ့ ပုဂ္ဂိုလ်ကို သူမ ချက်ချင်းမှတ်မိတယ်။ ” လူကြီးမင်းက ပြည်နယ် ပညာရေးဌာနရဲ့ အကြီးအကဲ မဟုတ်လားရှင်၊ ဒီနေ့ကို ဘယ်လိုထင်ပါသလဲ”  တဲ့။ အဲဒီလူက   ” ဟုတ်ပါတယ်၊ အခုလိုဖြစ်တာ သိတ်ကောင်းပါတယ်၊ ဒါပေမဲ့ ကျူပ်ကားလမ်းပိတ်နေလို့ ဒီကို အခုမှရောက်တယ်၊ အစအဆုံး မမြင်လိုက်ရဘူးတဲ့”  ပြောပြီး ထွက်သွားတယ်။  အဲဒီလူကတော့ စနိုက်ပါသမား ဆန်ဂျေးဒတ် ပါဘဲ။


-------------------------------------------
ဟောလီဝုဒ်ရုပ်ရှင် Phone Booth ကို ကူးချထားတယ်လို့ ပြောရလောက်အောင် ဇာတ်လမ်းအနှစ်မကူပေမဲ့ ဇာတ်ကွက် အခင်း အကျင်းက တူညီနေပါတယ်။  ကူးချတယ်ဆိုတာ နားထောင် မကောင်းလို့  ကျောရိုး ယူထားတယ် လို့ပဲ ပြောရအောင်နော်။  အများစုကတော့  ကော်ပီလုပ်တာကို  မနှစ်သက်ဘဲ   တော်တော်လေး ဝေဖန်ကြပါတယ်။  ဒါပေမဲ့ သရုပ်ဆောင်တွေ တော်တာရယ်၊ ဇာတ်လမ်းက အစအဆုံး ဆွဲဆောင်မှူရှိတာရယ်ကိုတော့ သဘောတူကြတာ များပါတယ်။

စိတ်ကူးယဉ်ဆန်ပေမဲ့ ကြည့်ကောင်းတယ်။ နောက်ပြီး တွေးစရာလေးတွေရတယ်။  ဥပမာ---  ရဲချူပ်က လူဆိုးတွေနဲ့ ပေါင်းပြီး အဂတိလိုက်စားတဲ့အခါ၊   အဲဒါမျိုးကို ကိုယ်တို့ ဆီမှာ အဲလိုမျိုး ရုပ်ရှင်ရိုက်ပြလို့ ရမလား။  လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတော့  အထူးရဲကွန်မန်ဒိုဆိုတဲ့ ဟောင်ကောင်ဇာတ်လမ်းတွဲ မှာ နောက်ဆုံးမှာ ရဲအကြီးအကဲက လူဆိုးဖြစ်နေလို့ဆိုပြီး (ဟုတ်မဟုတ်တော့ မကြည်ဘရလို့ မသိပါ) အဆုံးအထိမပြဘဲ ရပ်ပစ်တာ ကြုံဖူးတယ်။ မီရှဲယိုးနဲ့ ချစ်စရာကောင်းလှတဲ့ ရဲမေအဖွဲ့ကို ကြိုက်လွန်းလို့ ကြ့ည့်နေရင်း ဆုံးအောင်မပြလို့ စိတ်မကောင်းဖြစ်ရတယ်။  နောက်တခုက နိုင်ငံနဲ့ အလုပ် ဘယ်ဟာကိုရွေးမလဲဆိုတဲ့ သတင်းတောက်မလေး နီရှားရဲ့ စိတ်တွင်းက အတ္တနဲ့ပရ ၀ိရောဓိလွန်ဆွဲပွဲ။  သူအရွေး မှန်ခဲ့ပါတယ်။   ဥပဒေနဲ့ အမှန်တရားအတွက် အထက်လူကြီးကို ငြင်းဆန်ပြီး ကိုယ့် အသက်ကို ပေးဆပ်သွားတဲ့ ရဲအရာရှိဝိုက်ခရမ်။  ဖုံးရုံနဲ့  လူအုပ်ရဲ့ကြားမှာ  လက်ပ်တော့  နဲ့ ငွေလွှဲနေကြတာကိုတော့ ကျမ တအံ့တသြကြီးကို ဖြစ်မိပါတယ်။  ဒီနေ့ခေတ်ငွေကြေးရဲ့  fluidity  ဖြစ်မှုနဲ့   အိန္ဒိယရဲ့ ဆက်သွယ်ရေးစံနစ် အဆင့်အတန်း.........။  ဒါတွေက  Phone Booth မှာ မပါတဲ့  ဇာတ်ကွက်တွေပါ။ (  Phone Booth ကို အနှစ်ချူပ်ပဲ ဖတ်ဖူးပါတယ်)  ဝေဖန်သူတွေက Phone Booth ကို မဆလာ ထည့်တားတာလို့   ပြောကြတယ်။  ဒါပေမဲ့ အဲဒီမဆလာလေးတွေကိုတော့ ကျွန်မ နှစ်သက်မိပါတယ်...လို့ပြောပါရစေ။  ကြုံကြိုက်တဲ့အခါ အားပေးလိုက်ကြပါဦး။

မိုးစက်ပွင့်

PS-  ရေးမိတဲ့ ဇာတ်လမ်းက အစအဆုံးဆိုတော့ review   မဟုတ်ဘဲ retold   ဖြစ်သွားတယ်။  ဟုတ်ကဲ့- ဒီပွဲမှာ အလဲထိုးခံရသူကတော့ ငွေမည်းတွေဆုံးရှူံးသွားတဲ့ ဘဏ်သူဌေးကြီးပဲဖြစ်မယ် ထင်ပါတယ်။