Monday, 11 June 2012

လတ်တလော အတွေးရူးများ



ကွန်ပြူတာဖန်သားပြင်ပေါ်က အနိဌာရုံ ပုံရိပ်တွေ၊  မီးတောက်မီးလျံတွေ၊ သောကတွေ၊ ဒေါသ တွေ .......  ရင်ထဲကို တိုးဝင်ကူးစက် လာသည်။  ရင်တွေ ပူလိုက်တာ။  ရေ ထသောက်တော့လည်း လည်ချောင်းဝမှာတွေ ရေအေးအေးတွေ နွေးလာသလိုလို။

ဒီဒေသမှာ အဖြစ်အပျက်တွေက ဒီလောက် အရုပ်ဆိုး အကျည်းတန် သွားပြီလား ....
မဝေးလှသေးသော နှစ်များတုန်းက ကိုယ် ခြောက်နှစ်ကျော် ကျင်လည်လာခဲ့တဲ့ အရပ်ပေဘဲ...

အဲဒီတုန်းကတော့ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိခဲ့။ မကြာခဏတော့  ပူညံပူညံကလေးတွေ ရှိပေသပေါ့။  ကိုယ်တိုင်က အတူလက်တွဲအလုပ်လုပ်ခဲ့ရတဲ့ အုပ်စု နှစ်ခုလုံးနဲ့ ဘယ်ဖက်မှ မျက်နှာမလိုက်ဘဲ မျှတစွာ နေလာနိုင်ခဲ့သည်လို့ ထင်သည်။

အခုတော့ ပြာဖုံးနေတဲ့ မီးခဲတစကို လေပြင်းတိုက်လိုက်သလို။ ပါတ်ဝန်းကျင်မှာ ကူးစက်  လောင်ကျွမ်းစရာ အမှိုက်တွေကလည်း များလွန်းလှသည်။  မီးသတ်ခြင်း သင်ခန်းစာထဲမှာတော့   လောင်စာရယ်၊ အပူ ရယ်၊  အောက်စီဂျင်ရယ် တခုခု ဖြတ်မှ မီးငြိမ်းမယ်တဲ့။  ကဲ- ဘာကို စလုပ်ကြမလဲ။ ဒီအချိန်ဆို တောကြောင်တွေများ လက်ခမောင်း ခတ်နေကြမလား။

ကိုယ် အမြဲ စားနေကျ လမ်းဘေး ထမင်းဆိုင်ကလေးရော ဘယ်လိုနေမလဲ....
လူမျိုးမရွေး ဘာသာမရွေး ခင်မင်တတ်တဲ့၊ လူတိုင်းရဲ့ စားအိမ်သောက်အိမ်ဖြစ်နေတဲ့ ဟို အစ်ကိုကြီးတွေရဲ့ မိသားစုရော ဘယ်လိုရှိနေမလဲ.....
ပိတောက်ပင်ရိပ်က ခုံပုကလေးတွေခင်းထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ အတူထိုင်နေကျ ရောင်းရင်းတွေရော ဘယ်တွေ ရောက်နေကြမလဲ...
သိခဲ့ ကျွမ်းခဲ့ ခင်ခဲ့ဖူးတဲ့ သူတွေရဲ့ မျက်နှာတွေ  အတွေးထဲမှာ ချာချာလည်နေသည်.....

ဆိုဒ်ဘားမှာ တင်ထားတဲ့ ဦးသန့်ရဲ့ (စစ်ပွဲမှာ ပထမဦးဆုံး ထိခိုက်ကျဆုံးတာက အမှန်တရား) ဆိုတဲ့ စကားကလေး လိုပါဘဲ။  အမှန်တရားက တိမ်ဖုံးတဲ့လလို ပေါ်ချည်တခါ ပျောက်ချည်တလှည့်။  စစ်တုရင်ပေါ်မှာ ပြိုလဲသွားတဲ့ နယ်ရုပ်ကလေးတွေ များလှပေါ့။  ဒီဖြစ်ရပ်မှာ အပြစ်မရှိတဲ့သူတွေရဲ့ သွေးတွေ၊ မျက်ရည်တွေ ဘယ်လောက်များ ပေးဆပ်ခဲ့ရပြီလဲ....
ဒီလို မြုံနေတဲ့အနာ၊ ယင်းနေတဲ့ အနာကြီးကို ဘယ်လို ကုကြမလဲ....
ဥာဏ်မီလောက်တဲ့အဖြေ မရှိပေမဲ့၊ စေတနာမှန်နဲ့ ၀ိုင်းဝန်းဖြေရှင်းကြရင် မျှော်လင့်ချက် ရှိပါသေးသည်။ စီမံခန့်ခွဲသူတို့အနေနှင့်လည်း ပညာပြည့်ဝ နှလုံးလှဖို့ လိုလိမ့်မည်။ လတ်တလောမှာ မီးငြိမ်းရေး အဓိက ဆိုသည်ကို မငြင်းပါ။  သို့ပေမဲ့ ရေရှည်မှာ ဒဏ်ရာတွေကို ကုစားဖို့လိုသလို  ဒီနာတာရှည်ရောဂါရဲ့ အကြောင်းရင်း ဇစ်မြစ်နှင့် ဆေးချက်ကို ပိုင်ပိုင်မိမိ ဖွေရှာကြည့်တတ်ဖို့လည်းလိုမည်။ နားလည် နှံ့စပ်သူ ပညာရှင်တွေနဲ့ ပွင့်လင်းစွာ ညှိနှိုင်းတိုင်ပင်ဖို့လိုလိမ့်မည်။

မရှိမဲ့ ရှိမဲ့ ဖုံးနံပါတ်တွေကို ကယောင်တတမ်းနှိပ်ကြည့်ပေမဲ့ မ၀င်တာက များနေတော့သည်.. ကိုယ်ဘာလုပ်ပေးနိုင်သလဲ ဆိုတာ ကိုယ်ကိုယ်တိုင်ပင် ခွဲခြား မသိတော့ချေ.... ဒုက္ခသည်တွေအတွက် တနိုင်တပိုင် ကူညီရုံ၊ သေဆုံးသွားသူတွေရဲ့ ၀ိဥာဉ်တွေ အေးချမ်းနိုင်ဖို့၊  နောက်ထပ်လောင်ဖို့ရာ အဆင်သင့် လေထဲမှာ ပျံဝဲနေတဲ့ မီးခိုးပြာမှုန်တွေ စဲသွားဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တဲ့ ကိုယ့်လက်ရှိ အခြေအနေကို မနှစ်မြို့မိတာကတော့ အမှန်ပါဘဲ...


မိုးစက်ပွင့်

7 comments:

  1. ဖတ်လို့ကောင်းလိုက်တာ

    ReplyDelete
  2. မိုးစက်ပွင့်ရေ...
    အကောင်းဆုံးဖြစ်လာဖို့ ဆုတောင်းနေယုံမှတစ်ပါး
    ဘာမှမတတ်နိုင်လေတော့
    အံကိုခဲ သက်မကိုသာ တွင်တွင်ချနေရတယ်..။

    ReplyDelete
  3. အီးတီ11 June 2012 at 20:15

    ဘာမှမလုပ်ပေးနိုင်တော့ ဆုတောင်းပေးနေတယ်သူငယ်ချင်း။

    ReplyDelete
  4. စောာင့်ကြည့်တဲ့အလုပ်ကိုတော့လုပ်နေပါတယ်
    သူဟာမာယာများတယ်သတိတော့ရှိနေရမယ်

    ReplyDelete
  5. ရခိုင်ပြည်က မိတ်ဆွေတွေ အားလုံး သောကတွေ အမြန်ဆုံး ကင်းဝေးရပါစေ။ ဒုက္ခသည်စခန်းမှာ နေကြရတဲ့ မိတ်ဆွေတွေ အားလုံးလည်း မိမိနေရပ်ကို စိတ်ချလက်ချပြန်ပြီး နေနိုင်ပါစေ။ အမြန်ဆုံး အဆင်ပြေပါစေလို့ မမိုးနဲ့အတူ ဆုတောင်းမိပါတယ်။

    ReplyDelete
  6. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  7. Hi looks so impressive and interesting blogs, come and visit us back too:http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete

ပဲ့တင်သံလေးတွေ .......