Friday, 1 June 2012

အိန္ဒိယက ရော်ဘင်ဟုဒ် ( Movie Retold )

 ပျင်းပျင်းနဲ့ တီဗီချန်နယ်တွေ ဟိုပြောင်းဒီပြောင်း ပြောင်းရင်း မနေ့ညက မမျှော်လင့်ဘဲ ကြည့်ဖြစ်လိုက်တဲ့ ဘောလီးဝုဒ်က ဟင်ဒီ ရုပ်ရှင်ပါ။ ဆယ်ကျော်သက်တုန်းကတော့   ဘောလီးဝုဒ် ဆို အသေကြိုက်၊  မင်းသမီးဝတ်တဲ့ ဆာရီ အရောင်လွင်လွင် လှလှတွေရော၊  မြူးမြူးကြွကြွ ကကြတာတွေကိုရောပေါ့။  ဇာတ်ရံတချို့က မလိုအပ်ဘဲ ကလိထိုး အရွှန်းဖေါက် ကြတာကလွဲလို့  သရုပ်ဆောင်အများစုက ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တယ်လို့ ထင်လို့ပါ။  ”ဆီသာ နဲ့ ဂီသာ” ဆိုတဲ့ အမြွှာညီမ ဇာတ်လမ်းဆို အသည်းစွဲပေါ့။ အဲဒီတုန်းက  မြန်မာတွေလည်း ဆင်တူဇာတ်လမ်းတွေ ကက်ဆက်ခွေတွေ ထွက်လိုက်သေးတယ် ထင်ပါ့။

Knock Out ဆိုတော့  ( အလဲထိုး အနိုင်ယူ ) လိုက်တယ် လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ ဇာတ်လမ်းအစအဆုံးက   အထပ်မြင့်တိုက်တွေရှိနေတဲ့  လမ်းမကျယ်ကြီးနှစ်ခုဆုံတဲ့အလည်က တယ်လီဖုံးရုံ ကလေးကိုပဲ  ဗဟိုပြုပြီးရိုက်ထားတာပါ။  စစချင်း ဘာချူး ( မင်းသား  Irrfan Khan )   က သူ့ကို ရှစ်ထပ် တိုက်အမြင့်ပေါ်ကနေ စနိုက်ပါနဲ့ ချိန်ထားတဲ့  ( မင်းသား - ဆန်ဂျေးဒတ်)  နဲ့ ဖုန်းပြောနေရပါတယ်။  ဖုန်းက ဘာချူး ဖုံးရုံထဲ ၀င်လာလာချင်းမြည်တာပါ။  အပြင်ကိုထွက်သွားရင် ပစ်မယ်လို့ ပြောထားတဲ့အတွက် ဆက်ပြောနေရတာပါ။  ဘယ်သူလဲလို့ မေးတော့ မဖြေပါဘူး။  နောက်တော့  ဘာချူး တခါက အိပ်ဆေးခတ်ပြီး စော်ကားခဲ့တဲ့ မိန်းကလေးရဲ့ ရည်းစားဟောင်းလို့ ပြောပါတယ်။  ဘာချူးက တောင်းပန်ပြီး ငွေပေးဖို့ ကမ်းလှမ်းပေမဲ့ စနိုက်ပါသမားက လက်မခံပါဘူး။   ဘာချူးအကြပ်ရိုက်နေပါတယ်။  အဲဒီအချိန်မှာ ဆေးသမားတယောက်က ဘာချူးရဲ့ အိတ်ကို လာလုပါတယ်။  စနိုက်ပါသမားက သူ့ကိုရှင်းလိုက်တယ်။  အဲဒီမှာဘဲ လူသတ်မှုနဲ့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ရဲတွေရော သတင်းထောက်တွေရော ရောက်လာကြပါတယ်။   အိန္ဒိယရုပ်သံက  သတင်းထောက်မလေး နီရှား ( မင်းသမီး ကန်ဂါနာ)  လည်းပါတယ်။

စနိုက်ပါသမားက ဘာချူးကို တိမ်းရှောင်ခွင့်မပေးဘူး။  ရဲတွေကို ဘာချူးအနားကပ်လို့ မရအောင်  ဖုန်းရုံရဲ့ အံဆွဲထဲမှာ အဆင်သင့်သိမ်းထားတဲ့ စတီးချိုင့်တလုံးကို ထုတ်ခိုင်းလိုက်ပြီး ” ဒါ ဗုံးပဲ”  လို့ ပြခိုင်းလိုက်တယ်။  လူတွေ အလန့်တကြားနဲ့ နောက်ကို နည်းနည်းရှဲသွားတယ်။  စနိုက်ပါသမားက နောက်တမျိုးခိုင်းပြန်တယ်။ လူအများရှေ့မှာ က  ရမယ်တဲ့။  နိုက်ကလပ်မှာ သူနဲ့ တွဲတဲ့ မိန်းကလေးတွေကို အရှက်ခွဲပြီး က ခိုင်း သလိုမျိုး တဲ့။   ဘာချူးက ငြင်းတဲ့အခါ  သူ့မိန်းမနဲ့ ကလေးကို အန္တရာယ်ပေးနိုင်တယ်လို့  စနိုက်ပါသမားက ခြိမ်းခြောက်တဲ့အတွက် သူ က ရပြန်တယ်။  ဖုန်းပြောနေတာကိုမြင်နေရတဲ့  ရဲတွေက အခြားတဖက်မှာ တယောက်ယောက်ရှိနေမှန်း  မရိပ်မိဘဲ  စိတ်မမှန်လို့ တယောက်တည်းပြောနေတယ် ထင်အောင် အကွက်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။  မောပြီး စိတ်တိုနေတဲ့ ဘာချူးက မင်းခိုင်းတာ ငါလုပ်ပြီးပြီ၊ သွားလို့ရပြီလား ဆိုတော့ မပြီးသေးဘူးတဲ့။  သူ ပွေခဲ့ရှုပ်ခဲ့တာတွေ မိန်းမကို လူသိရှင်ကြား ၀န်ခံရမယ်တဲ့။  ဆန်ဂျေးဒတ်ရဲ့ ထိမ်းချူပ်မှုအောက်မှာ လုံးလုံးလျားလျားရောက်နေတဲ့ ဘာချူးက နောက်ဆုံးတော့ သူလုပ်ခဲ့သမျှ ဆိုးခဲ့သမျှအပြစ်တွေကို  အိန္ဒိယတီဗွီမှာ မချွင်းမချန်ဝန်ခံလိုက်ရတယ်။  ပြီးတော့ တီဗွီကြည့်နေမဲ့ (အပြင်မှာ တကယ်လဲ ရှက်ရွံ့ငိုကြွေးနေတဲ့)  သူ့မိန်းမနဲ့ သမီးကို တောင်းပန်တယ်။  မင်းတို့နှစ်ဦးလုံးကို ငါတကယ် ချစ်ပါ တယ်၊ ငါ့ကို ခွင့်လွှတ်ပါ၊  နောက်ဒီလိုမမှားတော့ပါဘူး တဲ့။

ထက်မြက်တဲ့ သတင်းထောက်မလေး နီရှားက ဓါတ်ပုံရိုက်ရင်း ဖုံးရုံကာထားတဲ့ မှန်သားပေါ်က ကျည်ဆံအပေါက်တွေရဲ့ ထူးခြားချက်ကို သတိပြုမိပြီး ရဲမှူး ဗီခရမ်ကို သေနတ်သမား တယောက်ယောက်  အပြင်မှာရှိရမယ်လို့  မှတ်ချက်ပေးလိုက်တယ်။   ဗီခရမ်က လက်ခံပြီး ကျည်ဆံလားရာဒေါင့်ကို တွက်လို့   ဖြစ်နိုင်ချေရှိတဲ့ အဆောက်အဦကို အဖွဲ့နဲ့ ၀င်ရှင်းတယ်။  ဆန်ဂျေးဒတ်က အတက်အဆင်းမှာ ကင်မရာတပ်ထားတာမို့  လက်ဦးမှုရပြီး ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း လက်နက်တွေသယ်လို့ ခိုးထွက်ပေါက်ကနေတဆင့် နောက်တနေရာကို ကူးသွားတယ်။ စကားပြောနေရင်း  ဖုန်းအဆက်အသွယ် အကြာကြီးပြတ်သွားတဲ့အတွက်  ဘာချူးက ပွဲပြီးသွားပြီ၊ သူသွားလို့ရပြီလို့ ထင်လိုက်တယ်။  ထွက်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဖုံးထဲကနေ “ ဘာချူး” ဆိုပြီး သူ့နာမည်ကို နောက်တခေါက် ခေါ်လိုက်တာကို ကြားလိုက်ရတော့တယ်။

စနိုက်ပါသမားက ဘာချူးအလုပ်လုပ်နေတဲ့ ဘဏ်လုပ်ငန်းရဲ့ မသမာမှုတွေကို ပြောပြတယ်။  မိဘမဲ့ မိန်းကလေးတွေအများကြီးကို လူကုန်ကူးပြီး ရတဲ့ငွေတွေအပါအ၀င် အခြားသော ဆင်းရဲသားတွေအပေါ် ဂုပ်သွေးစုပ်ငွေတွေ ဆွစ်ဇာလန်ဘဏ်မှာ ကဲ့ဝှက်ထားတာတွေပါ ဖေါ်ထုတ်တယ်။  တခြားဖုံးတလုံးနဲ့ သူကယ်ခဲ့တဲ့ မိန်းကလေးတယောက်ကို ဆက်သွယ်ပြီး သူမခံစားခဲ့ရတဲ့ ဒုက္ခတွေကို ဘာချူးကို နားထောင်စေတယ်။  ဘာချူး ၀မ်းနည်းသွားတယ်။  သူ ဒီလုပ်ငန်းတွေအကြောင်းမသိဘဲ  ငွေပေးငွေယူ ပွဲစားလုပ်ရင်း ကော်မရှင်ယူနေတဲ့သူပါလို့ ပြန်ပြောတယ်။  ဆန်ဂျေးဒတ်က ဒါဆိုရင်  အခု ဖုံးရုံအပြင်က ကားထဲမှာပါလာတဲ့ ငွေသန်း၅၀၀ကို ပြည်သူကို ပြန်ပေးလိုက်ပါ  တဲ့။  သော့ကို ရဲအပ်လိုက် လို့ ပြောတယ်။  ဘာချူးက သူဌေးခိုင်းထားတဲ့ ငွေတွေမို့ မလုပ်ရဲဘူး။ ငြင်းဆန်တယ်။  အဲဒါနဲ့   ဆန်ဂျေးဒတ်က  အခု မင်းသူဌေးက မင်းမိန်းမနဲ့ သမီးကို ဓါးစာခံသွားဖမ်းနေပြီ၊  သူတို့ကို လွတ်အောင်  ပြေးဖို့ ငါအချိန်မီ အကြောင်းကြားပေးမယ်လို့  ဆိုတော့  ဘာချူး ကား သော့ကိုရဲကို မပေးချင်ဘဲ ပစ်ပေးလိုက်ရပါတယ်။  အဲဒီအချိန်မှာပဲ ဘာချူး သတင်းကိုသိသွားတဲ့ သူဌေးက သူ့လူယုံတွေကို လွှတ်ပြီး ကားကိုပြန်ယူဖို့ လုပ်ပါတယ်။  မီဒီယာတွေရော မျက်မြင်သက်သေလူတွေ အများကြီးရှိနေတာကြောင့် ထူလို့မရပါဘူး။ 

သူဌေးမှာ သန်း၅၀၀ဆုံးရှုံးရတဲ့အပြင် နောက်ထပ် ဆုံးရှုံးစရာ အများကြီးရှိနေပါသေးတယ်။  ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဘဏ်အကောင့်အချက်အလက်အားလုံးကို ငွေလွှဲနေကျ သူ့လူယုံ ဘာချူးက သိနေလို့ပါ။   ဘာချူးကို နှုတ်ပိတ်ဖို့ လိုလာပါပြီ။  သူ့မိန်းမနဲ့ကလေးကို ပြန်ပေးဆွဲခိုင်းလိုက်ပေမဲ့ စနိုက်ပါသမားက ဖုံးနဲ့ဆက်သွယ်ပြီး ပြေးဖို့ (အိမ်ရှေ့မှာ နဂိုထည်းက ကားတစီးရပ်ထားပေးခဲ့တယ်)  စီစဉ်ပေးလိုက်ပါတယ်။  လက်ဖြောင့်တပ်ဖွဲ့တွေက ပုန်းပြီး  ရဲမှူး ၀ိုက်ခရမ် ဘာချူးကို ပစ်ပေမဲ့  စနိုက်ပါသမား ဆန်ဂျေးဒတ်က ဘာချူးကို ဖုံးရုံအောက်ခြေက ကျည်ကာမှန်ဖြစ်ကြောင်းပြောပြီး အမြန်ဝပ်ခိုင်းလိုက်လို့ မသေဘူး။  ရဲကိုပစ်တဲ့သူကိုလည်း သူက ရှင်းပစ်လိုက်တယ်။  စနိုက်ပါသမားက သူ့ကို ကယ်ခဲ့တယ်ဆိုတာ ၀ိုက်ခရမ် သိလိုက်တယ်။  ဒီအကြောင်းကို နီရှားကို ပြောပြလိုက်တယ်။

ဘဏ်သူဌေးကြီးမှာ နောက်ထပ် အသုံးဝင်တဲ့ ၀ှက်ဖဲတချပ် ရှိပါသေးတယ်။ ဒါကတော့ ပြည်နယ်ရဲချူပ်ကို အပိုင်ကိုင်ထားနိုင်ခြင်းပါဘဲ။  ရဲချူပ်က ၀ိုက်ခရမ်ကို ဆက်သွယ်ပြီး မတော်တဆပုံစံနဲ့ ဘာချူးကို အပြတ်ရှင်းခိုင်းပါတယ်။ ဗိုက်ခရမ်အတွက် ငွေ သန်း ၁၀၀ကိုလည်း ပေးမယ်လို့ ဆွဲဆောင်လိုက်တယ်။  အထက်လူကြီးရဲ့ မသမာမှုကို ရိပ်မိသွားတဲ့ ၀ိုက်ခရမ်က အရမ်း တုန်လှုပ်သွားပါတယ်။ ဒါပေမဲ့ ခိုင်းတဲ့အတိုင်း သူမလုပ်နိုင်ဘူးလို့ ငြင်းလိုက်ပါတယ်။  သတင်းထောက် နီရှားက ၀ိုက်ခရမ်တယောက် သူ့ရုံးနဲ့ ဖုန်းပြောပြီးမှ မျက်နှာအကြီးအကျယ်ပျက်နေတာကို သတိပြုမိလို့  ဘာကြောင့်လဲဆိုတာ  မေးပေမဲ့ သူက ဒီအကြောင်းကို ပာပြဖို့ ငြင်းခဲ့ပါတယ်။  ဘာချူးကိုတော့ ၀ိုက်ခရမ်က လက်နက်ချပြီးထွက်လာခဲ့ဖို့ အချိန် ဆယ်မိနစ် ပေးထားပါတယ်။  ဒေါသထွက်နေတဲ့ ရဲချူပ်က  ၀ိုက်ခရမ်ကို နောက်ရဲမှူးတယောက်နဲ့ လဲလှယ်ခိုင်းပါတယ်။    ရုတ်တရက် တာဝန်ရုပ်သိမ်းပြီး ဌာနချူပ်ကို ပြန်ရောက်သွားတဲ့ ၀ိုက်ခရမ်ကို ရဲချူပ်က နှုတ်ပိတ်တဲ့အနေနဲ့ ပစ်သတ်လိုက်ပါတယ်။  

သူဌေးကလည်း ဘာချူးကို ထိမ်းချူပ်နေတဲ့သူတယောက်ယောက် အထပ်မြင့်အဆောက်အဦထဲမှာ ရှိနေတာကို ရိပ်မိတဲ့အတွက် ဟယ်လီကော်ပတာဝဲပြီးရှာပါတယ်။  နောက် အထဲကိုဝင်စီးပြီး သတ်ကြပုတ်ကြရာမှာ ဆန်ဂျေးဒတ် အနိုင်ရပေမဲ့ လက်မောင်းမှာ ဒဏ်ရာပြင်းပြင်းရသွားပါတယ်။  သူ့ရဲ့ စနိုက်ပါလည်း မရှိတော့ပါဘူး။  ဘာချူးနဲ့ ဆက်သွယ်နေတဲ့ နားကြပ်ဖုန်းလေးဘဲ ကျန်တယ်။   သတင်းထောာက်မလေး နီရှားက ၀ိုက်ခရမ် ရုတ်တရက် တာဝန်ပြောင်းခံရတာကို အတော်လေး သံသယရှိတယ်။  နောက်တော့ တကိုယ်တော်စွန့်စွန့်စားစား  အဆောက်အဦထဲကို သွားကြည့်လိုက်တဲ့အခါမှာ အောက်ထပ်က ကော်ဖီခန်းထဲမှာ လူတယောက်ယောက်ရှိနေတာ သိသွားတယ်။  အဲဒီအခန်းထဲမှာ ဆန်ဂျေးဒတ်က အနာကို သွေးတိတ်အောင် ပါတ်တီးစည်းရင်း  ဘာချူးနဲ့ စကားပြောနေတာ ဖြစ်ပြီး နီရှားက (လူမမြင်ရပေမဲ့) ပြောတာတွေ ကြားသွားတယ်။  သတင်းဦးရပြီဆိုပြီး အခန်းတ၀်ုက်ကို ဓါတ်ပုံတချို့ တိတ်တဆိတ် ရိုက်လိုက်တယ်။  သူနားထောင်ရင်း   ဆန်ဂျေးဒတ်ရဲ့ ရည်ရွယ်ချက်အမှန်ကို သိပြီး လေးစားသွားတယ်။  နားပါးတဲ့ ဆန်ဂျေးဒတ်က နီရှားရောက်နေတာကို သိသွားတယ်။  ” မင်းတော်တယ် နီရှား” တဲ့။  ” ရှင်က ပိုတော်ပါတယ်” လို့ နီရှားက ပြန်ပြောတယ်။  ”ကျမ ၀င်လာခဲ့ရမလား”  တဲ့ ။ ” ဟင့်အင်း၊  မကြာခင် သူဌေးရဲ့ လူတွေ ပြန်လာကြဦးမှာ၊  မင်းပြန်ပါ၊  ပြီးတော့ တခုစဉ်းစားပါ   အလုပ်နဲ့ နိုင်ငံ ဘယ်ဟာ အရေးကြီးသလဲ ဆိုတာ”  လို့ ပြန်ပြောလိုက်တယ်။  နီရှားက အခင်းဖြစ်တဲ့ ဖုန်းရုံနားကိုပြန်သွားတယ်။  သူမရဲ့ သတင်းထောက်အဖေါ်အမျိုးသမီးကိုမေးတယ်။  နင်သာဆို အလုပ်နဲ့ နိုင်ငံဘယ်ဟာ ရွေးမလဲ- ဟင် တဲ့။  အဖေါ်က  ” နိုင်ငံပေါ့ဟ၊  ဒါနဲ့ နင်ဟိုဖက်အဆောက်အဦမှာ ဘာတွေ့ခဲ့လဲဟင်”  တဲ့။  နီရှားက ” ဘာမှ မတွေ့ခဲ့ပါဘူး”  လို့ပြောပြီး ကင်မရာထဲက သူရိုက်လာတဲ့ ဓါတ်ပုံတွေကို အကုန်ဖျက်ပစ်လိုက်တော့တယ်။

ဆန်ဂျေးဒတ်က ဘာချူးကိုပြောတယ်။  “ ဘာချူး- အခုဆို မင်းမှာ အချိန် ဆယ်မိနစ်မရှိတရှိပဲ ကျန်တော့တယ်။  သူဌေးက မင်းကို ရတဲ့နည်းနဲ့ အပျောက်ရှင်းတော့မယ်။  မင်းစဉ်းစားပါ။  ဒီငွေတွေဟာ ငါတို့တိုင်းပြည်က ကလေးလေးတွေ ကောင်းစားဖို့  ပညာသင်ဖှိုအတွက်ပါ။  သူတို့က မတရားယူသွားတာမို့ ဆန္ဒရှိရင် မင်းပြန်ပေးလို့ရတယ်။   အခုငါပြောနေတာ အလွတ်သလောပါ။ မင်းကို စနိုက်ပါ ချိန်ထားတာလည်း မရှိတော့ဘူး။  စတီးချိုင့်ထဲမှာလည်း တကယ်ဗုံးမရှိဘူး။ မင်းဖာသာမင်း လွတ်လွတ်လပ်လပ် စဉ်းစားပြီး ဦးနှောက်နဲက ဆုံးဖြတ်ပါ”  လို့ ပြောလိုက်တယ်။  ဘာချူး တွေဝေသွားတယ်။  တော်တော်ကြာကြာစဉ်းစားပြီးမှ   တစုံတခုကို ဆုံးဖြတ်လိုက်တယ်။  ဒီလူအုပ်ထဲမှာ ပြည်တွင်းအခွန်ကလူ ရှိလား လို့ အော်မေးတယ်။  နီရှားက သူ့အနားက တွန့်ဆုတ်နေတဲ့ အခွန်အရာရှိကို သူမေးနေတာပာလိုက်ပါ ဆိုပြီး တိုက်တွန်းလိုက်တယ်။    ငွေမည်းတွေ ပြန်ပေးချင်လို့  အခွန်ရုံးရဲ့ ဘဏ်နံပါတ်ပေးပါ လို့ဘာချူးက တောင်းတယ်။  အရာရှိက စက္ကူတရွက်မှာ ရေးပြီး ဖုံးရုံထဲ လုံးပြီးပစ်ပေးလိုက်တယ်။  ဘာချူးက လက်ဆွဲသေတ္တာထဲက လက်ပ်တော့ကိုထုတ်ပြီး  ငွေလွှဲလုပ်ငန်းကို စလုပ်ပါတယ်။    အရာရှိကလည်း တဖက်က လက်ပ်တော့ကိုဖွင့်ပြီး သူ့စာရင်းကိုဖွင့်တယ်။ ခဏနေတော့  ” ငါတို့ စာရင်းထဲကို ဘီလျံ ၂၈၀၀ ၀င်လာပြီ”  လို့ အော်တယ်။  လူအုပ်ကြီးက” ဟေး” ကနဲ အားပေးတယ်။  နောက်ထပ် ဘီလျံ ၅၀၀၀ လား၊ ၇၀၀၀ လားလို့ ဘာချူးက အော်မေးတော့ လူအုပ်ကြီးက ”ဘီလျံ ၇၀၀၀”  လို့အော်တယ်။  ငွေလွှဲလုပ်ငန်း အောင်မြင်စွာ ပြီးစီးသွားပါပြီ။  ဖုံးရုံထဲမှာ ဘာချူးက မောပန်းစွာ ကျေနပ်စွာ လှဲလျောင်းနေတယ်။ သူ လူသား တာဝန်ကျေခဲ့ပြီ။

လူတွေလည်း အောင်ပွဲခံကြတယ်။  ပျော်နေတယ်။  နီရှားလဲ လူတကာကို အင်တာဗျူးပြီး အိန္ဒိယရဲ့ အပျော်ဆုံးနေ့တနေ့အတွက် အင်တာဗျူးနေတယ်။ တချိန်မှာ သူ့အနားမှာဖြတ်သွားတဲ့ ကုတ်အကျီင်္အနက်၊ ဦးထုပ်အနက်နဲ့ ပုဂ္ဂိုလ်ကို သူမ ချက်ချင်းမှတ်မိတယ်။ ” လူကြီးမင်းက ပြည်နယ် ပညာရေးဌာနရဲ့ အကြီးအကဲ မဟုတ်လားရှင်၊ ဒီနေ့ကို ဘယ်လိုထင်ပါသလဲ”  တဲ့။ အဲဒီလူက   ” ဟုတ်ပါတယ်၊ အခုလိုဖြစ်တာ သိတ်ကောင်းပါတယ်၊ ဒါပေမဲ့ ကျူပ်ကားလမ်းပိတ်နေလို့ ဒီကို အခုမှရောက်တယ်၊ အစအဆုံး မမြင်လိုက်ရဘူးတဲ့”  ပြောပြီး ထွက်သွားတယ်။  အဲဒီလူကတော့ စနိုက်ပါသမား ဆန်ဂျေးဒတ် ပါဘဲ။


-------------------------------------------
ဟောလီဝုဒ်ရုပ်ရှင် Phone Booth ကို ကူးချထားတယ်လို့ ပြောရလောက်အောင် ဇာတ်လမ်းအနှစ်မကူပေမဲ့ ဇာတ်ကွက် အခင်း အကျင်းက တူညီနေပါတယ်။  ကူးချတယ်ဆိုတာ နားထောင် မကောင်းလို့  ကျောရိုး ယူထားတယ် လို့ပဲ ပြောရအောင်နော်။  အများစုကတော့  ကော်ပီလုပ်တာကို  မနှစ်သက်ဘဲ   တော်တော်လေး ဝေဖန်ကြပါတယ်။  ဒါပေမဲ့ သရုပ်ဆောင်တွေ တော်တာရယ်၊ ဇာတ်လမ်းက အစအဆုံး ဆွဲဆောင်မှူရှိတာရယ်ကိုတော့ သဘောတူကြတာ များပါတယ်။

စိတ်ကူးယဉ်ဆန်ပေမဲ့ ကြည့်ကောင်းတယ်။ နောက်ပြီး တွေးစရာလေးတွေရတယ်။  ဥပမာ---  ရဲချူပ်က လူဆိုးတွေနဲ့ ပေါင်းပြီး အဂတိလိုက်စားတဲ့အခါ၊   အဲဒါမျိုးကို ကိုယ်တို့ ဆီမှာ အဲလိုမျိုး ရုပ်ရှင်ရိုက်ပြလို့ ရမလား။  လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတော့  အထူးရဲကွန်မန်ဒိုဆိုတဲ့ ဟောင်ကောင်ဇာတ်လမ်းတွဲ မှာ နောက်ဆုံးမှာ ရဲအကြီးအကဲက လူဆိုးဖြစ်နေလို့ဆိုပြီး (ဟုတ်မဟုတ်တော့ မကြည်ဘရလို့ မသိပါ) အဆုံးအထိမပြဘဲ ရပ်ပစ်တာ ကြုံဖူးတယ်။ မီရှဲယိုးနဲ့ ချစ်စရာကောင်းလှတဲ့ ရဲမေအဖွဲ့ကို ကြိုက်လွန်းလို့ ကြ့ည့်နေရင်း ဆုံးအောင်မပြလို့ စိတ်မကောင်းဖြစ်ရတယ်။  နောက်တခုက နိုင်ငံနဲ့ အလုပ် ဘယ်ဟာကိုရွေးမလဲဆိုတဲ့ သတင်းတောက်မလေး နီရှားရဲ့ စိတ်တွင်းက အတ္တနဲ့ပရ ၀ိရောဓိလွန်ဆွဲပွဲ။  သူအရွေး မှန်ခဲ့ပါတယ်။   ဥပဒေနဲ့ အမှန်တရားအတွက် အထက်လူကြီးကို ငြင်းဆန်ပြီး ကိုယ့် အသက်ကို ပေးဆပ်သွားတဲ့ ရဲအရာရှိဝိုက်ခရမ်။  ဖုံးရုံနဲ့  လူအုပ်ရဲ့ကြားမှာ  လက်ပ်တော့  နဲ့ ငွေလွှဲနေကြတာကိုတော့ ကျမ တအံ့တသြကြီးကို ဖြစ်မိပါတယ်။  ဒီနေ့ခေတ်ငွေကြေးရဲ့  fluidity  ဖြစ်မှုနဲ့   အိန္ဒိယရဲ့ ဆက်သွယ်ရေးစံနစ် အဆင့်အတန်း.........။  ဒါတွေက  Phone Booth မှာ မပါတဲ့  ဇာတ်ကွက်တွေပါ။ (  Phone Booth ကို အနှစ်ချူပ်ပဲ ဖတ်ဖူးပါတယ်)  ဝေဖန်သူတွေက Phone Booth ကို မဆလာ ထည့်တားတာလို့   ပြောကြတယ်။  ဒါပေမဲ့ အဲဒီမဆလာလေးတွေကိုတော့ ကျွန်မ နှစ်သက်မိပါတယ်...လို့ပြောပါရစေ။  ကြုံကြိုက်တဲ့အခါ အားပေးလိုက်ကြပါဦး။

မိုးစက်ပွင့်

PS-  ရေးမိတဲ့ ဇာတ်လမ်းက အစအဆုံးဆိုတော့ review   မဟုတ်ဘဲ retold   ဖြစ်သွားတယ်။  ဟုတ်ကဲ့- ဒီပွဲမှာ အလဲထိုးခံရသူကတော့ ငွေမည်းတွေဆုံးရှူံးသွားတဲ့ ဘဏ်သူဌေးကြီးပဲဖြစ်မယ် ထင်ပါတယ်။

4 comments:

  1. မမရေ
    စာဖတ်ရင်း ရောက်ခဲ့ပါတယ်။
    နေကောင်းလား..
    မရောက်တာကြာပီ။ ပြန်လာပီးကတဲက အလုပ်တွေ မရှူပ်တာကို ရှူပ်အောင်လုပ်ပြီး တအားရှုပ်သူလုပ်နေတာနဲ့ ဘလော့ဘက်ကို မရောက်ဖြစ်တာ။ ဟိုတလောက မကွေးဘက်ရောက်တော့ မမကို သတိရမိတယ်။ ဟိုဝါ၀ါလေးတွေအကြောင်း ပြန်တွေးမိလိုးD

    ReplyDelete
  2. အဲဒါ အင်္ဂလိပ် ဇာတ်လမ်း နဲ့ ဆင်တယ်။ :)

    ReplyDelete
  3. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete

ပဲ့တင်သံလေးတွေ .......