Monday 11 March 2013

ကျောင်းတော်ရာ၊ ရွှေစက်တော် (၂)

ကျောင်းတော်ရာ ငါးစာကျွေးဆိပ်က ထွက်လာတော့ ၁၀ နာရီကျော်နေပြီ...။  မန်းချောင်းတူးမြောင်းကြီးရဲ့ နံဘေးတလျှောက်က ဖုန်ထူထူ ကားလမ်းကလေးအတိုင်း မောင်းလာခဲ့တယ်..။   ရေထိန်းတံခါး အဆင့်ဆင့် တပ်ထားတဲ့ တူးမြောင်းကြီးထဲမှာ ရေတွေနဲ့ ၊ တူးမြောင်းဘောင်မှာ သစ်ပင်ကြီးတွေနဲ့ စိတ်ချမ်းသာစရာပါ။  ဒါကြောင့်လည်း ပွင့်ဖြူ နဲ့ လယ်ကိုင်းတ၀ိုက်ဟာ ဆန်စပါးအထွက်နည်းတဲ့ အညာဒေသရဲ့ အားထားရတဲ့ စပါးကျီတလုံး ဖြစ်နေတာပါဘဲ..။

 

နွားကလေးတွေလည်း ရေဆင်းသောက်ကြတယ်။

မန်းတူးမြောင်းကြီးရဲ့ အထိမ်းအမှတ် ကျောက်စာ...

လမ်းကိုတော့ ကားကြီးကြီးတွေနဲ့ မြေနီဖို့ နေတာ တွေ့ရတယ်။ ပြီးသွားရင်တော့  ဖုန်ထ သက်သာတာပေါ့။  တနာရီကျော်ကျော်လောက်မောင်းပြီးတော့ သာသာယာယာ ချောင်းစပ်မှာ တဲစုတန်းလေးတွေ တွေ့လို့ မေးကြည့်တော့ ရွှေစက်တော်မရောက်ခင် တထောက်နားတဲ့   နေရာတဲ့။  ဒေသခံ ကားဆရာက အဲဒီမှာ နားပြီး နေ့လည်စာစားဖို့ အကြံပြုတယ်။  အိုကေပေါ့။ မနက်စာက မစို့မပို့ဘဲ စားခဲ့ရတာ မဟုတ်လား။

 အဲဒီအခိုက် အနားက ဖြတ်သွားတဲ့ လှည်းတစီးက အုန်းသီးခိုင်အပြည့် နဲ့။  ရောင်းမလား လို့ လှမ်းအော်မေးလိုက်တော့ ရောင်းမယ်တဲ့။ ခြေမြန်လက်မြန် ရှိသူတွေက ကားပေါ်ကနေ ဆင်းဝယ်ကြတယ်။  အခိုင်လိုက်ဆွဲလာတာမြင်လို့ ဈေးမေးကြည့်တော့ တလုံး ၃၀၀ ကျပ်နဲ့ ဆယ်လုံး ၀ယ်ခဲ့ကြတယ် တဲ့ (ဈေးချိုလွန်းနေသလိုပဲ..).။


နားခိုရာဝါးတဲလေးတွေက ချောင်းထဲက ရေစပ်စပ်မှာ ဆောက်ထားတယ်..။ ချောင်းထဲမှာရှိတဲ့ ရေက ဒူးလောက်ပဲ ရှိတာမို့ နွားလှည်းလေးတွေ ကူးသန်းသွားလာနေကြတယ်။ ချောင်းရေက ကြည်လင်နေတာမို့ ရေအောက်က ကျောက်စရစ်ခဲကလေးတွေကိုတောင် ထင်ထင်ရှားရှား  မြင်နေရပါတယ်။  လူတချို့က ချောင်းထဲမှာ ရေချိုးနေကြတယ်။

ခဏနေတော့ ပါလာတဲ့ ထမင်းအိုးတွေ၊ ထမင်းချိုင့်တွေကို ဖွင့်ပြီး စားကြသောက်ကြတာပေါ့။ ကိုယ်တိုင် ယူလာတဲ့ မရမ်းသီးငါးပိကြော်၊  ငါးရံ့ခြောက်ဖုတ်၊ ကြက်ကြော် တွေအပြင် ဘေးနားဆိုင်က ၀ယ်ရတဲ့ ငါးကလေးကြော် နဲ့ ဆတ်သားကြော် (စစ်စစ်) တို့ကြောင့် ထမင်းစားရတာ ထောင်းထည့်သလို အလွန်မြိန်ပါတယ်။  စားပြီးသောက်ပြီးတော့ အုန်းသီးကိုခွဲပြီး အုံးရည်သောက်၊ အုန်းသီးဖတ်ခြစ်ပြီး အချိုတည်းကြတယ်။ 


စားပြီးသောက်ပြီး ထမင်းလုံးစီ၊ ခဏတဖြုတ်နားပြီးတာ နဲ့ ရွှေစက်တော်ကို ခရီးဆက်ခဲ့ရပြန်တာပေါ့...။


ရောက်ခဲ့ပါပြီ၊  အများမျှော်လင့်နေတဲ့ ရွှေစက်တော်။  တဲတန်းတွေ၊ ဈေးဆိုင်တန်းတွေကဖြင့် တမျှော်တခေါ် ရှည်လျားလှပေရဲ့...။ အ၀တ်အထည် ၊ အစားအသောက်၊ အသုံးအဆောင်တွေ စုံလှပါတယ်။  အပေါ်စီးက ရိုက်ထားတဲ့ပုံဘဲ ကြည့်တော့နော်။


 ရောက်ရောက်ချင်း အထက်စက်တော်ရာကို တန်းတက်ကြပါတယ်။
   အထက်စက်တော်ရာကို လှမ်းမြင်ရပုံ ----


အထက်စက်တော်ရာကိုတက်တဲ့ စောင်းတန်းအခြေနားအထိ ကားရောက်ပါတယ်။  စောင်းတန်းကလေးက မတ်စောက်ပြီး တဖက်တချက်မှာ ဈေးဆိုင်တန်းကလေးတွေနဲ့ အပြည့်ပါ။  တီရှပ်ဆိုင်၊   ဆေးဥဆေးမြစ်ဆိုင်၊ ဗေဒင် လက္ခဏာဆိုင်၊ အမှတ်တရ ပစ္စည်း သေးသေး မွှားမွှားလေးတွေ ရောင်းတဲ့ ဆိုင် စုံလို့  စုံလို့ပါဘဲ။ ထူးဆန်းတာက ၅၀ တန်ကနေ ၂၀၀ တန်အထိ အကြွေလဲပေးတဲ့ သူတွေ တော်တော်တွေ့ရတာပါဘဲ။  ၂၀၀၀ ပေးရင် အကြွေ ၁၈၀၀ ပြန်ပေးတယ်။  လှူစရာနေရာများတော့ ဘုရားဖူးတွေ အကြွေလို ကြလို့နဲ့ တူပါတယ်။


စိတ်မကောင်းစရာက သက်ကြီးရွယ်အို တောင်းစားသူတွေ အများကြီးတွေ့ရတာပါဘဲ။  ကလေးငယ်ကလေးတွေလည်း မျက်ရည်စက်လက်နဲ့ တောင်းနေကြတယ်။  လူကြီးတယောက်ယောက်က ရိုက်နှက်ခိုင်းစေ ထားပုံရတယ်။  သက်ကြီးရွယ်အိုမို့ သနားမိပေမဲ့ ကိုယ့်နောက်ကွယ်မှာဘဲ ကလေးတယောက်ကို ရုံ့ရင်းကြမ်းတမ်းစွာ ဆဲနေတာ ကြားရတော့ ဖတ်ဖူးတဲ့ မမြသွေးနီရဲ့ ၀တ္တုတိုလေးတပုဒ်ကို သတိရမိတယ်။  ဘုရားဝင်းတာဝန်ရှိသူတွေ မတွေ့မမြင် မကြားတော့ပြီလား။


အထက်စက်တော်ရာ တောင်ကုန်းပေါ်က ရှုခင်းတွေ အပေါ်စီးကနေ ကြည့်ရတာကတော့ ကောင်းပါတယ်။  နေ့ချင်းပြန်ခရီးမို့ အချိန်မရတာမို့ လူစုံတာနဲ့ ခပ်သုတ်သုတ် ပြန်ဆင်းခဲ့ကြတော့တယ်။

အထက်စက်တော်ရာကပြန်တော့ တဲတန်းကလေးတွေဆီကို ဦးတည်ခဲ့ကြတယ်။
 ကားရပ်တာနဲ့ တည်းခိုခန်း ယူမလားလို့ လာလာမေးသူတွေက တပုံတပင်ပါဘဲ။  ဌာနဆိုင်ရာတွေကတောင် ယာယီတဲကလေးတွေဖွင့်ပြီး စီးပွားလမ်းဖြောင့်နေတဲ့ပုံပါဘဲ။  တဲတလုံးကို ၈ခန်း ၁၀ ခန်းလောက်ဖွဲ့ထားပြီး၊ လူ ၄-၅ ယောက်လောက် ကြပ်ကြပ်သပ်သပ်အိပ်ရမဲ့ တဲတတဲကို သောင်းဂဏန်း ရနေတာပါ။  ပြူတင်းပေါက်မရှိတဲ့ အတွင်းခန်းတွေထက် ရေစပ်ဖက်ကို မျက်နှာမူထားတဲ့ အခန်းတွေက ဈေးနှစ်ဆလောက် ပိုပါတယ်။

ကျမတို့ကတော့ မိတ်ဆွေတွေ စီစဉ်ပေးတဲ့ ရေစပ်အခန်းနှစ်ခန်းမှာ အသီးသီးနေရာယူလိုက်ကြပါတယ်။ ငယ်ရွယ်သူတွေအားလုံးကတော့ ချက်ချင်းပဲ အ၀တ်အစားလဲပြီး ရေထဲကို ဆင်းကြတာပါပဲ။  ကျမတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ရေကစားသူတွေ တပုံတပင်နဲ့ နောက်ကျိသလိုလိုဖြစ်နေတဲ့ ချောင်းရေကို စိတ်မသက်မသာ ကြည့်ရင်း တဲပေါ်မှာဘဲ နေရစ်ခဲ့ပါတယ်။  



တဲထဲမှာလည်း တော်တော်ပူပါတယ်။ မတ်လဆန်းဆိုပေမဲ့ နေပူရှိန်က တော်တော်ပြင်းနေပါပြီ။  မရှိဘူးဆိုရင်တော့ အပူချိန်က ၃၇-၃၈ C အသာလေး ရှိမှာပါ။  ပါလာတဲ့ ယပ်တောင်ကလေး တဖျပ်ဖျပ်နဲ့ အိပ်ဖို့ ကြိုးစားပေမဲ့ အပြင်က ရေကစားသံ စီစီညံညံကြောင့် တော်တော်နဲ့ အိပ်လို့မရအောင်   ဖြစ်နေရပါတယ်။   နောက်ဆုံး မှေးကနဲ အိပ်ပျော် အပြီးမှာ ချွေးတွေပြန်ပြီး လန့်နိုးလာတော့   ခေါင်မိုးစွန်းက   ဖောက်ဝင်လာတဲ့ နေရောင်စူးစူးက ကိုယ်ပေါ်ကို ကျနေပါတယ်။  ဒါနဲ့ပဲ ထထိုင်ပြီး ပါလာတဲ့ အအေးပုလင်းကို ရေခဲနဲ့ ဖျော်စပ်လို့ ရေထဲက မမများတက်လာတဲ့အချိန် အဆင်သင့်   သောက်လို့ရအောင် ရေတကောင်းထဲ ထည့် ထားလိုက်ပါတယ်။  တနာရီခွဲလောက်ရေစိမ်ပြီးတဲ့နောက် သူတို့ ပြန်ရောက်လာကြပါတယ်။  အ၀တ်လဲပြီး အအေးသောက်တယ်။ တယောက်က ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးတွေပါခဲ့တော့ သူတို့မျက်နှာမှာ သနပ်ခါးဖွေးဖွေး မွှေးမွှေးတွေနဲ့။   အထုပ်အပိုးတွေ သိမ်းဆည်းပြီး အောက်စက်တော်ရာဆီကို ကားနဲ့သွားခဲ့တယ်။
 
အောက်စက်တော်ရာကို ဖူးပြီး ဘုရားဝတ်ပြုနေတုန်းမှာ နတ်ရေကန်ကြည့်မယ်ဆိုပြီး တဖွဲ့က အနားက တောင်ကုန်းကလေးပေါ်တက်သွားပါတယ်။  ညီးစီစီ ဖြစ်နေလို့ လိုက်မသွားဖြစ်တော့ပါဘူး။  သူတို့အဖွဲ့ တော်တော်ကြာမှ ပြန်ရောက်လာတယ်။  တွေ့ခဲ့လား ဆိုတော့ ဟင့်အင်း တဲ့။  ကျောက်တုံးကြားမှာ ပိုက်လုံးတလုံးနဲ့ ရေတစက်တစက် ချထားတာတဲ့။    ပြိးတော့ နေရာတော်တော်များများမှာ ၀င်ကြေးကောက်၊ အတင်း အလှုခံတာတွေ လုပ်သတဲ့။  အပေါ်ကို ခြေတညောင်းကြီး ကွေ့ပတ်တက်ရတာနဲ့ မတန်ဘူး လို့ တညီတညာတည်း ပြောကြပါတယ်။  အင်း- မလိုက်ဖြစ်တာ တော်သေးရဲ့ လို့ဘဲ တွေးလိုက်မိတော့တယ်။

လူစုံတော့မှ  ဈေးတန်းမှာ   ဈေးဝယ်ရင်း ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ အားလုံးက ချည်ထည်ဆိုင်ထဲ ၀င်သွားကြတယ်။    ဆွဲကြလွဲကြ၊ ကိုယ်မှာကပ်ကြ၊ ဈေးဆစ်ကြ နဲ့ ပျော်စရာ။  သူများတွေလိုဘဲ အဲဒီမှာ ကိုယ့်အတွက် ချည်ထည်လုံချည်နဲ့ အကျီတစုံဝယ်ဖြစ်တယ်။  

((ကျမတယောက်ထဲရဲ့ အမြင်ကိုပြောရရင် ရွှေစက်တော်ဟာ ဘာသာရေးပွဲတော် အသွင်ပျောက်ပြီး   ဈေးပွဲတော်ကြီးလိုဖြစ်နေတယ်။  ဘုရားဖူးလာသူတွေကလည်း  အပျော် သက်သက်နဲ့   ရောက်ဖူးချင်သူတွေပဲ များနေတယ်။   နေရာထိုင်ခင်း အသွင်အပြင် တွေကလည်း   အေးချမ်းမှုကို ပေးစွမ်းတဲ့  ဘုရားရိပ်တရားရိပ်ရဲ့လက္ခဏာမျိုး ရှိမနေသလိုဘဲ။  လွန်ခဲ့တဲ့ လေးနှစ်က သွားခဲ့တဲ့ ရွှေစက်တော်နဲ့ အခုရွှေစက်တော်ဟာ တိုးတက်ပြောင်းလဲမှုတစုံတရာ မမြင်ရတာမို့ သောက်သောက်လဲရနေတဲ့ အလှူခံငွေတွေကို ဘယ်နေရာမှာသုံးနေသလဲလို့ မေးခွန်းထုတ်စရာပါ။))

အပြန်ခရီးမှာတော့ ရယ်သံတွေ စီစီညံညံနဲ့ ၊ အတွေ့အကြုံတွေ ပြန်ပြောရယ် ရယ်ကြ မောကြ၊ သီချင်းတွေ တယောက်တလှည့် ဆိုကြ နဲ့။  အပြန်မှာ နဂါးပွက်တောင်နဲ့ စက္ကိန်းတဲဘုရား ၀င်ကြသေးတယ်။


မင်းဘူးတံတားကြီးကို ဖြတ်ကျော်လို့ မြသလွန်စေတီတော်ကြီးကို လှမ်းပြီးဦးခိုက်ဖူးမြင်ရချိန်မှာတော့ မှောင်ရိပ်တောင် သန်းနေပြီကော...။

မိုးစက်ပွင့်

6 comments:

  1. အတိတ်ကခရီးသွားခဲ့ရတာတွေပြန်သတိရမိတယ်မိုးစက်ရေ။
    ကိုယ်ကအလုပ်နဲ့ သွားရတာများတော့ပွဲတော်ချိန်မဟုတ်တာများတယ်။ အဲလိုအချိန်တွေမှာဆိုရင်ချောင်းရေကအရမ်း
    ကြည်တာ။
    တခါတခါကမ်းစပ်မှာစိုက်ထားတဲ့ကုလားပဲပင်တွေရှိတဲ့အချိန်ဆိုဘာပြောကောင်းမလဲကုလားပဲညွန့် သုပ်တို့ ကြော်ချက်တို့ ဟင်းချိုတို့ ကိုအညာရုတ်သီးထောင်းစပ်စပ်နဲ့ တွဲစားရတာဆွေမျိုးမေ့ချင်စရာ။
    မိုးစက်ကျေးဇူးနဲ့ ပြန်လိုက်လည်ရတာနော်။း)
    အိုင်အိုရာ

    ReplyDelete
  2. သတိရတယ် လွမ်းတယ်
    ရွှေစက်တော်ရော
    ချစ်တဲ့မမိုးကိုရော

    ReplyDelete
  3. ကိုယ်တိုင် ခရီးကို ရောက်သွားလိုက်သလိုပါပဲ..
    ဘုရားပွဲတော်မှာ ဘာသာရေးအငွေ့အသက်တွေ
    ပါးလျကုန်ပြီး အပျော်အပါးတွေများလာတာတော့ စိတ်မကောင်းဘူးရယ်...

    ReplyDelete
  4. လွန်ခဲ့တဲ့ အနှစ် ၂၀ က တခေါက်ရောက်ဖူးတယ်၊ တံတားကြီးမရှိသေးလို. ဧရာဝတီမြစ်ကို Z Craft နဲ.ကူးရတာ ၊ မြစ်ထဲကသောင်ပြင်ပေါ်မှာ ဘဲကလေးတွေအများကြီးဘဲနော်လို. ပြောတော့ မေမေက အဲဒါ ဘဲမဟုတ်ဘူး ရွှေဟင်္သာတဲ့ ၊
    ရွှေစက်တော်မှာ မနက်စောစောတဲကျောင်းလေးကိုလာရောင်းတဲ့ ကောက်ညှင်းပေါင်းနဲ.ပဲပြုတ်ကို တသက်မမေ့ဘူး၊ နမ်မဒါ (မန်းချောင်း) မြစ်ထဲကရတဲ့ကျောက်စိမ်းလေးလဲ သိမ်းထားသေးတယ်၊ ဓါတ်ပုံတွေအတွက်ကျေးဇူးတင်ပါတယ် ၊ နောက်တခေါက်တော့ရောက်အောင်ကြိုးစာအုံမယ်
    သပြေ

    ReplyDelete
  5. ရွှေစက်တော်ကိုမကြာခဏရောက်ပါတယ်၊ ဓာတ်ပုံလေးတွေတွေ့လိုက်တော့လည်းပြန်ပြီးသွားချင်တယ်။

    ReplyDelete
  6. If you’re just starting to learn English, then check this FREE site
    http://www.speaktomeenglish.com

    ReplyDelete

ပဲ့တင်သံလေးတွေ .......