Friday 29 March 2013

သြော်- မိတ္တီလာ



လူကလေးရဲ့ ချော့စရာ
မိတ္တီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ....။


မထင်မှတ်ဘဲ သွားခဲ့ရတယ်..။
 ဒီရက်ထဲမှာ ခေတ်အစားဆုံး ဖြစ်နေတဲ့ မိတ္တီလာ.... ။
အမုန်း၊ အမျက်၊ သောကတွေ ဖွဲမီးလို တငွေ့ငွေ့လောင်ကျွမ်းနေတာ...။
 ကိုယ့်ကင်မရာနဲ့ မှတ်တမ်းမတင်လိုခဲ့၊  အကျည်းတန်လှတဲ့ ဒီမြင်ကွင်းများ .... ။

ကန်ရေပြင်ကြီးကတောင်  သက်ပြင်းတွေ အခါခါချ။
ကန်နဘေးနားက ဟိုတယ်ခန်းကလေးထဲမှာ အိပ်ပျက်ခဲ့တဲ့ ညနှစ်ည...။

အခန်းဖေါ် ညီမလေးနဲ့ ပြောခဲ့တဲ့ စကားတွေကလည်း တောင်စဉ်ရေမရ...။ 
ကန်ရေပြင်ကိုဖြတ်ပြီး ဒေါမာန်ထနေတဲ့လူတွေ ရောက်လာကြဦးမလား၊ အတွေးတွေခေါင် လှပေါ့။
မိုးလင်းပါတော့၊ မိုးရယ် မြန်မြန်လင်းပါတော့ ... ကွယ်။


ဘယ်မှာ စားရသောက်ရမှန်းမသိ၊  မနက်စာဆို Mr. Linn ၊ နေ့လည်စာ နဲ့ ညစာက “ ဒေါ်ပြုံး”။ 
ဖော်မြူလာထပ်နေတဲ့ ဒီစားစရာ တွေကို သုံးရက်ထဲနဲ့ မုန်းလာသလိုလို။
စားပွဲထိုးတဲ့ ညီမလေးတွေရဲ့ မျက်နှာချိုချို ကြောင့်သာ တော်သေးရဲ့..။



ဒေသထွက် စပျစ်သီးလေးတွေကတော့ ချိုမြဲချိုဆဲ ... တပိဿာကို ၂၅၀၀ထဲပါ.... ခြင်းကလေးနဲ့ ထည့်ပေးဦးမှာ တဲ့.... လတ်တလော အခြေအနေတွေကြောင့်  ဈေးနည်းနည်းတက်သွားတယ် တဲ့ ... ဒါပေမဲ့ ဈေးက တန်နေတုန်းပဲ .... အိမ်ပြန်လက်ဆောင်အတွက်၊ နှစ်ခြင်းပေးပါနော်... အိမ်ဖို့တခြင်း၊ ရုံးဖို့ တခြင်း.။ (အဒေါ်ကြီးရောင်းတဲ့ အသီးက ကောင်မလေးချောချောတွေ ရောင်းတဲ့အသီးထက် ပိုကောင်းပြီး ဈေးသက်သာတာလည်း မှတ်သားစရာ တခု ဖြစ်နေတယ်)

အစိမ်းရောင်ကလေးတွေက တပိဿာမှ ၂၀၀၀ ရယ်၊ ဟင့်အင်းကွယ် - ဈေးသက်သာပေမဲ့လည်း အစိမ်းရောင် ခပ်ချဉ်ချဉ် စပျစ်သီးတွေတော့ ကိုယ်မကြိုက်ဘူး...။  နီကျင်ကျင် အသီးတွေကလည်း သိပ်မချိုတတ်ဘူး။ နီညိုရောင်ရင့်ပြီး အနက်ရောင်သန်းနေမှ ထိထိရှရှ ချိုတာ မဟုတ်လား ...။

မြို့ထဲကထွက်တော့  နေရောင်တွေ စူးလက်လို့။
နွေအပူရှိန်ပြင်းပြင်းက ကားမှန်ကို ဖေါက်ထွင်းပြီး ရင်ကိုလာဟပ်နေတယ်။
ပူလှချည်ရဲ့  ... ပူလှချည်ရဲ့ ကွယ်။

ဟင်- မိတ္တီလာ ဆိုပြီး ထူးထူးခြားခြား ဘာမှလည်း မပါဘူး... မိဇိုး ...။

မိုးစက်ပွင့်

1 comment:

  1. "ဟင့်အင်းကွယ် - ဈေးသက်သာပေမဲ့လည်း အစိမ်းရောင် ခပ်ချဉ်ချဉ် စပျစ်သီးတွေတော့ ကိုယ်မကြိုက်ဘူး...။ နီကျင်ကျင် အသီးတွေကလည်း သိပ်ချိုတတ်ဘူး။ နီညိုရောင်ရင့်ပြီး အနက်ရောင်သန်းနေမှ ထိထိရှရှ ချိုတာ မဟုတ်လား ...။ "
    သိပ်ဟုတ်တာပေါ့။
    အားလုံးစိတ်အေးချမ်းကြပါစေဆုတောင်းရင်း..
    အိုင်အိုရာ

    ReplyDelete

ပဲ့တင်သံလေးတွေ .......