ရွှေစက်တော် နှစ်စဉ် ဖေဖော်ဝါရီလလည်ကနေ ဧပြီသင်္ကြန်အထိ ဖွင့်ပါတယ်။ ရွာနွားပီပီ မရောက်ဖြစ်တဲ့ နှစ်က ခပ်များများရယ်။ ဒီတနှစ်တော့ အဖေါ်ကောင်းတာမို့ ကျောင်းတော်ရာနဲ့ ရွှေစက်တော်ကို အရောက်သွားဖြစ်ခဲ့ပါတယ်။ မကွေးကနေ မနက်ခြောက်နာရီခွဲလောက် ထွက်ဖြစ်တယ်။ ကားမောင်းသူအပါအ၀င် ကိုးယောက် ဖြစ်နေတာမို့ လိုရမယ်ရ ကျောက်ခဲတလုံးကို ကားပေါ်တင်ပြီး လာခဲ့ကြတယ်။ မင်းဘူးမှာ မနက်စာ စားဖြစ်ကြတယ်။ ဆိုင်ရွေး မှားသွားတယ် ထင်ပါရဲ့၊ သိပ်စားလို့ မကောင်း ခဲ့ဘူး။
ကျောင်းတော်ရာဖက်ကို အရင်ဆုံး သွားဖို့ ဆုံးဖြတ်ကြတယ်။ ပါလာတဲ့ အဖွဲ့သားတယောက်က ရှင်ပင် စက္ကိန်းတဲစေတီတော်၊ စန္ဒကူး ကျောင်းတော်ရာ၊ မြသလွန်စေတီတော်တို့ရဲ့ ဆက်စပ်နေတဲ့ ရာဇ၀င်ကို လမ်းမှာ ပြောပြ ခဲ့သေးရဲ့...။
စကု၊ လယ်ကိုင်း နားက ခန်းနားလှတဲ့ လှေကားလေးစင်းတပ် ” ဘားမဲ့” ရှေးကျောင်းတော်ကြီးပါ။ ချောက်က စလေရုပ်စုံကျောင်းတော်ကြီးလိုဘဲ ခန်းနားလှပါပေရဲ့။ ဒါပေမဲ့ အချိန်အခက်အခဲကြောင့် မ၀င်ဖြစ်ခဲ့ပါဘူး။
ဂနာရီကျော်ကျော်လောက်မှာ ကျောင်းတော်ရာ စေတီတော်ကို ဆိုက်ရောက် ပါတယ်။ ရောက်ရောက်ချင်း ဈေးသည်တွေက ဘုရားမုန့်ဆွမ်းကပ်ဖို့ အလုအယက်ရောင်းကြပါတယ်။ နောက်ကလည်း တကောက်ကောက်လိုက်ရောင်းပါတယ်။ အဲဒီလို ဖိအားပေးတာကို မကြိုက်တဲ့အတွက် မ၀ယ်ခဲ့ဘူး။ သှူုဘာသာသူ မုန့်လိပ်ပြာ ထိုင်ရောင်းနေတဲ့ ဈေးသည်မလေးကိုတော့ သဘောကျလို့ မှတ်တမ်းတင်ခဲ့တယ်။
ဘုရားဝင်းထဲမှာတော့ စိမ်းစိမ်းစိုစို စန္ဒကူး ပင်ပျိုတွေ။
ဘုရားထဲမှာ လူရှင်းနေတယ်။ ဘုရားဝတ်ပြုပြီးတော့ လှပတဲ့ ရှေးဟောင်း ဗိသုကာလက်ရာတွေကို လိုက်ပြီး အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။ ရှေးတုန်းကလူတွေဟာ အခုထက်ပိုပြီး အနုစိတ် အလှအပ တွေကို ဖန်တီးတတ်ကြလေသလားလို့ တွေးခဲ့မိပါသေးတယ်။
သိမ်နံရံက ချစ်စရာ စဥ့်လက်ရာကလေးတွေ...
သိမ်ကျောင်းလိုမျိုး အဆောက်အဦကလေးထဲမှာ ရုပ်ပွားတော်တည်ထားတာမို့ ၀င်ပြီး ပူဇော်လိုက်တယ်။ အလှူခံ လောင်းပြီးတော့ ဘေးနားက ဘုန်းကြီးတပါးက ဂါထာတချို့နှိပ်ထားတဲ့ စာရွက် သုံးလေးရွက်ကို ဝေလို့ အားနာပါနာ ယူထားလိုက်တယ်။ ပြီးတော့ ထင်တဲ့အတိုင်း အလှူခံတာပါဘဲ။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ အတိုင်းအတာတခုအထိ သာသနာကို ညစ်နွမ်းစေသလားလို့ ကိုယ်ထင်တယ်။
ဘုရားဖူးတွေ တည်းခိုနားနေဖို့ထင်ပါရဲ့။ ရှေးရှေးက ဆောက်ခဲ့တဲ့ ဇရပ်အဆောင်ဆောင်တွေကို အများကြီးတွေ့ခဲ့ရပါတယ်။
ကျောင်းတော်ရာ စေတီ အထွက်ဂိတ်ကနေ ကားပေါ်တက်ပြီး ငါးစာကျွေးဆိပ်ကို ခရီးဆက်ခဲ့ကြပါတယ်။ ၁၅မိနစ်လောက် မောင်းရတယ် ထင်တာပါပဲ ၊ လယ်ကွင်းတွေရဲ့ အလည်မှာ ၀ါနိဇ္ဖဂါမ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရတယ်။ ရွာဆိုင်းဘုတ်ကတော့ ဒီနေ့ခေတ်မှာ လုပ်ထားတဲ့ ဒီဇိုင်းပါဘဲ။
ငါးကျွေးဆိပ် အ၀င်ဝမှာ ဇရပ်လှလှ လေးနှစ်လုံးကို တွေ့ရတယ်...
ငါးတွေ လာချိန်မဟုတ်လို့ ငါးစာကျွေးဆိပ်မှာ လူသူကင်းမဲ့နေတယ်။ ကမ်းနားဆိပ်မှာ မျှော်ကြည့်ရင်း လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော် ကလေးဘ၀ တုန်းက ရောက်ခဲ့တဲ့ ငါးကျွေးဆိပ်ကို မြင်ယောင်နေမိတယ်။ လူလောက်နီးနီးကြီးတဲ့ ငါးထွေကြီးတွေ အလိပ်လိုက်အလိပ်လိုက် တက်လာတာ၊ သူတို့ကို ငါးစာချကျွေးခဲ့ရတာ တွေကိုပေါ့။ အဲဒိတုန်းက သူတို့ကို “ဘုရား ငါး” ကြီးတွေလို့ ခေါ်တယ်လေ။ သူတို့က နေ့လည် ၁၂နာရီကျော်ရင် အစာလာမစားတော့တာမို့ ဥပုသ်စောင့်တယ်လို့ လူတွေက ပြောကြတယ်။
ဒီကွန်ကရစ်လှေခါးကြီးတွေကြောင်း ငါးတွေ ဦးခေါင်းပွန်းပဲ့ ဒဏ်ရာရတတ်သတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ငါးတွေ အလာနည်းသွားတဲ့ အကြောင်းရင်းတခုလို့ ဆိုပါတယ်။ ပညာရှင်တွေကတော့ မြစ်ကြောင်းနဲ့ ရေစီးပြောင်းသွားလို့ ငါးထွေတွေ ဥချတဲ့ ပုံသဏာန် ပြောင်းလဲ သွားတာကြောင့် လို့လည်း ပြောကြပါတယ်။
အတူလိုက်လာတဲ့ မချောတသိုက်က ပို့စ်အမျိုးမျိုးနဲ့ အမှတ်တရဓါတ်ပုံတွေ အများကြီး ရိုက်ကြတယ်။ အုပ်စုလိုက် ဓါတ်ပုံရိုက်ကြတယ်။ တကယ်ကို သာယာအေးချမ်းတဲ့ နေရာကလေးပါဘဲ။
ကျောင်းတော်ရာခရီးဟာ ကိုယ့်အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာ စွဲမက်စရာ ခရီးစဉ် တခုဖြစ်ခဲ့ပါတယ် .......။
(နောင် အားတဲ့အချိန် .... ရွှေစက်တော် ခရီးကို ဆက်ပါမယ်..)
ချစ်ခင်စွာဖြင့်-
ချစ်ခင်စွာဖြင့်-
မိုးစက်ပွင့်
ဘားမဲ့ကျောင်းကြီးက လှလိုက်တာ.... ခရီးစဉ်စောင့်ဖတ်နေတယ် :)
ReplyDelete