Thursday, 17 May 2012

အချိန်ခရီးသွားသူရဲ့ အိမ်သူသက်ထား (The Time Traveller's Wife)

 
အပိုင်း(၁) ဇာတ်ဆောင်များ- characters

ကလဲရာ 
ကျမဘ၀ထဲကို သူရောက်လာတော့ ကျမက ၆နှစ်သမီးပဲရှိသေးတယ်။
ကျောင်းကအပြန်မှာ အိမ်နောက်ဖက်က ကျမကစားနေကျ မြက်ခင်းပြင်ထဲ ကိုလာခဲ့တယ်။   မြက်ခင်းရဲ့ အစပ်မှာ တောအုပ်ကလေးနဲ့ ကျောက်တုံးအကြီးကြီးတခု ရှိတယ်။  ခြုံကွယ်မှာ   လူတယောက်ကို ရိပ်ကနဲမြင်လိုက်ရတော့ ကျမ တအားထိတ်လန့်သွားမိတယ်။  “ဘယ်သူလဲ” လို့ မေးပေမဲ့ ဘာအဖြေမှမရခဲ့ဘူး။   အိမ်နားက ကောင်လေးတယောက်ယောက်လားလို့ သံသယဖြစ်မိတယ်။ ဒါနဲ့ဘဲ ကြောက်ကြောက်နဲ့ စီးထားတဲ့ ဒေါက်ဖိနပ်ဦးချွန်ကလေးကိုချွတ်ပြီး ပစ်ပေါက်ထည့်လိုက်တယ်...။  ”မင်းရဲ့ဖိနပ်ကြောင့် ကိုယ့်မေးစေ့ ပေါက်သွားပြီ သိလား၊  ကျေးဇူးပြုပြီး ဘာနဲ့မှ ထပ်မပစ်ပါနဲ့လား  မိန်းကလေးရယ်၊ ပြီးတော့ မင်းမှာရှိတဲ့ ခြုံစရာတခုခုပေးပါလား”  လို့ အသံရှင် ကပြောတယ်။  ရှေးရေစက်ကြောင့်ထင်ပါရဲ့။ အဲဒီအသံရှင်ကို ကျမ ယုံတယ်။ ဒါနဲ့ ကစားစရာ ထည့်ဖို့ခင်းထားတဲ့ မျက်နှာသုတ်ပုဝါကြီးကို ခြုံနားအထိ ပစ်ပေးလိုက်တော့ အဲဒီပုဝါကြီး ခါးမှာပတ်ပြီး သူထွက်လာတယ်။  သူက ကျမတခါမှ မမြင်ဖူးတဲ့ ( ကျမအဖေအရွယ် ) ကိုလူချောတယောက်ပါလား။ “ရှင် ဘယ်သူလဲ ဟင်၊ ကျွန်မဖိနပ်ပြန်ပေးပါ” လို့ ကလဲရာကပြောတော့  “ ကိုယ့်နာမည်က ဟင်နရီပါ၊ ကိုယ်က အချိန်ခရီးသွားနေရတဲ့ သူပါ- ကလဲရာ၊ အခု ဗိုက်ဆာလှပြီ၊ တခုခုရှိရင် ကျွေးပါလား”  တဲ့။  အို- အို- သူ ကျမနာမည်ကို သိနေတယ်။

ဟင်နရီ
ကိုယ်ရဲ့ အနာဂတ် ဖူးစာဖက် မိန်းကလေးက ဆံပင်နီနီနဲ့ ချစ်စရာကောင်းတဲ့ ကလဲရာ ဆိုတဲ့ မိန်းကလေးပါ။  သူ အသက်နှစ်ဆယ့်နှစ်ပြည့်ရင် ကိုယ်နဲ့ သေချာပေါက် လက်ထပ်ရမယ်ဆိုတာ ကြိုသိနေလို့ပါ။  သူကလေးရဲ့ မိဘမောင်နှမတွေအကြောင်းကိုလည်း အားလုံးသိထားပါတယ်။  သူနဲ့ကိုယ် ဒီအိမ်နောက်ဖေးမှာ အကြိမ်ကြိမ် တွေ့ဆုံပြီး ကံကြမ္မာက သတ်မှတ်ထားတဲ့ နေ့တနေ့မှာ မိဘတွေကို တွေ့ဆုံပြီး လက်ထပ်ဖြစ်ကြမှာပါဘဲ။  အခုတော့ ကိုယ်သိပ်ဆာနေတယ်။  ကြင်နာတတ်တဲ့ မိန်းကလေးက ကိုယ့်ကို သူ့ပါလာတဲ့ ချောကလက်နဲ့မုန့်တွေကျွေးမယ်၊ နောက်ပြီး သူ့အဖေရဲ့ အကျီင်္ နဲ့ ဘောင်းဘီဟောင်းတွေ တိတ်တဆိတ်ယူလာပြီး ၀တ်ဖို့ပေးမယ်ဆိုတာလည်း သိနေခဲ့တာပါဘဲ။  အချိန်ခရီးသွားရတဲ့ကိုယ်ဟာ ကိုယ်ပိုင်ဆန္ဒမပါဘဲ ပစ္စုပ္မန်အချိန်တချိန်မှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး၊ အနာဂတ် သို့မဟုတ် အတိတ် အချိန်တခုခုမှာ ဗလာကိုယ်ထီး ၀င်ရောက်လာတတ်တယ်ဆိုတာ မင်းကိုသိစေချင်တယ် မိန်းကလေးရယ်။  အခုအချိန်မှာ ကိုယ့်အသက်က ၂၅နှစ်ဆိုရင်လည်း  ခဏအကြာမှာ ၁၆နှစ် သို့မဟုတ် ၃၆ နှစ် ဆိုတဲ့အချိန်ကာလကို ရောက်သွားတတ်တဲ့ လူထူးလူဆန်းတယောက်ပါ ။ ဒါကြောင့်လည်း မင်းကိုရော၊ မင်းမိသားစုအကြောင်းရော၊ ကိုယ်တို့ လက်ထပ်တဲ့ နေ့ကိုရော၊  မွေးလာမဲ့ ကလေးလေးကိုရော သိနေတယ်ဆိုရင် မင်းယုံနိုင်မလား...။ ဒါပေမဲ့ သိပ်ငယ်လွန်းသေးတဲ့ မင်းကို ကိုယ်တို့ရဲ့ အနာဂါတ်ပါတ်သက်မှုအကြောင်း အခုပြောပြလို့ မဖြစ်သေးဘူး။ ပြီးတော့ မင်းအသက် ၁၈နှစ်ပြည့်တဲ့အထိ ကိုယ် လုံးဝ မကျူးလွန်အောင် စောင့်ထိန်းမှာပါ..။

 အင်းဂရစ်
လူတွေက ဂျာမန်သွေးပါတဲ့ ကျမရဲ့ အလှကို ထင်ထင်ပေါ်ပေါ်နဲ့ ဆွဲဆောင်မှုရှိတယ်လို့ ပြောကြတယ်..။ ကိုယ့်ကိုယ်ကိုယ် လှတယ်ဆိုတာလည်း ကျမ သိတယ်။  ကျမဘ၀ရဲ့ အကြီးဆုံးအမှားကတော့ ဟင်နရီဆိုတဲ့လူကို နင့်နင့်နဲနဲ ချစ်မိတာပါဘဲ။  သူဖက်က ကျမကို တကယ်မချစ်ခဲ့ပါဘူး။ ဒါပေမဲ့  တနေ့နေ့မှာ သူချစ်လာနိုးနဲ့ ကျမ စိတ်ရှည်ရှည်စောင့်ပါတယ်။ သူ့လိုအင်မှန်သမျှကိုလည်း မငြိုမငြင် လိုလေသေး မရှိအောင် ဖြည့်ဆည်းပေးခဲ့တယ်။  သူ့ရဲ့ ထူးဆန်းတဲ့ဘ၀ကိုလည်း ကျမ စိတ်ဝင်စားမိတယ်။  ဒါပေမဲ့ သူက ကလဲရာ ဆိုတဲ့ မိန်းကလေးကို အရူးအမူး စွဲလန်းနေပုံရတယ်။  ကလဲရာကို ကျွန်မမုန်းတယ်၊ သူမကို သတိပေးတယ်၊ ဒါပေမဲ့ သူက ကျမကို  ပြန်ပြောခဲ့တယ်။  ဟင်နရီက ကျွန်မ ခြောက်နှစ်သမီးထဲက သိခဲ့ရတဲ့ ချစ်သူပါ တဲ့။  သူတို့ လက်ထပ်ကြချိန်မှာတော့ ကျမနှလုံးကြေကွဲရတာပါဘဲ။ ဟင်နရီကတော့ ကျမကို တခါမှ  ပြန်လှည့် မကြည့်တော့ပါဘူး။  သူ့ကို ကျမ နှလုံးသားက ချစ်နေဆဲပါဘဲ။ ဒါပေမဲ့ တချိန်တည်းမှာဘဲ သတ်ပစ်ချင်လောက်အောင်ကို မုန်းပါတယ်။

ဂိုမက်ဇ်
ကလဲရာဆိုတဲ့ ကောင်မလေးက ရုပ်ကလေး ချစ်စရာကောင်းသလောက် ဘယ်ယောက်ျားလေးနဲ့မှ မတွဲဘူး။  ထူးခြားတဲ့ သူ့ပုံစံကြောင့် လူတွေက ယောကျာ်းလျာစိတ်ဝင်နေတယ်လို့တောင် အများက ထင်ကြတယ်။  သူက ကျွန်တော့ ကောင်မလေး ခရစ်ဆီရဲ့ သူငယ်ချင်းဗျ။ ဒါပေမဲ့ ကျွန်တော်ကလည်း ကလဲရာကိုတော့ နည်းနည်း ခိုက်မိတယ်။  သူသာလက်ခံမယ်ဆိုရင် ခရစ်ဆီကိုခေါက်ပြီး သူ့ကို ပြောင်းတွဲလိုက်မှာဘဲ။  ခက်တာက ကလဲရာကို ကျွန်တော် ဘယ်လိုမှ ချဉ်းကပ်လို့မရဘူး ဖြစ်နေတယ်။ တနေ့မှာတော့ သူမနှုတ်ဖျားဆီက ကျွန်တော် တခါမှ မကြားဖူးတဲ့ နံမည်တခုကြားရတယ်။ “ဟင်နရီ” တဲ့...။ သူက ဘယ်သူလဲဆိုတာ တခါလောက်တွေ့ဖူးချင်ပါရဲ့ ..။

ဒေါက်တာ ကဲန်ဒရစ်
မော်လီကျူး ချို့ယွင်းမှုဆိုင်ရာအထူးကု ဆရာဝန်တယောက်အနေနဲ့ ကျူပ်ဆီကို ရောက်လာတဲ့ လူနာပေါင်း သောင်းခြောက်ထောင် ထဲမှာ ဒီလူက အထူးခြားဆုံးပဲ။  သူ့ကိုယ်သူ အချိန်ခရီးသွားနေသူပါ  တဲ့။  ဆေးသက်တမ်းတလျောက် တခါမှ မတွေ့ဘူးပေါင်ဗျာ။ ဒီလူ မူးယစ်ဆေးဝါး ကြောင်ပြီး  ပေါက်တတ် ကရ လျောက်ပြောနေတာ ဘဲဖြစ်ရမယ်။ သူ့ကို မကူညီနိုင်ပါဘူး လို့ပြောလိုက်တယ်။  စိတ်ပျက်လက်ပျက်နဲ့ သူ ကျူပ်ဆေးခန်းထဲက သူထွက်သွားတယ်။  အပြင်မရောက်ခင် ပြန်လှည့်လာပြီး ကျူပ်ကို စာအိတ်တခုပေးခဲ့တယ်ဗျ။  မီးဖွားဖို့ရက်ပိုင်းပဲ လိုတော့တဲ့ ခင်ဗျားဇနီး သားကလေး မွေးပြီးမှ ဖွင့်ပါ တဲ့။  ပြီးတော့ သူ့ကို ဆက်သွယ်ချင်လာရင်အထဲက ဖုံးနံပါတ်ကို ခေါ်ပါတဲ့။  “ကျူပ်မိန်းမက မိန်းကလေးမွေးမှာဗျ၊ အာထရာဆောင်းရိုက်ပြီးသား”  လို့ပြောတော့ သူက လက်တွေ့စောင့်ကြည့်ပါဦးတဲ့။  တကယ်ထူးလဲထူးတဲ့လူဗျာ။  သူလဲထွက်သွားရော ချက်ချင်းဆိုသလို စာအိတ်ကိုဖွင့်ဖတ်လိုက်တယ်၊ ကျူပ်မစောင့်နိုင်ဘူးလေ။  အထဲမှာ ရေးထားတာက -  မွေးလာမဲ့ကလေးရဲ့ ကိုယ်အလေးချိန်၊  အမည်၊ မွေးရက် မွေးချိန်အတိအကျ နဲ့ ယောက်ျားလေးဖြစ်ကြောင်း တွေပါ။ ကဲန်ဒရစ်ကို  အကြီးအကျယ် ထိတ်လန့်စေခဲ့တာကတော့ ကလေးမှာ  Down Syndrome  လို့ခေါ်တဲ့ မွေးရာပါ အာရုံကြော ချို့တဲ့မဲ့ ရောဂါပါလာလိမ့်မယ်ဆိုတဲ့ သတိပေးချက် ပါဘဲ။

 -----------------------------

အပိုင်း(၂) အနှစ်ချူပ်
ကလဲရာက ဟင်နရီကို အမြဲ စောင့်မျှော်နေရသူပါ။ သူ့ပြန်ရောက်လာတာ မြင်ရတိုင်း ပျော်ရွှင်မိတယ်။ ကလဲရာ အသက် ဆဲ့ခြောက်နှစ်မှာ ဟင်နရီနဲ့ ပွင့်ပွင့်လင်းလင်း ချစ်သူဖြစ်သွားကြတယ်။  သူကလွဲပြီး တခြားဘယ်သူ့ကိုမှ မချစ်နိုင်သလို ဘယ်သူတွေ တားလို့မှ သူ့အပေါ်ထားတဲ့ မေတ္တာနဲ့ ရည်မှန်းချက် မပျက်နိုင်ပါဘူး။  ကြုံလာသမျှ အဆိုးအကောင်းကို ရဲရဲ ရင်ဆိုင်ဖို့အသင့်ပါဘဲ။ ဟင်နရီက စိတ်လိုလက်ရတဲ့အခါ သူ့ငယ်ဘ၀ ကို ပြောပြတတ်တယ်။  သူ့အသက် ၅ နှစ်သားမှာ အိပ်ယာထဲမှာ အိပ်နေရင်း  ပြတိုက်တခုဆီ အချိန် ခရီးသွားတာ စဖြစ်ခဲ့တယ်။ ၇ နှစ်သားမှာ အမေက ကားတိုက်မှုနဲ့ဆုံးသွားတဲ့အကြောင်း၊  သူလည်း ကားထဲမှာပါပေမဲ့  အချိန်ခရီးသွားတဲ့ဖြစ်စဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပြီး သူက ကားအပြင်မှာ ကိုယ်တုံးလုံးလေး လဲနေခဲ့ကြောင်း၊  သူ့ အ၀တ်အစားတွေက  ကားထဲမှာ အပုံလိုက် ကျန်ခဲ့ကြောင်း ၊  သူတယောက်ထဲ ကွက်ပြီး အသက်မသေ ကျန်ခဲ့တဲ့အတွက် အပြစ်ရှိသလို တနုံ့နုံ့ခံစားနေရကြောင်း၊  စတာတွေကိုပေါ့..။   ဟင်နရီက နောင်ဖြစ်လာမဲ့ ကိစ္စတော်တော်များများကို ကြိုသိပေမဲ့ ကလဲရာ ကို ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။  ကိုယ် ပြုပြင်လို့ မရတဲ့ အနာဂတ်ကို ကြိုသိနေတာဟာ မလိုလားအပ်တဲ့ “ ရှုပ်ထွေးမှု၊ စိတ်မချမ်းသာမှု”  တွေကိုဘဲ ပေးနိုင်မှာ တဲ့။  ဒါပေမဲ့ တကြိမ်မှာတော့ မတော်တဆ စကားမှားရာကနေ နှစ်အနည်းငယ်အတွင်း  ကလဲရာရဲ့အမေ သားအိမ်ကင်ဆာနဲ့ ဆုံးပါးမှာကို မဖြစ်မနေ ဖွင့်ပြောလိုက်ရတယ်။

ဒေါက်တာ ကဲန်ဒရစ်က Down Syndrome ရှိတဲ့ သားကလေးတယောက် ရခဲ့ပြီးတဲ့နောက်မှာတော့ ဟင်နရီကို ယုံကြည်လာပြီး သူ့ကို စမ်းသပ်ကုသဖို့ ပြန်ပြီး ဆက်သွယ်ခဲ့တယ်။ ( မူလက မိန်းကလေး မွေးမယ်ဆိုတဲ့ ဆေးခန်းရဲ့ အာထရာဆောင်း အဖြေက လူနာအမည်မှားပြီး ပေးခဲ့တာပါ)  ဒေါက်တာရဲ့ စမ်းသပ်ချက်အရ ဟင်နရီက မွေးရာပါ ခရိုမိုဆုမ်းတခု မှားယွင်းဖောက်ပြန်ပြီး   အဲဒီခရိုမိုဆုမ်းကို ကိုယ်တွင်း ခုခံအားစနစ်က ခုခံတုန့်ပြန်ရာကနေ အချိန်ခရီးသွားရတာပါတဲ့။  ဒေါက်တာ ကဲန်ဒရစ်က ဟင်နရီရဲ့ သွေးနမူနာကိုယူပြီး ကြွက်နဲ့စမ်းသပ်တယ်။ ကြွက်ကလေးတွေက ဟင်နရီလိုဘဲ အချိန်ခရီးသွားတယ်။ ဒေါက်တာ ကဲန်ဒရစ်က ကြိုးစားပမ်းစား  ကုထုံးရှာတယ်။ လူ့ခန္ဒာကိုယ်ထဲက ခုခံအားစနစ်ကို ထိမ်းချူပ်လိုက်ရင် ပျောက်ကင်းဖို့ အလားအလာရှိပါတယ် တဲ့။   ဟင်နရီကတော့ အခုအချိန်မှာ အသက်တော်တော်ရနေပြီမို့ ကိုယ်တွင်း စံနစ်တွေ အလွန်ကမောက်ကမဖြစ်နေလို့ ကုလို့ မရနိုင်တာ့ပါဘူးတဲ့။  တကယ်လို့ အသက် ငယ်ငယ်ရွယ်ရွယ် မှာ ကုသတယ်ဆိုရင် မျှော်လင့်ချက်ရှိတယ်လို့ ဆိုပါတယ်။

 ကလဲရာအသက်နှစ်ဆယ့်နှစ်မှာ ဟင်နရီ အသက်သုံးဆယ်မှာ သူတို့နှစ်ဦး လက်ထပ်တယ်။  ဂိုမက်ဇ်နဲ့ ခရစ်ဆီက သတို့သားနဲ့ သတို့သမီး အရံပေါ့။လက်ထပ်ပြီး နှစ်နှစ်လောက်ကြာတဲ့အခါမှာတော့ ကလဲရာက ဟင်နရီရဲ့ ရင်သွေးလေး အရူးအမူး လိုချင်နေမိတယ်။ ဒါပေမဲ့ ကိုယ်ဝန်က ခဏခဏပျက်ခဲ့တယ်။  ခုနှစ်ကြိမ်မြောက်ကိုယ်ဝန်ဆောင်တော့မှ သမီးလေး အယ်လ်ဘာ ကို ရတယ်။  ဟင်နရီ အစိုးရိမ်ဆုံးက သမီးကလေးမှာ သူ့လိုဗီဇမျိုး ကပ်ပါလာမှာကိုပါဘဲ။  ကလဲရာက သမီးကလေး ၁၈နှစ်ပြည့်တဲ့အထိ စစ်ဆေးဖို့ ကုသဖို့ ဘာတခုမှ မလုပ်စေချင်ဘူး။   ၁၈နှစ်ပြည့်မှ အရာရာကို သူ့သဘောအတိုင်း ဆုံးဖြတ်ပါစေ - တဲ့။  ဒါပေမဲ့ ဟင်နရီက သမီးလေးရဲ့ သွေးကို မရရအောင်ဖောက်ပြီး ဒေါက်တာကဲန်ဒရစ် ဆီမှာ အပ်နှံပြီး စစ်ဆေးကုသဖို့ လုပ်ခဲ့တယ်။  အချိန်ခရီးသွားတဲ့အခါတိုင်း ကြုံတွေ့ရတဲ့ ဆာလောင်မွတ်သိပ်တာတွေ၊ ထိခိုက်အနာတရဖြစ်တာတွေ၊ အရှက်တကွဲဖြစ်ရတာတွေ သမီးကလေး အယ်လ်ဘာ ကို ထပ်မကြုံစေချင်လို့ပါ...။

ဟင်နရီဟာ အသက် ၄၃အရောက် နေ့တနေ့မှာတော့ ထုံးစံအတိုင်း ရုတ်တရက် ပျောက်ကွယ်ပြီး    အချိန်ခရီးသွားခဲ့တာ နောက်ဆုံး နှင်းတော တနေရာမှာ ပြန်ပေါ်နေပါတယ်။  သူ့ ခြေထောက်တွေက နှင်းကိုက်ပြီး သွေးမလျှောက်တော့ဘဲ ဆိုးဆိုးဝါးဝါးခံစားနေရတယ်။  ကလဲရာက အမြန်သွားကယ်ပြီး ဆေးရုံပို့ပေမဲ့ ခြေထောက်နှစ်ဖက်လုံး ဒူးဆစ်ကနေ  ဖြတ်ပစ် လိုက်ရတယ်။ ခြေတု တပ်ရတယ်။   အဲဒီအချိန်ကစပြီး ဟင်နရီရဲ့ စိတ်တွေ ရွှင်လန်းမလာတော့ဘူး....။  သူ့ရဲ့ အသက်ရှင်တဲ့ နေ့တွေ မကြာခင် ကုန်ဆုံးတော့မယ်လို့ အမြဲခံစားနေရတယ်..။ ကလဲရာက သူတတ်ထားတဲ့ ပညာနဲ့ အနုပညာပြပွဲ လုပ်တယ်။  ဟင်နရီအတွက် သူမဆွဲထားတဲ့ ပန်းချီကား တချပ်က  တောင်ပံတွေ အများကြီး ပါတယ်..။  သူ လွပ်လွပ်လပ်လပ် ပျံသန်းနိုင်ဖို့ အတောင်ပံတွေပါ  တဲ့။

စိတ်ဓါတ်ကျနေတဲ့ ဟင်နရီကို ပျော်ရွှင်လာစေဖို့  နောက်တနည်းကို ကလဲရာက ကြိုးပမ်း ပါတယ်။  ခင်မင်ရင်းနှီးတဲ့ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်မှာ နှစ်သစ်ကူး ပါတီပွဲလုပ်ပါတယ်။  ဧည့်သည်တွေ အောက်ထပ်က မြက်ခင်းပြင်မှာ စားသောက်ပျော်ရွှင်နေကြတုန်းမှာ  အပေါ်ထပ်မှာ အတူတူရှိနေတဲ့ ဟင်နရီက ကလဲရာကို ဖွင့်ပြောပါတယ်။  သူ  အပြီး ထွက်သွားရတော့မယ်  တဲ့။  ကလဲရာက အထိတ်တလန့်  တားဆီးပြီး မသွားဖို့ ပြောပေမဲ့  ကံကြမ္မာကို မတားဆီးနိုင်၊ မပြောင်းလဲနိုင်ပါဘူး လို့ ဟင်နရီက ဆိုပါတယ်။  ဒါဆိုရင်ဘာကြောင့် ပါတီပွဲကို မတားခဲ့ရတာလဲလို့ ကလဲရာကမေးတော့  ”ကိုယ်သူတို့ကို နှုတ်ဆက်ချင်တယ်လေ”  တဲ့။   နောက်ဆုံးတော့  ဟင်နရီနဲ့  ကလဲရာဟာ အတူတူ လဲလျောင်း ၊  စောင်တထည်ကို တူတူခြုံလို့၊ တဦးကိုတဦး ညင်ညင်သာသာ  ပွေ့ဖက်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာမဲ့ သေခြင်းတရားကို စောင့်မျှော်ကြတယ်..... ဘယ်အချိန်ရှိပြီလဲ လို့မေးတော့ ကလဲရာက သန်းခေါင်တိုင်တော့မယ် လို့ ပြောပါတယ်......ဟင်နရီက  “မင်းကို ကိုယ့်ဘ၀မှာ အချစ်ဆုံးနဲ့  အယုံကြည်ဆုံးပါ ကလဲရာ ရယ်”  လို့ ပြောပြီး ကလဲရာကို အနမ်းခိုင်းလိုက်ပါတယ်....  အောက်ထပ်က အသံတွေ လွင့်တက်လာပါတယ် ... ” တစ်ဆယ် ကိုး၊ရှစ်၊ခွန်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊နှစ်၊ တစ်၊ ဟက်ပီနယူးရီးယား”  တဲ့။  ရှန်ပိန်ဖေါက်သံ မီးပန်းဖေါက်သံတွေနဲ့အတူ ” ဟင်နရီနဲ့ ကလဲရာ ရော”  လို့ တယောက်ကို တယောက်  မေးနေကြတာကို ကြားရတယ်.........

သမီးကလေးနဲ့ ဧည့်သည်တွေ အပေါ်ထပ်ကို အပြေးကလေး ရောက်မလာခင်အတွင်းမှာ  ပြင်းထန်တဲ့ အဖျားတက်မှုမျိုးနဲ့အတူ ဟင်နရီရဲ့ ၀ိဥာဉ်က အဝေးကို ထွက်ခွာသွားပါတော့တယ်.......

 -----------------------------

 ဟင်နရီက သူသေမှ ဖတ်ပါလို့ ပြောခဲ့တဲ့ စာကလေးကို အံဆွဲထဲက ထုတ်ယူပြီး ကလဲရာက စာအိတ်ကို ဖွင့်ဖတ်ကြည့် လိုက်ပါတယ်.................

အချစ်ဆုံးလေး ကလဲရာ
ဒီစာကို မင်းရဲ့ စတူဒီယိုအလုပ်ခန်းရဲ့ အပြင်မှာ ဝေနေတဲ့ ညနေခင်း နှင်းပြာပြာမှုန်မှုန်တွေကို ကြည့်ရင်း ကိုယ့်ရဲ့ စားပွဲမှာ ထိုင်ရေးခဲ့တာပါ..... တကယ်ပြီးဆုံးသွားတာ သိပ်မသေချာလှပေမဲ့ မင်းဒီစာကို ဖတ်နေရချိန်မှာ ကိုယ်ဟာ သေဆုံးပြီးတဲ့ လူတယောက်  ဖြစ်ကောင်းဖြစ်နေလိမ့်မယ်....... ဘ၀ရဲ့ရှင်သန်ချိန်တွေ အလျင်အမြန်ကုန်ဆုံးလာပြီလို့ ခံစားမိချိန်မှာ  ကိုယ်မင်းကို တခုခု မှာခဲ့သင့်တယ်လို့လည်း တွေးမိတယ်.....

ကလဲရာ.... မင်းကို သိပ်ချစ်ပါတယ်လို့ ထပ်ပြောပါရစေ..... တို့နှစ်ဦးရဲ့အချစ်တွေဟာ နှစ်ပေါင်း အသင်္ချေအနန္တ ကြာမြင့်ခဲ့သလိုမျိုး မြဲမြံလှပါတယ်..။  ဒီညမှာ  မင်းအပေါ်မှာထားတဲ့ ကိုယ့်ရဲ့အချစ်တွေ ပိုပြီး လေးနက်သိပ်သည်းလာသလိုပါဘဲ.....  မင်းရဲအနားမှာလာပြီး ထွေးပွေ့ထားချင်မိတယ်...

ဘယ်အချိန်မှ မင်းရှေ့ကို နောက်တကြိမ် ပြန်ပေါ်လာမယ်ဆိုတာ မသိနိုင်တဲ့ကိုယ့်ကို မင်းဘ၀ တလျှောက်လုံး စောင့်စားပြီး ချစ် နေခဲ့ရတာ ကိုယ် အရမ်း အားနာလှတယ် ကလဲရာ.....။  ကိုယ်က မင်းအပါးမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ရှိနေခဲ့ရတယ်လေ။  ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ခရီးကိုသွားခဲ့တဲ့ သဘောင်္သား Odysseus ကို သူ့ချစ်သူ စောင့်မျှော်နေရသလိုဘဲပေါ့။  ဒါပေမဲ့ မင်းဟာ အလှတရားနဲ့ အနုပညာကို ဖန်တီးနိုင်တယ်။  ကိုယ့်အတွက် မင်းဟာ အရာရာပါဘဲ..။

ကိုယ့်အမေသေပြီးချိန်မှာ အဖေ့ရဲ့ ဘ၀တွေ မှောင်အတိကျသွားခဲ့တယ်...။ ဒါကို အမေ မြင်ရင် ကြိုက်လိမ့်မယ်မဟုတ်ဘူး  ကလဲရာ။    မင်းမရှိရင်လည်း ကိုယ်ဒီလိုဘဲ ဖြစ်နေမှာပါဘဲ။  ဒါပေမဲ့ ကလဲရာ ရယ်။ ကိုယ့်မျက်လုံးနဲ့ မတွေ့မမြင်နိုင်တော့တဲ့အချိန်မှာတောင် မင်းကို နေရောင်ခြည်အောက်မှာ ဆံပင်နီနီ တောက်တောက်ကလေးတွေ တခါခါ နဲ့  ပျော်ပျော်ရွှင်ရွှင်လမ်းလျောက်နေတာ စိတ်ကူးကြည့်ချင်ပါသေးတယ်..။

ကလဲရာ - ရေ။  ကိုယ် အခုပြောပြမဲ့ ဒီအကြောင်းကို ပြောထွက်ဖို့ သိပ်ဝန်လေးပါတယ်။  ဘာကြောင့်လဲဆိုတော့ မင်းကို သိပ်ရှည်ကြာပင်ပန်းတဲ့ စောင့်မျှော်မှုနဲ့ မျှော်လင့်ချက်တွေ မပေးချင်လို့ပါ။  ဒါပေမဲ့ ကိုယ်မပြောဘဲ မနေနိုင်ပြန်ဘူး။   ပြီးခဲ့တဲ့ နွေရာသီက ဒေါက်တာ ကဲန်ဒရစ်ရဲ့ ဆေးခန်းမှာထိုင်နေရင်း ရုတ်တရက် ကိုယ် အချိန်ခရီး သွားခဲ့ရတယ်။ မိုးရွာပြီးစ အချိန်တချိန်   ဖြစ်နေတယ်။  ပြူတင်းပေါက် တခုရဲ့အနားမှာ ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ အမျိုးသမီးကြီး တယောက်ကို ကျောပေးထိုင်နေတာ တွေ့ရတယ်။ သူ့အနားက စားပွဲပေါ်မှာ လက်ဖက်ရည်ခွက်တခွက် တင်ထားတယ်။ ကိုယ့်ခြေသံကြောင့်လား သူဘဲ အာရုံတခုခုရလို့လားမသိဘူး။  အဲဒီအမျိုးသမီးက နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။  သူမရဲ့မျက်နှာက မင်း ဖြစ်နေတယ် ...။ ကလဲရာ ဆိုတဲ့ ချစ်စရာအဖွားကြီး ပေါ့..။  အဲဒီလိုပြန်လည်ဆုံတွေ့ရတာ ကိုယ့်အတွက်တော့ အရမ်းချိုမြိန်တာဘဲ ကလဲရာ...။  မင်းလည်း အာရုံထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။ တကယ် ဖြစ်ရမဲ့ တချိန်ချိန်ကျရင် တကယ် ဖြစ်လာမှာဘဲပေါ့..။  အဲဒီလို ပြန်လည်ဆုံတွေ့တဲ့အချိန်အထိ မင်းကိုယ်မင်း လှလှပပလေး ပြုပြင်လို့၊ ဘ၀မှာ အပြည့်အ၀ ပျော်ပျော်ရွှင်ရွှင် နေလိုက်စမ်းပါ ကလဲရာ ရယ်...။

အခု မှောင်နေပြီ...။ ကိုယ်လဲ သိပ်ပင်ပန်းနေပြီ ကွယ်။  မင်းကို ကိုယ်သိပ်ချစ်ပါတယ်။  အချိန်ကာလရဲ့ အကန့်အသတ် ဆိုတာ တကယ်တော့ ဘာမှ အရေးမပါလှပါဘူး အချစ်ရယ်။

ဟင်နရီ

------------------------------

အပိုင်း(၃) ကျမအမြင်

မျှဝေချင်တဲ့ စာရေးဆရာမ  Audrey Niffenegger  ရဲ့ ထူးခြားလှတဲ့ ဇာတ်လမ်းတပုဒ်ပါ....
စာအုပ်ကိုလက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်း NEW ကိုရော၊ သယ်လာပေးခဲ့တဲ့ MM နဲ့ WPPA တို့ကို ကျေးဇူးတင်နေမိပါတယ်။ ဖတ်ခါစက ပျင်းစရာကောင်းသလိုလိုခံစားရတဲ့အတွက် ခဏခဏ ချထားခဲ့ရပေမဲ့ စာမျက်နှာ ၅၀-၆၀ လောက်မှာတော့ အတော်လေး စိတ်ဝင်စား   လာပါတယ်။   နောက်ပိုင်းတော့ ဇာတ်ရည်လည်လာပြီး ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်မလဲနဲ့   ပြီးတဲ့အထိ တောက်လျောက် ဖတ်ဖြစ်သွားပါတယ်။ စာရေးဆရာမရဲ့ ရေးသားပုံကလည်း တမူထူးလို့နေပါတယ်။ ကလဲရာရဲ့ ရှုဒေါင့်ကရေးလိုက် ဟင်နရီရဲ့ ရှုဒေါင့်ကနေရေးလိုက် တလှည့်စီ ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ထဲက အချိန်ကာလတွေကလည်း ဟင်နရီအတွက်  အတိတ်၊ ပစ္စုပ္မန်၊ အနာဂတ်တွေကို တလှည့်စီသွားနေတာမို့ ရင်တလှပ်လှပ်နဲ့ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။  ဇာတ်ကို အစအဆုံး တဖြောင့်တည်း ခေါ်သွားတာမဟုတ်ဘဲ jigzaw pieces ဆက်ယူရသလို ဟင်နရီရဲ့ ဘ၀အပိုင်းအစကလေးတွေ တစစီဆက်ပြီး သူကွယ်လွန်ချိန် ၄၃နှစ်အထိ ပုံဖေါ်ယူရတာကလည်း စိတ်ကျေနပ်စရာပါ။ ဟင်နရီမကွယ်လွန်ခင် အာရုံမြင်မက်ခဲ့သလို ကလဲရာ အိုမင်းသွားတဲ့တနေ့မှာ ဟင်နရီပြန်ပေါ်လာဦးမှာလား ဆိုတာကိုတော့ မပြောပြတော့ပါဘူး။ ကိုယ့်ဖာသာ ၀တ္တုဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း အဖြေရှာကြပါ - လို့...။

 ---------------------------------------------

အဲဒီဝတ္တုကလေးနဲ့ ဆက်စပ်ပြီး  လူတွေဟာ အချိန်ခရီးသွားသူ ဟင်နရီလို ကိုယ့်အနာဂတ်တွေကို ကြိုသိရင် ကောင်းသလား လို့ တွေးမိပါတယ်။   အဲဒီလို သိချင်ကြလို့ဘဲ   ငွေကုန်အချိန်ကုန်ခံပြီး   ဗေဒင်တွေ မေးကြတာ မဟုတ်လား။  တချို့ကလည်း ယတြာချေရင် အဆိုး ပျောက်တယ်လို့   ပြောကြတယ်။  ကိုယ့်အတွက် အနာဂတ်ကို အကောင်းဖက် ပြောင်းလဲဖို့ ကြိုးစားတာပေါ့နော်။  တကယ်လို့မှ  ပြောင်းလဲမရတဲ့ အဆိုးကံကြမ္မာမျိုး ဆိုရင်တော့ ကြိုမသိတာဘဲ ခပ်ကောင်းကောင်းရယ်။  ကျမတို့ လက်ရှိကာလမှ ဘ၀ ပျားရည်စက်ကို  မက်မက်မောမော စိတ်သန့်သန့် လျက်နိုင်တာပေါ့နော်..။

 သိပ္မံ Documentary တခုမှာ ကြည့်လိုက်ရတာက ပညာရှင်တွေဟာ  စကြာဝဠာကိုလေ့လာရင်း အချိန် ဆိုတဲ့ ဒိုင်မင်းရှင်းကို လေ့လာစူးစမ်းနေကြတယ်တဲ့။  အဲဒါကိုသာ သေသေချာချာသိပြီး ထိမ်းချူပ်နိုင်ခဲ့ရင် အတိတ်အနာဂတ်ကို ခရီးသွားနိုင်တော့မှာတဲ့။  အဲဒီအခါ ဘာတွေ အသုံးဝင်လာမလဲဆိုတော့  ကင်ဆာရောဂါကို လွန်မှ သိပေမဲ့ ဖြစ်စအချိန်ကို ပြန်သွားပြီး ကုသနိုင်မယ်၊  တိုက်တန်းနစ်သဘောင်္ကြီးကို မနစ်အောင်ပြန်ပြီး ကာကွယ်နိုင်မယ်၊  ကမ္ဘာစစ်လိုဟာမျိုးတွေကို မဖြစ်အောင် ကာကွယ်တားဆီးမယ် စသဖြင့်ပေါ့နော်။  ဒီလိုအတွေးဟာ အခုအချိန်မှာ အလွန်စိတ်ကူးယဉ်ဆန်တယ်လို့ ဆိုရမှာ ဖြစ်ပေမဲ့  နောင်မှာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောမရတဲ့ အခြေအနေ မဟုတ်လား...။


အဲဒီလိုသာ တကယ်ရခဲ့ရင် ကောင်းတာတွေ ဖြစ်လာသလို အဆိုးတွေရော မဖြစ်လာနိုင်ဘူးလား။ ရှုပ်ထွေးမှုတွေ အကျိုးစီးပွားချင်း ထိပ်တိုက်တိုးမှုတွေ ဖြစ်မလာနိုင်ဘူးလား လို့ ကျွန်မရဲ့ ဥာဏ်တိမ်တိမ် ကလေးနဲ့ တွေးနေမိပါတယ်။   ဘာပဲပြောပြော သဘာဝကို လွန်ဆန်တဲ့အတွက် သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျိန်းသေရှိလာမယ်လို့ တော့  ထင်မိပါတယ်.......။

---------------------------------------------
Vintage  Books, London Co. က ၂၀၀၅ခုနှစ်မှာ ထုတ်ဝေပြီး အရောင်းရဆုံး စာအုပ်စာရင်းဝင်ဖြစ်တဲ့  ဒီဝတ္တု ကို Warner Bros Pictures ကုမ္မဏီ က ၂၀၀၉ မှာ ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။   PG-13 အဆင့်ရှိတာကတော့ ကလဲရာနဲ့ ဟင်နရီတို့ရဲ့ love scene တွေကြောင့် ထင်ပါရဲ့ ။  The Time Traveler's Wife  ရဲ့ Trailer ကိုတော့ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ်..... ပရိသတ် အများစုကတော့ ရုပ်ရှင်က ကြည့်ပျော်ရှုပျော်အဆင့် ရှိပေမဲ့ မူရင်းဝတ္တုရဲ့ ရသကို မမီဘူးလို့   ပြောကြပါတယ်....။  ဒါကတော့ နာမည်ကြီး ၀တ္တုတွေ ရုပ်ရှင်ရိုက်တိုင်း  ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါဘဲ၊  အခွေဝယ်လို့ ရရင်တော့ ရုပ်ရှင်အစအဆုံးကို  ကြည့်ချင်ပါသေးတယ်။  ၀တ္တုလေးလိုဘဲ ကျမကို ရင်နင့်စေဦးမလားဆိုတာ သိချင်နေပါလို့ပါလေ ..........။


http://www.youtube.com/watch?v=USUDlMBR-dQ


မိုးစက်ပွင့်

7 comments:

  1. အဲစာအုပ်ဝယ်ထားတာတော့ကြာပြီ.. နည်းနည်း ပျင်းစရာကောင်းလို့ ဆက်မဖတ်ဖြစ်တာ.. အမပြောသလိုဆို စာမျက်နှာ ၆၀လောက်ကျော်ရင် စိတ်ဝင်စားစရာကောင်းမယ်ဆိုရင် ဆက်ဖတ်လိုက်ပါဦးမယ် :)

    ReplyDelete
  2. အီးတီ17 May 2012 at 21:55

    သူငယ်ချင်းရေးပြထားတာနဲ့ ပဲ စိတ်ဝင်စားသွားတယ်။

    ReplyDelete
  3. အနှစ်ချုပ်ဖတ်လိုက်ရတော့ အဆင်ပြေသွားရော။ :)

    ReplyDelete
  4. စာအုပ်ကြီး တစ်အုပ်လုံးတော့ ဖတ်ရမှာပျင်းတယ်... ခုလောက်လေး အနှစ်ချုပ်လိုရင်းကို ဖတ်လိုက်ရတော့ ကြိုက်တယ်.. အဲဒိ ရုပ်ရှင်ကို အစပိုင်းကြည့်ဖူးသေးတယ်... ဟိုရောက်ဒီရောက်မို့ ဆက်မကြည့်ဖြစ်တော့တာ... အချိန်ရရင် ထပ်ကြည့်လိုက်အုံးမယ်... ဒီပိုစ့်အတွက် ကျေးဇူး...

    ReplyDelete
  5. ကောင်းလိုက်တဲ့ ဇာတ်လမ်းလေး စိတ်ဝင်စားသွားပြီ ... အခြေအနေပေးရင် ဖတ်ဖြစ်အောင် ကြိုးစားအုံးမယ် :)

    ReplyDelete
  6. Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete

ပဲ့တင်သံလေးတွေ .......