Monday 23 January 2012

ရှန်ဟိုင်းက သံမဏိနှင်းဆီ ( Life and Death in Shanghai )-၃

အကျဉ်းစခန်းက နေ့ရက်များ

 သူမက ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်များကို အမျိုးမျိုးကြိုးစားပြီး နေထိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ သူမပိုင်ဆိုင်တဲ့ ပစ္စည်းအချို့ ကိုသုံးပြီး အခန်းကို နဲနဲပိုကောင်းလာအောင်ကြိုးစားတာကလည်း စိတ်ဓါတ်မြှင့်တင်ခြင်း တမျိုးပါ။ ဥပမာ-  တံပျက်စည်းငှားပြီး အခန်းထဲက ဖုန်တွေ လှည်းကျင်းပစ်တာမျိုး၊  ရေအိမ်သုံးစက္ကူတွေနဲ့ ညစ်ပေတဲ့ နေရာတွေကို သန့်စင်ပစ်တာမျိုး ပါ။ ဒါ့အပြင် သူမရဲ့ မိတ်ဆွေ “ပင့်ကူ” ကလေးတကောင်လည်း အခန်းထဲမှာ ရှိနေပါတယ်။  သူ့ရဲ့ လှုပ်ရှားမှုတွေ၊  သူ အိမ်ဆောက်နေတာကို ကို စောင့်ကြည့်ရတာဟာ သူမအတွက် နာကျင်ခံစားရမဲ့ အချိန်တွေကို လျော့နည်းစေပါတယ်။ တခါတလေ အချူပ်ထောင် နံရံက မြက်ပန်းပွင့်သေးသေးလေးတပွင့်ကလည်း အားမာန်သစ်တွေ ပေးစွမ်းခဲ့ပါတယ်။

အကျဉ်းခန်းမှာ နှစ်လခန်.ကြာနေပြီးလို့   တင်းမခံနိုင်လောက်တော့ဘူးလို့ အာဏာပိုင်တွေက ထင်တဲ့အချိန်မှာ သူမကို စစ်ဆေးမေးမြန်းသူနဲ့ တကြိမ်တွေ့စေပါတယ်။  စာအုပ်နီလေးပါ ယူခဲ့ပါ- တဲ့။  တပ်နီလူငယ်တွေလို မိုက်ရူးရဲ မဟုတ်တဲ့ စစ်ဆေးမေးမြန်းသူတွေဟာ အနည်းဆုံး ကျိုးကြောင်းဆင်ခြင်မှု တစုံတရာ ရှိကောင်းရဲ့ ဆိုတဲ့ အတွေးနဲ့ သူမ မျှော်လင့် စိတ်လှုပ်ရှား နေမိပါတယ်။ 
”ထိုင်ပါ”   စစ်မေးသူက သူ့ရှေ့ကခုံကို ညွှန်ပြပါတယ်။
သူမ ထိုင်ရမဲ့ခုံရဲ့ နောက်ကျော အပေါ်တည့်တည့်မှာ ပြူတင်းပေါက်သေးသေးတပေါက်နဲ့ ချောင်းကြည့် ပေါက် တပေါက်ကို တွေ့ရတာမို့  အံ့သြသွားမိပါတယ်။    စစ်မေးသူက သူမကို သိပ်မကြည့်ဘဲ တချိန်လုံး အဲဒီအပေါက်ကိုသာ စိတ်ရောက်နေတာမို့  တယောက်ယောက် အဲဒီမှာ စောင့်ကြည့်နေတာ သေချာ နေပါတယ်။  စစ်မေးသူက (ဟိုလူကြားအောင်) အသံကိုမြှင့်ပြီး သူမဟာ  နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး စပိုင်လုပ်နေတာမို့ အပြစ်ရှိသူတယောက်ဖြစ်ကြောင်း၊ သူတို့မှာ သက်သေ အထောက်အထားတွေ  အများအပြား ရှိကြောင်း ပြောပါတယ်။
“ ဒါဆိုရင် အဲဒီသက်သေတွေကို အခု ထုတ်ပြလိုက်ပါ၊  ဘာကြောင့် အချိန်ကုန်ခံပြီး ကျွန်မကို မေးမြန်း စစ်ဆေး နေရတာပါလဲ”   လို့ သူမက တောင်းဆိုပါတယ်။  
”ကိုယ်တိုင်ဝန်ခံရင် သက်ညှာတဲ့ အပြစ်ဒဏ်ရမယ်၊ တခြားတယောက်ယောက်ရဲ့ အပြစ်ကိုဖွင့်ပြောရင် ဆုလာဘ်တောင် ရဦးမယ်” တဲ့။ အဖန်တရာတေနေပြီဖြစ်တဲ့ ချော့လုံးမြှူလုံးတွေ ဆိုတာ သူမ သိပါတယ်။
“ မရှိတဲ့အပြစ်ကို ရှိလာအောင်လုပ်ပြီး ၀န်ခံဖို့ရာ ကျမက မျက်လှည့်ဆရာလည်း မဟုတ်ပါဘူး”  
“ မင်းမှာ ၀န်ခံဖို့ အသင့်မဖြစ်ရင် ဘယ်နှစ်နှစ်ကြာကြာ၊ ငါတို့ စောင့်မယ်” တဲ့။  သူမကို ထောင်နဲ့ခြိမ်းခြောက်ခြင်းပါ။
“ အနှစ်တသန်းကြာလဲ မပြောင်းလဲပါဘူး။  လိမ်ပြောဖို့ထက် သေခြင်းကိုပဲ ရွေးချယ်မှာပါ”   ပြီးတော့ သူမက   စာအုပ်နီထဲက စာတပိုဒ်ကို အလွတ်ရွတ်ပြပါတယ် ..။  “ ပင်ပန်းခက်ခဲတာကို မကြောက်နဲ့၊ သေရမှာတောင် မကြောက်နဲ့ လို့ ဥက္ကဌကြီးမော်က ပြောခဲ့တယ် မဟုတ်လား”
 
မေးမြန်းသူဟာ “သက်သေရှိတယ်” လို့ လိမ်ညာပြောမိတဲ့အတွက်  စိတ်ဓါတ်ရေးရာမှာ သူမကို တပန်းရှုံးသလို ဖြစ်နေပါတယ်။ နောက်ထပ် အပြန်အလှန်ပြောကြရင်း သူမက “ အစိုးရဆီက တရားမျှတမှုကို ကျမ မျှော်လင့်နေပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။  အဲဒီအခါ မေးမြန်းသူက   “  တရားမျှတမှု ဟုတ်လား၊ မင်းကတော့ အိမ်တဆောင်မီးတပြောင်နဲ့ နွေးနွေးထွေးထွေးနေလို့၊ သူများတွေက  အအေးးဒဏ်ခံစားလို့  ဒါကိုရော တရားတယ်လို့ ထင်လို့လား” တဲ့။  နျန်ချန်းက ဒီလိုဖြေခဲ့ပါတယ်။
“ လူမှုဆိုင်ရာမျှတမှုနဲ့ ဥပဒေဆိုင်ရာမျှတမှုကို   ရှင် ရောထွေးနေပြီ။  ကျမနဲ့ ကျမခင်ပွန်းကတော့  လူထုအစိုးရဟာ တရုပ်ပြည်ထဲက ဆင်းရဲသားတွေ အအေးဒဏ်ကနေ လွတ်မြောက်အောင် တိုးတက်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့  ယုံကြည်တဲ့အတွက် ၁၉၄၉မှာ တိုင်ပေကို ထွက်မသွားဘဲ တရုပ်ပြည်မှာဘဲ နေရစ်ခဲ့တာပါ”
တခါတရံ သူမရဲ့အဖြေတွေက မေးမြန်းသူကို တခဏ ဆွံ့အ သွားစေပါတယ်။  သူကဆက်ပြီး မကြာခင်ရောက်လာတော့မဲ့ ဆောင်းရာသီနဲ့ တမျိုး၊ သမီးငယ်ရဲ့ရှေ့ရေး တွေနဲ့ ခြိမ်းခြောက်ပါတယ်။  သူမက ဘာမှမပြောပဲ နှုတ်ဆိတ်နေခဲ့ပါတယ်။   နောက်ဆုံးတော့ သူက မေးမြန်းခြင်းကို ရပ်နားပြီး သူမကို အသေးစိတ်ကိုယ်ရေးရာဇ၀င်နဲ့  “ကိုယ့်ကိုယ်ကိုယ်သုံးသပ်ချက်” တစောင်ကို ပြုစုဖို့ တာဝန်ပေးလိုက် ပါတယ်။  နောက်တကြိမ် စစ်တဲ့အခါ သူမရေးထားတဲ့ ကိုယ်ရေးရာဇ၀င်က ပြည့်စုံမှုမရှိဘူး လို့ သူတို့က ဆိုပါတယ်။  သူတို့က သူမ အရင်တိုန်းက သွားခဲ့တဲ့ နိုင်ငံခြားခရီးစဉ်တိုင်းရဲ့ ပြောခဲ့တဲ့စကားနဲ့ တွေ့ခဲ့တဲ့ လူတွေအားလုံးကို ချရေးသင့်တယ် လို့ဆိုပါတယ်။

------------------------------

ခရစ္စမတ်ညကတော့ ထူးခြားမှုတခု ဖြစ်ခဲ့ပါတယ်။  အကျဉ်းထောင်တနေရာကနေ တရုတ်ဘာသာနဲ့ စပ်ဆိုထားတဲ့  “ Silent Night ”  သီချင်းသံ ထွက်ပေါ်လာပါတယ်။  သီဆိုနေတဲ့ အကျဉ်းသူ အမျိုးသမီး ကလေးဟာ ပါရမီရှိတဲ့ အဆိုပညာရှင် တဦးဦးဖြစ်နိုင်ပါတယ်။  အသံကို ချိုချိုမြမြနဲ့  ပြေပြေပြစ်ပြစ်လေး သီဆိုလိုက်တာမို့  အကျဉ်းသူအားလုံး ငြိမ်သက်ရင်ခုန်စွာ နားဆင်နေခဲ့ကြပါတယ်။  သီချင်းလေးက  သာသာယာယာ အဆုံးသတ်သွားပါတယ်။  မကြာခင်ဘဲ အစောင့်တွေ အပြေးရောက်လာပါတယ်။  ”သီချင်းဆိုတာ ဘယ်သူလဲ၊ ဘယ်သူက စည်းကမ်းဖောက်တာလဲ” လို့ အလောတကြီး မေးကြပေမဲ့ တယောက်မှ အဖြေမပေးခဲ့ကြပါဘူး။

နှစ်သစ်ကူးပြီး နောက်ရက်အနည်းငယ်မှာတော့ ”အထူးကြေငြာချက်“ တရပ်ကို နားထောင်ရပါတယ်။  မော်စီတုန်းနဲ့အတူ   ၊ ချန်ချင်းပါဝင်တဲ့ “လေးဦးဂိုဏ်း”က ခေတ်နောက်ပြန်ဆွဲသူတွေကို ဖယ်ရှားပြီး အာဏာအရပ်ရပ်ကို ချူပ်ကိုင်လိုက်တဲ့ သတင်းပါ။

နောက်ရက်များမကြာခင်မှာဘဲ  သေဒဏ်ကျခံရမဲ့သူတွေ၊  တသက်တကျွန်းကျခံရမဲ့ လူစာရင်းအရှည်ကြီးကို ကြေငြာပြန်ပါတယ်။   တီးတိုးသတင်းတွေအရ  လူသိန်းသန်းချီပြီး   မြို့ပေါ်ကပညာတတ်အလုပ်တွေကို  စွန့်လွှတ်ကာ တောအရပ်က အလုပ်ကြမ်းစခန်းတွေကို သွားရောက်လုပ်ကိုင်စေတယ် လို့ သိရပါတယ်။

-------------------------

တခါတရံ သမီးကို တမ်းတစိတ်တွေက ထိန်းလို့မရ။ 
မဖြစ်နိုင်မှန်း သိပါလျက်နှင့် အစောင့်ကို တောင်းပန်ကြည့်သည်။   “ ကျမသမီးလေးကို ဒီအချူပ်ထဲ အတူတူ ခေါ်ထားလို့ ရနိုင်မလား”  လို့ တောင်းဆိုကြည့်မိသည်။  အဖြေက ရှင်းသည်။  “ မရဘူး၊ သူ့မှာက အပြစ်မှ မရှိတာ”
“ကျမကိုယ်တိုင်လည်း အပြစ်မရှိဘဲ ဒီကိုရောက်နေတာဘဲလေ”  
တုန့်ပြန်ချက်အဖြစ် အကျဉ်းခန်းတံခါးကို ၀ုန်းကနဲ ပိတ်သွားတာဘဲ ရရှိလိုက်သည်။

သူမ တရက်မှာ ကိုယ်ပူပြီးဖျားပါသည်။  အေးစိမ့်နေတဲ့ တန်းစီကွင်းကို အချိန်မီ မလျောက်နိုင်တဲ့အတွက် ရိုက်နှက်ခံရသည်။  ပျင်းတယ်လို့ စွပ်စွဲသည်။  တုန်ရီပြီး လဲကျမတတ်ဖြစ်နေတာကိုမြင်တဲ့အခါမှ ဆေးစစ်ခွင့် ရခဲ့သည်။   ကုသဆောင်မှာ တန်းစီနေသော လူမမာတွေ အမြားအပျားပင်။
“၁၈၀၆”
သူမ စစ်ရန်အလှည့်ဖြစ်သည်။ အ၀တ်အစားတွေ အကုန်ချွတ်ပြီး စစ်ရတာမျိုးဖြစ်သည်။  ပါးစပ်ထဲကို သာမိုမီတာ တချောင်းထည့်ပေးသည်။  ရင်ဘတ်ကို နားကြပ်ဖြင့်ထောက်သည်။
“အသည်းရောင် ရှိတယ် ထင်တယ်”  
ဆရာဝန်ဆိုသူက ဆိုပါတယ်။  တကယ်တော့ သူမရဲ့ ရောဂါဟာ အသည်းနဲ့ မဆက်စပ်မှန်း ဆေးပညာ အသိနည်းနည်းကလေးရှိရင်တောင် သိနိုင်ပါတယ်။  ဘာပဲပြောပြော အဲဒီနေ့ကတော့ ရေနွေးခွဲတမ်း ပိုရတဲ့အတွက် ရေနွေးပူပူကိုသောက်ရင်း နေသာထိုင်သာ တော်တော်ရှိသွားပါသည်။

-----------------------------------

အချူပ်ထောင်ရက်များအတွင်း နောက်ထပ် အကြိမ်ကြိမ် စစ်မေးမှုတွေအပြင် အဖွဲ့ဝင်တွေရဲ့ ၀ိုင်းဝန်း ထိုးကြိတ်နှိပ်စက်တာကိုပါ ခံခဲ့ရပါသေးတယ်။  သူတို့က သူမကို လက်နောက်ပြန် လက်ထိပ်ခတ် လိုက်ပါတယ်။  သူမဟာ ကူမင်တန်အစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း “၀န်ခံ” မှသာ ပြန်ဖြုတ်ပေးမယ် လို့ဆိုပါတယ်။ 

ရက်တွေ ကြာလာတာနဲ့အမျှ လက်ထိပ်က အနာတွေ အများကြီး  ဖြစ်လာပါတယ်။ အနာကနေ သွေးတွေ ပြည်တွေ ထွက်ပါတယ်။ လှူပ်ရှားတဲ့အခါတိုင်း ၊ အသည်းခိုက်အောင်နာကျင်ပါတယ်။  ဒီအနာတွေက သေရာပါ အမာရွတ်တွေကို မွေးဖွားပေးခဲ့ပါတယ်။  သူမရဲ့ တသက်တာမှာ အေးတဲ့ရာသီဥတုတိုင်း ကိုက်ခဲတတ်တဲ့ ဝေဒနာတွေ ချန်ထားပေးခဲ့မှာ ဖြစ်ပါတယ်။   အစားအစာကို လက်နဲ့စားလို့မရပါဘူး။  ရှင်သန်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် သူမဟာ အစာစားဖို့မဖြစ်မနေကြိုးစားပြီး တိရိစ္ဆာန်တကောင်လို ငုံ့ပြီး စားရပါတယ်။  ဒါကတော့ သူမရဲ့ မာကြောတဲ့  စိတ်ဓါတ်ကို ရိုက်ချိုးဖို့အတွကိ ကြီးမားတဲ့ ထိုးနှက်ချက်တရပ် ဖြစ်ပါတယ်။

သွားဖုံးတွေက သွေးယိုပေမဲ့ လိုအပ်တဲ့ဆေးကို မရပါဘူး။ အနာတွေကို ဖန်ရည်ဆေးကြောဖို့ ဆေးရည်တမျိုးမျိုး တောင်းဆိုပေမဲ့ မပေးခဲ့ပါဘူး။  တခါတရံကျတော့  ဒီ ယဉ်ကျေးမှုတော်လှန်ရေးဆိုတဲ့ အရှုပ်အတွေးကြီး ပြီးတဲ့အထိ သူမ အသက်ရှင်မှ ရှင်ပါ့မလားလို့ သံသယ ဖြစ်လာပါတယ်..။  




---------------------------

ဆက်ရန်  (နောက်ဆုံးပိုင်း)

2 comments:

ပဲ့တင်သံလေးတွေ .......