နာဂစ်ဆိုတဲ့ ပန်းအမည်ခံထားတဲ့ နတ်မိစ္ဆာမယ်က သူ့ရဲ့ လက်ကြမ်းကြီးနဲ့ လူသိန်းသောင်းများစွာတို့ရဲ့ အသက်တွေ အိုးအိမ်တွေ ပိုင်ဆိုင်မှုတွေကို ဖဲ့ခြွေဖျက်ဆီးခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ.....။ ဒီနေ့မှာပဲ မှတ်မှတ်ရရ တစ်စွန်းတစ်စ ပါတ်သက် ပါဝင်ခဲ့ရတဲ့ နာဂစ်ကိုယ်တွေ့လေးကို မှတ်တမ်းလေး တို့ထားမိပါတယ်။
ဧပရယ်လကုန်ထဲက မုန်တိုင်း သတိပေးချက်တွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာ ဟိုတစ်စ ဒီတစ်စ မြင်နေရပေမဲ့ ဒီလိုကြီး ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ မထင်ခဲ့တဲ့အထဲမှာ ကိုယ်လဲပါတယ်။ ပေါ့ပေါ့လျော့လျော့နဲ့ ခရီးထွက်နေလိုက်တာ မေလ ၂ရက်မှာတောင် ပုဂံမှာ ရောက်နေခဲ့ပေါ့။ ညနေခင်းမှာ လေပွေလေး တစ်ချက် ခပ်ပြင်းပြင်း သုတ်သွားတာကိုကြည့်ပြီး ရယ်လို့တောင် နေခဲ့ကြသေးတာ။ သေသေချာချာသိရတာက မနက်ပိုင်း လေယာဉ်တွေ ဖျက်သိမ်းလိုက်ပြီဆိုမှပါ။ ရန်ကုန် ဖုံးလိုင်းတွေလည်း တော်တော်များများ ပြတ်နေတာကိုး....။ နောက်ပိုင်းတော့ အသေအပျောက်နဲ့ အပျက်အစီးသတင်းတွေ အချိန်နှင့်အမျှ ထွက်ပေါ်လာခဲ့တော့တယ်။
ပုဂံမှာ တစ်ရက် နှစ်ရက် သောင်တင်ပြီးမှ ရုံးပြန်ရောက်ပါတယ်။ ရုံးက ကိုယ့်ကို မြစ်ဝကျွန်းပေါ်ဒေသ သွားဖို့ အကြံပြုတယ်။ လိုလိုလားလား ထွက်လာခဲ့တယ်။ တလမ်းလုံးလည်း အိုးအိမ် ဆိုင်းဘုတ် လမ်းတံတား အပျက်အစီးတွေက မြင်မကောင်းအောင် ပါပဲ။ မေလ ၇ရက်နေ့မှာတော့ ဖျာပုံ နဲ့ ဘိုကလေးကို ကိုယ်ရောက်ခဲ့ပါပြီ။ မြို့ပေါ်မှာ ဒုက္ခသည်တွေရယ်၊ အေဂျင်စီ ကယ်ဆယ်ရေးဝန်ထမ်းတွေရယ်၊ အာဏာပိုင်တွေရယ်၊ ပုဂ္ဂလိကအလှူရှင်တွေရယ် ရှုပ်ရှက်ခပ် လို့ နေတယ်။
အသက်မသေ ကျန်ခဲ့တဲ့ လေဘေးဒုက္ခသည်တွေရှိရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆန်ဂိုဒေါင်တွေ အပါအ၀င် ယာယီစခန်းအသီးသီး ကို ကိုယ်ရောက်ခဲ့ပါတယ်။ ကလေး လူကြီး အားလုံးက လာသမျှလူတွေကို အားကိုးတစ်ကြီး မျက်ဝန်းလေးတွေနဲ့ ။ တစ်ချို့ကျတော့ မုန်တိုင်းက ရိုက်ခတ်ထားလို့ ကျောပြင်တစ်ခုလုံး မီးလောင်ထားသလို နီရဲနေလေရဲ့။ အုန်းပင်ကို မြဲမြဲဖက်တွယ်ရင်း ရှင်ကျန်ခဲ့တာမို့လေ။ သားပျောက်၊ မယားပျောက်၊ အစ်ကိုပျောက်၊ အမေပျောက်တွေရဲ့ သောကအပူတွေကို မြင်နေကြားနေရပါတယ်။ နာဂစ်ဇာတ်လမ်းတွေကိုသာ စု ထုတ်ရရင် စွယ်စုံကျမ်းထက်တောင် ထူ လိမ့်မယ် ထင်ပါရဲ့။ ဒါပေမဲ့ ထူးခြားတာ တခုက သူတို့ မငိုကြတော့ဘူး။ ထုံ သွားတာလား တော့မဆိုနိုင်။ ကျွန်မလဲ ကိုယ် တတ်နိုင်သလောက် အားပေးပြီး ပြန်လာခဲ့ရပါတယ်။ တကယ်လဲ ကယ်ဆယ်ရေးပစ္စည်းက ပါမသွားခဲ့တာပါ။ အခြေအနေ အရပ်ရပ်ကို အရင်ဆုံး အမြန်လေ့လာပြီးမှ ရုံးကို ဆယ်သွယ်စီစဉ်ရမှာ မို့လေ...။
ဘိုကလေးမြို့ရဲ့ တည်းခိုခန်း အားလုံးက ပြည့်နှက်လို့ နေပါတယ်။ အဲဒီမြို့မှာ GSM က သုံးမရတာမို့ မြို့ထဲမှာ နည်းနည်းပဲရှိတဲ့ စီဒီအမ်အေ ဖုန်းတွေကလည်း လက်မလည်အောင် အငှားဆက်နေရပါတယ်။ ဖုန်းဆိုင်တွေ လမ်းတိုင်းနီးပါးမှာ ရှိတာတောင် ကိုယ့်အလှည့်ရောက်ဖို့ တော်တော် တန်းစီစောင့်ရတာပါ။ ခေတ်ပျက်မှာ စီးပွားဖြစ်တယ်ဆိုတာ ဒါမျိုးလားမသိ။ ကိုယ်လည်း ဖုန်းဆက်ရတာ ခက်ခဲပြီး လိုရင်းမရောက်တာမို့ ရန်ကုန်ကို ကိုယ်တိုင်ပဲ ပြန်လာခဲ့လိုက်တယ်။ ဖျာပုံနဲ့ ဘိုကလေး လမ်းတစ်လျှောက်မှာ ယာယီအုန်းလက်တဲကလေးတွေထိုးပြီး နေတဲ့ မိသားစုတွေကို စိတ်မကောင်းစရာ တွေ့ရတယ်။ တိုက်မိမှာစိုးတော့ ကားကို ဖြေးဖြေးဘဲ မောင်းရတဲ့။ ဖြတ်သွားသမျှ ကားကြီး ကားငယ်တွေက ပါလာတဲ့ မုံ့၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်တွေ ချပေးသွားကြတယ်။ ၀တ်ထားတဲ့ ရှပ်အကျီင်္ကိုတောင် ချွတ်ပေးသွားကြတဲ့ ကိုယ့်လူမျိုးတွေရဲ့ သဒ္မျါတရားကို ကြည်နူးဖွယ်ရာ တွေ့ရတယ်။
သီတဂူဆရာတော်ကြီး တံဆိပ်ကပ်ထားတဲ့ ကားတွေ တော်တော်များများတွေ့ရတယ်။ ဆရာတော်ကြီး ကိုယ်တိုင်ပါသွားတာတောင် ဖူးလိုက်ရတယ်။ အခက်အခဲကြားက အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ဆရာတော်ရဲဝံ့ခိုင်မာတဲ့ ရပ်တည်ချက်အတွက် ပိုလို့ ကြည်ညိုလေးစားရပါတယ်။
လိုအပ်တဲ့ လူအင်အား၊ ငွေ၊ ပစ္စည်း တချို့နဲ့ ကိုယ်ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ ရန်ကုန်အထွက်မှာ မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရတာတွေ စိတ်တိုခဲ့ရတာတွေတော့ ပြန်မပြောချင်တော့ဘူး။ ကိုယ်တို့အဖွဲ့တွေ အမိုးပျက်စီးနေတဲ့ ဘုရားတန်ဆောင်းထဲမှာ အခြေချခဲ့ကြတယ်။ ကြက်ခြေနီအပါအ၀င် တခြားအဖွဲ့တော်တော်များများ နဲ့အတူတူပဲပေါ့။ ကြက်ခြေနီအဖွဲ့မှာ လေးစားစရာကောင်းအောင် တက်ကြွပြီး ကူညီတတ်တဲ့ အဖွဲ့ခေါင်းဆောင် (စံပြကြက်ခြေနီ ရဖူးသူ) နဲ့ အဖွဲ့သားတွေရှိတာကလည်း တကယ့်အင်အား တစ်ရပ်ပါပဲ။ သူတို့ရဲ့ မုန်တိုင်းည စွန့်စားခန်းတွေ အကြောင်း ရင်သပ်လှိုက်မော နားထောင်ခဲ့ကြရတယ်။ ရွာအသီးသီးက လှေတွေရရာရှာလို့ မြို့ပေါ်ကို အကူအညီ လာတောင်းကြတယ်။ ကိုယ်တို့ အဖွဲ့တွေ စုစုစည်းစည်းနဲ့ အကူအညီချင်း မထပ်ရအောင်၊ နောက်တစ်ခါ ရွာတစ်ရွာတည်းက ထပ်ခါထပ်ခါ ရမနေအောင် စိစစ်ကြတယ်။ လာတဲ့သူကိုလည်း သေချာအောင် စိစစ်မေးမြန်းရသေးတယ်။ (ရောင်တော်ပြန်နဲ့ ရောလွှတ်သူတွေလည်း ရှိလို့ပါ) ရွာမှာ ပြန်ပြီး တကယ် ဝေဖြစ်အောင်လည်း ကိုယ့်လူတစ်ယောက် ထည့်ပေးရသေးတယ်။ အဲဒီအချိန်ကတော့ လူတွေ ပစ္စည်းတွေ စာရင်းဇယားတွေနဲ့ ရှုပ်ပွပြီး စားဖို့ အိပ်ဖို့တောင် မေ့နေတဲ့ အချိန်တွေပါဘဲ။ တော်တော် ညဉ့်နက်တဲ့အထိ အလုပ်ထဲက ညီမငယ်လေးနဲ့ စာရင်းဇယားတွေ ပြုစုရတာလည်း အမှတ်တရပါပဲ။
တစ်ချို့က ကြပ်ရွာ ရှိတယ်တဲ့။ တစ်ရွာလုံးပျောက်သွားတဲ့ ကျွန်းရွာကလေးမှာ ညနေဆိုရင် ရေနံဆီမီးခွက်ရောင်လေးတွေ တလက်လက်နဲ့ တဲ့။ သရဲတစ္ဆေပုံပြင်တွေ စိတ်မ၀င်စားပါဘူး။ ကိုယ်စိတ်ဝင်စားတာက လက်တွေ့ ကျတဲ့ အခြေအနေတွေပါ။ ဒုက္ခသည်စခန်းတွေမှာ အိမ်သာ အလုံအလောက်မရှိတဲ့ ပြဿနာ။ တစ်စိမ့်စိမ့်ရွာတဲ့ မိုးကြောင့် တစ်မြို့လုံးရေ၀ပ်နေပြီး တစ်ချို့နေရာမှာ ရွှံ့ရေက ဒူးခေါင်းလောက်ဖြတ်ရတာဆိုတော့ သူသူကိုယ်ကိုယ် တစ်ကိုယ်ရည် သန့်ရှင်းမှု ဘယ်လိုမှ မရှိနိုင်တာ။ ပြာနောက်နောက် တွင်းရေတွေကို သောက်ရတာ။ ၀မ်းလျှောဝမ်းပျက်တွေ ဘယ်တော့ ဖြစ်မလဲ ဆိုပြီး စိုးရိမ်နေရတာ တွေကိုပါ။
အဖွဲ့အစည်းတွေလည်း ညှိနှိုင်း အစည်းအဝေးတွေ တော်တော်စိပ်စိပ်လုပ်ပါတယ်။ အကူအညီတွေ စံနစ်တကျဖြစ်လာအောင် အထောက်အကူရပေမဲ့ တော်တော် အချိန်ကုန်လှပါတယ်။ အာဏာပိုင်တွေ ကိုလည်း အကူအညီနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို အချိန်နှင့်အမျှ စာနှင့်တစ်ဖုံ လူကိုယ်တိုင်တစ်သွယ် သတင်းပို့နေရတာပါ။ သွားလွန်းလို့ ကယ်ဆယ်ရေးရိက္ခာ ကြီးကြပ်ရေးရုံးက“အဘ” တွေနဲ့လည်း တော်တော်ကြီးကို ခင်မင်နေပါပြီ။ ရန်ကုန်ရုံးကလည်း သတင်းအချက်အလက်တွေ အမြဲသိချင်နေတာပါ။ အဲဒီ တောင်းဆိုမှုအားလုံးကို တစ်ချိန်တည်းမှာ ဖြည့်ဆည်းဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်လည်း ကိုယ့်ရုံးချူပ်ကို သတင်းမှန်မှန်မပို့ဖြစ်လို့ ငြိုငြင်ခံရပါသေးတယ်။ ရှိစေတော့။
ဝေးလံတဲ့ မလာနိုင်တဲ့ ရွာတွေကို လွှတ်ဖို့ လှေတွေငှားပြီး လူနဲ့ အကူအညီတွေ ပို့လွှတ်ရပါတယ်။ ကျွန်မကိုယ်တိုင်တော့ လိုက်မသွားနိုင်ခဲ့ပါဘူး။ သူတို့ ကတော့ မိန်းမလှကျွန်းနဲ့ ကဒုံကနိတစ်ဝိုက်အထိ ရောက်တာမို့ ဒက်ဘော်ဒီ တွေကို မြင်နေရတုန်းပဲ လို့ ပြန်ပြောကြပါတယ်။ လိုက်ဖြစ်ရင်လည်း ကျွန်မက နှလုံးမကောင်းသူမို့ လွယ်မယ်မထင်ပါ။ သူတို့လေးတွေရဲ့ ကြိုးပမ်းမှုဟာ တကယ့်ကို ချီးကျူးထိုက်ပါတယ်။ ကျွန်မတို့က မြို့ပေါ်ကနေ စီမံခန့်ခွဲရတာပါ။ သူတို့က လှိုင်းထဲ လေထဲ ရေထဲမှာ လှေတစ်စင်းနဲ့ ပစ္စည်းတွေတင်လို့ တခါမှ မရောက်ဖူးတဲ့ နေရာဒေသတွေကို သွားပြီး ကယ်ဆယ်ရေးလုပ်ရတာပါ။ သူတို့ ပြန်ပြောကြတာကတော့ ရွာကိုရောက်တဲ့အချိန်မှာ ထိုင်ကန်တော့တဲ့သူတောင် ရှိပါသတဲ့။ ဘာပဲပြောပြော အဲဒီအချိန်က လှိုင်းနဲ့ ရေနဲ့မို့ သွားရင်းလာရင်း အချိန်မရွေး သေပျောက် နိုင်တာပါ။ (တကယ်လဲ အသက်ဆုံးရှုံး သွားတဲ့သူတွေ ရှိပါတယ်)။
တစ်ချို့ ရန်ကုန်၊ မန္တလေးက ပုဂ္ဂလိကအလှူရှင်တွေက ကျွန်မတို့ကို ချဉ်းကပ် အကူအညီ တောင်းကြပါတယ်။ သူတို့ ယူလာမဲ့ပစ္စည်းအမျိုးအစားတွေကိုပြောပြီး ဘယ်လိုရွာတွေကို ပေးရင်ကောင်းမလဲ။ ဘယ်လိုသွားရမလဲ ပေါ့လေ။ တစ်ခါမှ မမြင်ဘူးပေမဲ့ ရည်ရွယ်ချက်တူရင် မိတ်ဆွေပါဘဲ။ ကျွန်မတို့က အဓိကလိုအပ်တဲ့ (အကူအညီရတာ နည်းတဲ့) ရွာတွေအမည်ပေးပြီး လှေပါငှားပေးလိုက်ပါတယ်။ လိုအပ်ရင် ၀န်ထမ်းအကူအညီပါ ထည့်ပေးလိုက်ပါတယ်။ ကိုယ့်အဖွဲ့ကလူ မအားရင် အားတဲ့အဖွဲ့က တစ်ယောက်ယောက်ကို အကူအညီ တောင်းပေးလိုက်ပါတယ်။ ရွာမှာ ကိုယ်တိုင် လက်ထိလက်ရောက်လှူရင်း သဒ္မါပေါက်ပြီး အကြိမ်ကြိမ် ပြန်လာလှူတဲ့ စေတနာရှင်တွေလည်း ရှိပါတယ်။ ကျွန်မတို့ အဖွဲ့မှာ စေတနာ့ဝန်ထမ်း လုပ်အားလာကူကြတဲ့ ရန်ကုန်က လူငယ်ကလေးတွေလည်း ရှိပါတယ်။ နောက်တစ်ခါ ဂျပန်က ကျောင်းနေဘက် ကျွန်မသူငယ်ချင်းက ရှားရှားပါးပါး ဂျီမေးလ်သုံးချိန်မှာ ဆက်သွယ်မိပြီး ငွေလှူတဲ့အခါ ကျွန်မကိုယ်တိုင် ဖျာပုံနားက ရွာတစ်ရွာမှာ သွားပြီး ဝေပေးခဲ့ရပါသေးတယ်။ ကိုယ့်ကို ယုံကြည်လို့ ငွေလှူတယ်ဆိုပေမဲ့ တာဝန်ရှိတဲ့အတိုင်း ဓါတ်ပုံနဲ့ စာရင်းဇယားတွေကို သူ့မိသားစုတွေက တဆင့် ပို့ပေးခဲ့ပါသေးတယ်။ ဒါက ရုံးအဖွဲ့အစည်းနဲ့ မဆိုင်တဲ့ ကိုယ်ပိုင် ကြားပေါက် အလုပ်လေးတွေပါ။
မေလတစ်လလုံး ကျွန်မတို့ အလုပ်လုပ်ခဲ့ကြတာမှာ အတိုင်းအတာတစ်ခုအထိ ထဲထဲဝင်ဝင် ကူညီနိုင်ခဲ့လို့ ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ သွားရင်းလာရင်း နေပူပူအောက်က အမိုးပျက်တဲကျောင်းမှာ ဆွမ်းစားနေတဲ့ ဦးပဉ္ဖင်းတွေကို ၀င်လှူခဲ့တာ၊ ပါးစပ်ထဲအကြွေစေ့ဝင်သွားတဲ့ ကလေးကို ဆေးရုံပို့ပေးခဲ့တာ၊ အသည်းအသန်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကို ဆေးရုံတင်ပေးခဲ့တာ စတဲ့ စတဲ့ လတ်တလော အဖြစ်အပျက် ကလေးတွေလည်း ရှိပါသေးတယ်။ တံတားကျိုးနေလို့ လမ်းကနေ ဘိုကလေး မြို့ပေါ်အရောက် ညကြီးမင်းကြီး လမ်းလျှောက်ပြန်ခဲ့ရတာတွေ၊ ရေမကူးတတ်သူမို့ အသက်ကယ်အကျီင်္ ပူပူလောင်လောင် ၀တ်ပြီး မြစ်ရိုးတစ်လျှောက် ခရီးနှင်ခဲ့ရတာတွေကလည်း အမှတ်တရပါ။ ဇွန်လလယ်ရောက်တော့ ကျွန်မအလုပ်တွေကို နောက်လူလွှဲပေးခဲ့ရပါတယ် (လွှဲရင်လွှဲ၊ မလွှဲရင် ဘုံးဘုံးသား လဲတော့မှာလေ)။ ဒါတွေကို ကြွားဝါချင်စိတ်နဲ့ ရေးတာမဟုတ်ဘဲ နောင်တစ်ချိန်အတွက် အမှတ်တရ ကုသိုလ်ပွားရန်သဘော၊ မျှဝေ သာဓုခေါ်စေချင်တဲ့ သဘော ဖြစ်ပါတယ်။
နောက်ပြီး ကိုဇာဂနာရဲ့ “ဘာဖြစ်သလဲ နာဂစ်” ဆိုတဲ့ ကဗျာလေး။ သူ့ကဗျာမှာ အမှန်တရားတွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အဲဒါဟာ “ Truth ” သာဖြစ်ပြီး အကြွင်းမဲ့အမှန်တရား “ the Truth ” တော့ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးကာလမှာ ကိုယ်ကျိုးမဖက်ခဲ့တဲ့ သူတွေ၊ အဖွဲ့အစည်းတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ရှေ့ပိုင်းကာလ မှာပေါ့။ အချိန်ကြာလာတာနဲ့အမျှ အခွင့်အရေးသမားတွေ မထိရောက်တဲ့ အကူအညီနဲ့ အပေါယံရွှေမှုန်ကြဲကိစ္စတွေ များများလာတာ အမှန်ပါဘဲ...။ ကျွန်မကိုယ်တိုင် အံ့သြတုန်လှုပ်ခဲ့ရတဲ့ စကားတစ်ခုက “နာဂွတ်”က သူတို့ကို အလုပ်ပေးတယ် ဆိုတဲ့ ဆယ်ကျော်သက် ၀န်ထမ်းလေးတွေရဲ့ စကား။ တကယ်ဆို အသက်ပေါင်းများစွာအတွက် စာနာစွာ ဒီစကားမျိုး ပြောထွက်စရာ ပါလား။ “ငယ်သူမို့” လို့ပဲ ပြောပါရစေ..။
- နာဂစ်က ကျွန်မကို ကြေကွဲဝမ်းနည်းမှူတွေ ပေးခဲ့တယ်။
- နာဂစ်က ကျွန်မကို တာဝန်တွေ ပေးခဲ့တယ်။
- နာဂစ်က ကျွန်မကို ကုသိုလ်တွေ ပေးခဲ့တယ်။
- နာဂစ်က ကျွန်မကို မိတ်ဆွေသစ် ( မုန်းသူတချို့ ?? )တွေ ပေးခဲ့တယ်။
- နာဂစ်က ကျွန်မကို ရင့်ကျက်မှု တွေ ပေးခဲ့တယ်။
- နာဂစ်က ကျွန်မကို တွေးစရာ တွေ ပေးခဲ့တယ်။
ကြုံခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာ ဆုံးရှူံးမှုတစ်ချို့အတွက် ရင်နာမနေတော့ဘဲ နာဂစ်ကာလမှာ ကျရာတာဝန်ထမ်းခဲ့တဲ့အတွက် အဲဒီလိုလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပီတိဖြစ်ရတဲ့အကြောင်း ထပ်လို့ ပြောချင်ပါတယ်။ ပိန်ချင်လွန်းလို့ ၀ိတ်ချတာမကျဘဲ နာဂစ်ကျမှဘဲ တစ်လအတွင်း ပေါင်ချိန် တော်တော်ကျသွားလည်း အောင်မြင်မှူတစ်ခုဘဲပေါ့ :-)
တကယ် လိုအပ်ချက်နဲ့ နာဂစ်ဒုက္ခသည် တို့ရခဲ့တဲ့အကူအညီ ဟာ မမျှတခဲ့ပါဘူး။ နောက်ပြီး စံနစ်တကျ ဖေါ်ဆောင်နိုင်မှုလည်း အားနည်းပါတယ်။ အတွေ့အကြုံနဲ့ ဗဟုသုတတွေက မပြည့်စုံသလို၊ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှူတည်ဆောက်ရာမှာ ရာနှုန်းပြည့်မအောင်မြင်တဲ့အတွက် ရသင့်သလောက် မရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တက်ကျိုးတာကို မငြီးငြူဘဲ လက်ထိုးလှော် ခဲ့တဲ့ သူတွေ ရှိခဲ့ပါကြောင်း နဲ့ သူတို့အားလုံးကို ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါတယ်...။
မိုးစက်ပွင့်
ကျွန်မကတော့ ကုသိုလ်ဆိုတာထက် တာဝန်ယူရမယ့်အချိန်မှာ ကိုယ်တာဝန်ကျေခဲ့သလားဆိုတာ ပြန်စဉ်းစားဖြစ်တယ်။ အမမိုးစက်ပွင့် လုပ်နိုင်တာတွေလုပ်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျေးဇူးတင်တယ်ပြောရင် အမလုပ်ပေးခဲ့တာတွေ ငယ်သွားမှာစိုးလို့ မပြောတော့ဘူး။ ရေကူးဝါသနာပါလို့ စိတ်ပါလက်ပါကူးပြီးပျော်နေတဲ့လူကို ဘေးကလူက ကျေးဇူးတင်ပါတယ် ပြောသလိုမျိုးဖြစ်နေမယ်။ သိပ်ကောင်းတဲ့ဥပမာတော့မဟုတ်ဘူး။ နီးစပ်မယ်လို့တော့ထင်တယ်။
ReplyDeleteလိုအပ်နေတဲ့ အကူအညီတွေကို ပေးလာတုန်းမှာ ဘူးဘူးခါငြင်းခဲ့တဲ့ လူတချို့ကိုလည်း နာကျည်းစွာ ပြန်မြင်ယောင်တယ်။
ReplyDeleteလက်ထိုးလှော်ခဲ့သူများကိုတော့ ချီးကျူးမိပါတယ်။
ဂုဏ်ယူမိပါတယ်။
ReplyDeleteအိုင်အိုရာ