Friday 26 February 2010

စိတ်ကောက်ခြင်း အနုပညာ


”....  တို့နှစ်ယောက် ....တစ်ယောက်နဲ့တစ်ယောက်....စိတ်ကောက်ကြတုန်းက...... သူ့ကိုမခေါ် တို့ကိုမခေါ် နေခဲ့တယ်......(အလည်က ကျန်တဲ့ စာသားတွေ မေ့သွားပြီ).....အနိုင်နဲံပိုင်းသွားမှခက်မယ်.......သူကလည်းမရှက်နဲ့တော့ကွယ်.... မြန်မြန် မင်းကစ လို့ ခေါ်ပါကွယ်...”    
ကိုယ်ကြားဖူးတဲ့ ချစ်စရာ စုံတွဲသီချင်းကလေး တစ်ပိုင်းတစ်စပါ...။


အခုတစ်လော ကိုယ့်စိတ်က တယ်မကြည်ချင်ပါ ... မကြည်ဆို စိတ်ကောက်နေသည်လေ..။
ကောက်သာကောက်ရပေမယ့် အားကတော့ တယ်မပါလှပေဘူး။  ဘာကြောင့်လဲဆိုတော့ စိတ်ကောက်ခံ ပုဂ္ဂိုလ်က သိသလိုလို မသိသလိုလို လုပ်နေပေသကိုး..။


မိန်းကလေးတိုင်း သူတို့နဲ့ပါတ်သက်တဲ့  ကိုကိုမောင်မောင်တွေအပေါ် စိတ်ကောက်ဖူးကြမှာပါ (မညာကြေးနော်)။ ကျွန်မကတော့ ခဏခဏမဟုတ်ပေမဲ့ ရံဖန်ရံခါတော့ ကောက်မိတာပါဘဲ..။ သူငယ်ချင်းတွေ မိတ်ဆွေတွေအပေါ် ခွင့်လွှတ်နားလည်တတ်သူ (အဟဲ- ကြုံတုန်းကြွားတာ ....ဘယ်သူသိတာမှတ်လို့) ----  ဆိုပေမဲ့ သူ့အပေါ်တော့ အခွင့်အရေးယူချင်၊ အနိုင်ယူချင်၊ အသေးအမွှားကလေးကိုတောင် စိတ်ကောက်ချင် မိတာပါဘဲ..။


စိတ်ကောက်တာဟာ စိတ်ဆိုးတာရဲ့ အကျိုးဆက်ဆိုပေမဲ့ စိတ်ဆိုးတာနဲ့လည်း လုံးလုံးမတူပြန်ဘူး။ စိတ်ဆိုးတာက ပွင့်အံထွက်တဲ့သဘာဝရှိပြီး စိတ်ကောက်တာက မြုံနေတဲ့သဘာဝ ရှိပြန်တယ်။   နောက်ပြီး စိတ်ကောက်တာကို (မျက်စောင်းထိုးတာ၊ မျက်ရည်ကျတာလိုပဲ) မိန်းကလေးတွေက ရီဂျစ်စတာပြုပြီး မူပိုင်လုပ်ထားတဲ့ ကိစ္စ ရှိသေးတယ်။ (ဟင် ယောက်ျားကြီးတန်မဲ့ စိတ်ကောက်တတ်ရန်ကော) လို့ ဝေဖန်လိုက်ရင် သကောင့်သားတွေ တော်တော်နာကြပါတယ်။ 


မိန်းကလေးတွေရဲ့ စိတ်ကောက်တာကို သရုပ်ခွဲရရင်  (သကောင့်သားကို နောက် ဒီလို အလားတူ ကိစ္စမျိုးထပ်မလုပ်ချင်အောင်အပြစ်ပေးခြင်း) ဆိုတာအပြင် (အချော့ခံချင်တဲ့ စိတ်)ကလည်း တစ်မတ်သားလောက် ပါနေတာကို တွေ့ရပါတယ်..။ စာအုပ်ထဲမှာ ရုပ်ရှင်ထဲမှာဆိုရင် မင်းသားကလည်း ခခယယ ရှင်းပြ၊ မင်းသမီးလည်း မူလီတင်းနေ၊ နောက်မလုပ်ပါဘူး ဆိုပြီးတောင်းပန်၊ အထူးအခွင့်အရေးတွေရ၊ ပြန်ချစ်ကြနဲ့ တယ်လဲအဆင်ပြေသကိုး...။


ဒါပေမဲ့ ကိုယ့်မူပိုင်ရှင်က မတုန်မလှုပ် ကျောက်ဆစ်ရုပ်မို့လေ..။ တခါတလေ စိတ်ကောက်တာကို စိတ်ကောက်မှန်းမသိ၊ စိတ်ကောက်တာကလည်း ဖွင့်ပြောလို့အဆင်မပြေတဲ့ ကိစ္စမျိုးမို့လား...။ များသောအားဖြင့် စိတ်ကောက်ရင် မခေါ် မပြော မပါတ်သက် စသဖြင့် (မ) ပေါ်လစီတွေ အများကြီး ကျင့်သုံးကြတာလေ။  သကောင့်သားက ပြာပြာသလဲ၊ ခြေမကိုင်မိ လက်မကိုင်မိ ဘာမှမကိုင်မိဖြစ်လေ မချောတွေက တည်တည်ငြိမ်ငြိမ် နေပြလေ။ စိတ်ထဲကတော့ (ဟင်း ဒင်းသိပြီမို့လား၊ ငါက စိတ်ကြီးတာ။ မခေါ်မပြော ပစ်ထားလိုက်ဦးမယ်) စသဖြင့် ခံစစ်အသွင်ဆောင်သော တိုက်စစ်ကို ဆင်နွှဲတတ်ကြပြန်ပါတယ်။


ဒီကျောက်ဆစ်ရုပ်ကြီးကတော့ မသိသလိုလိုနဲ့ နေ့နေ့ညည အဝေးဖုန်းတွေဆက်၊ ကိုယ်က ဖုန်းမကိုင်တာမျိုး၊ ထူးရုံထူးပြီး ဖုန်းချပစ်တာမျိုး၊ ဖုန်းပိတ်ထားတာမျိုး လုပ်ပြန်တော့လည်း ဖုန်းကိုင်ကိုက်ချင်း သူ့ဖက်က ကိုယ်ကြားချင်တဲ့ (ကိုယ်ဘာမှားလို့လဲ) တို့ (ကိုယ်မှားသွားပါတယ်)တို့  ပြောဖို့ဝေလာဝေး၊ (ဘာဖြစ်နေတာလဲ)လို့တောင် မေးဖေါ်မရ၊ ခံစစ်ကို ခံစစ်နဲ့ တုန့်ပြန်နေပုံများလေ။


ဒီလိုနဲ့ တစ်ပါတ်လောက်ရှိနေပြီဆိုတော့ ကိုယ်လဲ ပျင်းလာပြီလေ။ ကျမမောင်လေး ငယ်ငယ်တုန်းက တစ်ယောက်ထဲအကြာကြီးငိုနေရင်း (ပျင်းတယ်ကွာ) ဆိုပြီး ရပ်ပစ်တာ သတိရလာသေးတော့တယ်။  ကိုယ်လဲ ပျင်းတယ်ကွာ ဆိုပြီးရပ်ရမလား၊ စဉ်းစားနေတယ်..။ ဒါပေမဲ့ ကိုယ်ကအရှူံးပေးသလိုကြီးလဲမဖြစ်ချင်ဘူး။  အတွေ့အကြုံကောင်း၊ အကြံကောင်းလေးများရှိရင် ပေးကြပါဦးနော်...။


သြော် နောက်ပြီး......မတော်လို့  သူငယ်ချင်းတစ်ယောက်ယောက်များ ကိုကျောက်ဆစ်ရုပ်နဲ့ လမ်းမှာတွေ့ခဲ့ရင် ကိုယ် စိတ်ကောက်နေတာ သူသိအောင် ပြောပေးကြပါဦးနော်...။


စာကြွင်း-  အားလုံး ၀ိုင်းအကြံပေးကြသလို စိတ်ကောက်ရာက ခဏ တန်းဖြုတ်ပြီး သူ့ကို ဘာကြောင့် မကြေနပ်တာကို သေသေချာချာ အသိပေးလိုက်တယ်။  ပြေပြေပြစ်ပြစ် မချော့တတ်တဲ့ သူ့ကို သီးသန့်အခွင့်အရေးတစ်ခုပေးလိုက်တယ်။  ”စာနဲ့ ရေးသားရှင်းလင်းခွင့်” ( စကားပြောမကောင်းပေမဲ့ စာရေးကောင်းသူမို့ သူ့ရဲ့စာတွေက ကိုယ့်အတွက် အမြဲ စိတ်ဝင်စားစရာ ကောင်းနေတတ်တယ်..။)   ဒီနေ့မနက်ပဲ  ကားကြုံနဲ့ သူ့စာရောက်လာတယ်... နောက်ဆုံးက စာတစ်ကြောင်းထဲနဲ့  ကိုယ် စိတ်ကောက်ပြေသွားပါတယ်။ ငိုချင်ရက် လက်တို့  ဆိုတာမျိုးဖြစ်နေမလားတော့ မသိဘူး။   ဘာရေးထားလဲ လို့တော့ မပြောပြတော့ဘူးနော်  :-)))))


နောက်ဆက်တွဲ - စိတ်ကောက်တာ တစ်ပါတ်တိတိကြာပါတယ်။ တိုက်ဆိုင်လွန်းသဖြင့် ဆက်စပ်ဖတ်ရန်.....  မအယ်ဇီ ရဲ့  သို့ .......မှ


မိုးစက်ပွင့်

7 comments:

  1. ဖုန်းကိုင်..တလုံးနှစ်လုံး မပြောချင်သလိုလို လေသံနဲ့ပြောပြီး ချက်ချင်းပြန်ချလိုက်ပါလား..ဒါဆို စိတ်ကောက်နေတာ သူသိသွားလိမ့်မပေါ့...ဟီး မြှောက်ပေးတာ ဟုတ်ဘူးနော်

    ReplyDelete
  2. ဒီမှာ စိတ်ကောက်နေတယ်လို့ ပေါ်တင်ကြေငြာလိုက်။ အိပ်ချင်ယောင်ဆောင်တဲ့သူကို အနှိုးရခက်တယ်။ ဒီတော့ အတင်းသာနှိုးပြောလိုက်။ ပြီးရင် ပြန်ဆက်ကောက်။
    သိလဲမသိပဲ ၀င်မြှောက်ပေးသွားတယ်။း)

    ReplyDelete
  3. မိုးစက်ရေ... ကျမကတော့ အစပိုင်းမှာစိတ်ကောက်ကြည့်ဖူးတယ်။
    သူက စိတ်ကောက်တာနဲ့ ပတ်သက်ပြီး သိပ်သိပုံမပေါ်ဘူး။
    ကျမရှေ့ထိုင်ပြီး မကျေနပ်တာကို ဆွေးနွေးမယ်ဆိုပဲ။
    နောက်ပိုင်းတော့ ကျမတို့ ရဲ့ စိတ်ကောက်ခြင်း အနုပညာကို အေးအေး ဆေးဆေး ရှင်းပြရတယ်။
    အခုတော့ ကျမစိတ်ကောက်ရင် သူသိပြီး ချော့တတ်နေပြီ။
    ကြိုးစာ.ကြည့်လေ။

    ReplyDelete
  4. စူးနွယ်...သူနှင်း...မမရှင်လေး... ခင်မင်စွာ အကြံပေးကြတာ ကျေးဇူးတင်ပါတယ်.... ထူးရုံထူးပြီး ဖုန်းချ ချပစ်တာကို လုပ်ပြီးပြီ ဆိုတော့ ဒီတစ်ခါ ပေါ်တင်ကြီးပြောပြီး အိပ်ချင်ယောင်ဆောင်သူကို နှိုးလိုက်တော့မယ်...နောက်ပိုင်း ပြန်ခေါ်သွားပြီးတဲ့အခါကျရင် မမရှင်လေးပြောသလို ရှင်းပြလိုက်မယ်လေနော်... (ကျမ ဒါတွေရေးတာတော့ သူလုံးဝမသိရှာဘူး ဟဟ..)

    ReplyDelete
  5. စိတ်ကောက်တာကို မသိချင်ယောင်ဆောင်နေလိုက်တော့ ကောက်တဲ့သူ ဘာဆက်လုပ်ရမှန်း မသိဘူး ဖြစ်သွားတတ်သလား...

    ဒီနည်း မဆိုးဘူးမို့ ကိုသကောင့်သားကို ကျေးဇူးတင်ကြောင်း ပြောပေးပါ...

းဝ)

    ReplyDelete
  6. ကိုလူထွေး- ပြောပေးချင်ပါတယ်။ ဒါပေမဲ့ သူရောင့်တက်သွားမှာ စိုးရတယ် :-)

    ReplyDelete
  7. နောက်ဆုံးစာကြောင်းလေးသိချင်လိုက်တာ ဟာဟ ဒါပေမဲ့ ဘော်ဘော်တို့ကိုအကြံလေးပေးချင်တယ် သက်ဆိုင်သူမချောတွေအကြောင်းမရှိဘဲစိတ်ကောက်ရင် တစ်ခါလောက်တော့အယူခံဝင်လိုက်ပါ အဲဒါမှဆက်တင်းသေးတယ်ဆိုရင်ကိုယ်လဲပြန်တင်းပေးလိုက် ပြီးရင်တိတ်တိတ်လေးကြေကွဲပြ ဒါပေမဲ့ အဲလိုကြွေတာကိုမချေုာတွေကို တစ်နည်းနည်းနဲ့သိပါစေ (မသိမသာလေးပေါ့) သူ့ရှေ့ရောက်ရင်တော့တင်းပေးလိုက်။။။။
    အရေးကြီးတာက နောက်ကွယ်မှာတော့ဆွေးနေရတယ်ဆိုတာတစ်နည်းနည်းနဲ့သိပါစေ ဥပမာ သူလာရင်မသိသလိုနေပြီးသူကျော်သွားမှနောက်ကွယ်ကနေ ခပ်ဆွေးဆွေးလေးချောင်းကြည့်နေတာမျိုးတို့။ သူတို့တွေမတွေ့ဘူးလို့တော့မထင်လိုက်နဲ့ ကိုယ်ကိုမျက်နှာလွှဲနေပေမယ့် မြင်ကြတယ် ဟဲ ဒါပဲနော် (ဟီး အရှိန်လွန်ပြီးပြတ်သွားရင်တော့သိဘူးနော် limit လေးထားကြပေါ့)

    ReplyDelete

ပဲ့တင်သံလေးတွေ .......