Wednesday 17 February 2010

အမှတ်တရ ဘန်ကောက်ခရီး



အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘန်ကောက်ကို  တတိယအကြိမ်အဖြစ်ရောက်ခဲ့တဲ့အချိန်ကတော့ ရှပ်နီနဲ့ရှပ်ဝါတွေ ရန်စောင်နေဆဲကာလဖြစ်တဲ့ ဇန်န၀ါရီနှောင်းပိုင်းမှာပါ..။  မနှစ်က ရောင်းရင်းတချို့လို မတော်လို့ လေဆိပ်ပိတ်တာမျိုးတွေကြုံလာရင် ဆိုတဲ့အတွေးနဲ့ စိတ်ပူပန်ခဲ့ရပေမဲ့ ဘာမှ ထူးထူးထွေထွေမကြုံခဲ့ရပါဘူး။  ပြန်လာပြီး တော်တော်ကြာမှ ရာမလမ်းမကြီးကို ရှပ်နီတွေပိတ်ဆို့ကြတယ်လို့ သတင်းကြားရတော့ လွဲခဲ့ရတဲ့ ကံကိုပဲ ကျေးဇူးတင်မိပါသေးတယ်။


ဘန်ကောက်ခရီးအစရဲ့ မြန်မာလေဆိပ်အတွေ့အကြုံလေးကိုလည်း တဆိတ်မျှဝေပါရစေဦး။  လေဆိပ် check-in ၀င်တဲ့အခါကျတော့ ကိုယ့်ရဲ့ငွေသွင်းဘဏ်ချလန်ရှာမတွေ့တော့ဘူး။ မလွဲရရင် မနေနိုင်တဲ့သူ မို့ပါလေ။ ဒါနဲ့   ရုံးမှာပဲ ကျန်ခဲ့တယ်လို့ထင်တယ်။ စနေနေ့ဆိုတော့ ရုံးကလည်းပိတ်နေပြီ။  သူတို့က ပြာယာခတ်နေတဲ့ကိုယ့်ကို အမဲတစ်ကောင်လိုသဘောထားပြီး လေဆိပ်ရုံးခန်းထဲခေါ်သွားတယ်။  အကျိုးအကြောင်းရှင်းပြပြီး အကူအညီတောင်းပေမဲ့ ဟိန်ူးလားဟောက်လားလုပ်ပါတယ်။ တကယ်ကတော့ ခြောက်စားလုပ်ချင်လို့ပါ။ ကျမအရမ်းစိတ်တိုသွားပါတယ်။ ဒီခရီးကိုမသွားရလို့လဲ ဘာမှထူးထူးခြားခြား နစ်နာသွားမှာမဟုတ်သလို (ပြေပြေလည်လည်ပြောရင် ကျေးဇူးပြုဖို့ဝန်မလေးပေမဲ့) ဟောက်စားလုပ်နေတာကိုလည်း သည်းမခံနိုင်ပါဘူး။ ဘဏ်သွင်းတဲ့ ငွေ၂၀၀ထဲနဲ့ ကျွန်မတို့က မသွင်းဘဲမနေပါဘူး။ သွင်းလို့လဲ D-form ထွက်လာတာပေါ့ လို့   ပြန်ပြောခဲ့တယ်။ အဲဒီလိုပြောလိုက်မှ သူတို့က ပိုဆိုးပါတယ်။ " ဟ - Electronic D-form ထဲက ဘဏ်ချလံနံပါတ်က လူတိုင်းရိုက်ထည့်လို့ရတာပဲ." .။ (အဲဒါက ရှင်တို့ရဲ့စံနစ်မလုံခြုံလို့ပေါ့ - စိတ်ထဲက)  "အစိုးရစာရွက်ဆိုတာ တန်ဘိုး ဘယ်လောက်ပဲဖြစ်ဖြစ်အရေးကြီးတယ်"။ (မှတ်သားလောက်ပါတယ်- စိတ်ထဲက)။ ပြီးတော့ "ဘဏ်စာရွက်မပါရင် မသွားနဲ့တော"့ တဲ့။ ( so what ) .... ငွေများများလိုချင်လို့ ဈေးတင်နေတာ မသိဘူးမှတ်နေသလားမသိ။ အောက်ကြို့ပြီး ပိုက်ဆံပေးဖို့တော့ လုံးဝ မစဉ်းစားခဲ့ပါဘူး။  နောက်ဆုံးအနေနဲ့ များပြားလှတဲ့ စာရွက်စာတမ်းတွေကြားထဲကို လှန်လှောလိုက်တော့ ဘယ်အချိန်ကညပ်နေမှန်းမသိတဲ့ ဘဏ်စာရွက်ကလေးက လှောင်ပြောင်သလိုလို ထွက်ကျလာတယ်။ "တွေ့ပြီ"....။ ရှေ့ကလူရဲ့မျက်နှာ မည်းကနဲဖြစ်သွားတယ်။ ခင်ဗျားတော်တော်ပေါ့ဆတာပဲ လို့  မခံချိမခံသာနဲ့ပြောတယ်။ သူစားရမယ်လို့ ထင်ထားတဲ့ အရာတစ်ခုကိုဆုံးရှူံးသွားလို့ထင်ရဲ့။ "ဆောရီးဘဲ"လို့ပြောပြီး ချာကနဲ ထွက်လာခဲ့တယ်။  ကူညီချင်စိတ်ခေါင်းပါးတဲ့၊ customer ကို ရည်ရည်မွန်မွန် မဆက်ဆံတတ်တဲ့သူတွေကို ကိုယ် ဒီ့ထက်တောင် ရိုင်းချင်ခဲ့တယ်။


ခရီးစဉ်တစ်လျှောက်ကတော့ အဆင်ပြေမှပြေဘဲ။ သုဝဏဘူမိလေဆိပ်သစ်ကြီးကို ပထမဆုံး ရောက်တာဆိုတော့ ဟိုကြည့်သည်ငေးပေါ့။  အတူသွားတဲ့အစ်မနဲ့အတူ ဖုန်းကတ်တွေ ၀ယ်ထည့်လိုက်ကြတယ်။ MPTဲ့ GSM ကဒ်လေးကို ပိုက်ဆံအိတ်ဇစ်အကန့်လေးထဲ သေသေချာချာ သိမ်းလိုက်တယ်။ ပြီးတော့ ရောက်ကြောင်းကို အိမ်ကိုလှမ်းပြီးဖုန်းဆက်တယ်။  အမှန်ကတော့ လက်ဆော့ချင်တာ..။ လေဆိပ်က Tour Company မှာ ထဲဝင်စပ်စုကြတယ်။  ကျွန်မတို့တည်းမဲ့ ဟိုတယ်က သူတို့ member မို့လို့   (ပြောတာပဲ)  special rate နှစ်ယောက် ဘတ်၅၀၀ ပါတဲ့။ တန်လိုက်တဲ့ဖြစ်ခြင်း။  ကြာသလားလို့ လက်မှတ် နှစ်စောင်။  ဈေးပိုများတဲ့ Limousine မစီးဘဲ မီတာ Taxi ကိုငှားလိုက်တယ်။ ချွေတာရမယ်မဟုတ်လား။ လေ့လာခဲ့တဲ့သတင်းအရ ကားမရှူပ်တဲ့ Express Way လမ်းမကြီးကဘဲမောင်းခိုင်းလိုက်တယ်။  Tollgate Fee ဘတ်၇၀ ပေးရပေမဲ့ မြန်မြန်ရောက်လို့  ပိုပြီးသက်သာ တွက်ချေကိုက်ပါတယ်။


ဟိုတယ်မှာ တစ်နာရီလောက်နားပြိးတော့  အသက် ၅၀လောက်ရှိတဲ့ တိုးဂိုက်တစ်ယောက်က ဆလွန်းကားအဖြူလေးနဲ့လာကြိုပါတယ်။  ဘတ်၅၀၀ထဲနဲ့ မြဘုရားတို့ဘာတို့လည်ရမယ်ဆိုတော့ အားနာလိုက်တာနော်။  ဇာတ်လမ်းက အဲဒီက စတာဘဲ...။






တကယ်တော့ သူတို့က ပို့ဆောင်ခ၊ ရှင်းပြခ ဆိုတာထက် ကိုယ်ဆီက နောက်ထပ်ထွက်လာမဲ့ ပိုက်ဆံတွေကိုမျှော်ကိုးတာပါ။ သူက မြဘုရားပို့ပြီးရင် ရတနာဆိုင်ဝင်မယ်၊ ပြီးရင် ပိုးထည်ဆိုင် ၀င်မယ်၊ ပြီးရင် သူတို့ကုမဏီရုံးခန်းသွားပြီး နောက်နေ့ခရီးစဉ်ဆွဲမယ် တဲ့။  ကျမကတော့ အားမနာတမ်းပြောရပါတော့တယ်။   ငါတို့  ရတနာတို့၊ ပိုးထည်တို့လိုပစ္စည်းမျိုး ၀ယ်ချင်တာမရှိလို့ ဘယ်ဆိုင်မှမသွားဘူး။ နောက်နေ့ လည်မဲ့အစီအစဉ်အတွက် အချိန်မရှိလို့ ရုံးခန်းလဲမသွားဘူး။  ဟိုတယ်လဲ ပြန်ပို့စရာမလိုဘူး။ ဈေးဝယ်ချင်တာရှိလို့   မာဘွန်ခေါင်း (MBK Center ) မှာဘဲ ချထားခဲ့ပါ -လို့ပြောတော့သူက လက်မခံပါဘူး။  သူတို့ရဲ့ရုံးစည်းကမ်းပါတဲ့။ ရုံးမ၀င်ရင်တောင်  ဆိုင်တော့ဝင်ရပါမယ် တဲ့။ ပြီးမှ MBK ကို ပို့ပါမယ်တဲ့။ နောက်ဆုံးတော့  အိုကေ အိုကေ ပေါ့။




ဘန်ကောက်မြို့ရဲ့ လမ်းတွေက ကားတွေနဲ့ ပြည့်ကြပ် ပိတ်သိတ်လို့နေတယ်။  အငှားကားတွေကလည်း ပန်းရောင်၊ အစိမ်းရောင်၊ အပြာရောင် တောက်တောက်တွေ။ ဘန်ကောက်သူလေးတွေကလည်း ဒီလို ဒီလိုခေတ်ဆန်တယ်။ 


မြဘုရားကိုရောက်တော့ လက်မှတ်အရောင်းပိတ်ခါနီးနေပါပြီ။ အပြေးအလွှားဝယ်ပြီး ၀င်ကြပါတယ်။ သူက တိုးဂိုက်လုပ်လာတာ အနှစ်၄၀နီးပါးရှိပါပြီတဲံ့။ ဒါပေမဲ့ သူရှင်းပြတာတွေက အားမရလှပါဘူး။  မြန်မာဆိုလို့ စိတ်မပါတပါ ဖြစ်နေတာလားလို့တောင် ထင်မိတယ်။  သူတို့ကလည်း အဖြူကိုမှ လူထင်တာလေ...။ ကိုယ်တို့ကလည်း ဘိုင်ကောင်တွေ မို့လား။


မြဘုရားက ထွက်တော့ ရတနာဆိုင်ကိုဝင်ပါတယ်။  အ၀င်ဝမှာ အအေးတစ်ခွက်စီတိုက်ကတည်းက မျက်ခုံးကခပ်လှုပ်လှုပ်။  နောက်တော့ နီလာ၊ ပတ္တမြား၊ ပုလဲတွေကို တစ်ထောကြီးခင်းကျင်းထားတဲ့ ခန်းမကြီးထဲကို အရောင်းစာရေးမလေးက လိုက်ပို့ပါတယ်။  ဈေးတွေက ဘတ်နဲ့ဆိုတော့ စိတ်ထဲမှာ ၃၅ကျပ်နဲ့ မြှောက်မြှောက်ကြည့်ပြီး အီတွန့်သွားမိပါတယ်။ ဒီဇိုင်းတွေကတော့ တော်တော်လှပါတယ်။  ကျောက်တွေကတော့ ပါလေယုံ သေးသေးလေးတွေ များတယ်။  ငါတို့နိုင်ငံမှာလည်း ဒါမျိုးတွေအများကြီးရှိတယ်၊ ဒီလောက် ဈေးမကြီးဘူး ( ကိုယ်မ၀ယ်နိုင်တိုင်း နိုင်ငံနဲ့ချီပြီး ကြွားလိုက်သေးတယ် - စာရေးမလေးကတော့ ပြုံးနေဆဲ) ... ဒီကလက်ရာက ပိုကောင်းတယ်လေ..နင်တို့နိုင်ငံကလည်း လာလာဝယ်ကြတယ်...တဲ့။  ( သူတို့က မျိုးနဲ့ရိုးနဲံ ချမ်းသာသူတွေပါလေ).....  နောက်ဆုံးတော့ ဘာမှမ၀ယ်ဘဲပြန်ခဲ့ကြတော့ သူလေးက မဲ့ချင်ချင်..။ ရှိပါစေတော့ကွယ်။ ကိုယ်တို့ရဲ့ တိုးဂိုက် မျက်နှာမငယ်ရအောင် ပိုးထည်တစ်စတော့ဝယ်ခဲ့သေးတယ်..။ ၀ယ်ဆို မန်နေဂျာက ကချင်ပြည်နယ်ကလေ။ နိုင်ငံခြားမှာ  မြန်မာစကားပြောရတာ တော်တော် အရသာရှိတာကလား။


ကံမကောင်းတဲ့ ကိုတွတ်ပီ တိုးဂိုက်နဲ့   MBK ရှေ့မှာ လမ်းခွဲလိုက်ကြတယ်။ MBK  ကတော့ Shopper's Paradise လို့ပြောရမလိုဘဲ။ ဈေးချိုတဲ့ လိုချင်စရာ ပစ္စည်းသင့်သင့်လေးတွေရှိတယ်။ အထဲကTokyu  ကုန်တိုက်မှာ ပစ္စည်းခပ်သန့်သန့်ကလေးတွေ ရှိတယ်။  ဒီ့ထက် ပိုကောင်းတာ ပိုဈေးကြီးတာကတော့ သူနဲ့မနီးမဝေးက Central ကုန်တိုက် မှာရှိတယ်။ Discount., Discount နဲံ ပိုက်ဆံအိတ် တော်တော်ပြားသွားတယ်..။ ကုန်တိုက်ရှေ့က ဂုံးကျော်တံတားကိုဖြတ်ခါနီးမှာတော့ အစောင့်ရဲလေးတွေက တားထားတယ်။ ရဲလေးက king, king  တဲ့။ မကြာခင်ဘဲ ကား ၃-၄စီးအရှိန်နဲ့ဖြတ်မောင်းသွားတာတွေ့ရတယ်။  - သြော် ဂလိုကိုး- လူတွေ ဘုရင့်ခေါင်းပေါ်က ကျော်လျှောက်မှာ စိုးလို့ထင်ပါရဲ့။


 ဘန်ကောက်မှာ ဒီတစ်ခေါက် တုတ်တုတ် ( Tuk Tuk ) တော့ မစီးခဲ့ရဘူး။ ရထားပဲ အစီးများခဲ့တယ်။  အဲ- စိတ်ဝင်စားစရာ အမှတ်တရစီးခဲ့တာကတော့ ချောင်ပရားမြစ်တစ်ကြောမှာ သင်္ဘောစီးခဲ့တာပါပဲ..။   တိုးရစ်တွေအတွက် သီးသန့်စီစဉ်ထားတဲ့ အဲဒီ ခရီးစဉ်မှာ အစအဆုံး တစ်ကြောင်းကို ၄၅မိနစ်လောက်ကြာပြီး ရပ်နားတဲ့ သင်္ဘောဆိပ်နေရာ ၁၁ ခုရှိပါတယ်။  သဘောင်္တွေက ၁၅မိနစ်တစ်စီးလောက်ပုံမှန်ထွက်နေပြီး၊ လက်မှတ်တစ်စောင်ရှိရင် တနေကုန် ကြိုက်တဲ့ဆိပ်ကမ်းမှာ ဆင်းလည်ပြီး လာသမျှသင်္ဘောကို တက်စီးနိုင်ပါတယ်။  လက်မှတ်နဲ့အတူ ဆိပ်ကမ်းတစ်ခုချင်းစီရဲ့ အနီးအနားက လည်ပတ်စရာနေရာတွေကို ရှင်းလင်းဖေါ်ပြထားတဲ့ Pamphalet လေးတွေထည့်ပေးပါတယ်။ သဘောင်္ာပေါ်မှာလည်း ရှင်းပြပေးတဲ့ ဂိုက် ပါပါတယ်။  ထိုင်းသံ ၀ဲဝဲမို့ မနည်းနားထောင်ရပါတယ်။




ချောင်ပရားမြစ်ရေက ဗေဒါတွေ အမှိုက်တွေနဲ့မို့ သန့်သန့်ပြန့်ပြန့်မရှိလှပါဘူး။  မြစ်ထဲမှာ ဆေးရောင်လွင်လွင်နဲံ သဘောင်္လှလှတွေ ဥဒဟို ပြေးဆွဲနေကြတယ်။  မြစ်ကမ်းဝဲယာမှာတော့ တိုးတက်ခြင်းရဲ့ သင်္ကေတ မိုးမျှော်တိုက်ကြီးတွေ ထိုးထိုးထောင်ထောင်နဲ့ပေါ့။ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးက ဂျပန်တွေ လို့ပြောကြတယ်။   မုဒိတာ ပွားမိပါရဲ့။ နာမည်မသိတဲ့ တံတားလှလှကို တွေ့ရတယ်။ သံမဏိကြိုးတွေ သွယ်တန်းထားလေရဲ့ ။ အနားက ကိုလံဘီယာသူက နင်တို့နိုင်ငံမှာ ဒါမျိုးရှိလား လို့မေးတော့ စိတ်ထဲမှာ တင်းခနဲ ပေါ့။  အများကြီးမှ အများကြီးဘဲဟေ့ လို့ - ဘာရမလဲ  နော့။ 




သဘောင်္ဆိပ်တစ်ခု ( အမှတ်စဉ် ၈ ထင်ရဲ့) မှာဆင်းပြီး WAT PO ဆိုတဲ့ ယိုးးယားလျောင်းတော်မူဘုရားကို ဖူးကြတယ်။  ထိုင်းမှာ အနုပညာအမြောက်ဆုံးလို့   တိုးဂိုက်က ပြောထားလို့ပါ။


အင်း မဆိုးတော့ မဆိုးပါဘူး (အနုစိတ်မှာ ငါတို့ ပုဂံကို မမီဘူး - စိတ်ထဲက)..။  သူတို့က ခရီးသွားလုပ်ငန်းက ၀င်ငွေအများကြီးရနေပြီး စီမံခန့်ခွဲမှုကလည်း ကောင်းနေတာဆိုတော့ ပြောင်ပြောင်ရောင်ရောင်တော့ ပိုရှိတာပေါ့။
တရုပ်လူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်တယ်တော့ မသိဘူး။  တရုပ်လို မျက်နှာပေါက်နဲံ ၀တ်ဆင်ထားသူတွေရဲ့ ရုပ်ထုတွေ အများကြီး တွေ့ရတယ်။


နောက်ပြီး  WAT PO က ထိုင်းအနှိပ်ပညာရဲ့ လက်မွန်မဆွ ကျောင်းတော်ကြီးလို့ဆိုတယ်။  ဘုရားဝင်းထဲက ဇရပ်လိုလို အဆောင်တစ်ဆောင်ရဲ့ နံရံမှာ လူအနေအထားနဲ့ အကြောတွေ အရိုးတွေကို မျှားထိုးပြီး ရှင်းလင်းရေးဆွဲထားတဲ့ ရှေးဟောင်းပန်းချီတွေကို တွေ့ရတယ်။ 
အပြန်မှာတော့ အချိန်မရတော့လို့ ရည်ရွယ်ထားတဲ့ Temple of Dawn ကို အဝေးကပဲဖူးလိုက်ပါရဲ့။


အဲဒီ နေရာကိုမြင်ရတော့  King and I ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကို သတိရမိပါရဲ့။  ဘုရင်က သူ့ကလေးတွေ့ရဲ နိုင်ငံခြားသူဆရာမကို လှေနဲ့လိုက်ပို့တဲ့အခန်းလေ။ King and I ရုပ်ရှင်က ထိုင်းမှာ ပြသခွင့်မရပါဘူး။  ဘုရင်ကို အချစ်ခံစားမှူနဲ့ရောထွေးပြထားတာမို့ အကြည်ညိုတန်တဲ့ သဘောသက်ရောက်လို့ပါတဲ့။  ကျွန်မကတော့ အဲဒီရုပ်ရှင်ကိုကြိုက်ပါတယ်။  ယူဘရိုင်းနား နဲ့ရိုက်တဲ့ကားထက် ချောင်ယွန်ဖတ်နဲ့ရိုက်တဲ့ ဗားရှင်းကို ပိုကြိုက်တယ်။  မင်းသားက ပိုတည်ငြိမ်ပြီး ပိုချော လို့လေ။


ပြည်တော်ပြန်ချိန်မှာတော့ ဘန်ကောက်လေဆိပ်ကို ချောမွေ့စွာ ဖြတ်သန်းလာခဲ့ပါတယ်။  ရွှေပြည်ကြီးမှာလို လူတွေကို သဟောက်သဟ လုပ်မဲ့သူလည်း မရှိဘူး။ luggage  က လေးကီလိုကျော်တာတောင် ဘာမှမပြောကြရှာဘူး။ တို့ဆီကလူတွေလောက် စီးပွားရေးအမြင်မရှိဘူးလို့ပြောရမယ်ထင်တယ်နော်။ လေဆိပ်ထဲမှာ ခေါင်းသုံးလုံးနဲ့နဂါးကို ခါးတောင်းမြှောင်အောင်ကြိုက်ပြီး ဆွဲနေကြတဲ့ပုံ ပန်းပုတွေ့ရတယ်။   ရာဇ၀င်တော့ ရှိမယ်ထင်တယ်နော်။  ဒဏာရီပေါ့။  ( သူများနိုင်ငံကလူတွေက တိုးရစ်တွေကို ဆွဲဆောင်နိုင်အောင် အဲဒီလိုပုံပြင်တွေကို ဖန်တီးကြ၊ ချဲ့ကားကြ၊ ဖေါ်ထုတ်ကြနဲ့။  ဥပမာ စင်္ကာပူက ခြင်္သေ့ခေါင်းနဲ့  ကြီး Merlion လိုမျိုး။ ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် Legendry တွေများများဖန်တီးကြဖို့ ဘဘလီ ကိုယ်တိုင် ၁၉၉၉မှာ မိန့်ကြားခဲ့တာလေ...။)


လေယာဉ်စထွက်ချိန်မှာတော့ အလှပဆုံး ဆည်းဆာချိန်လေးဖြစ်နေပါပြီ။


မင်္ဂလာဒုံလေယာဉ်ကွင်းကိုဆင်းသက်ပါတော့မယ်ဆိုတဲ့ လေယာဉ်မယ်ရဲ့ကြေညာချက်ထွက်လာတော့မှ ငိုက်မျဉ်းရာကလန့်နိုးပြီး ပြူတင်းပေါက်က လှမ်းမျှော်ကြည့်လိုက်ပါတယ်။  ဟောတော့- မည်းမည်းမှောင် လို့ပါလား.....။


မိုးစက်ပွင့်

3 comments:

  1. လေဆိပ်အတွေ့ အကြုံလေးဝေငှတာကျေးဇူးပါညီမရေ။
    ကျမကတော့ ရန်ကုန်လေဆိပ်ဆိုရင်ဘာလို့ မှန်းမသိဘူး တအားကြောက်
    တယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါတာတောင်မှ လက်ဆောင်မပါ
    ဘူးလာဆိုပြီး စာအုပ်ကို ပြန်မပေးပဲယူထားချင်သေးတယ်။ သူများနိုင်ငံကလေဆိပ်တွေဆိုရင် သွားရဲ၊လာရဲ၊မေးရဲနဲ့ သတ္တိတွေရှိလို့ ။

    ReplyDelete
  2. တုတ်.. တုတ်.. ရော မစီးခဲ့ဘူးလား...

းဝ)

    ReplyDelete
  3. phuket ကိုတစ်ခေါက်လောက်လာလည်ပါ လား သိပ်လှတဲ့ကျွန်းတွေရှိတယ်................

    ReplyDelete

ပဲ့တင်သံလေးတွေ .......