ပြူတင်းတံခါးဖွင့်လိုက်တာနဲ့ မြေသင်းနံ့တွေ နှာသီးဖျားဆီ ပြေးဝှေ့နှုတ်ဆက်ကြတယ်။ မြို့ပြမှာ အနေကြာပေမဲ့ ကျေးလက်က သူမရဲ့ ငယ်ဘ၀ကို အမှတ်ရစေသော မြေသင်းနံ့လေးတွေ ကို ချစ်မြတ်နိုးတတ်သူရယ်ပါ ။ အစိမ်းနုရောင်သစ်ရွက်ဖျားမှာ တင်ကျန်နေဆဲ ငွေရောင် မိုးရေစက်ကလေးတွေက ဖန်တုံးကလေးတွေ၊ စိန်ပွင့်ကလေးတွေလို လင်းလက်ဆဲ။ သြော်- မနေ့က တကယ်ပဲ မိုးရွာခဲ့သည်လေ ...။
--------------------------
မနေ့ကမိုးက စံချိန်တင်အောင် ပူလောင် အိုက်စပ်လှတဲ့ သူမနေထိုင်ရာ အ၀ါရောင်မြို့ကလေးမှာ သင်္ကြန်မတိုင်ခင် ဦးဦးဖျားဖျားရွာပေးခဲ့တာဖြစ်ပါတယ်။ မိုးမရွာခင် အချိန်ကလေးမှာ သူမရင်ထဲက တဒင်္ဂ ခံစားချက်တွေ တရစ်ပြီးတရစ် တင်းတင်း နှောင်ဖွဲ့ကာ တင်းကြပ် ရှုပ်ထွေးနေခဲ့တာ အခုထိ အမှတ်ထင်ထင် ဖြစ်မိပြန်သေးတယ်။
အဲဒီ မနက်ခင်းက မိုးသားတိမ်လိပ်တွေ ညို့ညို့ မှိုင်းမှိုင်း အုံ့ဆိုင်းလို့၊ ခါတိုင်းဆို ကျစ်ကျစ်တောက် ပူလောင်ပြင်းပြတတ်တဲ့ ရှင်နေမင်း ကလည်း သူ့အရှိန်အ၀ါကို တိမ်သားနောက် ယာယီ ကွယ်ဝှက်ကာ အိနြေ္ဒရင့်ကျက်ဟန် အသွင်ကို ဆောင်ယူလို့၊ ပါတ်ဝန်းကျင် လေထုကလည်း မိုးငွေ့နဲ့ နေပူရှိန် ပေါင်းစပ်ထားတဲ့ အိုက်စပ်ပူနွေးနေတဲ့ ခံစားချက်ကို ဖန်တီးလို့။ မိုး- မိုး ရွာပါတော့ကွယ် လို့ သူမနှုတ်ဖျားက တီးတိုးတမ်းတ မိနေခိုက်မှာဘဲ လေပြင်းနှင်လို့ အဝေးကို တိမ်းပါးလွင့်စင်သွားတဲ့ မိုးတိမ်စိုင် မိုးတိမ်ထုတွေရဲ့ အကြောင်း သတိတရ ဖြစ်မိပြန်တယ်။ ဒီမိုးစက်တွေ ငံ့လင့်နေသူအတွက် မချင့်မရဲ ဖြစ်တဲ့စိတ်နဲ့ နာကျင်ခံစားခဲ့တဲ့ အချိန်တွေလည်း အတိတ်မှာ ရှိခဲ့ဘူးတာပေါ့။ အခုရော- တကယ်ဘဲ ရွာဦးမှာလား မိုးရယ် လို့ သံသယ အတွေးနဲ့ ပူပင်သောက ဖြစ်နေရပြန်သည်။ တကယ်တော့ သူမဟာ မိုးမျှော်သူ သက်သက်တော့ မဟုတ်ပါလေ။ မိုးငွေ့မိုးစက်တွေရဲ့ မိတ်ဆွေဟာ သစ်ပင်လေးတွေဆိုတာ ကောင်းကောင်းသိသူမို့ အမြဲစိမ်းသစ်ပင်ကလေးတွေ အဆက်မပြတ် စိုက်ခဲ့သည်ဘဲလေ။ တပင် နှစ်ပင် တရာ နှစ်ရာ ငါးရာ တထောင် - အို အခွင့်အရေး ရတဲ့ အခါတိုင်းမှာပေါ့။

ဟော- ပြောရင်းဆိုရင်း မိုးခြုံးသံသဲ့သဲ့ကြားရပြီလေ။ ခြံထဲက ပန်းပွင့်ပျိုမလေးတွေကလည်း သူမတို့ရဲ့ ပွင့်ချပ်လွှာလေးတွေ မဟတဟနဲ့။ ရွက်ကြွေကိုင်းဖျားက ပုရစ်နုအငုံကလေးတွေက ပြူတစ်ပြူတစ်နဲ့ မိုးစက်တို့အလာကို ငံ့လင့်နေကြတယ်။ ဟော- ပြောရင်းဆိုရင်း တိမ်ညိုတို့ မြေပြင်ဆီ နိမ့်ဆင်းလို့ မိုးရွာဖို့ ဟန်ပြင်လေတယ်။ လေအေးတချက် ဝေးကနဲအတိုင်းမှာ ရွက်ကြွေလေးတွေ မြေပြင်တဖက်ကို လိမ့်ဆင်းသွားတယ်။ မန်ကျည်းကိုင်းပေါ်က ၀မ်းစာအတွက် ပိုးကောင်ကလေးတွေကို အစာစားဖို့ ချောင်းနေတဲ့ ငှက်ညိုကလေးက သူ့ရဲ့ လုံခြုံရာအသိုက်ဆီ ဖြုတ်ကနဲထပျံသွားတော့တယ်။
ကောင်းကင်ဆီက ငွေမျှားတံကလေးတွေ တဖွဲဖွဲ ကျလာတာကို သူမ ကြည်နူးစွာ ငေးကြည့်နေမိတော့ မိုးစက်တချို့က မျက်နှာဆီ ပါးပြင်ဆီ နှုတ်ခမ်းတွေဆီ အနမ်းနဲ့ နှုတ်ဆက်သလို ပြေးဝင်ထိတွေ့လာကြတယ်။ ပျော်လိုက်တာကွယ်။ ဟင့်အင်း- မျက်နှာပေါ်က ရေစက်တွေ မသုတ်ပစ်ချင်ပါဘူး၊ ပြူတင်းတံခါးကိုလည်း မပိတ်ချင်ပါဘူး၊ နွေဦးပေါက်ကာလ တလျှောက်လုံး မျှော်လင့်နေခဲ့ရတဲ့ ဒီမိုး၊ ရွာစမ်းပါစေ၊ သည်းစမ်းပါစေ၊ အေးစမ်းပါစေ - လို့။
----------------------------
မိုးရွာစဉ်ခိုက်မှာ သိသိသာသာကြီး အေးစိမ့်သွားပေမဲ့ ၊ မိုးစဲသွားချိန်မှာ မဟာပထ၀ီမြေကြီးက ကာလရှည်ကြာ အောင်းထားရတဲ့ အပူတွေကို သက်ပြင်းရှည်ကြီးတချက်မှုတ်ပြီး ဖြေလျှော့ လွှတ်ထုတ် လိုက်တာမို့ ၀န်းကျင်တခိုက လေထုထဲမှာ ခပ်နွေးနွေးဖြစ်နေပြန်တော့တယ်။ မိုးကိုမျှော်နေတဲ့ ပင်မြင့်ပေါ်က မြစိမ်းရောင် ပိတောက်ဖူးတွေက ပွင့်ရကောင်းနိုး မပွင့်ရကောင်းနိုး နဲ့ ရွှေဝါရောင်ပွင့်ချပ်လွှာတွေ ထုံသင်းတဲ့ မွှေးရနံ့ တွေကို သူတို့ရင်မှာ သိမ်းဝှက်ထားတုန်းပဲ ဖြစ်နေသေးတယ်။ တကယ်ဆို မုတ်သုန်ရဲ့ ပထမဆုံးမိုးဟာ အလည်လာရုံသာ ရှိသေးတာ မဟုတ်လား။ မိုးဖြိုင်ဖြိုင်ကျဖို့ ကျန်နေသေးတဲ့ နွေရက်ရှည်ကို ဖြတ်သန်းရပေဦးမယ်..။
ပထမဦးဆုံးမိုးက လှပခဲ့တယ်.....
ပထမဦးဆုံးမိုးက အေးမြမှုတချို့ပေးခဲ့တယ်....
ပထမဦးဆုံးမိုးက အေးမြမှုတချို့ပေးခဲ့တယ်....
ပထမဦးဆုံးမိုးက မြေသင်းနံ့ကလေးတွေကို ဖန်တီးပေးခဲ့တယ်....
ပထမဦးဆုံးမိုးက မြေပေါ်က ဖုန်မှုန့်တချို့ကို သိပ်သည်းသွားစေခဲ့တယ်...
ပထမဦးဆုံးမိုးက ကောင်းကင်မှာ သက်တန့်ရောင်စုံတိမ်ပန်းချီကို ရေးချယ်ပြခဲ့တယ်...
ပထမဦးဆုံးမိုးက ကောင်းကင်မှာ သက်တန့်ရောင်စုံတိမ်ပန်းချီကို ရေးချယ်ပြခဲ့တယ်...
ပထမဦးဆုံးမိုးက နားခိုရာ အိမ်မဆောက်ရသေးတဲ့ ငှက်တေလေလေးတွေကို သတိပေးခဲ့တယ်.....
ပထမဦးဆုံးမိုးက အနင်းခံမြက်ကလေးတွေကို ဆက်လက်ရှင်သန်ဖို့ အားသစ်လောင်းပေးခဲ့တယ်....
ပထမဦးဆုံးမိုးက ပုရစ်နုသစ်လေးတွေကိုဝေပြီး ပန်းပွင့်လေးတွေ လန်းဆန်းဖူးပွင့်လာဖို့ ကူညီခဲ့တယ်...
အဲဒီပထမဦးဆုံးမိုးကဘဲ သူမရင်ကို အတိုင်းမသိ ကြည်နူးချမ်းမြေ့ သာယာစေခဲ့တယ်....
နောင်ကိုလည်း မိုးတွေ သည်းသည်း ဆက်လို့ ရွာနိုင်ပါစေသားကွယ် .......
မိုးစက်ပွင့်