Thursday, 7 April 2011

ဘန်ကောက် နဲ့ တိုတိုထွာထွာ

လေယာဉ်အင်ဂျင်သံ တဝေါဝေါနဲ့  ငြိမ့်ကနဲရှေ့ကိုပြေးထွက်သွားတဲ့ ခံစားမှု၊ နောက်ပြီးသိမ့်ကနဲ လေထဲကို ကြွတက်သွားတော့မှဘဲ ဒီခရီးကိုသွားဖြစ်ပါလား ဆိုတဲ့အသိနဲ့ ဟင်းချနိုင်တော့တယ်။ တကယ်တော့ လွန်ခဲ့တဲ့ နာရီပိုင်းအထိ စိတ်မောပင်ပန်းနေရတုန်း။  စိတ်တွေက လွန်ခဲ့တဲ့ နှစ်ပါတ်အလိုကို ပြန်ရောက် သွားတယ်။  ဒီခရီးထွက်ရမယ်ဆိုတာ ကိုယ်သိရချိန်မှာ  အရမ်းနီးကပ်နေခဲ့ပြီ။  မေ့မေ့ လျော့လျော့ ပစ်ထားမိတဲ့ ပတ်စ်ပို့လေးက သက်တမ်းမမီ့တမီ။  အပြေးအလွှား စီစဉ်ရတာ မောလွန်းသည်။  နောက်ဆုံး D-form က အချိန်မီမထွက်လို့ လေဆိပ်မှာ မျက်နှာငယ်ရပြန်သည်။  သည်းခံ၊ သည်းခံ။

ခရမ်းရောင်၊ပန်းရောင်၊ ရွှေဝါရောင်ဝတ်စုံနဲ့  TG လေယာဉ်မယ်လေးတွေကိုမြင်တော့မှ အမောပြေ တော့သည်။ ကိုယ့်ကိုယ်ကိုယ် အားနည်းနေတယ်ထင်လို့ ၀ိုင်မသောက်တော့ဘူး။ လိမ္မော်ရည်ပဲ လည်ချောင်းထဲကို အေးကနဲဆင်းသွားအောင် မော့ချလိုက်သည်။   ဒီခရီးက တနာရီတောင်မရှိတာဘဲ။  ဘေးနားက အင်္ဂလန်သွားမဲ့ သင်္ဘောသား အသက်ငယ်ငယ် ကောင်လေးက စကားခပ်များများ။ သူက ဘန်ကောက်ကို တခါမှမရောက်ဖူးဘူးတဲ့။ “ဘန်ကောက်သူတွေ ချောလားအစ်မ ” တဲ့။ လာစပ်စုနေသေးတယ်။  “ဘယ်လိုပြောရမလဲ၊ အစုံရောရာပေါ့၊ သူတို့ကတော့ ပိုစီးပွားရေးကောင်း၊ ပိုခေတ်မီတော့  တို့မြန်မာမတွေထက် အလှပိုပြင်နိုင်တာပေါ့”  ပြောမိပြောရာ ပြောလိုက်တယ်။

ခဏနေတော့ လေယာဉ်မောင်က ခရီးသည် အမျိုးသမီးတိုင်းကို ခရမ်းရောင်သစ်ခွပန်းလေးတွေ  တစ်ခက်စီ လာပေးတယ်။  ရနံ့မမွှေးပေမဲ့ အဆင်းလှတဲ့ ပန်းကလေး။

ဝါသနာအရ လေယာဉ်ခုံနောက်အိတ်ထဲက dutyfree ကက်တလောက်ကို ဆွဲယူဖတ်တယ်။ 

Wednesday, 6 April 2011

မျှဝေခြင်း အနုပညာ


မြန်မာတွေ မျှဝေခြင်းနဲ့ မစိမ်းပါ။
“အားလုံးကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်”
 ”နောင်ဝေေ၀ဝေေ၀ဝေ.........”
ဘုရားရှိခိုးပြီးတိုင်း၊ အလှုဒါနပြုပြီးတိုင်း ၇ရက်သားသမီးကို ဝေသည် မျှသည်။ နတ်လူသာဓုခေါ်ဖို့ရာ ကုသိုလ်ပွားသည်။ အားရစရာကောင်းလှပါဘိတောင်း။ 
သို့သော် ..... သို့သော်....သို့သော်

ဈေးထဲမှာ ဟင်းရွက်တစည်းငါးဆယ်ဆိုရင် သုံးစည်းနှစ်ရာနှင့် ဆစ်ချင်သည်။ ဈေးဆစ်သူက ရွှေလက်ကောက်ပြူးပြူးနှင့်၊ ဈေးသည်ပုံပန်းက နွမ်းနွမ်းဖတ်ဖတ်။  မရှိဆင်းရဲသူကို အနည်းအကျဉ်း ပေးမြတ် လိုက်ပါတော့လား။ နောက်တခါ သူဌေးအိမ်တွေ ၀င်ထွက်သွားလာဖူးသည်။  တချို့ အလွန်စံနစ်ကျသည်လို့ ပြောရပါမည်။ ထမင်းခြောက်ကလေးတွေ နေပူလှန်း၊ ထမင်းရေထဲက ထမင်းလုံးကလေးတွေ စစ်ခံလို့။  ဒါကို ချွေတာရေးရှုဒေါင့်၊ သာလွန်မင်းတရားကြီး ရှုဒေါင့်ကနေ ချီးကျူးမိပါသည်။ သို့သော် သူများလာကန်တော့တဲ့ ငါးခြောက်ပြားကို မှိုတက်မှ လွှင့်ပစ်ကာ ဆီပုံးတွေကို ဆီချေးနံ့နံခါမှ သွန်ပစ်တာမျိုးကတော့ ဘ၀င်မကျချင်တော့။  ကိုယ့်အိမ်က ဒရိုင်ဘာ၊ ညစောင့်၊ အိမ်ဖေါ် တွေ အရှိသားပေပဲ။ ပေးကမ်းကျွေးမွေးလို့ ရပါလျက်နဲ့  အပုပ်ခံ အသိုးခံရလေသလား။

တခါက အလုပ်အတူလုပ်ပြီး တအိမ်တည်းနေတဲ့သူငယ်ချင်းမကလေးက ပြောဖူးသည်။   “လူတိုင်းဟာ မျှဝေတတ်တဲ့ စိတ်ကလေး မွေးသင့်တယ်” တဲ့။ သူပြောတာ ရိုးရိုးလေးပေမဲ့ ကျမစိတ်ထဲမှာ လင်းကနဲလက်ကနဲ၊ နောင်လည်း အမြဲ သတိရနေတော့သည်။  ကျမတို့ တကယ်ပဲ မျှဝေတတ်ရဲ့လား။


Monday, 4 April 2011

မိုးစက်ဝိုင်

မိုးရေဆိုတာ သန့်သန့်ရှင်းရှင်း
အရောင် အနံ့ အရသာ ကင်းသတဲ့......

ဟော....ကြည့်ပါ့
ခံစားချက် ကောင်းကင်ပြာကြီးကနေ မွေးဖွား
သမုဒယ  မိုးသားပြာတွေကနေ ငွေ့ရည်ဖွဲ့
တအိအိ လျှံကျလာတဲ့
ရင်ခုန်သံ အပြာရောင် မိုးရေစက်များ.....

အရောင်အနံ့အရသာမကင်းလို့
မသန့်ရှင်းဘူးဘဲဆိုဆို
ချစ်ခြင်းတို့ ပျော်ဝင်နေခဲ့......

သူ့လက်ထဲက
အနီရောင်စပျစ်ဖျော်ရည်ခွက်ထဲ ဖိတ်ကျပျော်ဝင်ခဲ့တဲ့
အပြာရောင်မိုးရေစက် တွေကြောင့်
ခရမ်းရောင် အချစ်ဖျော်ရည်တခွက် ဖြစ်သွားခဲ့လေသလား ......

Sunday, 3 April 2011

အ၀ိုင်းတွေနဲ့မြို့၊ အ၀ိုင်းတွေရဲ့မြို့


ဒီပို့စ်ကို ”မြို့တော်ဟောင်းမှသည် မြို့တော်သစ်ဆီသို့”  လို့ အမည်ပေးရင်ကောင်းမလားလို့ တွေးမိပါသေးတယ်။  သိပ်ကြီးကျယ်ရာကျနေမှာစိုးလို့ ပြင်လိုက်ပါတယ်။  ကားခ ၆၀၀၀၊ မောင်းချိန် လေးနာရီကျော် ကြာပါတယ်။
လမ်းက ဖြောင့်ဖြောင့်စင်းစင်း၊ ကျယ်ကျယ်ဝန်းဝန်း။ ဒါပေမဲ့ ကွန်ကရစ်နဲ့ ကားဘီးရဲ့ ထိပွတ်မှုက ကတ္တရာလောက် မညက်ညောလှ။ လမ်းဘေးဝဲယာမှာ ကြည့်စရာ ဘာမှမည်မည်ရရမရှိ။ express way ပေကိုး။

ကိုယ်တို့တည်းခဲ့တဲ့ ၀န်ထမ်းအိမ်ယာ.


နောက်တနေ့ ဟိုဟိုဒီဒီ သွားတယ်။ သူရယ် ကိုယ်ရယ် ဆိုင်ကယ်အစုတ်ကလေး တစီးရယ်နဲ့ ပေါ့။

Saturday, 2 April 2011

A Journey to the West

မတ်လ တလလုံး ခြေထောက်မှာ ဗွေပေါက်လေသမျှ ဌာနေကို ပြန်ရောက်ခဲ့ပါပြီ။
ခရီးစဉ်သုံးခုအနက် ရခိုင်ခရီးစဉ်ကို သူငယ်ချင်းတို့ကို အရင်ဆုံး မျှဝေချင်ပါတယ်။

ဒီခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တဲ့အကြောင်း က Air Mandalay က MAI ကို စတစ်ကာကပ်ပြီး ပျံသန်းနေတဲ့အကြောင်းပါ။  သူတို့လေယာဉ်က ပြင်ဆင်နေလို့ပါတဲ့။  နားလည်ပေးသင့်တယ်ပဲပြောပြော စိတ်ထဲမှာတော့ ခိုးလိုးခုလုကြီးပေါ့။  စစ်တွေလေဆိပ်ရောက်တော့လည်း baggage တွေက  နာရီဝက်မက လေးဆဲ့ငါးမိနစ်လောက်နီးနီး အကြာကြီးစောင့်ရလို့ စိတ်မကြည်။  တွေးမိပါတယ်.... ကိုယ်ကပဲ သိပ်ပြီး demanding ဖြစ်နေလေသလားလို့ ....။

စစ်တွေမြို့လည်က “ကစ္ဆပနဒီ“ ဆိုတဲ့ အမည်လှလှနဲ့   ထမင်းဆိုင်ကလေးမှာ နေ့လည်စာစားကြတယ်။  မှတ်မှတ်ရရ စားကောင်းခဲ့တာကတော့ ငရုပ်သီးစိမ်း နိုင်းချင်းနဲ့ ပြည်ကြီးငါးရခိုင်သုပ် စပ်စပ်ကလေး။  ဓါတ်ပုံတွေ ရိုက်မထားခဲ့ဘူး။  သူစိမ်းတွေ ၀ိုင်းထဲမှာ ရှိနေတော့ ရှက်လို့ပါ။

စစ်တွေ ဘူးသီးတောင် အမြန်ယာဉ် စပိဘုတ်လေးပေါ်တက်လိုက်မှ ပျော်သွားတယ်။  ဒီသုံးနာရီခရီးက ဘယ်လောက်စီးစီး ကိုယ့်အတွက် မရိုးနိုင်ပါလေ။  ကမ်းဘေးဝဲယာကို ငေးရင်းမောရင် ဓါတ်ပုံတွေရိုက်ရင်း။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆို ဒီမြစ်နဒီတကြောမှာ ကျမ စုန်ဆန်ကူးသန်းခဲ့ဖူးတာပေါ့။  အခုတော့လည်း အလွမ်းပြေတခေါက်လို့ ပြောရတော့မှာပါဘဲ။ ပင်လယ်ဝလို ရေပြင်ကျယ်မှာ ရွက်လှေကလေးလွှင့်လို့ အေးအေးလူလူ ခရီးသွားနေကြတဲ့သူတွေလည်း ရှိရဲ့။

အရှိန်ပြင်းပြင်းမောင်းနေတဲ့ ဘုတ်ကလေးရဲ့ ဘေးဝဲယာမှာ ရေစက်ရေမွှာတွေက တဖွားဖွားလွင့်လို့။  လက်ဖ၀ါးနဲ့ ထိတွေ့လိုက်တော့ စိတ်ထဲမှာပါ အေးမြလန်းဆန်းသွားတယ်။ ဘုတ်နောက်မြီးက ရေစီးကြောင်းတွေက ဧရာမ မြွေဖြူဖြူကြီးတွေလိုဘဲ။
တနာရီခွဲလောက်ကြာတော့ “ရသေ့တောင်“ ဆိုတဲ့ အေးချမ်းတဲ့ မြို့ကလေးကို ရောက်လာခဲ့တယ်။