Friday 2 March 2012

သမီးချော့ တေး


; ; ; ; ; ; ; ; ; ; ; ; ; ;




; ; မျက်တောင်ကော့စင်း
ပုခက်တွင်းမှာ
နှင်းဝါခဲနု ပုလဲဥလို
နုစို ရွှေသွေး
သမီးလေး။

; ; ဖူးသစ်စပန်း
နေခြည်ဖြန်းသို့
နှုတ်ခမ်းသန္တာ
ပန်းနုလွှာက
အိမ်မက်ကမ္ဘာထဲ
ဘာကို မြင်၍
ပြုံးသည်လဲကွယ်..။

; ; ချစ်သမီးရဲ့
ဘ၀ခရီးတလျှောက်
ရောက်လေရာရာ
စခန်းသာတွင်
လိပ်ပြာချိုတေး
စမ်းရေအေးနှင့်
ထုံမွှေး ပန်းပွင့်
အရံသင့်စေလိုပါရဲ့..။


; ; ဒါပေမဲ့ကွယ်..
ဘ၀ဆိုတာ
ရေစီးနဲ့ရေသာ
တမာနဲ့ပျား
ရောယှက်ထားသတဲ့
ဘ၀ရဲ့ဇာတ်ဆရာ
သူစေစားသမျှ
လူသားတိုင်း က ခဲ့ရပေါ့။

; ; မေ့သမီးရဲ့
ရှေ့ခရီးတလျှောက်
ချိုတဲ့ ပျားတွေ
မလိုတဲ့ ကျားတွေ
နှင်းတောင်တန်းတွေ
အဖျင်းအမှောင်လမ်းတွေ
ခင်သူ ကြင်သူ  
နှင်သူ လျင်သူ  တွေ
ဘ၀င်ပြုံးချိုစရာတွေ
ရင်နှလုံးဖိုစရာတွေ အပြင်
တမင်အမုန်းပိုစရာတွေကိုလည်း
တွေ့လိမ့်မပေါ့…။


; ; ဒီတော့ သမီးငယ်ရေ…
လောက ခရီးရှည်မှာ
မေတ္တာ ၀တ်ရုံကို လုံအောင်ဆင်ပြီး
သစ္စာ ဆိုတဲ့ ဖိနပ်တရံကိုလည်း 
အမြဲသာ စီးထားလိုက်ပါကွဲ့….
ပညာကို မှန်လိုကြည့်၊
သတိကို အမြဲယှဉ်
အသိ ဆိုတဲ့ လက်နက်ကိုင်စွဲလို့
ဇွဲ ရှိရှိသာ ခရီးနှင်ပါနော်….။

; ; မမောမပန်း
သည်တောလမ်းတလျောက်
အစဉ်သာ သမီးဘ၀င် မညှိုးရအောင်
(မေ အသက်ရှင်သမျှ)
အကြင်နာ ထီးလိုမိုးပါလို့
မေတ္တာကို ဖျာခင်း
ကရုဏာ နှင်းစက်ရည်ဖျန်းမယ်ပေါ့
ဘ၀ပန်းတိုင်ခရီး 
မညည်းစတမ်း
နီးအောင်ပင် လှမ်းလေတော့
ချစ်ရပါသော သမီးငယ်…။

(ပြာရီမိုးညို - ၂၊၃၊၂၀၁၂)

2 comments:

  1. အီးတီ2 March 2012 at 22:49

    အလွန်ကောင်းတဲ့ကဗျာပါ။

    ReplyDelete
  2. ချစ်သောညီမလေးရေ..
    The reader အတွက် review မရေးပါဘူးလား..
    ကိုယ်ဘဲရှာမတွေ့တာလား..ရေးပြီးသားဆို ကိုယ်မရေးတော့ဘူး
    အခုအသစ်ဖတ်နေတဲ့စာအုပ်အတွက်ဘဲ ရေးတော့မယ်.
    အကြောင်းပြန်ပေးဦးနော်..

    ReplyDelete

ပဲ့တင်သံလေးတွေ .......