Friday 8 April 2011

တက္ကစီသမားများနှင့် စကားစမြည်

" မြို့ထဲလမ်းမပေါ်  xxx ကားရောင်စုံများစွာ xxxx တစီးမှကိုယ်ပိုင်မပါ xxxxx" ဆိုတဲ့ ကိုဇော်ဝင်းရှိန်ရဲ့ “ပိုင်ရှင်“ သီချင်းချိုချိုလေး တပိုင်းတစ လိုပါဘဲ။  ကျမမှာ ကိုယ်ပိုင်ကားမရှိပါ။ ဒါပေမဲ့ စိတ်မပျက်ပါဘူး။  ကိုယ်ပိုင်ကားမရှိခြင်းရဲ့ အားသာချက် တွေထဲက  ဒရိုင်ဘာအတွက်ခေါင်းခြောက်စရာမလိုခြင်း၊ ကားပါကင် ရှာစရာမလိုခြင်း၊ သူများ ကား ကိုယ့်ကားကို လာတိုက်မှာ ပူမနေရခြင်း၊ ဓါတ်ဆီတန်းစီရလို့ အိပ်ရေးပျက်ခြင်း တွေအပြင် ပြသနာပေါင်း သောင်း ခြောက်ထောင် လျော့တယ်လို့ ယူဆပါတယ် ။  (မစားရတဲ့ စပျစ်သီးချဉ်သလိုပေါ့)။  ကျမ ပြောလေ့ ရှိတာက “အို- ကားမရှိတော့ ပိုတောင်ကောင်းသေး၊ လမ်းမပေါ် တက်လိုက်တာနဲ့ တက္ကစီ အ၀ါရောင် အတုံးလေးတွေ တင်ထားတဲ့ကားဆို ကိုယ့်ကားချည်းဘဲ၊ စီးချင်တဲ့အချိန် လက်တားစီးလို့ရတယ်“  ဆိုတာမျိုးပေါ့။ တကယ်ပါ။ တက္ကစီစီးရတာကို ကျမ နှစ်သက်ပါသည်။

တက္ကစီ စီးရတာများ ဘာကြိုက်တာတုန်းလို့ နှာခေါင်းရှုံ့မယ်ဆိုရင် ကျမမှာ အကြောင်းပြချက်တွေ ရှိပါတယ်။  ကျမက တပါတ်မှာ ၇ရက်နီးနီးလောက် ရုံးတက်ဖြစ်နေတာမို့ တခါတရံ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသလိုဖြစ်နေတော့ တက္ကစီစီးရင်းနဲ့ လူတွေရဲ့အကြောင်း လူတွေရဲ့ ခံစားချက်တွေကို  အင်တာဗျူးလေ့ရှိပါတယ်။  နာရီဝက် တနာရီလောက် ကိုယ်မသိဘူး မမြင်ဘူးတဲ့ လူတယောက်ရဲ့ အတွင်း အစ္ဖျတ္တကို လေ့လာတီးခေါက်ခွင့်ရတဲ့ ကိစ္စမျိုးက ကျမအတွက် စိတ်ဝင်စားစရာ ဖြစ်လို့နေသည်။

ကျမ တက္ကစီစီးရင် တတ်နိုင်သမျှ နောက်ခန်းကဘဲ စီးလေ့ရှိပါတယ်။ ဒါကလည်း သူငယ်ချင်းလေး တယောက်ရဲ့ အကြံပေးချက်အရ ပိုပြီး လုံခြုံတယ်လို့ ကြားဖူးလို့ပါ။  ကိုယ်က နောက်ကလူဆိုတော့  သူတခုခု လှုပ်ရှားရင် ကိုယ်ကအသာစီးက ရှိနေမယ်တဲ့။  မှတ်စုစာအုပ်ထဲမှာ ကိုယ်စီးတဲ့ တက္ကစီနံပါတ်ကို အမြဲရေးမှတ်ထားဖို့ တယောက်က အကြံပေးဖူးပါတယ်။  တော်တော်ကောင်းတဲ့အကြံပေမဲ့ စာအုပ်တွေ ဘောပင်တွေ ထုတ်ရမှာပျင်းတာနဲ့ များအားဖြင့် အားဖြင့် မလိုက်နာမိပါ။ ဖုန်းတွေထဲမှာ အဲလိုမှတ်လို့ရတဲ့ ဆော့ဖ်ဝဲရှိရင် ကောင်းမှာပဲ။ ပြည်ပက တချို့ဟိုတယ် bellboy များကတော့ လေဆိပ်ဆင်းတဲ့အခါ ကိုယ်စီးသွားတဲ့ တက္ကစီနံပါတ်ကို ရေးမှတ်ပြီး ခရီးသည် လက်ထဲထည့်ပေးခြင်းဖြင့် ၀န်ဆောင်မှု ပေးတတ်ကြပါတယ်။ 

တလောက ဂျာနယ်ထဲမှာ ကားထဲကတီဗွီအသေးစားလေးမှာ မတော်တရော် နိုင်ငံခြားကားတွေ ဖွင့်ကြည့်ပြီး ခရီးသည်မိန်းကလေးကို ညစ်ညမ်းတဲ့ စကားပြောတဲ့ တက္ကစီသမားတွေအကြောင်း ဖတ်လိုက်ရသည်။  အင်း တက္ကစီ အစီးရေ သိန်းကျော် နေတာမို့ ဒီလို စုန်းပြုးတွေ၊ ဒီလိုအဖြစ်မျိုးတွေ ရှိမှာပါဘဲ။  တက္ကစီသမားက ခရီးသည်ကို အန္တရာယ်ပြုတာ၊ ခရီးသည်က တက္ကစီသမားကို အန္တရာယ်ပြုတာ စတဲ့ အဖြစ်အပျက်မျိုး ဆန်ဆန်တွေလည်း ကြားဖူးပါရဲ့။ ဒါပေမဲ့ ကျမ ကြုံဖူးသလောက်ကို အခြေခံပြောရရင် ရန်ကုန်က တက္ကစီဒရိုင်ဘာ တော်တော်များများဟာ ပညာတတ်သူ၊ ရည်မွန်သူ၊ ဗဟုသုတကြွယ်သူ၊ ဘ၀နာသူ စသဖြင့် ရေခံမြေခံကောင်းသူတွေ ဖြစ်နေတတ် ပါတယ်။

တက္ကစီကားစီးတဲ့အခါ အဓိကကတော့  common sense ကိုပဲ သုံးပါတယ်။ ကားပေါ်ရောက်ပြီး ငါးမိနစ်အတွင်းမှာ၊ စကားနှစ်ခွန်းသုံးခွန်း ပြောအပြီးမှာ သူ့စိတ်ဓါတ်  ၈၀%လောက်ကို ခန့်မှန်းလို့ရနေပါပြီ။ သူဟာ စိတ်တိုပြီး အလျင်စလို မောင်းတတ်သူလား၊ သတိရှိပြီး အေးဆေးတည်ငြိမ်သူလား၊ ပေါက်ပေါက်ဖောက်သလို တရစပ် စကားပြောတော့မဲ့ သူလား၊  မထုံတက်တေး လူစားမျိုးလား ဆိုတာကိုပါ။  ပုဂ္ဂိုလ်ရေးဆန်ဆန် စပ်စုတတ်တွေ ဆိုလာရင်တော့ စကားနည်းနိုင်သမျှနည်းအောင်ပြောပြီး ကိုယ်ကိုယ်တိုင် ရေငုံနှုတ်ပိတ်နေရတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။  နှစ်သက်စရာကောင်းတဲ့ စိတ်ဓါတ်မျိုးရှိသူ၊ ဖေါ်ရွေပြီး ဗဟုသုတရှိသူလို့ ထင်ရင်တော့ စကား သေသေချာချာ ပြောပါတယ်။ ဒီရက်ထဲမှာ မိုးရွာသေးလား (နယ်ကပြန် လာတဲ့အခါ)၊ ဓါတ်ဆီဈေး ဘယ်လောက်ဖြစ်နေပြီလဲ ၊ ကားမောင်းရတာ အဆင်ပြေရဲ့လား   စသဖြင့်  ပြောရင်းနဲ့ လူမှုရေး၊ စီးပွားရေး၊ တိုင်းရေးပြည်ရေးမှသည် ဘောလုံး အားကစားတွေအထိ ရောက်သွားတတ်ပါတယ်။ တခါတလေလဲ သူတို့ကစပြီး မီးပွိုင့်အကြောင်း၊ လူကူးမျဉ်းကြားအကြောင်း ပြောရင်းနဲ့ အကြောင်းအရာ တဆုံးတစ ကျယ်ပြန့်သွားတတ်ပါတယ်။  ခုမှတွေ့တဲ့သူတယောက်ကို ပြောသမျှ အစစ မျက်စေ့မှိတ် ယုံလို့တော့ မရဘူးပေါ့။  စကားတွေထဲမှာ မှားတာလဲပါမယ်၊ ကြွားတာလဲပါမယ်၊ မှန်တာလဲပါမယ်၊ ဖန်တာလဲပါမယ်၊ တကယ့် ဗဟုသုတ မြင်ကွင်းကျယ်ပါဘဲ။

မှတ်မိတာလေးတချို့ ပြန်ပြောပြပါဦးမယ်။
(၁)  အသက်ခြောက်ဆယ်ခန့် ဦးလေးကြီး။ ညိုညို၀၀ ထောင်ထောင်မောင်းမောင်း။  အမည်မသိ (မေးလေ့လည်းမရှိ)။ ပြောရင်းနဲ့သိလာတာက သူက မာဒေးကားလက်ရွေးစင်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အင်ဒိုနီးရှားကို သွားကစားခဲ့သူတဲ့။  ပြိုင်ပွဲကအပြန် အဖွဲတဖွဲ့က(ကျမ မမှတ်မိ) လေယာဉ်ပေါ်မှာ ရွှေနှစ်ကျပ်သား တစ်တုံးစီ ဂုဏ်ပြုဆုချခံရတော့ ပျော်မဆုံး ပါတဲ့။ အဲဒါကို အဖွဲ့ဦးဆောင်သူ တာဝန်ရှိသူက အသင်းနှင့်ဆိုင်သည်၊ နိုင်ငံတော်ပိုင်သည်ဆိုပြီး သိမ်းသွားလိုက်တော့ ဆို့နင့်ကြေကွဲ ခဲ့ရတာကို ပြန်ပြောပြခဲ့သည်။ အူမ မတောင့်တဲ့အတွက် ချစ်သောအားကစားကို ဆက်ပြီး မလုပ်နိုင်ခဲ့တော့ပါ။  အခုတော့ တက္ကစီမောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါတယ် တဲ့။
(၂) အသက်လေးဆယ့်ငါး ၀န်းကျင် တက္ကစီဆရာ။  ပျော်တတ်ပုံရတယ်။ သူ့မိသားစု အကြောင်းပြောပြတယ်။  သမီးကလေးက ဆယ်တန်း။  အိမ်မှာ သားသမီးလိုမွေးထားတဲ့  ကြောင်ကလေး တကောင် ရှိပါသတဲ့။ ကြောင်ကလေးနဲ့ သူတို့မိသားစုကြားက သံယောဇဉ်တွေအကြောင်း နားထောင်ရပြန်တယ်။ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းကလေး တပုဒ်ပါဘဲ။
(၃)  အသက် အစိတ်ခန့်လူငယ်ကလေး။ အိမ်က ဇနီးသည်က လမ်းဘေးအသုပ်စားပြီး အူလမ်းကြောင်းရောဂါနဲ့ အရေးပေါ် ပုဂ္ဂလိက ဆေးခန်းတင်လိုက်ရသတဲ့။  ကြီးမားလှတဲ့ ကုန်ကျစရိတ်နဲ့ ညံ့ဖျင်းလှတဲ့ ၀န်ဆောင်မှုအကြောင်း လေ့လာခဲ့ရပြန်သည်။
(၄)   လွန်ခဲ့တဲ့ သုံးနှစ်က တနင်္သာရီဒေသက ဆီအုန်းစိုက်ခင်းမှာ အလုပ်သွားလုပ်ရင်း အကြီးအကျယ်ဖျားရာကနေ သေကံမရောက် သက်မပျောက် ပြန်လာခဲ့တဲ့ လူတစ်ဦး။ ခုတော့ တက္ကစီမောင်းနေတယ်။  ကျမ်းမာရေးဆရာမက ရောဂါအမည်တပ်မှားပြီး ဆေးမှားထိုးလို့ သေလုမြောပါးခံလိုက်ရတဲ့အကြောင်းတွေ ပြောပြတယ်။  ဦးနှောက်တောင် နည်းနည်း ထိသွားပါသတဲ့။ “တခါတခါ ကိုယ်မောင်းမဲ့ လမ်းကြောင်းတွေကို ဗြုန်းကနဲ စဉ်းစားလို့ မရဘူး ၊ မေ့မေ့နေတာလို့ ပြောပြတယ်။  “အခုတော်တော် ကောင်းလာပါပြီ”  လမ်းပျောက်မှာ စိတ်ပူနေတဲ့ ကျမကို အားပေးခဲ့တယ်။

ဇာတ်လမ်းတွေအစုံစုံ၊ လူတွေ အစုံစုံ။  ပျော်စရာ၊ မောစရာ၊ လွမ်းစရာတွေမှ စုံလို့။ ၀တ္တုရေးသူ သူငယ်ချင်းသာ ရှိခဲ့ရင် တနေကုန် တက္ကစီစီးပြီး ကုန်ကြမ်းရှာဖို့ အကြံပေးမိလိမ့်မယ်။

 ပြည်ပ တက္ကစီဆရာတိုင်း ကျမကို တသံတည်း မေးလေ့ရှိတာက “ဘယ်နိုင်ငံကလဲ” တဲ့။  တချို့ကျတော့ သူတို့ဖာသာ ခန့်မှန်းလိုက်တယ်။ အင်ဒိုနီးရှားကလား၊ ဖိလစ်ပိုင်ကလား၊ ထိုင်ဝမ်ကလား တဲ့ ( နှာခေါင်းပြားလို့ ထင်ပါရဲ့ အိန္ဒိယကလားလို့တော့ တခါမှ အမေးမခံရဖူးဘူး :D  ကျမက “မြန်မာ” လို့ အမြဲဖြေမိတယ်။ အိမ်နီးချင်း နိုင်ငံကလူတွေက လွဲလို့  မသိတဲ့သူ များပါတယ်။ အဲဒါနဲ့  အိန္ဒိယနဲ့ တရုတ်ကြားက လို့ ပြောတဲ့အခါပြော၊ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းပါလို့ ဆိုတဲ့အခါဆို၊ အဲဒီတော့မှ ယောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ကြလေရဲ့။ တချို့ကတော့ ခေါင်းမာမာနဲ့  “You Philippine” “You Philippine” လို့ ဆက်ပြောနေလို့ ဒေါသ ထွက်မိပါရဲ့။ အထူးသဖြင့် စင်္ကာပူမှာ တက္ကစီဆရာက Philipino လားလို့ မေးလိုက်တိုင်း တီကောင်ဆားနဲ့တို့သလို တွန့်ကနဲ ဖြစ်သွားပြီး မြန်မြန် ဖြေရှင်းချက်ထုတ်မိပါတယ်။ ဘာကြောင့်လဲ သိတယ်ဟုတ်။

 ကျမကတော့ (တနေ့ ကိုယ်ပိုင်ကား ရှိလာမယ် ဆိုရင်တောင်) တက္ကစီလေးတွေကို ကြုံရင်ကြုံသလို စီးရင်း  Snapshot Interview လေးတွေ နှစ်သက်စွာ ဆက်လုပ်မိနေဦးမှာပါ။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မိုးစက်ပွင့်

3 comments:

  1. ဟုတ်တယ် မမရေ အိမ်နီးချင်း ထိုင်းက Taxi သမားတွေတောင် မြန်မာကို မသိတဲ့ သူကရှိသေးတယ် ..:P:P

    ReplyDelete
  2. ကျမလည်းကားပေါ်မှာစကားပြောရတာသဘောကျတယ်။ သိချင်တာတွေ၊
    မသိသေးတာတွေအများကြီးသိရတယ်။ ကိုသောမတ်စ်ဆိုပိုတောင်စပ်စုသေးရဲ့ ။
    ဒါနဲ့ တခါတုန်းက ရွှေနှင်းဆီလမ်း ကို တနေ့ နေ့ တက္ကစီစီးပြီးသွားပစ်မယ်
    လို့ ကျမပြောခဲ့ဘူးတာမှတ်မိလား။

    ReplyDelete
  3. ညီမအိန်ဂျယ်... ဟုတ်ပါ့၊ တခါတရံကျတော့ နိုဘယ်ဆုရှင် အမည်ပြောလိုက်ရင်လည်း သူတို့ သိသွားကြတယ်။ မြေပုံထဲမှာ ထောက်ပြလိုက်ရင်လည်း သိသွားကြတယ်။ ဒါမှ မသိတော့လည်း “ဘာများတတ်နိုင်ပါမည်နည်း” ဆိုတာလိုပေါ့ကွယ်...

    မမရှင်လေး ...... ရွှေနှင်းဆီလမ်းမှာ အချိန်တွေ“၀ယ်”ပစ်ချင်တဲ့ အကြောင်းလေးတွေ ပြောခဲ့ကြတာက ရင်ထဲက ဘ၀စကားလေးတွေမို့ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ နောက်ပြီး ပျဉ်ပြားသုံးချပ်ကို လွှနဲ့ဖြတ်တဲ့ အကြောင်းရယ်၊ ကိုယ်သိပြီးသားမို့ ကိုယ်လက်ခံတာ ဆိုတဲ့ အစ်မရဲ့ သီအိုရီ စကားလေးတွေလည်း မှတ်မိတယ်။

    မိုးစက်ပွင့်

    ReplyDelete

ပဲ့တင်သံလေးတွေ .......