Monday 4 April 2011

မိုးစက်ဝိုင်

မိုးရေဆိုတာ သန့်သန့်ရှင်းရှင်း
အရောင် အနံ့ အရသာ ကင်းသတဲ့......

ဟော....ကြည့်ပါ့
ခံစားချက် ကောင်းကင်ပြာကြီးကနေ မွေးဖွား
သမုဒယ  မိုးသားပြာတွေကနေ ငွေ့ရည်ဖွဲ့
တအိအိ လျှံကျလာတဲ့
ရင်ခုန်သံ အပြာရောင် မိုးရေစက်များ.....

အရောင်အနံ့အရသာမကင်းလို့
မသန့်ရှင်းဘူးဘဲဆိုဆို
ချစ်ခြင်းတို့ ပျော်ဝင်နေခဲ့......

သူ့လက်ထဲက
အနီရောင်စပျစ်ဖျော်ရည်ခွက်ထဲ ဖိတ်ကျပျော်ဝင်ခဲ့တဲ့
အပြာရောင်မိုးရေစက် တွေကြောင့်
ခရမ်းရောင် အချစ်ဖျော်ရည်တခွက် ဖြစ်သွားခဲ့လေသလား ......



ဖုန်းဆိုး ကန္တာရက
အိုအေစစ်အလှ လို့ဘဲပြောပြော
ရင်ကိုအေးမြ
နှလုံးသားအာဟာရပဲဆိုဆို
ချစ်သူအတွက် 
မွှေးမြသော မိုးစက်ဝိုင်ချိုချို
ကောင်းကင်ပြာ မပြိုသရွေ့
အပြာရောင်မိုးရေတွေက အမြဲတမ်းသစ္စာရှိနေမှာ
အဲဒါ မောင် ယုံ...။








ကျမအထက်တန်းတုန်းက   အမှတ်မထင်ခင်ခဲ့ရတဲ့ သူငယ်ချင်းတယောက် ရှိဖူးတယ်။ အေးအေးမာ တဲ့ (နာမည်အရင်းအမှန်မဟုတ်)...။ တခါသားတော့ သူက ကဗျာတပုဒ်စပ်ပြီး ကျမကို လာပြဖူးတယ်။ ခုနေ ဘာအကြောင်းရယ်လို့တောင် မမှတ်မိတော့ပါဘူး။ သူ့ကဗျာက ဘာကြီးမှန်းကိုမသိတောင် ဆိုးလိုက်တာ။ သူက မေးသေးတယ် “ငါ ကဗျာဆရာ ဖြစ်နိုင်သလားဟင်” တဲ့  ကျမလည်း “အင်း”“အဲ” နဲ့ ဘယ်လို မှတ်ချက် ပေးရမှန်း မသိ အောင်ဖြစ်နေတာ။  အားကလည်း နာတယ်လေ။ နောက်ဆုံးတော့  “ကောင်းပါတယ်၊  ဆက်ရေး ပေါ့ဟာ... ၊ ပိုပြီး ကောင်းသထက် ကောင်းလာမှာပေါ့” လို့ အားပေးခဲ့ရသည်။ ဒါပေမဲ့ သူလည်း နောက်ထပ် ရေးတာ မတွေ့တော့ပါဘူး။  တခါတခါ စိတ်အယားပြေ ကဗျာစပ်။ ကိုယ့်ကဗျာတွေ ကိုယ့်ဘလော့ပေါ်တင်ချင်တိုင်း တင်ပြီးမှ “ငါလည်း “အေးအေးမာ” ဖြစ်နေပြီ ”..... လို့  တွေးမိပါတယ်။  

“ပန်းပန်လျက်ပါ” ရုပ်ရှင်ထဲမှာ သူဌေးသားကောလိပ်ဂျင်နေ၀င်းကို မဖြစ်နိုင်မှန်းသိလျက်နဲ့ ဇွတ်တိုးပြီး ပြန်ချစ်တဲ့ အငြိမ့်သမလေးကို သူဌေးသားရဲ့ သူငယ်ချင်းက အပြစ်တင်တော့ မင်းသမီး ကြည်ကြည်ဌေး ပြန်ပြောတဲ့ စကားလေးတခွန်းတော့ ကြိုက်တယ်။ “မဗေဒါလည်း လူပဲ  အစ်ကိုရယ် ၊ ချစ်ချင်သေးတာပေါ့” တဲ့။ အခုလည်းပြောပါရစေ  “မိုးစက်လည်း (ကြောင်အီး)ဘလော့ဂါ ပဲလေ၊ ကဗျာလေးတော့ ရေးချင်သေးတာပေါ့“ လို့။

ပြုံးပြီး တိတ်တိတ်ကလေးသာ ပြန်သွားကြပါ သူငယ်ချင်းတို့။

မိုးစက်ပွင့်

4 comments:

  1. အင်း...အဲ....ကောင်းပါတယ်...ဆက်ရေးပါအေးအေးမာ....:))(စတာနော်...)
    လှပါတယ်ဗျ..ကဗျာလေးက....။

    ReplyDelete
  2. တိတ်တိတ်လေး ပြန်ပါဘူး
    ပြောပြိးမှ ပြန်မယ်နော် မမ..ရတယ်ဟုတ်:P:P
    ခံစားအားပေး သွားတယ်မမရေ။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  3. ကဗျာဆို သိပ်မခံစားတတ်ပေမယ့် လာဖတ်သွားပါတယ်
    သူငယ်ချင်းကို အားပေးသွားတာပါ

    ReplyDelete
  4. အလည်မရောက်ဖြစ်တာတောင်ကြာနေပြီ နေကောင်းတယ်ဟုတ်
    ကဗျာကြိုက်တဲ့သူတွက်တော့ တိတ်တိတ်မပြန်နိုင်ပါဖူးကွယ်း)
    ဆက်ရေးပါ တကယ်ကြိုက်တာ ကဗျာမရေးတတ်လို့ ရေးတတ်တဲ့သူတိုင်းကိုအားကျတယ်။ အဲဒီမိုးစက်ဝိုင်သောက်ခွင့်ရတဲ့သူတော့ကံကောင်းတာပဲး) သစ္စာတွေနဲ့ဖျော်ထားလို့း)

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

ပဲ့တင်သံလေးတွေ .......