Sunday 3 April 2011

အ၀ိုင်းတွေနဲ့မြို့၊ အ၀ိုင်းတွေရဲ့မြို့


ဒီပို့စ်ကို ”မြို့တော်ဟောင်းမှသည် မြို့တော်သစ်ဆီသို့”  လို့ အမည်ပေးရင်ကောင်းမလားလို့ တွေးမိပါသေးတယ်။  သိပ်ကြီးကျယ်ရာကျနေမှာစိုးလို့ ပြင်လိုက်ပါတယ်။  ကားခ ၆၀၀၀၊ မောင်းချိန် လေးနာရီကျော် ကြာပါတယ်။
လမ်းက ဖြောင့်ဖြောင့်စင်းစင်း၊ ကျယ်ကျယ်ဝန်းဝန်း။ ဒါပေမဲ့ ကွန်ကရစ်နဲ့ ကားဘီးရဲ့ ထိပွတ်မှုက ကတ္တရာလောက် မညက်ညောလှ။ လမ်းဘေးဝဲယာမှာ ကြည့်စရာ ဘာမှမည်မည်ရရမရှိ။ express way ပေကိုး။

ကိုယ်တို့တည်းခဲ့တဲ့ ၀န်ထမ်းအိမ်ယာ.


နောက်တနေ့ ဟိုဟိုဒီဒီ သွားတယ်။ သူရယ် ကိုယ်ရယ် ဆိုင်ကယ်အစုတ်ကလေး တစီးရယ်နဲ့ ပေါ့။
လမ်းမတလျှောက်မှာ ဆောက်လက်စ ဟိုတယ်တွေ အများကြီးရယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ထရပ်ကား အကြီးကြီးတွေ ပျားပန်းခပ်နေကြတယ်။ ချမ်းသာလိုက်ကြတာနော်....။ ဘယ်သူတွေများ ပိုင်ကြပါလိမ့် .... နော်....နော်....နော်....


နောက်ပြီး ဥတ္တရသီရိလို့ခေါ်တဲ့ တည်လက်စ မြို့သစ်။ နေ၀င်ရီတရောမှာ ကဗျာဆန်နေတယ်။ ပုံစံတူအိမ်ကလေးတွေ။  ကျမလို မျက်စေ့မှုန်သူများဆိုရင်တော့ အိမ်မှားဝင်မိမယ် ထင်တယ်။
ချူပ်ညရီ မှောင်ရီညချမ်းရောက်ပြီ။  ရွှေတိဂုံရဲ့ ပုံစံတူ ဘုရားဆိုပါလား။ တူမတူ ကိုယ့်ဘာသာဆုံးဖြတ်နော်။
မြို့မဈေးကြီးက ညဖက်မှာ ကြက်ပျံမကျ၊ ငှက်ပျံမကျ အရမ်းစည်ပါတယ်။ ရွာက ဘုရားပွဲတွေကိုတောင် သတိရသေးတော့။  အစားအစာ၊ အ၀တ်အထည်၊ အသုံးအဆောင် အကုန်ရပါသတဲ့ ။  မီးတွေက သိပ်လင်းလွန်းတယ်။ light pollution လို့ တောင် ပြောရမလားမသိ။ ပုံကတော့ နဲနဲ ၀ါးပါတယ်။


တွေ့ရပါပြီ... ဇာတ်လိုက်ကျော် အ၀ိုင်းတွေ..... အ၀ိုင်းတွေ...။
”အင်ကြင်း” အ၀ိုင်းတဲ့။
”ရှားပင်ကုန်း” အ၀ိုင်းတဲ့။ ကုမုဒြာ ကြာပန်းပုံနဲ့။
”ကြာပန်း ” အ၀ိုင်းတဲ့။
 ဘာပန်းမှမရှိတဲ့  “သပြေကုန်း” အ၀ိုင်းတဲ့။
  ကျမမရောက်ခဲ့တဲ့ ”ကံ့ကော်”အ၀ိုင်းနဲ့ “နှင်းဆီ” အ၀ိုင်းဆိုတာ ရှိပါသေးသတဲ့။ လမ်းမကြီးတွေ ဆုံတဲ့နေရာတိုင်းကို  အ၀ိုင်းတွေတည်ထားတာမို့ အ၀ိုင်းတွေ သိပ်ပေါနေတာပါ။

တလောက သွားခဲ့ရတဲ့ ”နေပြည်တော်” ဆိုတဲ့ မြို့တမြို့အကြောင်းပါ။  ကောင်းသည် ဆိုးသည်  နှစ်လီနှစ်ဝ မဝေဖန်လိုပါ။  ခရီးတခေါက် အတွေ့အကြုံကို မျှဝေခြင်းရယ်သာပါ။

သူငယ်ချင်းတို့ ချမ်းမြေ့ပျော်ရွှင်ပါစေ...။

(တကယ်တော့ အားလုံးရေးတင်ပြီးမှ ချော(အစိမ်းရောင်လွင်ပြင်)ရဲ့ ဒီပို့စ်ကို ဖတ်မိတယ်။ ကျမပို့စ်က ထုံးစံအတိုင်း ငုံးတိတိတိုစိစိနဲ့မို့ လေးဖြူ အပီအပြင် ဆိုပြီးမှ  နွားကျောင်းသား မလိုအပ်ဘဲ ထဟစ်သလို ဖြစ်နေမှာပါ။  ချော နဲ့ စာဖတ်သူမိတ်ဆွေများကို တောင်းပန်ပါတယ်။)

မိုးစက်ပွင့်

9 comments:

  1. အ၀ိုင်းတွေလုပ်ထားတော့မီးပွိုင့်မလိုတော့ဘူးပေါ့။

    ReplyDelete
  2. ဟန်ကျတာပေါ့ မူးချင်ရင် အရက်သောက်စရာမလိုတော့ဘူး၊တွေ့ရာအဝိုင်းပတ်
    နေလိုက်ရုံပဲ......:)))

    ReplyDelete
  3. မမရှင်လေး...ဟုတ်တယ်နော်၊ မစဉ်းစားမိဘူး :-)
    ကိုမောင်လေး.... ပတ်တာကတော့ ဟုတ်ပါပြီ၊ မူးပြီး အ၀ိုင်းပေါ်မှောက်လဲနေမှ ကားပြာလေးနဲ့ လာတင်သွားဦးမယ် :-))))

    ReplyDelete
  4. ကျောက်ဝိုင်3း April 2011 at 17:03

    အဝိုင်းတွေက ကားနဲတုန်းတော့ အဆင်ပြေပေမဲ့ ကားများလာရင် ခက်တယ်၊ ရန်ကုန်မှာလဲ နဂိုက အဝိုင်းတွေအများကြီး..နောက်တော့ ဖျက်ပစ်လိုက်တယ်၊ ရွှေဂုံတိုင်အဝိုင်း၊ တာမွေအဝိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ဆူးလေဘုရားလမ်းအဝိုင်း၊ မြေနီကုန်းအဝိုင်း၊ လှည်းတန်းအဝိုင်း....အဝိုင်းတွေ...အဝိုင်းတွေ...ခု တခုမှမရှိတော့ဘူး..

    ReplyDelete
  5. ညမှာများ မီးရောင်တွေက Las Vegas လိုပုံစံကြီးဖြစ်နေတာ မလှဘူးလို့ တို့တော့ ထင်တာပဲ :P
    ဟိုတယ်တွေရှိတဲ့ဖက်ကပဲ ညမှာ ဖြတ်မောင်းသွားဖူးတာပါ။

    စူးနွယ်လေး

    ReplyDelete
  6. ကိုကြီးကျောက်... မှတ်သားလိုက်ပါတယ် (သက်ကြီးစကား=ဟိ)
    စူးနွယ်... ဟုတ်တယ်၊ မြို့က သိပ်ကလက်တဲ့ မိန်းမတယောက်လိုဘဲ၊ ပြူးပြဲတောက်ပြောင်လို့ (ဟိ= ကားပြာနဲ့ နီးလာပြီ)

    မိုးစက်

    ReplyDelete
  7. အမြဲလာဖတ်ဖြစ်တယ်..အခုမှမန့်ဖူးတာပါ..။ အခုလိုခရီးသွားတဲ့အကြောင်းလေးတွေဖတ်ရတာသဘောကျတယ်..။
    နေ၀င်ရီတရောအချိန်လေးသိပ်ကြိုက်တယ်ဗျာ...။
    ပုံကြီးကြီးလေးမရှိဘူးလား..သိမ်းထားချင်လို့ပါ..။

    ReplyDelete
  8. ချစ်စရာ အဝိုင်းလေးတွေနော်.....

    ReplyDelete
  9. Phyo.... email ချန်ခဲ့ရင် ပို့ပေးပါမယ်
    Angel.... thanks :-)

    Moe sett pwint

    ReplyDelete

ပဲ့တင်သံလေးတွေ .......