Saturday 19 February 2011

အညာဓါတ်ပုံများ (၂)

ပခုက္ကူကနေ မနက် ဆယ်နာရီလောက်ပြန်ထွက်လာပါတယ်။ ပခုက္ကူ- ကျွန်းချောင်း- ဆိပ်ဖြူ-ချောက် လမ်းအတိုင်း သွားပါတယ်။  သဲချောင်းတွေကို ဖြတ်ပြီး နာရီဝက်လောက် မောင်းပြီးတဲ့အခါမှာတော့ “မြစ်ခြေ”ကို ရောက်ပါတယ်။  မြစ်ခြေက အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။  တိုက်နယ်ဆေးရုံလည်း ရှိတာမို့ မြို့အငယ်စားလေး တခုပါပဲ။  စိုက်ပျိုးရေးလည်း တော်တော်ဖြစ်ထွန်းပါတယ်။ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ခင်းတွေက စိမ်းစိုလို့။  ပခုက္ကူ ဆေးပေါင်း စက်ရုံအတွက် ကုန်ကြမ်းတွေ ဖြစ်လာမှာပါ။

နောက်တနေရာမှာတော့ ငရုပ်သီးတွေ နေပူလှန်းနေတာ မြင်ကြရပါတယ်။  နီနီရဲရဲ အရောင်တွေရဲ့ ဆွဲဆောင်မှုကြောင့် မနေနိုင်တော့ပဲ ဓါတ်ပုံဆင်းရိုက်မိပါတော့တယ်။  သူတို့လည်းပျော်အောင် (ချက်မစားပေမဲ့) ငရုပ်သီး တယောက် တပိသာစီဝယ်လာခဲ့သေးတယ်။ တပိသာကို ၃၀၀၀ ပါတဲ့။ ဒီနှစ် ငရုပ် အထွက်ရော ဈေးရော ကောင်းတယ် လို့ ဆိုပါတယ်။

ကျွန်းချောင်း ဓါတ်မြေသြဇာစက်ရုံက ၀န်ထမ်းအိမ်ယာတွေအများအပြားကို လမ်းဘေးဝဲယာမှာ တွေ့ရပါတယ်။  ကျွန်းချောင်းမှာ လှလှပပ ဆေးပြာရောင်လေးသုတ်ထားတဲ့ အများသုံးအိမ်သာကလေးတွေ တွေ့လို့ ကျမတို့အဖွဲ့ ၀င်ရောက် အားပေးလိုက်ကြပါသေးတယ်။  အတွင်းပိုင်းကတော့ သန့်ရှင်းရေး သိပ်မကောင်း လှပါဘူး။ ရေရှိလို့သာ တော်သေးရဲ့ ဆိုရပါမယ်။  ကျမ ရောက်ဖူးသမျှထဲမှာ  မန္တလေး-လားရှိုး လမ်းတ၀ိုက်က အများသုံးအိမ်သာတွေက အသန့်ရှင်းဆုံးလို့ ထင်မိတယ်။


မကြာခင်တွေ့ရတာက မီးရထားလမ်းအသစ်နဲ့ လိုဏ်ခေါင်းကြီးတခု။ ပခုက္ကူ- မုံရွာ မီးရထားလမ်းလို့တော့ ထင်တာပါပဲ။ ( ပခုက္ကူ-ကြံခင်း မီးရထားလမ်း ပါ......တဲ့)
ကျွန်းချောင်းကျော်ပြီး မကြာခင်မှာပဲ တောင်ပေါ်လမ်းကလေးကို ရောက်သွားပါတယ်။  

စွယ်တော်လေးဆူထဲက “တန့်ကြည့်တောင်” ပါ။ တန့်ကြည့်တောင် စွယ်တော်စေတီကို ခပ်ပြပြ မြင်နေရပါတယ်။ အချိန်မရလို့ မ၀င်ခဲ့ရပါ။  မြတ်စွာဘုရား ဒေသစာရီကြွတုံးက ဒီတောင်ပေါ်ကနေ ပုဂံအရပ်ကို ကြည်တော့်မူခဲ့ပြီး သာသနာထွန်းကားမဲ့အရပ်ဒေသရယ်လို့ လက်ညှိုးညွှန်ပြခဲ့တာလို့ မှတ်သားဖူးပါတယ်။  တောင်ပေါ်ကနေ ဧရာဝတီမြစ်ကို မြင်ရတာ ကြည်နူးစရာ ကောင်းလှပါတယ်။
 တောင်ပူစာမို့မို့နဲ့  စိမ်းလဲ့လဲ့ ကန္တာရပင်ကလေးတွေ။ တစုံတယောက်က ပြောပြဖူးတာကတော့ ၀န်ကြီးချူပ်ဦးနုလက်ထက်က ဘာပင်မှ မပေါက်ရောက်တဲ့ ဒီတောင်တွေပေါ်ကို အစ္စရေးက ကန္တာရ ပင်မျိုးစေ့တွေ လေယာဉ်နဲ့ ကြဲချခဲ့တာတဲ့။ မယုံရင် ပုံပြင်မှတ်နော်။ ဒီအပင်တွေက ဆိတ်လောက်ပဲ စားတာပါ။ ဒါပေမဲ့ တောင်ကတုံးကြီး ဖြစ်နေတာထက်တော့ သာသေးတာပေါ့လေ။

အောက်ကရှုခင်းကိုကြည့်ပြီး ကျမဘေးနားက ညီမလေးက ပြောပါတယ်။ US က Grand Canyon နဲ့ တူတယ်နော် တဲ့။ ( ပုံက ရိုက်တုန်းက potrait ပုံမို့ photo editor ထဲမှာ အတည့်ပြန်ပြင်ထားပြီးသားပါ။ ဒါပေမဲ့ ပို့စ်ထဲ ထည့်တဲ့အခါ တုံးလုံးပြန်လဲသွားပါတယ်၊ ညာဖက်ကို ဇက်လေးစောင်းပြီး ကြည့်လိုက်ပေါ့နော်၊ နည်းသိရင်လဲ အကြံပေးပါဦးနော် :-))
ဘယ်ဖက်က `ဧရာဝတီ၊ ဟောဒီ ညာဖက်ခြမ်း မှာတော့ ယောချောင်း။ သဲမြေနုက ကြက်သွန်ခင်းစိမ်းစိမ်းတွေကို မြင်နိုင်ပါရဲ့။
နောက်တခါ လမ်းနဘေးက မြက်ခြောက်ဝါ၀ါကလေးတွေကိုလည်း အမှတ်တရ ရိုက်ခဲ့သေးတယ်။
တနေရာမှာတော့ ကျောက်သားနံရံတွေက စိတ်ဝင်စားဖွယ်ရာ။  ကျောက်မျိုးနွယ်ဝင်တွေဖြစ်တဲ့ မမိုးချို၊ မကေ နဲ့ ဘကျောက်တို့များ လာသွားခဲ့ဖူးသေးလားတော့ မသိပါ။
ဓါတ်ပုံရိုက်လွန်းလို့  ခရီးမတွင်ဖြစ်နေရပါတယ်။  ပုံမှန် တနာရီလောက်သွားရတဲ့ ဒီတောင်ပေါ်ခရီးကို ကျမတို့အဖွဲ့ တနာရီခွဲကျော်ကျော်လောက် ကြာခဲ့ပါတယ်။ ကိုယ့်စိတ်ကြိုက် ပုံကလေးတွေကြောင့်  ကြာရကျိုးလည်း နပ်ခဲ့ပါတယ်။

တောင်ပေါ်ကနေ မြေပြန့်ကိုရောက်လာပါပြီ။ ဧရာဝတီတံတား (ဆိပ်ဖြူ) ယောချောင်းတံတား (ကံတွင်း) က ဂီရိဆိုင်ကလုန်းဒဏ်ကြောင့် မြေခ ကြေမွနေဆဲ။  လမ်းလွှဲကနေ ခရီးဆက်ခဲ့ရပါတယ်။
အဲဒီကနေ ဆိပ်ဖြူကို ရောက်ဖို့ တနာရီခွဲလောက် ထင်ပါရဲ့။ တော်တော်ကြာကြာကလေး မောင်းရပါတယ်။ မြို့အ၀င်မှာ ဖြတ်ခဲ့ရတာက “ဂေါ်ဇီလာ တောင်ကုန်း” လို့ ကျမတို့ နာမည်ပေးထားတဲ့ တောင်ကမူကလေးတွေရယ် ၊ နောက်ပြီး “ချစ် ချောင်း” ဆိုတဲ့ သဲချောင်းကျယ်ကျယ်ကလေးရယ်။

ဆိပ်ဖြူမြို့အ၀င်လမ်းတနေရာ။

ဆိပ်ဖြူကိုကျော်ပြီးတော့ ချောက်မြို့အ၀င်မှာ ဧရာဝတီမြစ်ကို နောက်တကြိမ်ကျော်ခဲ့ရပြန်ပါတယ်။ ချောက်ကို ရောက်တော့ မွန်းလွဲ တနာရီလောက်ရှိနေပါပြီ။  ဗိုက်ဆာဆာနဲ့ နာမည်ရေးမထားတဲ့ လမ်းဘေး ဆိုင်ကလေးမှာ အားပေးခဲ့ကြပါတယ်။  ဆိုင်ကလေးက ရိုးရှင်းပေမဲ့ သန့်ပြန့်တယ်။ အရသာလည်း ကောင်းတယ်။  ဈေးနှုန်းကတော့ ချိုသလားမမေးနဲ့ တယောက်ကိုမှ ၁၀၀၀ ဘဲ ကျပါတယ်။ တမင်းစားပြီးတော့ လက်ဘက်သုပ်နဲ့ ထန်းလျက်ခဲ လာချပေးသေးတယ်။ ဒါကြောင့်လည်း စားပွဲ ဆယ်ဝိုင်းလောက် စားသုံးသူတွေက အပြည့်ဖြစ်နေတာ နေမှာ။

စားပြီးပြီးချင်း ခရီးဆက်ပါတယ်။  ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း လမ်းသုံးခွဆုံတဲ့ ဂွေးချိုလမ်းဆုံကို ရောက်ပါတယ်။  အဲဒီမှာ ကျောက်ပျဉ်တွေ ငရုပ်ဆုံတွေရောင်းတဲ့ဆိုင်တွေ အများကြီးပါ။  များရမယ်လေ။  ကုန်ကြမ်းတွေရတဲ့ “မင်းဂန်တောင်တန်းကြီး” က ထီးထီးမားမားရှိနေတာ မဟုတ်လား။ မဖတ်ရသေးရင် “မင်းဂန်ရွာသူလေးရဲ့ ပုံပြင်” ကို ဖတ်ကြည့်စေချင်ပါတယ်။

နာရီဝက်လောက် ခရီးဆက်လာတော့ ရေနံချောင်းဆိုတဲ့ ခါးလျားရှည်တဲ့ မြို့ကလေးကို ရောက်ခဲ့တယ်။  ဗဟုသုတစုံတဲ့ ကားဆရာက ရှင်းပြပါတယ်။ ဒီနားက ဆရာမ ဂျူးရဲ့အိမ် တဲ့၊ ဟောဟိုဟာက သမိုင်းဝင် ကျောက်စာတိုက်၊ ဒီဖက်က အရှင်ဆန္ဒာဓိက လှူထားတဲ့ စာကြည့်တိုက်၊ အထက (၁)ကတော့ ဗိုလ်ချူပ်အောင်ဆန်း တက်ခဲ့တဲ့ ကျောင်း တဲ့။ နာရီဝက်လောက် ထပ်မောင်းတော့ ဒေါင်းနေချောင်း တဖြစ်လဲ ဒေါင်းသေချောင်းရဲ့ တံတားအသစ်ကြီးပေါ်ကို ဖြတ်မောင်းခဲ့ကြတယ်။  

ကျမတို့  မကွေးမြို့ကို ၀င်လာခဲ့ ကြပါပြီ။  ကန်သာကြီးဆိုတဲ့ ဆင်ခြေဖုံးရွာကလေးမှာ ဇီးသီးပွဲရုံနဲ့ ဇီးခွဲစက်တွေရှိတာမို့  ဇီးသီးပုံ တွေကို လှလှပပ ဒီလိုမြင်ခဲ့ရပါတယ်။ အမှတ်တမဲ့ဆိုရင်  အနုပညာဆန်ဆန် ဖန်တီး ထားသလား လို့တောင် ထင်ရပါတယ်။
မကွေးမြို့ မြစ်ကမ်းနဖူးမှာတည်ထားတဲ့ ဆင်တောင်တောရက မြတ်စွာဘုရားဗျာဒိတ်ပေး ပုံတော်။
 

မကွေးတံတားကြီး။ အရှည်ပေ ၆၉၆၉ပေ။ အရင်ကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယ အရှည်ဆုံးတံတား။  ဒီနှစ်ကုန်ရင်တော့ တတိယနေရာ ဆင်းပေးရတော့မှာ။ သခါင်္ရလို့ဘဲ ဆိုရပေမည်။


မကွေးမြစ်ဆိပ်ရဲ့ မြင်ကွင်း။ ပျော်ပွဲစားသူလေးတွေနဲ့ စည်စည်ကားကား။ ရေကျသွားတော့ သောင်ပြင်မှာ လှိုင်းရဲ့ ခြေရာလေးတွေ ကျန်ခဲ့တယ်။
ကျမတို့ဟာ ဒီခရီးတလျောက်လုံး ဧရာဝတီကို နေရာမျိုးစုံမှာ တံတားအသွယ်သွယ်နဲ့ ဖြတ်ကူးခဲ့ကြပါတယ်။ အခုတော့လည်း ဧရာဝတီရဲ့ နံဘေးနားကိုဘဲ တစ်ကြိမ် ပြန်ရောက်ခဲ့ပြန်ပါပြီ။ မြေနုကျွန်းစိုက်ခင်းလေးတွေ၊ ကုန်သင်္ဘောတွေ၊ ရေချိုးဆင်းသူတွေက အမိဧရာဝတီကို မှီခိုနေကြတယ်။  အမိဧရာဝတီ နေကောင်းပါစေ..။

ရန်ကုန်မပြန်ခင် မကွေးမြို့မှာ အချိန်တော်တော်ကြာကြာ နေရဦးမှာမို့ ကျမရဲ့ ခရီးသွား ဓါတ်ပုံ ပို့စ်လေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ရှင်..။

သူငယ်ချင်းတို့ ချမ်းမြေ့ကြပါစေ..။

မိုးစက်ပွင့်







11 comments:

  1. ဓါတ်ပုံတွေ အားလုံးလှ၊
    အနုပညာဆန်တယ်၊
    ဓါတ်ပုံစောင်းသွားတာက ရိုက်တုန်းက ကင်မရာလှည့်လိုက်တာ မဟုတ်လား၊
    အတည့်ဖြစ်ပြီးပေမယ့် မရတတ်ဘူး၊
    ကိုယ်တော့ ဖိုတိုရှော့မှာ သွားတည့်ပြီးမှ ရတယ်၊
    အဲဒီလို ဖြစ်ဖူးတယ်၊

    ဒီပိုစ့်က ပုံများလို့လား မသိဘူး၊ နည်းနည်းလေးတယ်၊

    ReplyDelete
  2. မမိုးရေ..
    မကွေးရောက်နေတာလားဟင်..

    မြစ်ကမ်းလေးတွေ မြင်တော့ လွမ်းတယ်

    လသာညက မကွေးဇာတိလေ..။

    မကွေးက ပူတယ်။ ဒါပေမယ့် မွေးရပ်ဆိုတော့ မကွေးကို မန္တလေးထက် ပိုပျော်တယ်..

    ReplyDelete
  3. အပြုံးရေ... အားပေးတာ ကျေးဇူး... အပြုံးပန်းရဲ့ ပန်းလှလှတွေ မြင်ပြီးမှ ဓါတ်ပုံရိုက်တာ ပိုဝါသနာပါလာတာ။
    ညီမ လသာည ..ဟုတ်တယ်၊ မကွေးမှာ နည်းနည်းကြာဦးမယ်... အမျိုးတွေဆီ မှာစရာ ရှိလား :-))) ... ရွှေစက်တော်ဘုရားပွဲတော့ စနေပြီသိလား.. တို့တော့မရောက်သေးဘူး၊ နွေရာသီမှာ ဘယ်လိုပူပူ၊ အခုလိုရာသီကတော့ မကွေးက အလှဆုံးဘဲ။ နေရတာ ကြိုက်တယ်......

    ReplyDelete
  4. ဘကျောက်19 February 2011 at 21:44

    မြစ်အနောက်ဖက်ကမ်းလဲ field ဆင်းခဲ့ဖူးပါ့ဗျာ..
    မကွေးမှာလဲ ကျောင်းနေခဲ့ဖူးတော့ ဓါတ်ပုံလေးတွေကြည့်ပြီး မကွေးကိုလဲလွမ်း...
    မကွေး တောင်ဖက်က ကင်းရွာက ထန်းတောကိုလဲလွမ်းးးးးးးးးးး

    ReplyDelete
  5. ဧရာဝတီတံတား (ဆိပ်ဖြူ)မဟုတ်ပါ။ယောချောင်းတံတား(ကံတွင်း)ပါ အမ။ ပခုက္ကူ-မုံရွာ ရထားလမ်းပုံကလည်း ပခုက္ကူ-ကြခင်းရထားလမ်းပါ

    ReplyDelete
  6. Anonymous ရေ.. ပြင်လိုက်ပါပြီ.... ကျမလည်း လောကြီးပြီး မှားသွားပါတယ်..ကျေးဇူး။

    ReplyDelete
  7. ကောင်းလိုက်တဲ့ပုံတွေ၊ ရှင်းပြလို့ ကျေးဇူးပါ။ ကိုယ်တိုင်ရောက်သွားသလိုပဲ။

    ReplyDelete
  8.့ ဟိန်းလတ်ဝင်း ( Anonymous )20 February 2011 at 17:46

    ကျနော်ကလည်းကျေးဇူးတင်ပါတယ်။ဘာလို့လဲ့ဆိုတော့ကျနော်ကပခုက္ကူသားပါ။အခုလိုအဝေးရောက်နေချိန်မှာကိုယ်ဒေသအကြောင်းဖတ်ရတော့တအားဝမ်းသာတယ်။ဒါကြောင့်ကိုယ်သိသလောက်ပြောပြတာပါ။

    ReplyDelete
  9. အဲလိုပုံတွေ သဘောကျတယ်။ အညာကို သေသေချာချာ ရောက်ဖူးချင်တယ်။

    ReplyDelete
  10. ဆိပ်ဖြူ မြို.နယ် ယောချောင်းရေတွေကြီးပြီး ရွာတွေပျက်စီးတာကိုရှာဖွေဖတ်ရင်းေ၇ာက်မိပါတယ်
    ယခင်နှစ် ၈ီရိေ၇တက်ပြီး ၁ နှစ် မပြည်.မီ ရေထပ်ကြီးတာ ဂီရိထက်အများကြီးဆိုးတာပါ

    ReplyDelete
  11. ချမ်းမြေ့26 September 2012 at 17:53

    အညာမြင်ကွင်းတွေဆိုတော့
    ချမ်း တို့မြို့ပုံပါမလားလို့ ၀င်ကြည့်ဖြစ်တယ်..........
    မပါလို့စိတ်မကောင်းဘူး..........
    နောက်ဆိုရင် ချမ်း တို့မြို့ပုံတွေရောထည့်ပေးပါဦး.......
    ချမ်း ကအညာသူလေ ............
    လာလည်ဖို့ဖိတ်ခေါ်ပါတယ် ......
    ချမ်းကရွှေဘိုကပါ

    ReplyDelete

ပဲ့တင်သံလေးတွေ .......