Thursday 27 January 2011

နေရစ်တော့ စံပယ်တင် (၂)


ကျမရဲ့ပါးက မှဲ့ကလေး ခွဲမဲ့နေ့ ၁၄ရက်နေ့ မတိုင်ခင်ကတည်းက အိမ်မှာ လူတွေတော်တော် စည်နေပါတယ်။ ကိုယ်ကြောက်တတ်မှန်းသိလို့ လာပြီး အားပေးကြတာပေါ့။  အဒေါ်၊ ယောင်းမ၊ အစ်မ၊ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်စရာကြီး။ နောက်ပြီး ကိုယ့်ရဲ့ အဖေါ်မွန် “သူ” ကလည်း ခွင့်တွေဘာတွေ ယူလို့။ (နို့မို့ဆို တသက်လုံး စကားနာထိုးတော့မှာ သိနေပုံပဲ)  အလည်အပတ် ခရီးထွက်နေတဲ့ အမေကို သတ်မှတ်ရက်ထက် စောစောပြန်လာဖို့ လှမ်းမှာတော့ အိမ်ရှင် ကျမမောင်လေးက ကျွဲမြီးတိုလိုက်သေးတယ်။ “ဆုးစူးသလောက်ကလေးကိုများ” တဲ့။  အင်း- သူ့ဖက်က ကြည့်တော့လည်း ဟုတ်တုတ်တုတ်ပါဘဲ။ ဆင်လဲ ဆင့်အထွာနဲ့ပေါ့။ ကျမ ငယ်ငယ်က ဆေးထိုးရမယ်ဆိုရင် သုံးလေးနာရီ ငိုနေတတ်တာ၊ ဆေးထိုးအပ်ကျိုးအောင် ရုန်းကန်ပစ်ခဲ့တာတွေ သူသတိရတော့မှာ မဟုတ်။ အိမ် ပြန်ချင်နေတဲ့ အမေကလည်း (ငိုချင်လျက် လက်တို့) ပါပဲ။  အမေ တောင်းဆိုလွန်းတော့ မောင်လေးက အလျှော့ပေးလိုက်ပုံပါဘဲ။ မခွဲမီ တရက်တလိုမှာ  ပြန်ရောက်လာပါတယ်။ ၁၄ရက်နေ့ မနက်မှာတော့ လူသိပ်များရင် မကောင်းတတ်တာမို့ အားလုံးမလိုက်ဖို့ တောင်းပန်ပြီး အမေ၊ ကိုသကောင့်သား၊ ညီမ နဲ့ ယောင်းမ တို့ အတူလိုက်ပါလျက် ဆေးရုံဆီ ချီတက်ခဲ့ပါတော့တယ်။ 

မနက် ၈နာရီ
တခုခု မလွဲရရင် မနေတတ်တဲ့ မိုးစက်ပွင့်တို့ ထုံးစံအတိုင်း  ဖြစ်ချင်တော့ (စာရင်းသွင်းသူရဲ့ ပေါ့ဆမှူကြောင့်) ခွဲစိတ်မဲ့ စာရင်းမှာ ကိုယ့်နာမည်က မပါလာဘူး ဖြစ်နေတယ် ။  နောက်တပါတ်တော့ ပြန်မစောင့်နိုင်ဘူးလေ။ ဆရာဝန်ကြီးကို တောင်းပန် အသိပေး လိုက်တော့ အရင်ဆုံး ခွဲပေးမယ်တဲ့။ အဟောဝတ ကောင်းလေစွ။ အဲဒီအချိန်အထိ ကြောက်စိတ်မ၀င်သေးဘူး။ တမင် ရယ်စရာတွေ ပြောလို့ ပေါ့ပေါ့ပါးပါး နေလိုက်တယ်။ ဘ၀တူ လူနာတွေက သူတို့ အတွေ့အကြုံတွေ ပြောပြနေတယ်။  ကိုယ့်ဘေးက ညိုညို၀၀ အမျိုးသမီးက ကလေးသုံးယောက်မွေးတာ ဗိုက်မနာပဲ တယောက်မွေးတိုင်း ငါးမိနစ်နဲ့ ပြီးသွားတယ် ဆိုလို့ အားကျအံ့သြ မိပါရဲ့။ သူက ရင်သားအဆီကျိတ်လာခွဲတာ။ ဘေးနားက အစ်မက ကျောက်ကပ်ကို စက်နဲ့ ခြေတဲ့အကြောင်း ပြောပြနေပြန်ရော။ ဆီးအိမ်မှာ တည်နေတဲ့ ကျောက်တွေ မှုန့်အောင် အချက် ၂၀၀၀ ကျော် ထုရသတဲ့။ 

၉နာရီ ၂၅ မိနစ်
လေတွေကန်နေတုန်း ကိုယ့်နာမည်ခေါ်လိုက်တော့ ကမန်းကတန်းပြေးသွားရတယ်။ အ၀တ်တွေကို ခွဲခန်းဝတ်စုံနဲ့ လဲရတယ်။ ခေါင်းစွပ်စွပ်ရတယ်။ ကပ်လျက်အခန်းထဲက ကုတင်ပေါ်ကို လှဲချလိုက်ရတော့မှ စိတ်တွေ လေးလံလာတော့တာ။ ဆေးဝန်ထမ်းတွေက တော်တော်လေး ဖေါ်ရွေကြပါတယ်။ အခန်းထဲမှာ အေးစိမ့်နေတော့ ဂွမ်းစောင်တထည် လာခြုံပေးတယ်။  “ထုံဆေး ထိုးဖူးတယ်” လို့ သူတို့မမေးခင် ကြိုပြောထားလိုက်တယ်။ တည့်မတည့် ဆေးစမ်းနေရင် ထပ်နာမှာစိုးလို့။ လွန်ခဲ့တဲ့ သုံးနှစ်က မျက်စေ့ကို ထုံဆေးသုံးပြီး ခွဲဖူးတယ်လေ။

၉ နာရီ ၃၀ မိနစ်
အခန်းထဲမှာ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တရားကို ခပ်တိုးတိုးဖွင့်ထားတယ်။ (ဘာ တရားမှန်းတော့ မမှတ်မိဘူး၊ ကြောက်စိတ်ကြောင့် အာရုံမမိဘူး)။ မျက်နှာကျက်က မီးလုံးတွေကို စိုက်ကြည့်နေလိုက်တယ်။ ရုပ်ရှိရင် ရောဂါ နဲ့ ဝေဒနာ ရှိမယ်ဆိုတာ ကိုယ်သိတယ်။ တရားသိပေမဲ့ တရားက ကိုယ်တွင်းမှာ မရှိတော့ နာကျင်မှာကို ကြောက်နေသေးတာပါဘဲ။ တခဏလေးအတွင်းမှာကို အတွေးတွေက ပလုံစီ ထ နေတာ။
”ထုံဆေးက အတုဖြစ်နေရင်ကော။ မျက်ခမ်းစွန်တဲ့အဖုကို ခွဲတုန်းက ထုံဆေး အာနိသင်မကောင်းလို့ စူးစူးရှရှ နာလိုက်တာ”
“ငါ့ထက် အများကြီး ဒဏ်ရာပြင်းတဲ့သူတွေတောင် တည်တည်ငြိမ်ငြိမ် အခွဲခံခဲ့သေးတာဘဲ၊ အားမကျဘူးလား”
”သေရင် ဒီ့ထက်တောင် ဝေဒနာပြင်းဦးမှာ၊ မကြောက်နဲ့”
“ခွဲမဲ့ ဆရာဝန်ကြီးက သိပ်တော်တာ၊ နောက်ပြီး စိတ်ထားအေးဆေးတဲ့ တရားသမား၊ သူ ကောင်းကောင်း လုပ်နိုင်မှာပါ”
“နောက် နာရီဝက်တနာရီဆိုရင် ငါဟာ ပေါ့ပါးလွပ်လပ်တဲ့သူ ဖြစ်သွားပြီ၊ ဘယ်လောက်ကောင်းလဲ”
“ငါ့ကို ဆုတောင်းပေးခဲ့တဲ့ သူငယ်ချင်းတွေ၊ ရွတ်ဖတ်ရင်း စောင့်နေတဲ့ မိသားစုတွေ ရှိတယ်” စသဖြင့်ပေါ့။

၉နာရီ ၄၀ မိနစ်
 မျက်နှာကို သန့်ရှင်းပေးတယ်။ အထူးသဖြင့် ခွဲစိတ်မဲ့ နေရာကို။
ခေါင်းဆုံး ခြေဆုံး တကိုယ်လုံးကို ပလပ်စတစ်လို အစနဲ့ အုပ်လိုက်တယ်။ အောက်စီဂျင်ပိုက်ကို နှာဝမှာ တပ်ပေးတယ်။ အောက်စီဂျင်အေးအေးလေးက ရှုလို့ ကောင်းလိုက်တာ။ ဘယ်ဖက်ကို စောင်းခိုင်းပြီး ညာဖက် ပါးနေရာကိုဘဲ အပေါက်ဖေါ်ထားတယ်။ ကောင်းပါတယ် - ဒါမှ ဒါးတို့ ကပ်ကြေးတို့ မမြင်ရတော့ဘူးပေါ့။

၉နာရီ ၄၅ မိနစ်
ဆရာဝန်ကြီး ရောက်လာပြီ။ “သမီး နေကောင်းလား” ဆိုပြီး နှုတ်ဆက်တယ်။ သူ့အသံအေးအေးက ကြောက်စိတ်ကို တ၀က် ပြေစေတယ်။ လက်နှစ်ဖက်ကို ဘေးကပ်ပြီး လက်သီးဆုပ်ထားတယ်။ ကိုယ့်လက်မကို လက်ခလယ်နဲ့ ကုတ်ခြစ်ပြီး အာရုံလွှဲထားတယ်။  ထုံဆေးထိုးမယ်နော်တဲ့။ ကောင်းသလိုသာ လုပ်ကြပါတော့ လို့ စိတ်ထဲက ပြောတယ်။ အပြင်မှာတော့ “ဟုတ်” တခွန်းဘဲ။ ပါးပြင်မှာ စူးကနဲ။ နာလိုက်တာ။ လှုပ်တော့ မလှုပ်ရဲဘူး။ ဆေးတွေ အသားထဲစိမ့်ဝင်တော့ အောင့်သက်တဲ့ ခံစားမှု။ ဆရာဝန်ကြီးလား၊ အကူ ဆရာဝန်လားတော့ မသိ၊ သူ့လက်ချောင်းထိပ်တွေနဲ့ ဆေးပြန့်နောင် ခပ်ဖိဖိလေး ဆွဲပေးနေတယ်။  ခဏနေတော့ အပ်ဖျားထောက်ပြီး ”သိလား” လို့ မေးတယ်။ မနာပေမဲ့ ခပ်စစ်စစ်ကလေး ဖြစ်နေလို့ သိတယ် လို့ ဖြေလိုက်တယ်။  ထုံဆေး မလုံလောက်ဘဲ ကိုယ် မစွန့်စားရဲပါဘူး။  ဆရာက မှဲ့ရဲ့ အခြားတဖက်မှာ ထုံဆေးအသေးတလုံး ထပ်ထိုးပါတယ်။ နောက်ထပ် နာကျင် ရပြန်တာပေါ့။

ခဏနေတော့ စပြီး ခွဲစိတ်ပါတော့တယ်။ ကိုယ် အကြောက်ဆုံး အချိန်တွေပါဘဲ။ ပါးပေါ်မှာ ဒါးတရွေ့ရွေ့ သွားတာကို သိနေတယ်။ အသားစလေးကို လှီးဖြတ်ထုတ်လိုက်တဲ့ အချိန်ဟာ ၅မိနစ်ထက် ပိုကြာချင်မှ ကြာမယ်။ ကိုယ့်အတွက်တော့ ၅နာရီ၊ ၅ရက်လောက် ကြာသလိုပါဘဲ။ ဆရာဝန်ကြီးက ခွဲစိတ်ရင်း အငယ်တွေကို စာသင် ပေးနေတယ်။ ပြောသမျှ အားလုံး ထဲမှာမှ melanoma (black mole cancer) မဟုတ်ဖူး ဆိုတာ ကြားလိုက်ရတော့ စိတ်သက်သာရာ ရမိပြန်တယ်။ 

သွေးတွေကို ဂွမ်းစနဲ့ တို့ သုတ်နေတယ် ထင်ပါရဲ့။ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းရဲ့ နူးညံ့စိုစွတ်တဲ့  အထိအတွေ့။ နောက်ပြီး သွေးကြောလေးတွေကို လျှပ်စစ်နဲ့ တို့ပြီး ပိတ်နေပုံပဲ။ ဆရာဝန်ကြီးက သူ့လက်ထောက်ကို “သိပ်များများရှို့နဲ့၊ သွေးနည်းနည်းပိုထွက်တာ ကိစ္စမရှိဘူး” တဲ့။

ဟော- စ ချူပ်နေပါပြီ။ အပ်ဖျားက တင်းတင်းကလေး အသားကိုလာထိတယ်။ ချူပ်ကြိုးချင်းချင်း ထိပွတ်သံ၊ ကြိုးစကို ခပ်တင်းတင်းဆွဲပြီး ဖြတ်လိုက်တဲ့ အသံတွေ ကြားရတယ်။ တချက်၊ နှစ်ချက်၊ သုံးချက်၊ ဘယ်နှစ်ချက် ချူပ်မှာပါလိမ့်။  သွားတွေကို တင်းတင်းစေ့ပြီး ခေါင်းကို မလှုပ်အောင် တင်းထားတယ်။  “တီ၊တီ၊တီ”  တယောက်ယောက်ရဲ့ ဟန်းဖုန်းထမြည်တယ်။ တဖက်က ဆရာဝန်ကြီးနဲ့ ပြောချင်တာတဲ့။ ငြင်းလိုက်ရင် ကောင်းမယ်လို့ ကိုယ့်အတ္တနဲ့ တွေးမိတယ်။ ဆရာက “ အေး၊ အေး၊ ပြောမယ်” တဲ့။ သွားပါပြီ။ ကိုယ်အရမ်း စိုးရိမ်သွားတယ်။ ချူပ်နေရင် အချိန်ကြာရင် ထုံဆေးပြယ်ပြီး အရမ်းနာမှာ စိုးလို့ပါ။  မျက်စေ့ခွဲတုန်းက ခွဲစိတ်ဆရာဝန်ရဲ့ ဖုန်းလာတာကိုလည်း သွားသတိရတယ်။ အိုတီဝင်တုန်း ဖုန်းပိတ်ထားရင်ကောင်းမှာဘဲ။ နောက် အမေ့မျက်လုံး တိမ်ခွဲတုန်းက နှစ်ဖက်လုံး ဆက်တိုက်ခွဲတာမို့ ဒုတိယအလုံးခွဲတဲ့အချိန်မှာ နာကျင်ခဲ့တာကို အထိတ်တလန့် သတိရတယ်။  ဆရာက ခပ်တိုတို ညွှန်ကြားချက်ပေးပြီး သူ့အလုပ်သူဆက်လုပ်လို့ တော်ပါသေးရဲ့။  ချူပ်ရိုးတွေဟာ ဆယ်ချက် မကဘူးလို့ ထင်ရတယ်။ တချို့အချက်တွေမှာ တော်တော်ကလေး တစစ်စစ် ဖြစ်သွားတာမို့  “သိတယ် ဆရာ၊ သိတယ်” လို့  ပါးစပ်မလှုပ်ဘဲ မပီမသ အော်ပြောခဲ့တယ်။ “သိနေတာ ကောင်းတယ် သမီး” တဲ့ ။ နောက်ပြီး ”ပြီးတော့မယ်” တဲ့။  ခဏ နေတော့ ပြီးပြီတဲ့ ။  ကိုယ် အကြားချင်ဆုံး အသံပါဘဲ။

၁၀ နာရီ ၀၅ မိနစ်
ထထိုင် လို့ရပြီတဲ့။  ကုတင်ပေါ်က လျှောဆင်းတယ်။ ပါးတခြမ်းကို ဆေးဝါ၀ါတွေ သုတ်လိမ်းပေးတယ်။ ဆေးဂွမ်းပလာစတာနဲ့ အနာပေါ်က အုပ်ပြီးကပ်ပေးတယ်။ ပလာစတာက တင်းနေတော့ မျက်နှာကို ဆွဲထားသလို ဖြစ်နေတယ်။ ချူပ်ရိုးဘယ်နှစ်ချက်ချူပ်ရလဲ လို့ ဆေးအကူဝန်ထမ်းကိုမေးတော့  “၇ ချက်၊ တကဲ့စိပ်စိပ်ကလေးတွေ” တဲ့။ လမ်းဖြေးဖြေးလျှောက်ပြီး အ၀တ်အစားလဲတဲ့အခန်းကို ပြန်လာတယ်။ အကူ မိန်းကလေးတယောက်က အ၀တ်ကူလဲပေးတယ်။ ဘိုသီဘတ်သီနဲ့ ထွက်လာတဲ့ ကိုယ့်ကို အားလုံးက တအံ့တသြ။  စကားပြောဖေါ် လူနာတွေကလည်း သိပ်တောင် ပြုံးမပြနိုင်ဘူး။ ကိုယ့်စိတ်ထဲမှာလည်း ၀မ်းနည်းပြီး ငိုချင်နေတာဘဲ။  မှန်ကြည့်မယ် လို့ ပြောတော့ အဖေါ်မွန်က “မကြည့်ပါနဲ့” တဲ့။  (နောက်မှ ပြန်ပြောတာက မျက်နှာက ၀ါဝါထိန်ထိန်နဲ့ ရွဲ့ရွဲ့စောင်းစောင်းလေး ဖြစ်နေလို့ - တဲ့)။  သောက်ဆေး အညွှန်းကို ယူပြီး ပြန်ခဲ့ကြတယ်။

လမ်းရောက်တော့ ကိုသကောင့်သားက ပင်နီဆလင်ပုလင်းလေးတခု ထုတ်ပြတယ်။ ကြည့်မလား - တဲ့။  လောလောလတ်လတ် ခွဲထွက်သွားတဲ့ ကိုယ့်ခန္ဒာကိုယ်အစိတ်အပိုင်းတခုလေ။ မကြည့်ရဲဘူး လို့။ နောက်တော့ စိတ်ပြောင်းသွားတယ်။ ဓါတ်ပုံရိုက်လိုက်ပါ- နောက်တော့မှ ကြည့်မယ် -လို့။ သူလည်း ပြောတဲ့အတိုင်း ရိုက်ရှာပါတယ်။ (နောက်မှ ဓါတ်ပုံထပ်ဖြည့်တင်ဦးမယ်) ”မှဲ့က အမွေးလေးတွေနဲ့- သိလား၊ ခိခိခိ” လို့ သူက နောက်နေသေးတယ်။

“တီ၊ တီ၊ တီ” သူ့အိတ်ထဲက ကိုယ့်ဖုန်းလာတယ်။ “ကောင်းပါတယ် ခင်ဗျ” လို့ ဖြေနေတယ်။ နောက်ပြီး “ရပါတယ်ဗျ” ဆိုပြီး ကိုယ့်ဆီ ဖုန်းထိုးပေးတယ်။  ပါးစပ်သိပ်မလှူပ်နိုင်လို့  မပီတပီနဲ့ ပြန်ဖြေနေခဲ့ပါတယ်။ ဂရုတစိုက် မေးဖေါ်ရလို့  သူငယ်ချင်း KK ကို ကျေးဇူးတင် ၀မ်းသာတဲ့စိတ်၊ အနာ ထိမှာ စိုးရိမ်တဲ့စိတ် ရောနေတယ်။ ဖုန်းကို ပြန်ပေးရင်း “ နောက်တခါ သူဘဲဖြေလိုက်” လို့ ပြောမိတယ်။ “တီ၊တီ၊တီ”--- ဒါက ညီမငယ် E ဆီက ပါလား။  ဒီတခါတော့ ပီအေက နပ်သွားပြီ။ အဆင်ပြေအောင် သူဘဲ ဖြေပေးလိုက်တယ်။

မြေနီကုန်းမှာ ဆေးဝယ်တယ်။ အသားစကို  Right Lab မှာ  Biopsy တင်ခဲ့တယ်။

၁၁ နာရီ
အိမ်ပြန်ရောက်ပါပြီ။ အိမ်မှာ စိုးရိမ်စွာ စောင့်နေကြတဲ့ သူတွေကို အဆင်ပြေကြောင်း သတင်းကောင်း ပေးလိုက်နိုင်တယ်။  ထုံဆေးပြယ်ရင် နာလိမ့်မယ် ထင်ထားပေမဲ့ လုံးဝ နာမလာပါဘူး။ pain killer  ပြင်းပြင်း သောက်ထားလို့လည်း ဖြစ်နိုင်ပါတယ်။

ပါးစပ် သိပ်မဟနိုင်လို့ ဆန်ပြုတ်ကို ချွေချွေတာတာ သောက်နေရတယ်။ ဒါတောင် ငါးဖယ် ငါးဆုပ်လုံးကြော်လေးကို ကောင်းတဲ့ ပါးစပ်ဒေါင့်က  ထိုးသွင်းပြီး စားလိုက်သေးတယ်။ ဒုတိယနေ့မှာ ခေါက်ဆွဲ နဲ့ တတိယနေ့မှာ ထမင်းပြန်စားနိုင်လာပါတယ်။  

အနာကို ရေမထိစေချင်တာမို့  ရေဖတ်ပဲတိုက်ပါတယ်။ ကိုယ်အသက်ဘယ်လောက်ကြီးကြီး အမေ့ရဲ့ ကြင်နာယုယမှုအောက်မှာ ကလေးလေး ပြန်ဖြစ်သွားတယ်။

စိတ်လှုပ်ရှားရတာက လေးရက်မြောက် bipsy result ယူတဲ့နေ့ပါဘဲ။
''intradermal nevus"  " excision appears complete" ဆိုတာတွေကတော့ ကိုယ်သိတဲ့ စကားလုံးတွေပါဘဲ။ ကိုယ် မသိတာတွေကတော့ .....' proliferating' 'nesting'  စသဖြင့် medical terms တွေပေါ့။ အသိ ဆရာဝန်မမကို ဖုံးဆက်ပြီး တလုံးမကျန် ဖတ်ပြမိတယ်။ သူက Pathology ကဆိုတော့။ ညီမလေး ခွဲထုတ်လိုက်တာ မှန်သွားတာပေါ့ တဲ့။  အပေါ်ယံလွှာလေးကဘဲ စိုးရိမ်ရတာပါ၊ အောက်ဆုံးလွှာအထိ ရောက်မနေဘူးဆိုတော့ အခု ရှင်းသွားပြီဘဲ လို့ အားပေးပါတယ်။ သူ့အသံက ပေါ့ပေါ့ပါးပါး လေးလုပ်ထားပေမဲ့ စကားလုံးတိုင်းကို ခွဲခြမ်းစိတ်ဖြာ မိတဲ့ ကျမကတော့ ရင်မှာ အပူလှိုင်းကလေး ဖြာမိပါတယ်။ ယောက္ခမ မေမေတုန်းက ဒီလိုဘဲ ကိုယ်တို့တတွေ အသည်းကင်ဆာကို ဖုံးကွယ် အားပေးခဲ့ကြတာ မို့လား။  ကင်ဆာဆဲလ်များ စ နေပြီလား။  ခွဲလိုက်လို့ ပြန့်သွားမလား။ ဘာညာတွေးပြီး တညလုံးနီးပါး အိပ်မပျော်နိုင်ခဲ့ပါ။  သေခြင်းတရားနဲ့ ဆက်စပ်လာမဲ့ နောက်ဆက်တွဲ ပြသနာ တွေကို တွေး နေမိတယ်။  နောက်တနေ့မနက်မှာ ရုံးတက်ရတော့ နောက်ထပ် ဆရာဝန်နှစ်ယောက်နဲ့  ဆုံမိတယ်။  ဆေးစာရွက်တွေ ထိုးပြတော့...
ဒေါက်တာ(၁) “ မှဲ့သားရဲ့ အပေါ်လွှာလေးက ပြောင်းနေတယ်ပေါ့၊ အစိုင်အခဲကလေးတွေ လည်းဖြစ်နေတယ်ပေါ့၊ အောက်အဆင့်နဲ့တော့ မဆက်စပ်သေးတာမို့ မစိုးရိမ်ရပါဘူး”
ဒေါက်တာ(၂) “ဘာမှ မဖြစ်ပါဘူး၊ ဘာမှလည်း စိုးရိမ်စရာမရှိပါဘူး” - တဲ့။  ဘာကို ယုံရမှန်းမသိတော့။
အဲဒီနေ့ညနေမှာဘဲ ခွဲထားတဲ့ ဆရာဝန်ကြီးနဲ့ ရက်ချိန်းစေ့လို့ ပြန်ပြတော့ သူက အဖြေလွှာကိုကြည့်ပြီး “အခု ကောင်းပါတယ်၊ ချူပ်ရိုးလည်းကျက်ပြီး အသားချောသွားမှာပါ ” တဲ့။

အခု ချူပ်ရိုးကို ဖြေရမတဲ့။ “အသားချူပ်ရိုးဆို” လို့ ထုံးစံအတိုင်း အထွန့်တက်တော့ “အတွင်းလွှာက အသားချူပ်ရိုး အပြင်လွှာက ဖြေရမဲ့ ချူပ်ရိုး၊ ဒါမှ အနာရွတ်မထင်ဖို့ ပိုသေချာတယ်” တဲ့။ သြော်။ ဒါကြောင့် အချက်တွေက ဆယ်ချက် မက တာကိုး။ ကပ်ကြေးဦးချွန်လေးနဲ့ ကော်ကော်ပြီး ဖြတ်တော့ ချူပ်ရိုးက ထောက်ခနဲ ထောက်ကနဲ ပြတ်သွားတယ်။ တချို့နေရာတွေက တော်တော်လေး နာပါတယ်။  စိတ်ထဲမှာ ခွဲတုန်းချူပ်တုန်းကလောက်တော့ မကြောက်ပါ။ နောက်ပြီး အသားဆေး တလုံးထိုးပြီး  အနာလိမ်းဆေး ပေးပါတယ်။  အနာရွတ်ပျောက်ဆေး Hirodroid တဲ့။

စံပယ်တင်နဲ့ တကယ်ပဲ လမ်းခွဲလိုက်ပါပြီ။ အခုတော့ ပါးပြင်မှာ မှဲ့နက်လေးအစား နီညိုညိုအတန်းကလေး ကျန်သေးတယ်။ တဖြေးဖြေးတော့ ပျောက်သွားမယ်လို့ ထင်ရပါတယ်။ နောင်ဖြစ်လာမဲ့ ပြသနာ တွေကိုတော့ နောင်မှ ရင်ဆိုင်ဖြေရှင်းတော့မယ်ကွယ်။ ထူးပြီး စိုးရိမ်မနေ၊ ကြောက်မနေ တော့ပါဘူး။ (တက်တူး ထိုးသင့်ရင်လည်း ထိုးတာပေါ့ - ကိုဆူး)

ခွဲစိတ်မှု တကဲ့အငယ်စားကလေးပေမဲ့ စိတ်အား၊လူအား ၀ိုင်းဝန်းကူညီကြတဲ့ ချစ်သူငယ်ချင်းများ၊ ဆွေမျိုးမောင်နှမများရဲ့ အားပေးမှူသာ မပါခဲ့ရင် ကြောက်တတ်တဲ့ မိုးစက်ကျမ ဒီလောက် အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးကို ကျေးဇူးတင်ပါကြောင်း ဒီမှတ်တမ်းသေးသေးလေးထဲမှာ ဖေါ်ပြပါရစေရှင်။

မိုးစက်ပွင့်

6 comments:

  1. တော်ပါသေးရဲ့  အားလုံးအဆင်ပြေသွားလို့ ။
    မှဲ့ မပါတော့တဲ့ပုံပို့ ပေးပါအုံး။

    ReplyDelete
  2. တကယ်အဲလိုကြီးခွဲတာလား အကြီးစားခွဲစိတ်မှုကြီးလိုပဲ။
    တို့လည်းမျက်နှာပေါ်ကမှဲ့ ဖယ်ပစ်ဖူးတယ် ဒီမှာခွဲတာ။ ဆရာဝန်က သံသယရှိလို့ ဖယ်ပစ်လိုက်ပါဆိုလို့။ စစ်ကြည့်တော့ ဘာမှမဟုတ်ဘူးတဲ့။ တော်သေးတယ်။ တို့ကတော့ထိုင်လျက်နဲ့ပဲ ထုံဆေးထိုးပြီးခွဲရတယ်။ မိုးစက်လိုခွဲစိတ်ခန်းမ၀င်ရဘူး။ သူ့ဆေးခန်းမှာပဲ။ ကြောက်ပေမယ့် မနာလို့တော်သေးတယ်။ တရက်နှစ်ရက်မျက်နှာကိုရေမထိရဘူး။ ချုပ်ရိုးဖြေရမယ့်နေ့မသွားခင်ပဲ အနာကခြောက်ပြီးကွာသွားတာ ချုပ်ရိုးကြောင်းပါအနာဖေးခြောက်ထဲပါသွားတော့ ဖြေစရာမလိုတော့ဘူး။ ကောင်းလိုက်တာ :)

    စူးနွယ်လေး

    ReplyDelete
  3. အဆင်ပြေသွားပြီဆိုလို့ ၀မ်းသာပါတယ်မိုးစက်ရေ
    စံပါယ်တင်လေးမရှိလဲ လှတယ်လို့ အဖော်မွန်က ပြောတယ် မဟုတ်လားဟင်
    ဒါဆို သူမရှိတော့လဲ ဘာဖြစ်သလဲနော်..
    အရေးကြီးတာ အန္တရာယ်ကင်းဖို့ဘဲ မဟုတ်လား
    တို့လဲ ပြီးခဲ့တဲ့ နှစ်က ခွဲခန်းဝင်ရတယ်.. အေးလွန်းတဲ့ ဆောင်းရာသီမှာ ခွဲတာမို့ လူကို ခိုက်ခိုက်တုန်နေတာ။
    အသားကိုခြစ်တဲ့ အသံကြားတိုင်းအသည်းယားတယ် ကြောက်တယ်.. အဆီကြိတ်လေး ၂ခု ခွဲတာလေ
    မိုးစက်လိုဘဲ ကမ္ဘာနဲ့ချီပြီးကြာတယ် ထင်မိတယ်..
    ပျော်ရွှင် စိတ်ချမ်းမြေ့ပါစေနော်

    ReplyDelete
  4. ကြောက်မှာစိုးလို့ အစကမပြောတာ။ သူငယ်ချင်းတစ်ယောက်ရဲ့ အမေမှဲ့ခွဲတာ ပြန်ထွက်တော့ အသက်ပါမလာတော့ဘူး။ နှလုံးရောဂါရှိမှန်းအစကမသိပဲ မေ့ဆေးပေးလိုက်မိလို့ လို့ပြောတာပဲ။ အခုတော့ အဆင်ပြေတယ်ဆိုလို့ ၀မ်းသာပါတယ်။

    ReplyDelete
  5. ခုတလောသတိရနေတာ မှဲ့ ခွဲပြီပြီးလားလို့  ခုမှစာဖတ်မိတယ် နောက်တောင်ကျသွားပြီး အဆင်ပြေလို့ ဝမ်းသာပါတယ်နော်။
    ကျမ်းမာပျော်ရွှင်လို့ 
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  6. မမရှင်လေး.... အနာရွတ်ပျောက်သွားမှ ပို့ပေးမယ်နော်

    စူးနွယ်... အားကျလိုက်တာ...တို့က နည်းနည်းပိုခွဲရတာ မှဲ့က ဒုတိယအလွှာအထိ နက်နေလို့တဲ့....ချူပ်ရိုးလည်း နှစ်ထပ်တဲ့လေ...

    ချော... ယုံလားတော့မသိ..အဖေါ်မွန် တွေ့စကနေ ခုချိန်ထိ လှတယ်လို့ တခါမှမပြောဖူးတာ...နေသားကျနေပါပြီ...ဟိ

    အနောနိမတ် ...အားပေးတဲ့အတွက် ကျေးဇူးပါ၊ မေ့ဆေးက ပိုပြီး အသက်အန္တရာယ်ရှိတာ အမှန်ပါဘဲ

    ညီမလေးမိုး .....နှစ်လိုဖွယ်ဆုတောင်းလေးအတွက် အတိုင်းမသိ...။

    ReplyDelete

ပဲ့တင်သံလေးတွေ .......