Tuesday, 5 July 2011

ပုဂံရုပ်ပုံလွှာများ

ဓါတ်ပုံပို့စ်တွေ သီးသန့်မတင်ဖြစ်တာ ကြာပါပြီ .....
ကျမရဲ့ ၀ါသနာရှင်အဆင့် ပုံကလေးတွေကို FB မှာလည်း တခါတရံ တင်ဖြစ်ပါတယ်...
ဘလော့နဲ့ FB လင့်မထားတာမို့ ပုဂံအမှတ်တရ ပုံကလေးတွေကို ဒီဘလော့မှာလည်း သီးသန့်တင်လိုက်ပါတယ်နော်...

ဓါတ်ပုံအညွှန်းများ
(၁) ငှက်ပစ်တောင်ဘုရား တနေရာ
(၂) ငှက်ပစ်တောင်လိုဏ်ဂူမုခ်ဝများ - ပြစ်မျိုးမှဲ့မထင်တဲ့ ပုဂံသူအချောအလှများ ငှက်ကြီးစားမည့်ရန်မှ ပုန်းခိုတဲ့နေရာ
(၃) လောကနန္ဒာစေတီ
(၄) လောကနန္ဒာအနီး
(၅) လောကနန္ဒာအနီး
(၆) ဂူပြောက်ကြီးပုထိုးက သဲပန်းချီဆရာ
(၇) မနူဟာဘုရား- မို့မောက်နေတဲ့ရင်နဲ့ ကျဉ်းကျပ်လှတဲ့ရုပ်ပွားတော်က မနူဟာမင်းရဲ့ ခံစားချက်တွေကို ကိုယ်စားပြုနေသတဲ့
(၈) မနူဟာလျောင်းတော်မူ
 (၉) မနူဟာလျောင်းတော်မူရဲ့ ထိပ်မြင်ကွင်းကကြည့်ရင် မဲ့ယောင်ယောင်အသွင်
(၁၀) ဗူးဘုရားဆိပ်ကမ်းသာ

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...............

မိုးစက်ပွင့်



အညာမိသူ

ပြီးခဲ့တဲ့ စနေတနင်္ဂနွေက မိဘနဲ့အဒေါ်တွေကို ပုဂံ၊ ပုပ္မါး အလည်ပို့ဖြစ်ပါတယ်။  နှစ်ညအိပ် ခရီးတိုလေးဘဲ ဖြစ်ပါတယ်။  ဘုရားအစုံ မဖူးနိုင်ပေမဲ့   မဖြစ်မနေ ဖူးရမယ့် အထင်ကရဘုရားတွေတော့ ပို့ခဲ့ပါတယ်။
- အစောဆုံးတည်ခဲ့တဲ့  ငှက်ပစ်တောင်စေတီ
- တန်ခိုးအကြီးဆုံးဆိုတဲ့ ရွှေဆံတော်စေတီ
- ဆုတောင်းပြည့်တယ် ဆိုတဲ့ အလိုတော်ပြည့်စေတီ
- လက်ရာအမြောက်ဆုံး အာန္ဒာ စေတီ
- ဥာဏ်တော်အမြင့်ဆုံး  သဗ္ဘညု စေတီ
- ထုထည်အကြီးဆုံး ဓမ္မရံကြီး စေတီ
- ကျောက်စာ နာမည်ကျော်တဲ့ မြစေတီ 
- မူရင်းနံရံဆေးရေးပန်းချီတွေကျန်သေးတဲ့ ဂူပြောက်ကြီးပုထိုး
- အံ့သြခြင်း၊ကရုဏာသက်ခြင်း ရသအဖုံဖုံပေးစွမ်းနိုင်တဲ့ မနူဟာစေတီ
- မြစ်ပြင်ရှုခင်းသာယာတဲ့ ဗူးဘုရား နဲ့  လောကနန္ဒာ စေတီ တို့ပါဘဲ။

အဲဒီမှာ သူတို့နဲ့ တွေ့တာပေါ့။
“သမီးရယ်၊ နဂါးမောက်ပန်းတွေ ၀ယ်သွားပါဦး၊ အစေ့ကို သွေးလိမ်းရင် ဒူးနာ ခါးနာ ကောင်းတယ်” 
ရွှေစည်းခုံ ဘုရားစောင်းတန်းက အသက်ခြောက်ဆယ်ကျော်လောက်ရှိမဲ့ ဈေးသည် အမေကြီးတယောက်၊ သူမရှေ့က ဒန်လင်ဗန်းထဲမှာ ထူးထူးဆန်းဆန်း အ၀ါဆံ အသီးကလေးနှစ်လုံးကို အပေါ်က နဂါးအမောက်လိုပွင့်ဖတ်စိမ်းကလေးအုပ်ထားတဲ့ ပန်းပွင့် အခက် ကလေးတွေ  အများကြီးပါ။ ကျမက  တချက်လှည့်ကြည့်ပြီး ထွက်သွားဖို့ကြိုးစားပေမဲ့ သူမက ထပ်ခါတလဲလဲ ခေါ်နေတာနဲ့  အားပေးခဲ့ပါတယ်။  ပစ္စည်းမယူဘဲ ဒီတိုင်း ပိုက်ဆံပေးလိုက်ရင်လည်း မကောင်းဘူးမဟုတ်လား။

နောက်တခါ လောကနန္ဒာမှာ လူကြီးတွေ ဘုရားတက်ဖူးတုန်း ကိုယ်က သူတို့ စလင်းဘက်အိတ်တွေ လေးမှာစိုးလို့ စုသိမ်းပြီး အောက်မှာစောင့်ကျန်ရစ်တယ်။ လှေခါးရင်းက အုတ်ခုံလေးမှာ အေးအေး လူလူထိုင်လို့ ။  ဧရာဝတီမြစ်ပြင်ကို ငေးလိုက်၊ ခရီးသွားလှေတွေကို ဓါတ်ပုံရိုက်ချင်လာတဲ့အခါ ကောက်ရိုက်လိုက်နဲ့ စိမ်ပြေနပြေ ကာလလေးမှာပေါ့။  အနားကို ဈေးရောင်းသမလေး တယောက် လာထိုင်တာ သိလိုက်တယ်။ သူ့ဗန်းထဲက ပစ္စည်းလေးတွေကို တတွတ်တွတ်ရောင်းတော့တာဘဲ။  
“၀ယ်သွားပါဦး အမကြီးရယ် မဉ္ဖူသကနတ်ပန်းတွေပါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကောင်းတယ်။ တထုပ်မှ ၃၀၀ နှစ်ထုပ်မှ ၅၀၀ထဲရယ်”
ကျမ သူ့ကို ပြုံးပြခေါင်းခါပြီး မြစ်ပြင်ရှုခင်းကို ဆက်ငေးနေလိုက်တယ်။
“နော် နော် ဈေးဦးမပေါက်သေးလို့ အားပေးပါဦး”
“တို့မှာ ဘာရောဂါမှ မရှိဘူး၊ ညီမလေးရဲ့” လို့ ခပ်အေးအေးပြောတော့ သူက မလျော့သေး။
“ လက်ဆောင်ပေးလို့ရတယ်လေ၊ အမူးအမော်လည်းပြေတယ်၊ ရေနွေးကြမ်းထဲ ခတ်သောက်ရင် ရောဂါကာကွယ်တယ် အစ်မရဲ့”
“နေပါစေတော့ကွယ်”
ဇနက္ကနှင့် နင်လားငါလား အပြိုင်နွှဲမယ့် ထိုသူမကလေးဟာ ကျမအနားမှာ တောက်တဲ့ကပ်ကပ်ကာ နားညည်းအောင်ပြောလှသည်မို့ မယုံပါဘဲ တထုပ်ဝယ်လိုက်တော့သည်။    သူမကို တချက်တော့ “စ”လိုက်သေးသည်။  “မဉ္ဖူသကပန်းတွေက ခရေပန်းခြောက်တွေနဲ့ တူလိုက်တာနော်”
“မဟုတ်ပါဘူး အစ်မရဲ့၊ ခရေပန်းက အသားမရှိပါဘူး၊ ဒီမဉ္ဖူသကပန်းကအသားရှိတယ်” တဲ့။ ဟုတ်တော့ဟုတ်ပါသည်။ ပန်းခြောက်ကလေးတွေက အရောင် ၀ါညိုညို၊ အသားက အိစက်စက်။ အလဲ့-အိတ်က တံဆိပ်နဲ့ ဆေးညွှန်းနဲ့။

ပုပ္မါးတောင်ပေါ်အဆင်းမှာ အမေ့ကို ဈေးသည်မတွေက လမ်းပိတ်ပြီး ”ဆေးမြစ်စုံ” ရောင်းကြပြန်သည်။  အားနာတတ်တဲ့အမေက အဲဒီမှာ ၀ယ်ခဲ့ပြန်ရော။ ကျမက ”အမေ့ သစ်မြစ်စုံတွေ” လို့ နောက်ပြောင် နေမိသေးသည်။  ဒါတောင်မှ လမ်းက ထန်းလျက်ဖိုမှာရောင်းတဲ့ တောရှောက်မြစ်အရက်စိမ် လိမ်းဆေးပုလင်းကို မကြာခဏ ဒူးနာတတ်တဲ့ အမေက လိုချင်ဟန်ပြနေလို့  ၀ယ်ခဲ့ပြန်သေးသည်။

အိမ်ကိုပြန်ရောက်တော့ အထုပ်အပိုးတွေ ဧည့်ခန်းထဲမှာ တပုံတပင်ချထားတုန်း အိမ်မှာစောင့်ကျန်ခဲ့တဲ့ အိမ်ဦးနတ်က တအံ့တသြမေးလာပါတယ်။
“ဒီ မယ်ဇယ်ပွင့်တွေ ဘာလုပ်ဖို့ ယူလာတာလဲ” တဲ့။
“ အဲဒါ မဉ္ဖူသက နတ်ပန်းတဲ့လေ”
“ဒီဟာကရော”
“ နဂါးမောက်ပန်းနဲ့နဂါးမောက်သီးတဲ့”
“အဲဒါက မုန်တိုင်ပွင့် ဆိုတာ မသိဘူးလား”
“ဟားဟား  မြင်မှ မမြင်ဖူးပဲ”
ကျမတို့နှစ်ယောက် အားရပါးရ ဟားနေတုန်း အမေကတော့ သူ့ဆေးမြစ်စုံထုပ်ကလေးနဲ့ တောရှောက်မြစ်အရက်စိမ်လိမ်းဆေးပုလင်း ကို လူမမြင်အောင် ရွှေ`့ထားလိုက်ပါတယ်။

ရယ်တုန်းကရယ်ခဲ့ပေမဲ့ ပြန်တွေးတော့ စိတ်မသက်သာလှ။
သမ္မာဇီဝဆိုတာ ဘာလဲလို့ အတွေးနယ်ချဲ့မိသည်။
  ငါ့ဝမ်းပူဆာ မနေသာလို့” “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့ စကားပုံတွေကိုတော့ ကြားဖူးမိသားပင်။
တကယ်ဆို ရထားပေါ် ကားပေါ်မှာ ရောင်းတဲ့ ဆေးနဲ့ ပစ္စည်းတော်တော်များများကို ဘယ်သောအခါမှ ကျမ ၀ယ်လေ့မရှိပါ။  သူတို့ ရောင်းချလိုက်သူတွေက များသောအားဖြင့် တခါဘဲတွေ့ရမဲ့သူတွေမို့ လိမ်ရဲညာရဲကြသည်။  အခုတော့ သာသနာ့နယ်မြေမှာပါ လိမ်ညာကုန်ကြပြီလား။

ဘုရားစောင်းတန်းမှာ သူတို့ရွတ်ပြတဲ့ ရောဂါတွေ မပျောက်ဘူးဆိုတာ သိနေပေမဲ့ ပန်းအမည်တွေကတော့ အမှန်ဘဲလို့ထင်ခဲ့တာ။  ပေးလိုက်ရတဲ့ငွေကို အလှူလို့ သဘောထားနိုင်ပေမဲ့ အခုလို ပန်းအမည် လိမ်ညာရောင်းခံ တာကတော့ တော်တော် အောင့်သက်သက် ခံစားမိပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စုံထောက်ဦးရှံစား ကာတွန်းထဲကလို ”မှားတဲ့အခါလည်း မှားပေမပေါ့” လို့ ရွတ်ရတော့လေမလား မသိပါ။

မိုးစက်ပွင့်

Tuesday, 28 June 2011

ပိုးဖလံတို့ရဲ့ည

ရွှေရောင်ညတည
အပေါင်းအဖေါ်တစုနဲ့ 
အလုအယက် သူ့ထက်ငါ
လင်းလက်တဲ့ အဆင်းရှိရာအရပ်ဆီသို့ .......

အပျော်လွန်ညတညရဲ့
တိုတောင်းတဲ့ တခဏ
စူးရှရှ မီးရောင်အောက် 
အရိုင်းအက နဲ့ မရဏသံစဉ် ချိုချို
တေးသွားတွေ သီဆိုလို့
ပြေးတမ်းလိုက်တမ်း
မမောတမ်းပေါ့

နောက်ဆုံးတော့
တကောင်ခြေရင်း တကောင်ဝပ်စင်းလို့
နုရွတဲ့ တောင်ပံကြွေလေးတွေ ဟိုဒီမှာ ပျံ့ကြဲလို့
ငြိမ်းချမ်းစွာ ထာဝရအိပ်စက်ခြင်းနဲ့
နယ်ခြားမဲ့ ၀ိဥာဉ်ကမ္ဘာ ဟိုးဝေးရာဆီသို့ .....။

မိုးစက်ပွင့်

Friday, 17 June 2011

ရေနံသာခင်ခင်ကြီး သို့မဟုတ် ဆွတ်ပျံ့သော အချစ်ဇာတ်လမ်းတပုဒ်

ရေနံချောင်းမြို့ကလေးမှာ ဧရာဝတီမြစ်ကမ်းပါးကို မေးတင်ဆောက်ထားတဲ့ မြို့ခံလူတွေကတော့ “ရေနံသာ ခင်ခင်ကြီး” အိမ်လို့ခေါ်ကြတဲ့ အိမ်အကြီးကြီး တလုံးရှိပါတယ်။  အိမ်က စနေနံဘုရားနဲ့ လမ်းသွယ်သွယ် ကလေးတခုပဲခြားပါတယ်။ တရက်မှာ အဲဒီအိမ်ကြီးကို ကျမ ကြားဖူးနားဝနဲ့ စပ်စပ်စုစု အလည်ရောက်ခဲ့ပါတယ်။ စနေနံဘုရားအခြေမှာထိုင်နေတဲ့  အဖိုးအိုကို “ရေနံ့သာ ခင်ခင်ကြီး အိမ်ကြည့်ချင်လို့  အဘ  ဆိုတော့ အိမ်ကြီးဆီကို လမ်းညွှန်ပြပေးပါတယ်။
အိမ်ရဲ့ ခြံစည်းရိုးတွေက လုံးဝနီးပါး ပြိုပျက်နေပါတယ်။ တချိန်တခါက အကာအရံဖြစ်ခဲ့ပုံရတဲ့ အုတ်ရိုးထူထူတွေကို တွေ့ရပါတယ်။  မြစ်ကမ်းနားမှာမို့ ရေတိုက်စားမှုကို အုတ်ရိုးတွေနဲ့ ကာကွယ် ထားခဲ့ပုံပါဘဲ။  အိမ်ရှေ့မှာတော့ မြတ်လေးပန်းရုံကလေးကို ခပ်ပါးပါးတွေ့ရတယ်။  အိမ်ကို ဘေးကနေ လှည့်ပတ်ကြည့်တော့ အနုစိတ်လက်ရာ အလှအပတွေကို တွေ့ရပါသေးတယ်။  တချိန်တုန်းကတော့ သိပ်ကို လှပခံ့ညားခဲ့မှာပါ။



အိမ်ထဲကို အသံပြုကြည့်တော့ အသက် ၄၅လောက် ခပ်ပိန်ပိန်အမျိုးသားတယောက် ထွက်လာပါတယ်။  ကျောင်းဆရာတဲ့ ။ ဒီအိမ်ကြီးရဲ့ အမျိုးတော်စပ်တယ်လို့ ပြောပါတယ်။ အိမ်ကြီးက နှစ်၁၀၀ ကျော်ပြီမို့ တချို့နေရာတွေ ဘိလပ်မြေနဲ့ မံပြီးပြင်ထားရတယ် လို့လည်း ပြောပြပါတယ်။  “အိမ်အပြင်ကိုတော့ ကြည့်ပါ၊ အိမ်ထဲကတော့ ရှုပ်ပွနေတာမို့ မကြည့်ပါနဲ့”လို့ ပြောပါတယ်။ စိတ်ရင်းအတိုင်းပြောတာ သိသာတာမို့ ကျမတို့လည်း အတင်းမတောင်းဆိုပါ။  မသိမသာလေးခိုးကြည့်တော့လည်း သူပြောသလိုဘဲ အဟောင်းအမြင်းးတွေနဲ့  ရှုပ်ပွနေတာပဲ မြင်ခဲ့ရပါတယ်။  အဲဒီလို အိမ်အို အိမ်ဟောင်း လှလှကြီးတွေမြင်တိုင်း ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလို၊ ပျက်စီးသွားမှာ စိုးရိမ်သလိုလို အမြဲခံစားမိပါတယ်။  အားနာတာရော အချိန်နည်းနေတာကြောင့်ရော ကျမတို့ ဒီထက်ပိုပြီး မစပ်စုခဲ့မိကြပါဘူး။ ၀တ္တုကို မဖတ်ရသေးတာလည်း ပါပါတယ်။

စာရေးဆရာ မောင်သိန်းဆိုင်ရဲ့  “ရေနံ့သာခင်ခင်ကြီး” ၀တ္တုက စာပေလောကမှာ လူသိများလှလို စာရေးသူ အသက်သုံးဆယ်အရွယ်မှာ ရေးခဲ့တဲ့  သူ့ရဲ့ စာရေးသက်တလျှောက်မှာ အကောင်းဆုံးလက်ရာ လို့ ဆိုစမှတ်ပြုကြပါတယ်။  အိမ်ကြီးကိုရောက်ပြီး နှစ်လလောက်ကြာတော့မှ စာအုပ်စုတဲ့ ညီမလေးတယောက်ဆီက ကျမရှာနေတဲ့ “ရေနံ့သာခင်ခင်ကြီး” ၀တ္တုကို ဖတ်ရတော့တာပါ။  ရေငတ်တုန်းရေတွင်းထဲ ကျသလိုပါဘဲ။ အင်္ဂလိပ်ကိုလိုနီခေတ်နှောင်းပိုင်း၊ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံပြုရေးဖွဲ့ထားတဲ့  ရေနံတွင်းရိုး တွင်းစားသူဌေးမိသားစုနှစ်စုရဲ့ အချစ်နဲ့ရန်ငြိုး မြင်ကွင်းကျယ် ၀တ္တုရှည်ကြီးဖြစ်ပါတယ်။  လက်ကမချချင်အောင် ဆွဲဆောင်မှုရှိပါတယ်။ ဇာတ်လမ်း အကျဉ်းချူပ်ကလေးကို ဒီနေရာကနေ မျှဝေချင်မိပါတယ်။

ဝတ္တုထဲမှာ ရေနံ့သာ ဆိုတဲ့ မြို့အမည်ဖြစ်ပေါ်လာပုံကိုလည်း ဇာတ်လမ်းအစမှာ မှတ်သားခဲ့ရပါတယ်။ ရှေးဘုရင်ခေတ်က ရေနံကို စတင်တွေ့ရှိခဲ့ချိန်မှာ သူ့ရဲ့ အနံ့ကသင်းပျံ့တဲ့အတွက်  တွေ့တဲ့အရပ်ကို “ရေနံ့သာ”လို့ ခေါ်ခဲ့ပါတဲ့။ နောင်အခါမှာ ဘုရင်မင်းက ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးဆင်းတဲ့ မိဘုရား ခုနှစ်ဖေါ်ကို အချိန်မီပြန်မရောက်လို့ အမျက်ရှပြီး ကွပ်မျက်တဲ့အခါ မြေအောင်သယံဇာတဖြစ်တဲ့ ရေနံဟာလည်း အမွှေးနံ့တွေ ကွယ်ပျောက်လို့ နံလာတဲ့အတွက် “ရေနံ”အမည်တွင်လာရသလို   မြို့ရဲ့အမည်ကလည်း “ရေနံချောင်း” ဖြစ်လာရပါသတဲ့။

အဲဒီ ရေနံချောင်းမြို့က ဦးကောင်းမိုး နဲ့ ဦးအောင်ခန့်ဆိုတဲ့ ရေနံတွင်းသူဌေး နှစ်ယောက်ရဲ့ အမုန်းအားပြိုင်မှုကနေ  ဦးကောင်းမိုးရဲ့သား “မောင်မောင်ဦး” နဲ့  ဦးအောင်ခန့်ရဲ့သမီး  “ခင်ခင်ကြီး” တို့ရဲ့ အချစ်လွန်ဆွဲမှုကို စာရေးဆရာက ကလောင်စွမ်းနဲ့ သရုပ်ဖေါ်ထားပါတယ်။ မျိုးနဲ့ရိုးနဲ့ ရေနံတွင်းပိုင်တဲ့ “တွင်းရိုး” ဦးကောင်းမိုးက  သူနဲ့ အချစ်လုဖက်ဖြစ်တဲ့ “တောင်ပံနီတွင်းစား” ဦးအောင်ခန့်ကို အမုန်းကြီးမုန်းပါတယ်။  ဒေသအခေါ်အရ တောင်ပံနီ ဆိုတာက သူခိုးဂျပိုးလို့ အဓိပ္မါယ်ရပေမဲ့ “တောင်ပံနီတွင်းစား” ဆိုတာက ကိုယ့်ဘာသာကိုယ်ကြိုးစားပြီး ရေနံတွင်းပိုင်ဖြစ်လာတာကို ပြောတာပါ။  “တွင်းရိုး”တွေက ယောက်ျားမျိုး၊ မိန်းမမျိုး ဆိုပြီးကွဲပြားကြပါတယ်။  ယောက်ျားမျိုးက သားတွေကိုသာ အမွေပေးပြီး၊ မိန်းမမျိုးကတော့ သမီးတွေကသာ ရေနံတွင်းရိုးအစဉ်ကို ဆက်ခံရပါတယ်။  ဦးအောင်ခန့်ရဲ့ဇနီး ဒေါ်မြလေးက တွင်းရိုးဖြစ်တဲ့အတွက် သမီးခင်ခင်ကြီးက အမွေခံပါ။   ဦးအောင်ခန့် စီးပွားတက်လေလေ၊  ဦးကောင်းမိုးက မနာလိုစိတ်ကြီးလေလေပါ။  သူကိုယ်တိုင်ကတော့ လက်ကြောမတင်းတဲ့အတွက် စည်းစိမ်တွေ လျော့သထက် လျော့နေသူတယောက်ပါ။ ဦးအောင်ခန့်ကို လူလွှတ်ပြီး မီးရှို့တဲ့အထိ ကြံစည်ခဲ့ဖူးပါတယ်။

တဖက်မှာတော့ မောင်မောင်ဦးနဲ့ ခင်ခင်ကြီးအကို ခင်မောင်ညွန့်က ရန်ကုန်မှာ ကျောင်းနေဖက်တွေပါ။ လူကြီးတွေ ကွယ်ရာမို့ သူတို့ချင်း ခင်ခင်မင်မင် ရှိကြပါတယ်။  ဒီလိုနဲ့ သူတို့တက္ကသိုလ်ကပြန်လာချိန်မှာ အိမ်ကလူတွေ သဘောင်္ဆိပ်ကိုဆင်းပြီး တခမ်းတနားကြိုကြပါတယ်။   အဲဒီမှာ ဆဲ့ခြောက်နှစ်အရွယ် လှသွေးကြွယ်စ ခင်ခင်ကြီးကို မောင်မောင်ဦးက သတိထားမိပြီး စိတ်ဝင်စားမိသွားပါတယ်။   သိပ်မကြာခင် ဘုရားပွဲတခုမှာ အိမ်နဲ့လူအုပ်ကွဲသွားတဲ့ ခင်ခင်ကြီး ထပ်တွေ့ပြီး  ချစ်ဇာတ်လမ်းစခဲ့ကြပါတယ်။  တစစနဲ့ အိမ်နောက်မှာ ညဖက်ချိန်းတွေ့တဲ့အထိ ဖြစ်ပြီး နယ်ကျွံစည်းကျွံ ဖြစ်ခဲ့ကြပါတယ်။  

တဖက်မှာလည်း  ခင်မောင်ညွန့်နဲ့ အလုပ်သမားတန်းလျားက မိန်းကလေး မ၀င်းရီနဲ့ကလည်း ချစ်ကြိုက်နေကြပါတယ်။  အဲဒီမှာတင် ဦးအောင်ခန့်က သားကို အိမ်က နှင်ချပါတယ်။ ခင်ခင်ကြီး  ကိုယ်ဝန်ရှိတာ သိတဲ့အချိန်မှာတော့ ဦးအောင်ခန့်ရဲ့ ဒေါသတွေ အထွတ်အထိပ်ရောက်တော့တာပါဘဲ။  သမီးကိုလည်း အိမ်ကနေ မောင်းထုတ်လိုက်ပါတယ်။   ခင်ခင်ကြီးက မောင်မောင်ဦးကို ရန်ကုန်ဆင်းရှာပေမဲ့  လူချင်းလွဲသွားခဲ့ပါတယ်။  မြို့ကိုပြန်လာတော့ မြို့အ၀င်မှာ တောင်ကျချောင်းရေစီးလို့ ရေထဲမြောပြီး သေမလိုဖြစ်ခဲ့ပြန်ပါတယ်။  အဲဒီမှာ ရေနံမြေအလုပ်သမား ကိုညိုထွန်းက ကယ်ဆယ်စောင့်ရှောက်ထားခဲ့လို့ ကျောက်ပန်းတောင်းမှာ ဇာတ်မြှုပ်ပြီး သမီးကလေး မွေးခဲ့ရပါတယ်။  

သတင်းအစအနမရတော့တဲ့ ခင်ခင်ကြီးကို အလွန်ချစ်တဲ့ ဖွားအေကြီး အိပ်ယာထဲလဲပြီး သေခါနီးဖြစ်နေချိန်မှ ခင်ခင်ကြီးကို  ရေနံ့သာအိမ်တော်က လူယုံကြီးက ပြန်တွေ့သွားခဲ့ပါတယ်။  ဖွားအေကြီးကို ပြန်တွေ့ဖို့  သွားရာမှာ အဖေဖြစ်သူက “တယောက်တည်းလာခဲ့ရမယ်” ဆိုလို့ ကလေးကို ခဏအပ်ထားခဲ့ရပါတယ်။ ခင်ခင်ကြီး လက်ပေါ်မှာ ဘွားအေကြီးဆုံးသွားတယ်။  မကြာခင်ဘဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာလို့ ပြေးကြလွှားကြနဲ့  ကလေးကိုခဏမွေးပေးထားတဲ့ မိသားစုလည်း ပျောက်သွားပါတယ်။ 

ခင်ခင်ကြီးရဲ့ သောကတွေက ဒီမှာတင် မရပ်သေးပါဘူး။  ဂျပန်တွေဝင်လာချိန်မှာ ဂျပန် အလိုတော်ရိ ဖြစ်လာတဲ့ ဦးကောင်းမိုးက ဦးအောင်ခန့်ကို အကွက်ဆင်ပြီး အဖမ်းခံရအောင်လုပ်ပါတယ်။ မြို့ကိုပြန်ရောက်လာတဲ့ မောင်မောင်ဦးက ဖခင်ကိုတောင်းပန်ပြီး ဦးအောင်ခန့်လွတ်လာအောင်၊ ဒါမှလည်း သူနဲ့ ခင်ခင်ကြီး ပြန်ပြီးနီးစပ်လာအောင် ကြိုးစားပါတယ်။  ဒါပေမဲ့ ဦးအောင်ခန့်က ဦးကောင်းမိုးရဲ့ မထေမဲ့မြင်စကားတွေကို သည်းမခံနိုင်လို့ အချူပ်ထဲမှာ သတ်ပုတ်လုံးထွေးရာကနေ ဂျပန်စစ်သားက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။  သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ဝေးသထက်ဝေးခဲ့ကြပါပြီ။

စစ်ပြီးချိန်မှာတော့ ခင်ခင်ကြီးလည်း ရေနံချောင်းကို စွန့်ခွာပြီး ရန်ကုန်မြို့မှာ အခြေချနေထိုင်ခဲ့ပါတယ်။  “ရေနံ့သာ ကုမ္မဏီ” ကို ထောင်ပြီး စီးပွားရှာပါတယ်။ ရုပ်ရည်ရော၊ ဥစ္စာဓနပါပြည့်စုံတဲ့ ခင်ခင်ကြီးကို  ချစ်လိုခင်လိုသူတွေ ၀ိုင်းဝိုင်းလည်နေပေမဲ့ သူမကတော့ လုံးဝစိတ်မ၀င်စားခဲ့ပါ။ အသည်းနှလုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ မာကြော နေခဲ့ပြီထင့်။  သူမကို အများက “ဒေါ်ရေနံ့သာ ခင်ခင်ကြီး”  လို့ ခေါ်ကြသလို သူမကလည်း အဲသလိုခေါ်မှ ကြိုက်သည် တဲ့။

ဦးကောင်းမိုးကတော့ ဇနီးသည်လည်းဆုံး၊ စီးပွားလည်းပျက်တဲ့ပြင်၊ မကောင်းတဲ့ မိန်းမကို အိမ်ပေါ်တင်ထားတဲ့အထိ ပျက်စီးခဲ့ပြီး၊  နောက်ဆုံး သူ့ရဲ့ အကုသိုလ်တွေ ခြောက်လှန့်ခံရကာ ရူးသွပ်သွားခဲ့ပါတယ်။ မြို့ပေါ်ကနေ ခြေရာဖျောက်သွားတဲ့ မောင်မောင်ဦးကလည်း တခါတရံ ရန်ကုန်က ခင်ခင်ကြီးအိမ်ရှေ့ကို မယောင်မလည် လာကြည့်တတ်ပါတယ်။  မောင်မောင်ဦးကိုယ်တိုင်ကတော့ ကျမ်းမာရေး အလွန်ချို့တဲ့နေပါပြီ။  ကံမကောင်းစွာနဲ့ သူတို့နှစ်ယောက်အကြောင်း သိခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းက မောင်မောင်ဦးအမည်ကို အလွဲသုံးစားလုပ်ပြီး ခင်ခင်ကြီးကို ငွေညှစ်ခဲ့တာ၊  သမီးလေးနဲ့ရုပ်ချင်းဆင်လို့ ခင်ခင်ကြီးမွေးစားထားတဲ့ မိန်းကလေးကို မောင်မောင်ဦးက ဒုက္ခပေးတယ်လို့ အထင်လွဲတာ ရောပြီး၊ နောက်ဆုံး ခင်ခင်ကြီးက သေနတ်နဲ့ ပစ်ဖို့လုပ်ပါတယ်။  “အစ်ကို ရှင်းပြပါရစေ ညီမရယ်” လို့ အတန်တန်တောင်းပန်ပေမဲ့ ခင်ခင်ကြီးရဲ့ နားမှာမချို မကြားလိုတော့ပြီ။  နောက်ဆုံးတော့ အမုန်းကြွေးတွေကို အသက်နဲ့သာ ပေးဆပ်တော့မယ်လို့ ဆုံးဖြတ်ပြီး သေနတ်နဲ့အပစ်ခံလိုက်သည်။  ကျည်ဆံတချက်အထွက်မှာ “ ညီမ- ပြေး၊ ပြေး” လို့ စိုးရိမ်စိတ်နဲ့ သတိပေးခဲ့ပြန်သည်။

ခင်ခင်ကြီးကတော့ ရဲစခန်းကိုသာ တန်းသွားပြီး အဖမ်းခံခဲ့တော့သည်။  ၀တ္တုလေးရဲ့ အဖွင့်က အချူပ်ခန်းထဲမှာ သုံးနှစ်တိတိနေနေရတဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးက သူမရဲ့ ၄၅နှစ်မြောက်မွေးနေ့မှာ  နောက်ကြောင်းပြန် စဉ်းစားပုံကလေးတွေကို စီကာစဉ်ကာ ရေးဖွဲ့ထားသည်။

နောက်ဆုံး တရားရုံးဆုံးဖြတ်ချက်ကတော့  နာကျင်ဖွယ် အတိတ်၊  သေသူရဲ့ ယိုယွင်းနေတဲ့ကျန်းမာရေး၊ တတောင့်တည်းသောကျည်ဖြစ်ခြင်း၊ အချူပ်သုံးနှစ်ခံပြီးဖြစ်ခြင်း  စတာတွေကြောင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးကို တရားသေ လွှတ်လိုက်တော့သည်။  အချူပ်ကလွှတ်လာတဲ့ ခင်ခင်ကြီးကို လာကြိုသူတွေက လေဆိပ်ကို တန်းခေါ်သွားသည်။  သူမရဲ့ သမီးရင်းကလေး “နွယ်နွယ်ထွန်း” က မွေးစားမိဘတွေရဲ့ ပျိုးထောင်မှုအောက်မှာ   နိုင်ငံခြားကနေတောင်ပညာသင်ပြီး ပြန်လာပြီတဲ့။

ဇာတ်လမ်းက အပျော်နဲ့ ဇာတ်သိမ်းထားပေမဲ့ ရင်ထဲမှာ ဆွေးလို့သာ ကျန်ခဲ့သည်။ ချစ်ကံခေတဲ့ ခင်ခင်ကြီးနဲ့ မောင်မောင်ဦး၊ အဘိဇ္ဈာကြီးတဲ့ ဦးကောင်းမိုး နဲ့ အတ္တကြီးတဲ့ ဦးအောင်ခန့် တို့ရဲ့ ပုံရိပ်တွေက အတွေးထဲမှာ တရစ်ဝဲ၀ဲ။   “ဓါတ်ပုံကောင်းတော့ ပန်းချီလို၊ ပန်းချီကောင်းတော့ ဓါတ်ပုံလို” ဆိုတဲ့စကားလိုဘဲ  “၀တ္တုဆန်သောဘ၀” ရှိရင် “ဘ၀ဆန်သော ၀တ္တု” တွေ ရှိနေတာပါဘဲ။  ဒီမိသားစုတွေ အပြင်မှာ တကယ်ရှိခဲ့သလားလို့  ထင်မှတ်မှားစရာဖြစ်နေသည်။

ခင်ခင်ကြီး အပြင်မှာ တကယ်ရှိခဲ့သလား

ဝတ္တုရေးသူကတော့ တကယ့်ဖြစ်ရပ်ပါလို့ ရေးမထား။
ဒေသခံတချို့ကတော့ အခုအိမ်ကြီးမှာ တကယ်ဘဲ စီးပွားပျက်သွားတဲ့ သူဌေးကြီးတယောက် ရှိခဲ့ဖူးသတဲ့။ သမီး ရှိမရှိတော့မသိ။  သူ ဘေးသင့်ရတာကလည်း (စနေနံ) ဘုရားရိပ်မှာ အိမ်ဆောက်နေလို့ ဆိုပြီး အယူရှိသူများက ပြောကြသည်။ ဘာဘဲဖြစ်ဖြစ် မောင်သိန်းဆိုင်က ဒီအိမ်ကြီးကို အခြေခံပြီး ရေးခဲ့တာတော့ အမှန်ဘဲ လို့ဆိုသည်။ 

ကျမအတွက်တော့ “ရေနံ့သာခင်ခင်ကြီး” ဟာ  ဆွတ်ပျံ့တဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါဘဲ..



မိုးစက်ပွင့်

Monday, 6 June 2011

ငရဲပန်း

၁၉၈၀ နှောင်းပိုင်း တ၀ိုက်က“ ငရဲပန်းလော၊ ရွှေပန်းလော” “အဖြူ သို့မဟုတ် သေမင်းတမန်” သဖြင့် တွင်တွင်ကျယ်ကျယ် တင်စားခေါ်ဝေါ်ကြတဲ့  ဘိန်းပန်းကလေးတွေပါ။  မြင်ရုံနဲ့ စွဲလမ်း ယစ်မူးချင်လောက်အောင် အရောင်စုံစုံ  ညှို့ချက်ပြင်းပါဘိ။ အောက်ပါပုံကလေးတွေကတော့ ၂၀၀၄၊ ၂၀၀၅ ခုနှစ်တ၀ိုက်က နယ်စပ်ဒေသမှာ ကျမသူငယ်ချင်းမကလေး ရိုက်ခဲ့တာပါ။ 

“ငရဲပန်း” ဆိုတဲ့စကားလေးကတော့ ရှေးနိပါတ်တော်လာ (မိတ္တ၀ိန္တက) သတို့သားပုံပြင်ကနေ လာပါတယ်။  ( မှတ်မိသလောက် ဖြီးဖြန်းတော့မှာမို့ တတ်သိသိပြီးသားသူတွေ ကျော်ဖတ်နော်-အဟဲ)။  သတို့သားဆိုတာ bridegroom လို့ပြောချင်တာ မဟုတ်ပါဘူးနော်။  man-folk ပေါ့။ အဲဒီ(မိတ္တ၀ိန္တက)ဆိုတဲ့ လူကြီးဟာ တော်တော် အကုသိုလ်ကြီးခဲ့တယ် ဆိုပဲ။ ပင်လယ်အပျော်ခရီးထွက်ဖို့အတွက် ခွင့်တောင်းတာ မိခင်က ခွင့်မပြုလို့  သူမကို ကိုယ်ထိလက်ရောက် တွန်းလှဲပြီး အနာတရဖြစ်စေခဲ့တယ်။  ပြီးတော့မှ ပင်လယ်ခရီးကို ပျော်ပျော်ကြီးထွက်သွားတော့သတဲ့။   (ကြားထဲကဟာတွေ ဖလင်ရစ်သလို ကျော်လိုက်တော့မယ်) ။  နောက်ဆုံး ငရဲရောက်တော့ သူများခေါင်းပေါ်က ငရဲပန်းကြီးကို အမြင်တွေ မှောက်မှားပြီး အလွန်လှပတင့်တယ်တဲ့ ရွှေအတိပြီးတဲ့ပန်းကြီးလို့ ထင်ပြီး သူ့ကိုပေးပါလို့ တစာစာတောင်း သတဲ့။  ငရဲခံနေရတဲ့ပုဂ္ဂ္ဂိုလ်ရဲ့ အော်သံဟစ်သံကိုလည်း သူ့ရဲ့နားထဲမှာ အလွန်ချိုမြသာယာတဲ့ သီချင်းသံလို့ ကြားမိသတဲ့။ တဖက်လူကလည်း သူ့ခေါင်းပေါ်က ရွက်ထားရတဲ့ စက်ဟာ သင်တုန်းဓါးပေါင်းများစွာနဲ့ ဦးခေါင်းကို ထိုးစိုက်မွှေနှောက်နေတာမို့  သူ့မှာ ကယ်ပါယူပါ တစာစာ အော်နေရတာပါလို့ အမှန်အတိုင်းပြောပေမဲ့ သူကမယုံဘဲ အသင်မပေးချင်လို့ လိမ်လည်ပြောတာမို့လားလို့ စွပ်စွဲသတဲ့။  နောက်ဆုံးတော့ လက်ရှိငရဲသားက ငါလည်း ငရဲကျွတ်ချိန်တန်ပြီထင်ပါရဲ့လို့ တွေးမိလာပြီး “ကဲ၊ ရော့ ..... အသင်လက်ခံယူလေလော့” ဆိုပြီး မိတ္တ၀ိန္တကကြီးခေါင်းပေါ် ငရဲပန်းတင်ပေးလိုက်တော့မှ သူ့ခမျာ မချိမဆံ့နာကျင်တဲ့ ဝေဒနာနဲ့ နှစ်ပေါင်းများစွာ ငရဲဆက်ခံ နေရပါလေရော...။  ဒါကြောင့်မို့  (အမြင်မှောက်မှားစွာ၊ အယောင်ဆောင်စွာ) လှပနေတဲ့  ပန်းကို  ငရဲပန်းလို့ ခေါ်ကြတာပေါ့ကွယ်။

အောက်က ငရဲပန်းကလေးတွေကတော့ လှလွန်းပေရဲ့။
ဘိန်းသီးသားငယ်ကို ရင်မှာလွယ်ထားတဲ့ ငရဲပန်းမိခင်လောင်း။


အဆင်းကတော့ ထွေးပိုက်ချင်စရာ။
တောင်တန်း စိမ်းပြာပြာနဲ့ ပဏာတင့်ပေရဲ့။ တကယ်လည်း ပေသုံးလေးထောင်အထက် အေးမြတဲ့ရာသီဥတုကိုမှ သူတို့က နှစ်သက်ပါသတဲ့။ 
မိခင်နှင့်သားငယ်ပမာ..... ဘိန်းပွင့်အလည်က ပေါက်ဖွားလာတဲ့ ဘိန်းသီးအလှ။
 
လောကအလည် မာန်ထည်လို့တ၀င့်ဝင့်နဲ့ တင့်လှပေဟန်။

အဖေါ်အပေါင်းတစုနဲ့  ပျော်နေတဲ့ ကိုကိုဘိန်းသီးတွေ။
တောင်ပေါ်သူနဲ့ ငရဲပန်း။
တောင်ပေါ်သူဆင်းရဲသမများကတော့ သူ့ရဲ့အစေးကို ဒီလိုခြစ်လို့  ၀င်ငွေရှာရပါသတဲ့။  သူ ခြစ်ထုတ်ယူငင်လိုက်တဲ့ ဘိန်းစေးလေးတွေကနေ ဘိန်းမည်း၊ ဘိန်းဖြူဘ၀ကို ကူးပြောင်းပြီး လူ့အသက်ပေါင်းများစွာကို နုတ်ခြွေပစ်လိမ့်မယ်ဆိုတာ မသိနိုင်တော့ပြီလေ။  ငါ့ဝမ်းပူဆာ မနေသာ လို့ ဆိုသကိုး...။
 ဘိန်းပန်းကလေးတပွင့်ရဲ့ရာဇ၀င်ကို ဇာတ်လမ်းကလေးတပုဒ်လို  ကျကျနန လှလှပပ ရေးချင်ပေမဲ့ အတွေးစတွေ ယက်ရှယ်ဖို့၊ အကိုးအကားတွေရှာဖို့ အခြေအနေမပေးတာကြောင့်  ရှိသမျှသိသမျှနဲ့ဘဲ ကသောကမျော ရေးချလိုက်ရပါတယ် ......။

(အလောတကြီးနဲ့ ပုံတွေတင်ပြီးမှ မြန်မာစာဖောင့်ပျောက်နေလို့ အခုမှ စာတွေ လိုက်ဖြည့်ဖြစ်တယ် ..... စောစောပိုင်းက မပြည့်မစုံဖတ်လိုက်ရတဲ့ သူငယ်ချင်းများကို တောင်းပန်ပါတယ်)

မိုးစက်ပွင့်

Photo Credit:   Lily and Liu Dageng