Sunday 13 January 2013

နတ်မတောင်သို့ တခေါက် (၃)

ည၁၂နာရီအထိနှစ်သစ်ကို ကြိုထားတာမို့ အိပ်ယာက မထချင်အောင် ဆွဲထားတဲ့ အပျင်းဓါတ်နဲ့ အအေးဓါတ်ကို အံတုပြီး ဇန်န၀ါရီ၁ရက်ရဲ့ အရုဏ်ဦးနဲ့ တဖြေးဖြေးချင်း   ပေါ်ထွက်လာတဲ့   နေလုံးနီကြီးကို စောင့်ကြည့်ဖြစ်  ခဲ့ပါတယ်။ တကယ်တော့ နှစ်သစ်ရဲ့ နေ့သစ် ဟာလည်း တခြားတခြားသော ခါတိုင်းနေ့တွေလိုပါဘဲလေ...။

မနက်စာမစားခင် အနီးအနားက တောင်ကုန်းကလေးတွေဆီ အပေါင်းအဖေါ်များနဲ့အတူ လမ်းလျောက်ဖြစ်ခဲ့ကြပါတယ်။  လမ်းကလေးက ကွေ့ကွေ့ကောက်ကောက် နိမ့်ချည်မြင့်ချည်နဲ့ ကဗျာဆန်လှပါတယ်။  လမ်းပေးက ယိမ်းနွဲ့နေတဲ့ ကိုင်းပင်ဖြူဖြူကလေးတွေကလည်း မျက်စေ့ပသာဒ ဖြစ်လို့နေပေရဲ့..။  လတ်ဆတ်တဲ့ မနက်ခင်းလေအေးအေးကို အဆုတ်အပြည့် ရှိုက်သွင်းပြီး လမ်းလျောက်ရတာမို့ လူကလန်းဆန်းလို့နေပါတယ်။  သူငယ်ချင်းက ” ငါတို့ရဲ့ မြို့ပြလေ ညစ်ညမ်းညမ်းကို ရှုနေရတဲ့ အဆုတ်တွေကို ဒီမှာလာပြီး ဆားဗစ်စင်ဝင်တာပေါ့”  ဆိုတဲ့စကားကို   ခေါင်းတညိတ်ညိတ်   ထောက်ခံလိုက်ပါတယ်။


 သွားရင်းနဲ့ တောလမ်းကလေးတခုကို မြင်တော့ စပ်စပ်စုစု တိုးဝင်လျောက်ကြည့်မိပါတယ်။  လား လား တွေ့လိုက်ရတဲ့ မြင်ကွင်းက စိတ်မသက်သာစရာပါ။  လှပတဲ့ ချင်းသမီးပျိုရဲ့ နောက်ကျောက ဒဏ်ရာတွေ အမာရွတ်တွေကို မြင်လိုက်ရသလိုပါပဲ။  တော်တော်ကြာကြာက ခုတ်ပြီးတဲ့ ထင်းရူးပင်သစ်ငုတ်တွေ၊ လတ်လတ်ဆတ်ဆတ် ခုတ်လှဲဆဲ သစ်ပင်တွေ၊ ဖရိုဖရဲ ပြန့်ကြဲနေတဲ့ အကိုင်းအခက် တွေကို  တွေ့လိုက်ရလို့ပါ။ ရင်ထဲမှာ နှမြောသလိုလိုကြီး ဖြစ်မိပါတယ်။
 အတုံးအရုံးလဲနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးမားမားရပ်နေတဲ့ သစ်တပင်နဲ့ ဆိုင်းဘုတ်တခုကို   တွေ့တော့ အနီးကပ်သွားပြီး စပ်စပ်စုစု ဖတ်ကြည့်မိတယ် “..........” တဲ့။   တော်တော်နောက်တဲ့ သူတွေဘဲ လို့ တွေးမိတယ်။  ဒီသစ်ပင်တွေက ထင်းအတွက်တော့ ဟုတ်ဟန်မတူ။  အဆောက်အဦ တခုခုအတွက် မြေနေရာ ရှင်းလင်းနေတဲ့ ပုံစံပါဘဲ။  သက်ဆိုင်သူတွေ တာဝန်ရှိသူတွေ မသိကြတာလား၊ ကိုယ်တိုင်ဘဲ ပါဝင်လုပ်ဆောင်နေတာလားတော့ သူတို့ကိုယ်တိုင်သာ သိကြမှာပါလေ။
လေးလံတဲ့ ခြေလှမ်းတွေနဲ့ လမ်းမပေါ်ပြန်တက်တော့ တွေ့ရပြီပါပြီ စိတ်ဝင်စားစရာတခု။  သူငယ်ချင်းက လက်ညှိုးတထိုးထိုးနဲ့။  မျက်စေ့မွဲတဲ့ ကျမက တော်တော်နဲ့ မမြင်နိုင်။  သြော်- ရာဘာ ဖိနပ်ကလေး တရံပါလား။  ဖင်နောက်မြီးပြတ်နေတဲ့ ကလေးဖိနပ်ကလေးကို ကြည့်ရင်း သူ့ရဲ့ ပိုင်ရှင်ကို     မြင်ယောင်တွေးမိနေပါတယ်။  သူ့ရဲ့ နောက်မြီးပြတ်ဖိနပ်ကလေးကို သဲကြိုးပါပြတ်သွားတော့မှ အပြီးအပိုင် စွန့်ပစ်ခဲ့ပုံရပါတယ်။  နောက်ထပ်ဖိနပ်အသစ်တရံ ဘယ်တော့မှ စီးရမလဲဆိုတာလည်း  သူကိုယ်တိုင်တောင် သိမဲ့ပုံ မပေါ်ပါလေ။  ဖိနပ်တွေ ကြိုက်တတ်လို့ အသစ်အဆန်းမြင်တိုင်း တရံပြီးတရံ ၀ယ်စီးမိတတ်တဲ့ ကျမတို့တတွေကို ဒီဖိနပ်ကလေးက (ခဏတာ) ရှက်ရွံ့သိမ်ငယ်စေခဲ့ပါတယ်။

တနာရီကျော်ကျော်လောက် လမ်းလျှောက်ပြီးတော့ ဟိုတယ်ပြန်ပြီး မနက်စာ စားကြပါတယ်။ မနက်ဆယ်နာရီမှာ မြို့ထဲသွားဖို့ ချိန်းလိုက်ကြပါတယ်။  

ကန်ပက်လက်မြို့ရဲ့ လေ့လာရေးအစီအစဉ်မှာ ပထမဆုံး သွားကြမှာက နတ်မတောင် အမျိုးသားဥယျာဉ် ရုံးကိုပါ။  ကားပေါ်ကနေ ဆူဆူညံညံ ဆင်းလာတဲ့ အမျိုးသမီးတသိုက်ကိုကြည့်ပြီး ရုံးဝန်ထမ်းတွေက အံ့သြမင်သက်နေကြပါတယ်။  ကိုယ့်ကိုယ်မိတ်ဆက်ပြီး နတ်မတောင်ဥယျာဉ်အကြောင်း မေးကြမြန်းကြ စပ်စုကြပါတော့ တယ်။  

သိသလောက်ပြန်ပြိး ဖေါက်သည်ချရမယ်ဆိုရင် အမျိုးသားဥယျာဉ်ဆိုတာ သစ်တောဦးစီးဌာန  လက်အောက်မှာရှိပြီး     ကြိုးဝိုင်းတော၊ ဘေးမဲ့တော တို့ထက် အဆင့်မြင့်ပါတယ်တဲ့။  နတ်မတောင် အမျိုးသားဥယျာဉ်က ကန်ပက်လက်၊ မင်းတပ်၊ မတူပီ မြို့နယ်၃ခု ဖြန့်ကျက်ခြုံလွှမ်းပြီး အကျယ် ၁၇၆၃၀၀ ဧကတောင် ရှိတယ်ဆိုပဲ။ ရုံးနံရံမှာ ဥယျာဉ်တခုလုံးရဲ့ မြေပုံကိုချိတ်ဆွဲထားပါတယ်။ သစ်တောထဲက မျိုးစိတ် နမူနာ ယူထားတဲ့ သစ်ခွမျိုးပေါင်းရာကျော်ရှိပြီး ငှက်မျိုးတွေလည်း တော်တော်စုံတယ်လို့ သိရပါတယ်။  အတွေ့များတဲ့ တိရိစ္ဆာန်တွေကတော့ ကျားသစ်၊ ဆတ်၊ ပြောင်၊ တောဝက်၊ ဂျီ၊ ၀က်ဝံ တို့ ဖြစ်တယ်လို့ ပြောပြပါတယ်။

စပ်စုလို့ ပြီးတာနဲ့ ဥယျာဉ်ရုံးရဲ့ စိုက်ပျိုးရေးခြံကို   လေ့လာကြပါတယ်။  ခြံက ပေအစိတ်၊   ပေလေးဆယ်လောက် ရှိမယ်လို့ မှန်းရပါတယ်။  အထဲမှာ သိပ်မများပေမဲ့ ထူးဆန်းတာလေးတွေကိုတော့ မှတ်သားခဲ့ရပါတယ်။ ဥပမာ တောင်ဇလပ်က အနီတမျိုးထဲမဟုတ်ဘဲ အဖြူနဲ့ အ၀ါ ရှိသေးကြောင်း၊  သူတို့ရဲ့ အပင်ပုံစံအသေးလေးတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။  သစ်ခွပင်လေးတွေ၊ သစ်ခွပွင့်လေးတွေကတော့ ဘာလိုအပ်တယ်မသိ၊ သိပ်ပြိး မသန်စွမ်းရှာကြပါဘူး။



အောက်က ပုံကတော့ ကျမ အမည်သာကြားဖူးပြီး အပင်တခါမှမမြင်ဖူးတဲ့ ”နတ်ဆေးဂမုန်း” ပင်ပါ။ ဒီလောက် ရှားပါးပြီး ဆေးဖက်ဝင်တဲ့အပင်ကို စီးပွားဖြစ်စိုက်ပြီး နိုင်ငံခြားဆေးကုမ္မဏီတွေကို အိတ်စပို့လုပ်လိုက်ရောပေါ့ လို့ ဦးနှောက်သေးသေးလေးနဲ့ တွေးမိနေသေးရဲ့ ....။

ကန်ပက်လက် အမျိုးသားဥယျာဉ်ရုံးဟာ အချက်အခြာကျတဲ့ ကုန်းမြင့်တခုမှာ တည်ထားပါတယ်။ အဲဒီကုန်းမြင့်က ၁၅၄၉ မီတာ (၅၁၁၁ပေ) မြင့်တာကြောင့်၊ သူ့ထက်ပေငါးရာကျော်နိမ့်တဲ့ ကန်ပက်လက်မြို့ကို အပေါ်စီးကနေ လှလှပပ မြင်ရပါတယ်။ ဒါနဲ့ပဲ မိုးစက်တို့တတွေ လှလှပပ ကွေးညွှတ်ကျနေတဲ့ ထင်းရူးကိုင်းကြီးအောက်မှာ ကန်ပက်လက်မြို့ကို နောက်ခံထားလို့တမျိုး၊ အုတ်နီနီနဲ့ဆောက်ထားတဲ့ သစ်တောရုံးကို နောက်ခံထားလို့တဖုံ ဓါတ်ပုံ များစွာကို အသည်းအသန် ရိုက်ကြတော့တာပါပဲ။   မြင်ယောင်ကြည့်လိုက်ပါနော်..။  ရုံးဝန်ထမ်းများကို ကျေးဇူးစကားဆိုလို့ ကန်ပက်လက် မြို့ထဲကို ဆက်လက် ထွက်ခွာလာကြတော့တယ်။
 မြို့ထဲမှာ အမှတ်မထင်ဆုံရသုကတော့ ပါးရဲထိုးထားတဲ့ ချင်းအဖွားအိုပါ။  သူနဲ့တွဲပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး၊ အဖွားနဲ့အတူ ချင်းအစားအစာ (ဆာဘူဒီး) ကို စားကြပါတယ်။ ဆာဘူဒီး ဆိုတာကတော့ ပြောင်းဆန်ကို ဆန်ပြုတ်လိုပြုတ်ထားပြီး အသားကြိုက်ရင် နွားနောက်ကြော် ထည့်စားလို့ရပါတယ်။ ပဲပြုတ်လို ခပ်ဆိမ့်ဆိမ့်အရသာ ရှိပါတယ်။ အမွှေးအကြိုင်ရွက်နဲ့ ငါးပိထောင်း ထည့်စားကြည့်တော့ ဆိမ့်စပ် မွှေး အရသာ ဖြစ်သွားပါတယ်။   အကြိုက်ကြီးမဟုတ်ပေမဲ့ စားရတာတော့ အဆင်ပြေပါတယ်။



 ကျမတို့နဲ့  အဖွားနဲ့ စကားမပေါက်ပေမဲ့   ခြေဟန်လက်ဟန်နဲ့  နားလည်အောင် ပြောကြရပါတယ်။  အဖွားက ကျမတို့အဖွဲ့နဲ့ တွေ့ရတာ ပျော်နေတဲ့ပုံပါဘဲ။
ပြီးတာနဲ့ ကျမတို့ မြို့ထဲကဆိုင်မှာ အဖွားလည်ပင်းက လိုမျိုး ရောင်စုံ ရိုးရာပုတီး လေးတွေ၊ ပုဝါနဲ့ လုံချည်တွေကို အမှတ်တရ ၀ယ်ကြခြမ်းကြပါတယ်။

ဟိုတယ် ပြန်ရောက်တဲ့အချိန်မှာ နေ့လည်စာစားပြီး နားတဲ့သူကနား၊ အပျင်းပြေ ဖဲထုပ်ဖွင့်ပြီး ကစားတဲ့သူတွေက ကစားကြပေမဲ့ ကျမနဲ့  အိမ်ကလူ ကိုသကောင့်သားကတော့ မနားချင်ကြပါဘူး။   ရောက်တုန်းရောက်ခိုက် လျှောက်ကြည့်ရအောင်ဆိုပြီး ဟိုတယ်ရဲ့အထက်ပိုင်း   တောလမ်းကလေးဆီကို လမ်းလျောက်ကြပါတယ်။  ဆိုင်ကယ်သာ စီးလို့ရမဲ့   တောလမ်းကလေးက   နေရောင်မထိုးတာမို့ စိမ့်စိမ့်လေး အေးနေပါတယ်။ လမ်းမှာ ရေတသွင်သွင်စီးနေတဲ့ ရေထွက်လေးတွေကို တွေ့ရပြီး ပိုက်လုံးသွယ်ထားတာမို့ ဟိုတယ်သို့မဟုတ် ရွာတရွာရွာကို ရေပေးနေတယ်လို့ ထင်ရပါတယ်။  မိနစ် ၂၀လောက်လျှောက်တော့ ရွာကလေးတရွာကို မြင်ရပါတယ်။  ကျမတို့လည်း အဲဒီရွာကလေးဆီ ခပ်သွက်သွက် လျှောက်သွားလိုက်ပါတယ်။  မြင်ရတာကတော့ ခြေတံရှည်ရှည် အိမ်ကလေးတွေ၊   ဆော့ကစားနေတဲ့ ကလေးလေးတွေနဲ့၊ နှုတ်သီးချွန်ချွန် ခါးကော့ဗိုက်ပူ ၀က်သားအုပ်မတွေပါ။

 ၀၀ ကစ်ကစ် ခွေးပေါက်စကလေးနှစ်ကောင်က ကျမဆီပြေးလာပြီး နှုတ်ဆက်ပါတယ်။  အမွေးဖွားဖွားနဲ့ ချစ်စရာ “ချင်းခွေး” ကလေးတွေပါ။  သူတို့အမွေးလေးတွေ လက်နဲ့သပ်ပေးတော့ နှုတ်သီးလေးတွေနဲ့ ကျမလက်ကို ပြန်ထိုးပြီး ဆော့ပါတယ်။ အနီးအနားက ဆော့နေတဲ့ကလေးလေးတွေကလည်း ကျမတို့နဲ့ လာပြီး ဓါတ်ပုံအရိုက်ခံပါတယ်။  သူတို့ရဲ့ အဖေဖြစ်ဟန်တူတဲ့သူက ဗမာစကားပြောတတ်ပါတယ်။  စုစုပေါင်း အိမ်၈လုံးသာရှိတဲ့ အဲဒီရွာကလေးအကြောင်းကို သူကပဲ ရှင်းပြပါတယ်။  

အမွေးဖွားခွေးကလေးကို ချစ်လို့ မွေးဖို့ ၀ယ်သွားချင်လိုက်တာလို့ တိုးတိုးတိုင်ပင်တော့ ကျမရဲ့အဖေါ်က ကန့်ကွက်ပါတယ်။  သူတို့ဟာသူတို့ အေးအေးချမ်းချမ်း နေပါစေလား- တဲ့။  မှန်သင့်သလောက် မှန်တာမို့ ငြိမ်နေလိုက်ရပါတယ်။  သူတို့ကို နှုတ်ဆက်ပြီးပြန်လာချိန်မှာတော့ ပစ္စည်းဥစ္စာ မပြည့်စုံပေမဲ့ အေးချမ်းပျော်ရွှင်နေတဲ့ ဘ၀လေးကို အားကျသလိုလို၊  အဲဒီလို မပြည့်စုံတဲ့ သူတို့အတွက်ဘဲ စိတ်မကောင်းသလိုလို၊ ခံစားမှုတွေက ရောထွေးလို့ ....။

ညစာစားပြီးတော့ မနက်ဖြန်အတွက် အထုပ်အပိုးပြင်ကြရပါတယ်။  မနက်စောစော ထွက်ကြမှာမို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။  တကယ်ပြန်ကြရပြီဆိုတော့ ကျမတို့အဖွဲ့ ဂျီကျသမျှ သည်းညည်းခံကြရှာတဲ့ ဟိုတယ်ဝန်ထမ်း အမကြီးတွေနဲ့ တောင် သံယောဇဉ်ဖြစ်နေမိသလိုလို။  အမှတ်တရအုပ်စုဓါတ်ပုံတွေရိုက်ပြီး အားလုံးဘဲ ပျော်ရွှင်မှုတွေ တပွေ့တပိုက်နဲ့   မြေပြန့်ကို ပြန်လာကြပါတော့တယ်....။  နှုတ်ဆက်ခဲ့ပါတယ် နတ်မတောင် ကြီးရယ်..။  ကံမကုန်ရင်တော့ ပြန်ဆုံချင်ပါသေးတယ်နော်...။

မိုးစက်ပွင့်


7 comments:

  1. ခရီးစဉ်အကြောင်းဆုံးသွားပြီပေါ့ မမိုး..။ နှစ်သစ်ရဲ့နေထွက်ချိန်ပုံလေးလှတယ်..။ ပြီးတော့ ထင်ရူးပင်ကြားက ကန်ပက်လက်မြို့ကလေးကလည်း ချစ်စရာကောင်းနေတာပဲ... မြို့ကိုအပေါ်စီးကနေ့ကြည့်လို့ရတဲ့နေရာလေးတွေကိုသဘောကျတယ်..။ ခွေးလေးက ချစ်စရာလေး လုံးနေတာပဲဗျ..။ နတ်ဆေးဂမုန်းတွေ့ခဲ့လား...ကြားသာကြားဖူးပြီး မမြင်ဖူးဘူး....။

    ReplyDelete
  2. Phyo ..... thanks for your visit :-) I forgot to include " nat-say-ga-mone" plant in the post, so that I added right now, thanks again ... ( Now, I have a problem in typing MMR font, need to fix it...) :D

    ReplyDelete
  3. ခွေးကလေး ဝယ်လာခဲ့ ပြီးရော :D
    ဆာဘူဒီးတော့ တို့ မကြိုက်လောက်ဘူး...

    ReplyDelete
  4. ချင်းခွေး လေးတွေ မ၀ယ်လာတာပဲကောင်းပါတယ် အစ်မရေ. သူတို့  က အောက်ပြည်အောက်ရွာေ၇ာက်လို့ သိပ်ပူ၇င်မနေတတ်ကျဘူး အသက်လဲသိပ်မရှည်ကျဘူး ဆေးခန်း ခဏခဏ ပို့ ၇တယ် ဒါပေမဲ့ သူတို့ ရဲ့ သားသမီး အစပ် ကလေးတွေ က တော့  အသက်ပိုရှည်ကျတယ် မန်းလေးမှာတုန်း က ချင်းပြည် က ယူလာတဲ့ ခွေးလေးတွေ မွေးဘူးလို့ သိတာပါ

    ReplyDelete
  5. နတ်မတောင် ကို မိသားစုလိုက် သွားမယ် ဆိုရင် (၆ယောက်စာ).. ဟိုမှာ ၄၇က်လောက်နေမယ် ဆိုရင် ကုန်ကျစရိတ် ဘယ်လောက် ၇ှိနိုင်လဲသိချင်ပါတယ်....ပြီးတော့လေ....အဲ့နတ်မတောင်ထဲမှာ အထိက လည်ရမယ့်နေရာတွေ ရှိသေးရင် (ကျန်သေးတယ်) ဆိုရင် လည်း သိချင်ပါတယ်...အဲ့လိုလေး ခရီးတွေသွားချင်နေတာကြာပါပြီ..ပျော်စရာကြီးနေမှာပဲနော်ဗျ

    ReplyDelete
  6. Sue Nwe, AMK, thanks for remarks.
    Ko, I could precisely estimate only hotel cost. Although room rates are changing every time, when we went there, 40,000 MMK for a banglow at Pinewood villa. You will need at least 2 banglows. Then your living cost will be 40000 x 2 x 4 = 320,000 MMK for 4-days. At Kanpetlet, Nat-Ma-taung is the only place to visit, so two-night trip is enough. If you wish to stay longer, you can visit Bon-Ta-Lar waterfall at Ma Tu Pi/Min-dat. ( I haven't visited there, but I saw my friend's photo records which are so beautiful).

    You will need to go there by your own car as there is no regular transportation. So total cost estimation will be around 600,000 MMK ( accommodation+ food + fuel cost)...... I suppose. Please bring extra cash for unforeseen things... :D

    ReplyDelete

ပဲ့တင်သံလေးတွေ .......