Monday 7 January 2013

နတ်မတောင်သို့ တခေါက် (၁)

မနှစ်က ဒီဇင်ဘာ ၃၁နဲ့ နှစ်သစ်ကူးကို ပုပ္မါးတောင်တက်ရင်း ကျော်ဖြတ်ခဲ့ကြတော့ ဒီတနှစ် နတ်မတောင် လို့ အမည်ရတဲ့ ၀ိတိုရိယတောင်ကို  တက်ကြဖို့ လုပ်ဖေါ်ကိုင်ဖက် မောင်နှမများနဲ့အတူ စီစဉ်ခဲ့ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘူးလို့ထင်ထားပေမဲ့ နောက်ဆုံးတော့ အနီးကပ် တပါတ်အလိုလောက် ကျမှဘဲ သေချာခဲ့ပါတယ်။ မသွားခင် တပါတ်လောက်အလိုထဲက သွားရေးလာရေး၊ တည်းဖို့ ခိုဖို့၊ နွေးနွေးထွေးထွေး ၀တ်ဖို့ နဲ့  လမ်းခရီးမှာ စားသောက်ဖို့ပါမကျန် အလုပ်ရှုပ်နေခဲ့ပါတယ်။
-------------------------------------
ဝိတိုရိယ ခရီးစဉ် စပါပြီ။  မနက် ၅နာရီ အိမ်က အသီးသီးထွက်ကြပေမဲ့ စုရပ်ကိုရောက်ပြီး အမှန်တကယ် ထွက်ချိန်က ၆နာရီ နီးနီးပါ။  ဆောင်းတွင်းမနက်မို့ အမှောင်ရိပ်မပြယ့်တပြယ် အချိန်ကလေးပဲပေါ့။  လမင်းကြီးက အနောက်ဖက်ကောင်းကင်မှာ မ၀င်ချင်သေး။  ကိုယ်တို့ ကားနဲ့အပြိုင် တရိပ်ရိပ်ပြေးလို့ အတူလိုက်ပါလာသလိုပါဘဲ။  ကားမောင်းသူအပါအ၀င် လူ ၁၈ယောက် ကို ပစ်ကပ်ကားနှစ်စီးမို့ စီးရတာ ကြပ်သလိုလို ရှိပေမဲ့   ဆောင်းရာသီမို့ လူကြပ်တဲ့ကိစ္စက နွေးထွေးပြီး ပိုလို့တောင် အဆင်ပြေပါသေးတယ်။ ဒီလိုနဲ့ မနက် ဂနာရီမှာ   ချောက် မြို့ကို  ဆိုက်ရောက်ပါတယ်။  လမ်းဘေးက စားသောက်ဆိုင်လေးမှာ ကော်ဖီမှာပြီး အသင့်ပါလာတဲ့   ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်၊ ငါးခြောက်ဖုတ် မနက်စာကို လွေးကြတာပေါ့။ လူအများနဲ့ စုပေါင်းစားရလို့ ထင်ပါရဲ့။  တော်တော် ပျော်ပြီး တော်တော် စားလို့ကောင်းပါတယ်။

နာရီဝက်လောက် နားပြီးတာနဲ့ ခရီးဆက်ကြပါတယ်။  လမ်းတလျောက်မှာ ကျောက်ခင်းနေတာ၊ လမ်းပြင်နေတာကို ခဏခဏ တွေ့ရပါတယ်။ ဆိပ်ဖြူ၊ ကန်စွန်းမ လမ်းခွဲကနေ လာခဲ့တော့ နေ့လည် ထမင်းစားချိန်မှာ ယောနယ် ဆောနယ် ဆိုပြီး နံမည်ကြီးတဲ့   ဒေသကို   ရောက်ခဲ့ပါတယ်။   ဆောနယ်တ၀ိုက်ကိုရောက်တာနဲ့ မြင်နေကျ အညာရှုခင်းတွေ မဟုတ်တော့ဘဲ   တောရိပ် တောင်စွယ်တွေနဲ့ အဆန်းတကျယ်   ဖြစ်လာသလိုပါဘဲ။    ဆောချောင်းတံတား  ကိုဖြတ်ကျော်ပြီး    ဆောမြို့ကို ၀င်တဲ့အခါမှာတော့ အားလုံးက ဗိုက်ဆာနေကြပါပြီ။ လမ်းမှာတွေ့တဲ့ လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်က အသိကို ဘယ်မှာ ထမင်းစားရင် ကောင်းမလဲ   မေးကြည့်တော့ ”ဒေါ်မြရင်” ဆိုင်တဲ့။   မေးရင်းရှာရင်း ဒေါ်မြရင် ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက်   ရောက်သွားကြပါတယ်။  ပစ်ကပ်နောက်ခန်းမှာထိုင်တဲ့ သူတွေကတော့ သူတို့မျက်နှာမှာ ဖုန်မိတ်ကပ် အဖွေးသားနဲ့   တော်တော်လှနေကြပါတယ်။ 


ဟင်းတွေက သာမာန်ဆိုပေမဲ့ ဒီတခါလည်း စားကောင်းကြပြန်ပါတယ်။  ချဉ်ပေါင်ဖူးဟင်းချို ချဉ်ဖြုံ့ဖြုံ့က ပိုလို့ ခံတွင်းမြိန်စေတယ် ထင်ပါရဲ့။  စားလို့ပြီးတော့ သဘောကောင်းတဲ့ ဆိုင်ရှင်က ဂန့်ဂေါလုံချည်ဆိုင်   ပြပေးမယ်ဆိုလို့ မစပ်စု မိုးစက်တို့ ရှေ့ဆုံးကပေါ့။ အဲဒီမှာလည်း အစဉ်အလာမပျက် လုံချည်တထည်နဲ့ ပုဆိုးတထည် ၀ယ်ဖြစ်ခဲ့ပါတယ်။

ကားပေါ်တက်ပြီး ကန်ပက်လက်မြို့ကို ခရီးဆက်ကြတော့ အားလုံးက ဗိုက်လေးလေးနဲ့ မျက်လုံးတွေတောင် မှေးစင်းလို့။  ဒါပေမဲ့ မြို့အ၀င် ရှုခင်းသာ ( view point )က လူတဖက်စာမကတဲ့ ထင်းရှူးပင်ကြီးနဲ့   တောင်တန်းပြာပြာ နောက်ခံရှုခင်းကို မြင်လိုက်ရတော့  တိုင်ပင်မထားဘဲ မှေးနေတဲ့ မျက်လုံးတွေ ၀ိုင်းစက် ပြူးကျယ်   သွားကြရတယ်။  ကားကလေးကို ငြိမ့်ကနဲထိုးရပ်ပြီး ထင်းရူးပင်ဆီ အလုအယက်ပြေးသွားလိုက်ကြတာများ ဟိုခေတ်က သမဆိုင်ကို ဆပ်ပြာ တန်းစီတိုးဘို့ အရောက်သွားကြသလိုမျိုး။ (စဉ်းစားလို့ရတဲ့ ဥပမာသာ ပေးရတယ် -ခုခေတ်လူငယ်တွေ သိမယ်မထင်) ။ မိန်းကလေး တော်တော်များများရဲ့ သဘာဝကလည်း ဓါတ်ပုံဆို ရူးသွပ်ကြတယ်မို့လား။  ရှုခင်းလှလှသာမြင်လို့ကတော့ ပို့စ်အမျိုးမျိုးပေးရမှာလည်း ရှေ့က ကင်မရာမင်းကို မရှက်တော့ဘူးလေ။  ဓါတ်ပုံရိုက်တာ ထမင်းစားတာထက်တောင် ကြာမယ် ထင်ပါရဲ့..။
---------------------------
ကန်ပက်လက်မြို့ကလေးကို ၀င်တော့ ညနေ သုံးနာရီနီးပါး ရှိပါပြီ။  အေးမြမြ အရသာက   နေသာထိုင်သာရုံလေးပါဘဲ။ သာမိုမီတာ မပါပေမဲ့ ၁၅-၂၀ စင်တီဂရိတ်လောက် မှန်းရပါတယ်။ ကန်ပက်လက်မြို့က ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၆၀ ပေမှာ ရှိပါသတဲ့။ အမြင်အရ  မြို့လေးက တော်တော်သေးပါတယ်။  အမှတ်တရအဖြစ် မြို့လည်က ဂရိတ်ဖရုသီး လှလှကြီးတွေကိုလည်း မှတ်တမ်းတင်ခဲ့တယ်။

မိုးစက်တို့တည်းမဲ့ ဟိုတယ် ( Pinewood Villa)က မြို့အထွက် နှစ်မိုင်လောက်မှာ ရှိတာဆိုတော့ မြို့ထဲမှာ အချိန်မဖြုန်းတော့ဘဲ ဆက်ထွက်လာခဲ့တယ်။  လမ်းတလျှောက်မှာ   တောင်ခါးပန်းကို   မေးတင်ပြီး ဆောက်ထားတဲ့ အိမ်လှလှ သေးသေးလေးတွေကို တွေ့ရတယ်။  သူတို့ကို တကယ်ချီးကျူးမိပါတယ်- ကိုယ်သာဆို    အဲဒီလိုအိမ်မျိုးလေးမှာ နေရဲမှာမဟုတ်ဘူး။ မတော်တဆ ငလျင်လှုပ်ရင် တောင်အောက်   ပြုတ်ကျမှာစိုးလို့ :-P





ဝင်ခဲ့ပါပြီ  ( Pinewood Villa)   ဆီ။  P  စာလုံးက ပြုတ်ကျနေသေးရဲ့။ 


 ဟိုတယ်မှာ အခန်း ၂၀ ရှိပြီး တည်းခိုနေတဲ့ နိုင်ငံခြားသားဧည့်သည် နည်းနည်းပဲ ရှိပါတယ်။  အများစုက ငှက်ကြည့်ရအောင် လာကြတာပါ။ ဒီ ဟိုတယ်ရဲ့ အခန်းတွဲတွေက မသစ်လွင်ပေမဲ့ ထင်းရူးတောထဲမှာ ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေကတော့ ချစ်စရာကောင်းပါတယ်။  ကံကောင်းစွာနဲ့  ဆောက်ပြီးစ ဘန်ဂလိုအသစ် ကလေးမှာ နေခွင့်ရခဲ့ပါတယ်။ ထင်းရူးနဲ့ကျွန်း ရောဆောက်ထားတဲ့ အဲဒီ ဘန်ဂလိုလေးမှာ မိုးစက်တို့က ပထမဆုံး သို့မဟုတ် ဒုတိယ ဧည့်သည် ဖြစ်လောက်ပါတယ်။  ကပ်လျက်မှာ ဆောက်လုပ်ဆဲ ဘန်ဂလိုတလုံးကိုလည်း တွေ့ရပါတယ်။
 
ညနေစောင်းလာတာနဲ့အမျှ ပိုပိုပြီး အေးလာပါတယ်။  ရဲ့ တည်နေရာက ကန်ပက်လက်ထက် ပေ ၁၀၀၀ ကျော် ပိုမြင့်တာမို့  အအေးလည်းပိုပါတယ်။  အခန်းထဲမှာလည်း basic facilities ပဲရှိတာမို့ ရေနွေးတောင် မရှိပါဘူး။ အေးပေမဲ့ ကွေးမနေအားပါဘူး။ ငါးနာရီခွဲလောက်မှာတော့ ဆုံရပ်ဖြစ်တဲ့ ဘန်ဂလိုတဲရှေ့က ဆင်ခြေလျှော ထင်းရှုးတောမှာ အားလုံးပြန်ဆုံကြပါတယ်။   မြေပြန့်ပြန့်တနေရာမှာ ပလပ်စတစ်စခင်း၊  အနီးအနားက ထင်းတုံးတွေနဲ့ မီးဖိုပြီး ညစာချက်ကြရပါတယ်။  ညနေစာက ကြက်သားနဲ့ ဗူးသီးဟင်းဖြစ်ပြီး ပါလာတဲ့ ငါးပိထောင်း၊ ဘာလချောင်ကြော်တွေနဲ့ စားရမှာပါ။  လုံးလာတဲ့ ကြက်သားတွေကို ဗူးသီးရောရုံပါပဲ။  ထမင်းကို ဟိုတယ်ရဲ့ မီးဖိုချောင်ဝန်ထမ်းတွေက ချက်ပေးကြမှာပါ။  ရေသယ်သူသယ်၊ ထင်းသယ်သူသယ်၊ ဗူးသီးအခွံနွှာသူနွှာ တယောက်တလက်နဲ့မို့   ပျော်စရာပါ။  ချမ်းလွန်းလို့ မီးဖိုနားမှာပဲဝိုင်းပြီး အလုပ်လုပ်ကြပါတယ်။   

တဖြေးဖြေး အမှောင်ရိပ်သန်းလာပါတယ်။ မကြာခင်ဘဲ လပြည့်ကျော်တရက်နေ့မို့  လမင်းကြီးက ထင်းရူးပင်တွေကြားက တိုးထွက်လာတယ်။  “ကျက်ပြီဟေ့” ဆိုတာနဲ့ ပူပူနွေးနွေး ထမင်းတွေ ဟင်းတွေ ခူးခပ်လို့ တူတူထိုင်ကာ စားကြပါတယ်။  လက်ဆုံစားတဲ့ ထမင်းက မခမ်းနားပေမဲ့ မြိန်လွန်းလှပါတယ်။  စားပြီးတော့ ဂစ်တာတီးတဲ့သူကတီး သီချင်းဆိုတဲ့သူကဆို၊  ပွဲတောင်းတဲ့သူကတောင်း၊ လက်ခုပ်တီးတဲ့သူက တီးပေါ့။  ညနက်လေ အအေးဓါတ်က ပိုလာလေဘဲ။  အပူချိန် ၅ ဒီဂရီကနေ ၁၀ ဒီဂရီကြားလောက် ရှိမယ်လို့ မှန်းရပါတယ်။ နေနေကျသူတွေအတွက် မထောင်းတာပေမဲ့ ကိုယ်တို့လို အလေ့အကျင့်မရှိတဲ့သူတွေအတွက် တော်တော် အေးတာပါ။  သောက်တတ်သူတွေက တခွက်တဖလားမော့ပြီး အအေးဒဏ်ကို အံတုကြသလို မသောက်တတ်သူတွေက ထင်းမီးပုံနားကို ပိုပိုတိုးကပ်လို့ပေါ့။  အသင့်ပါလာတဲ့ ထန်းမြစ်တွေကို မီးခဲတွေကြား ထိုးထည့်ပြီး ထန်းမြစ်ဖုတ် ပူပူနွေးနွေး မွှေးမွှေးလေးကို အတူတူ စားကြလို့။ ညီမငယ်လေးတွေ တယောက်တပေါက် ပြောကြတဲ့ ရယ်စရာတွေကလည်း မကုန်နိုင်။  မီးရောင်အောက်မှာ သူတို့ရဲ့ နုနယ်ပျိုမြစ်တဲ့ မျက်နှာလေးတွေက ပိုလို့ လှပ နေတော့တယ်။

ဒီခရီးကို အားလုံးကြေနပ်ပျော်ရွှင်နေကြတယ်။ လပြည့်ပြည့်လေးကို စွန့်ခွာပြီး အခန်းထဲဝင် ညအိပ်ရမှာ နှမြောနေကြတယ်။  နောက်ဆုံးတော့ ၁၀နာရီမီးစက်ပိတ်မှာမို့ အချိန်မီ ကိုယ့်အခန်းကို ကိုယ်ပြန်ခဲ့ကြတော့တယ်။  ဇွဲကောင်းတဲ့ ဂစ်တာအဖွဲ့က နောက်မှာ ချန်ရစ်ခဲ့ကြတယ်။   အိပ်ခန်းထဲရောက်တော့ ခပ်ဝေးဝေးက သူတို့ ဂစ်တာသံချိုချိုနဲ့ သီချင်းသံသဲ့သဲ့ ကြားနေရတုန်း။  အိပ်ယာပေါ်မှာ စောင်ထူထူကို အထပ်ထပ်ခြုံလို့   မနက်ဖြန်သွားမဲ့ ၀ိတိုရိယ တောင်တက်ခရီးစဉ်အတွက် စဉ်းစား ရင်ခုန်နေတုန်း .....။

မိုးစက်ပွင့် 

(ရေးချင်တာတွ သိပ်များနေလို့ အပိုင်းခွဲလိုက်ပါတယ်....Iora ရေ  ရေးဖြစ်ခဲ့ပြီ... ကြေနပ်တော့နော်)




5 comments:

  1. ငချိတ်ပေါင်းလေးစားချင်တယ်
    ထင်းရူးဘန်ဂလိုလေးက ချစ်စရာလေး..
    တောင်ပေါ်မှာ ညအိပ်ရသေးလား
    လမ်းပြဘယ်လိုငှားရသလဲ ဘယ်လောက်ပေးရသလဲပြောဦးနော်မိုးစက် :D

    ReplyDelete
  2. ဒီလိုခရီးသွားပို့စ်လေးတွေဖတ်ရတာ စိတ်ဝင်စားတယ်..။ မမိုးစက်ပွင့်အရင်ကတင်ထားတဲ့ ချင်းတောင်ခရီးစဉ်တွေကတည်းက လိုက်ဖတ်နေခဲ့တာ...။ ထင်းရူးပင်ပုံလည်း ရှိရင်ကြည့်ချင်ပါသေးတယ်...။ ဘန်ဂလိုလေးတွေကလည်းနေချင်စရာ..ညဘက်မီးပုံပွဲလေးနဲ့.. .တော်တော်ပျော်ဖို့ကောင်းမယ့်ပုံဘဲ..။
    ပုံများများနဲ့ရေးနိုင်သလောက် များများရေးပါ.. =) လာဖတ်ပါ့မယ်.။

    ReplyDelete
  3. မိုးစက်ရေ..
    ကျေးဇူးတင်ပါတယ်နော်။
    ဒီကလည်းအပြေးလာဖတ်ခဲ့ပါတယ်ရှင်။
    ခွဲခွဲရေးတော့များများဖတ်ရတာပေါ့။ ရေးသာရေးပါ။ ဒီလိုမျိုးတွေသိပ်ကြိုက်တယ်။
    တောင်ပေါ်ခရီးလေးစောင့်ဖတ်မယ်နော်။ ဓါတ်ပုံတွေလည်းများများတင်နော်။အိုင်အိုရာသွားတိုင်းအဲဒီဒေါ်မြရင်ဆိုင်မှာဘဲစားတယ်။
    အိုင်အိုရာ

    ReplyDelete
  4. MY sis,i love ur trip.Can u give me Pinewood Villa connect number plz. how can i booking?? i want to trip coming Dec.Thanks u....

    ReplyDelete
  5. Hello :-) Pinewood villa contact number is 09-6565 5584 ( contact person: Moe Moe) .... Have a nice trip :-)

    ReplyDelete

ပဲ့တင်သံလေးတွေ .......