Friday 26 August 2011

Blog Day တဲ့လား

ဘာရယ် ညာရယ်မသိ ဘလော့ဂါ တချို့တချို့ရဲ့ ဘလော့ခ်ဒေး အကြောင်းလေးတွေဖတ်ပြီး ကိုယ်တိုင်လဲ အားကျစိတ်ပေါ်လာပြီး ခုလို ရေးမိတာကို ပထမဆုံးဝန်ခံပါရစေ။

ဘလော့ နဲ့စတင်မိတ်ဖွဲ့ဖြစ်တာက ၂၀၀၇ရဲ့ စက်တင်ဘာ။ ကိုယ့်ပါတ်ဝန်းကျင်မှာ မိနစ်စက္ကန့်နဲ့အမျှ အံ့သြစရာ၊ တုန်လှုပ်စရာတွေ ပြည့်နှက်နေတဲ့အချိန်။  ခင်မင်ရင်းနှီးရတဲ့ ညီမလေးတယောက်က သတင်း လင့်ခ် လေးတွေ ပို့ပေးလာတော့ လိုက်ဖွင့်ကြည့်ရာကနေ စခဲ့တယ်ဆိုပါတော့။ ဆိုက်တခုကနေ တခု ကူးကူးပြီး ဖတ်ရတာ အမောပါပဲ။  အဲဒီတုန်းက အချိန်နဲ့အမျှ တက်လာတဲ့ သတင်းတွေ စာတွေက များလွန်းလို့ မနိုင်အောင်ကို ဖတ်နေခဲ့ရတာပါ။  နောက်ပိုင်းတော့ သုတရသ ဘလော့တွေဘက်ကို အရောက်များလာတယ်။ အများဆုံး ရောက်ဖြစ် ဖတ်ဖြစ်တာကတော့ (မကေ) ဘလော့ပါ။  နောက် အခုစာတွေသိပ်မရေးတော့တဲ့ (ကိုပေါ) ဘလော့လည်း အမြဲရောက်ဖြစ်ပါတယ်။

သူများဘလော့တွေ ဖတ်ရင်းဖတ်ရင်းနဲ့ ကိုယ်ပိုင်စာလေးတွေ ရေးချင်လာမိတယ်။ ကျမက ငယ်ငယ်ထဲက စာဖတ်ဝါသနာပါလှပေမဲ့  စာအရေးအသားကတော့ မပြေပြစ်လှပါဘူး။ အခုဘလော့ရေးချင်တဲ့စိတ်က သူများခြံထဲက ပန်းဥယျာဉ်လှလှလေးတွေကို နှစ်သက် သဘောကျပြီး ကိုယ့်ခြံထဲမှာ ပန်းပင်စိုက်ကြည့်ချင်တဲ့ သဘောပါ။


ပထမဆုံး အခက်အခဲက ဘလော့ရေးသူတော်တော်များများကြုံရတဲ့ နည်းပညာအခက်အခဲပါ။  ကွန်ပြူတာကို ဖွင့်ရုံနဲ့ ပိတ်ရုံသာတတ်တဲ့ ကျမအတွက် ၀က်ပေ့ခ်ျ ဖန်တီးဖို့ ဆိုတာကို “ခက်သဟေ့” လို့ အော်လိုက်ချင်မိပါရဲ့။  အင်တာနက်ထဲမှာ မွှေနှောက်ရှာပေမဲ့ (ကံမကောင်းစွာနဲ့) လွယ်ကူတဲ့ နည်းတွေ ရှာမတွေ့ခဲ့ပါဘူး။  တဖက်ကလဲ ဘလော့တွေ ပုံမှန်ဖတ်ရင်း ကိုယ့်ဖာသာ စမ်းတ၀ါးဝါးတော့ လျောက်လုပ်နေမိတာပါဘဲ။

၂၀၀၉ နှစ်ဆန်းပိုင်းမှာတော့ ကျမရဲ့ တောင်းဆိုချက်ကြောင့် စင်္ကာပူမှာနေတဲ့ ကျမရဲ့ မောင်ငယ်လေးက  Wordpress အကောင့်တခုပို့ပေးခဲ့ပါတယ်။  သူ့ရဲ့ အကောင့်ကလေးနဲ့ ကျမဟာ အတော်ပဲဟန်ကျပန်ကျ ဖြစ်သွား ပါတယ်။  အစမှာတော့ ဘာရေးရမှန်းမသိလို့ ကိုယ်ကြိုက်တာလေးတွေ ကူးပြီး ပြန်တင်ထား လိုက်ပါတယ်။  မူရင်းစာရေးသူရဲ့ အမည်နဲ့ လင့်ခ်ကိုတော့ အမြဲ ရေးဖြစ်ပါတယ်။  ဘလော့ကို ကိုင်ပုံကိုင်နည်း နည်းနည်း ရင်းနှီးလာတော့ တခါ လောဘတက်လာပါတယ်။  သူများလို ဒီဇိုင်းလှလှလေးနဲ့  စီဘောက်စ် လေးနဲ့ လူရာဝင်ချင်လာပြန်ရော။  အဲဒီအခါမှာ Blogger.com က Wordpress,com ထက် ပိုပြီး စုံတာကို သတိထား မိပါတယ်။  အဲဒါနဲ့ စင်္ကာပူက သူငယ်ချင်းလေးတယောက်ကို လှမ်းပြီးအကူအညီတောင်းပေမဲ့ သူလည်း သူ့အပူနဲ့သူမို့ မေ့သွားတယ်ထင်ပါရဲ့။  အားနာစိတ်နဲ့ ထပ်မပြောဖြစ်တော့ဘူး။ 

လူမစွမ်း နတ်မ ဆိုသလို ကံကောင်းချင်တော့ စာအုပ်ဆိုင်မှာ ဆရာ ဖိုးနိုင်ဝင်းရဲ့  How to Make Blog ဆိုတဲ့ စာအုပ်ကလေးကိုတွေ့လိုက်ရတော့ သိပ်ပျော်သွားတာပါဘဲ။ အထဲမှာ ရေးထားတာက တော်တော်ရှင်း ပါတယ်။  တကယ်တော့ အရေးပါတဲ့ အဆင့်တဆင့်ကို ကျမ မလုပ်မိတဲ့အတွက် အကြိမ်ကြိမ် ကျရှုံးနေတာပါလားဆိုတာ သိလိုက်ရတယ်။  နောက်ဆုံးတော့   ကိုယ်ပိုင် ဘလော့အကြမ်းထည်ကလေးတခု ပေါ်လာခဲ့တော့တယ်။  ဒါနဲ့ပဲ Wordpress က ပို့စ်ကလေးတချို့ကို ကူးယူလာပြီး  ၂၀၀၉ ဧပြီ မှာ ဘလော့ အိမ်သစ်ကလေးပေါ် စတက်ပါတယ်။  အဲဒီအချိန်ကစပြီး နောက်သုံးလလောက်ကြာတဲ့အထိ စီဘောက်စ်တပ်တာ၊  လင့်ခ်ချိတ်တာ၊ စာမျက်နှာပြင်တာတွေကို စမ်းတ၀ါးဝါးနဲ့ အလုပ်ရှုပ် နေခဲ့သေးတာပေါ့။  အထူးသဖြင့်တော့ စာတပုဒ်လုံးကို “ဆက်ဖတ်ရန်”နဲ့ ခေါက်ထားချင်တာက ကျမကို အကြာစေခဲ့ဆုံးဘဲ။  HTML တွေနဲ့ အမျိုးမျိုးစမ်းသပ်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။   နောက်ပိုင်းတော့ အိုင်ကွန်လေးတခုထဲကို နှိပ်ရုံနဲ့ ရသွားပြန်ရော။ ဟူး မောပါ့။

ခြောက်သွေ့ရပ်ဝန်းဖြစ်နေတဲ့ ကျမဘလော့လေးက လူမစည်ပါဘူး။  ကျမကိုယ်တိုင်လည်း သူများ ဘလော့ တွေမှာ မှတ်ချက်ရေးရမှာ အလွန်ဝန်လေးသူပါ။   ကိုယ့်ကိုယ်ကိုယ် ဘာမှမဟုတ်သူလို့ ခံယူထားလို့ပါ။ နောက်ပြီး အခုလိုတွေ လျောက်ရေးနေတာကို ကိုယ့်အိမ်သူ အိမ်သားကိုသာမက၊ လုပ်ငန်းခွင်ထဲက အပေါင်းအသင်း မိတ်ဆွေနဲ့ အပြင်လောကက သူငယ်ချင်းတွေကို (လုံးဝ) ပေးမသိချင်သူပါ။ အဲဒီလို ခြောက်သွေ့နေတာလေးကိုတောင် နှစ်သက်သလိုလို ရှိခဲ့ပါတယ်။

နောက်ပိုင်း မိတ်ဆွေလေးတွေ အတန်အသင့် များလာတာကတော့ ကျောင်းနေဖက်သူငယ်ချင်း မမရှင်လေး နဲ့ blog celebrity ကိုအင်ဒီ တို့ကြောင့်ပါ။ မမရှင်လေးဘလော့က ဟင်းချက်တာ၊ မုန့်ဖုတ်တာနဲ့ ဂျာမနီနိုင်ငံအကြောင်း အတွေ့အကြုံဗဟုသုတလေးတွေ စုံတော့ တော်တော်လေး အားပေးခံရပါတယ်။   ကျမဘလော့လေးမှာ မမရှင်လေးက အားပေးတဲ့အနေနဲ့ မှတ်ချက်လေးတွေ အမြဲချန်ခဲ့ပါတယ်။  မမရှင်လေးရဲ့ သူငယ်ချင်းတချို့နဲ့ သိကျွမ်းရာကနေ ကျမအိမ် ကလေးလည်း ဧည့်သည်တချို့နဲ့ အသက်ဝင်လာခဲ့တယ်။  အားလုံးကို ကျေးဇူးပါ ။

ညီမငယ်တယောက်ရဲ့ အရေးအသားထဲမှာ ဘလော့တခုဟာ သူ့ရဲ့ကိုယ်ပိုင် theme  ရှိရမယ် ဆိုတဲ့အတွေးအခ်ါကလေးတခု ချပြထားတယ်။  အဲဒါ တကယ်တော့ သိပ်ကောင်းပါတယ်။ ကျမအတွက်တော့ မည်မည်ရရ တခုမှမရှိတဲ့အတွက်  theme မရှိတဲ့ အထွေထွေဘလော့ ဒါမှမဟုတ် လက်သုပ်စုံဘလော့လို့ ဆိုချင်ပါတယ်။  ကဗျာရေးချင်တဲ့အခါရေးလိုက်၊ ဓါတ်ပုံတင်တဲ့အခါတင်လိုက်၊ ခရီးသွားဆောင်းပါးနဲ့ ၀တ္တုတို ရေးချင်တဲ့အခါ ရေးလိုက်နဲ့ မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။  ဒါကြောင့် “အပြာရောင် မိုးစက်ပွင့်လေးများ”  အစား “အရောင်စုံ မိုးစက်ပွင့်လေးများ”လို့  ပြောင်းသင့်တာပါ။

ဒီနေ့မှာ-
ဘလော့ရေးသက် -  ၂နှစ် ၄လ
ပို့စ်ပေါင်း  - ၂၈၅ ခု
လာလည်တဲ့ အကြိမ်ပေါင်းက (ကိုယ်အပါအ၀င်)  -  ၁၃၉၅၃  ကြိမ် ရယ်လို့ မှတ်တမ်းတင်လိုက်ပါတယ်။  အဲဒီအတွက် ကျမပေးဆပ်ခဲ့ရတာကတော့ နာရီပေါင်းများစွာသော “အချိန်” တွေပါ။ 
အဲဒါကို ထိုက်တန်တဲ့ ပေးဆပ်မှုလို့ ကျမထင်တယ်။
ဘလော့ကမ္ဘာက ကျမအတွက် အသိပညာတွေ ဗဟုသုတတွေ မိတ်ဆွေသူငယ်ချင်းတော်တော်များများကို ပေးအပ်ခဲ့တယ်။  ကျမရဲ့ ခံစားချက်ဝေဒနာတချို့ကို အန်ထုတ်ခွင့်ရခဲ့တယ်။
တကယ်တော့ ဘလော့က ကျွန်မရဲ့ ပျော်ရွင်စရာကောင်းတဲ့ ကမ္ဘာသစ်တခုပါ။ တခါတရံ ရွာသားအချင်းချင်း ဆူဆူညံညံ ရန်ပွဲကလေးတွေ ရှိတတ်ကြတာကလွဲလို့  ငြိမ်းချမ်းတဲ့ ညီညွတ်တဲ့ လောကငယ်ကလေးပါ။

ဒီ နှစ်နှစ်ကျော်ကာလအတွင်းမှာ
- သူများရေးတဲ့ ဟင်းချက်နည်းမျိုးစုံကို စုပေါင်းလို့ စာအုပ်ကလေးတအုပ် ချူပ်ထားတယ်။   ဟင်းချက်မကောင်းတဲ့ ကိုယ့်အတွက်  ဂိုက်ဒ်ပေါ့။
- ဘလော့ ဒါဇင်ဝက်လောက်ကို အစမှအဆုံးထိ နောက်ကြောင်းပြန်ပြီးဖတ်ဖြစ်တယ်။  သူတို့ ဘ၀နဲ့ သူတို့ အတွေးအခေါ်၊ သူတို့ အတွေ့အကြုံကို စိတ်ဝင်စားလို့။  အချိန်ရရင် နောက်ထပ်ဖတ်ချင်တဲ့ ဘလော့တွေ တဒါဇင်လောက် ကျန်သေးတယ်။
- လူချင်းမမြင်ဖူးပေမဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေလို ခင်မင်မိသူ ဘလော့ဂါမိတ်ဆွေ လေး၊ ငါးယောက်လောက်ရှိလာခဲ့တယ်။

ကျမလေ ဘလော့ရွာလေးထဲမှာ အိမ်တလုံးဆောက်မိတယ်။  ကျမအိမ်ကလေးရဲ့နဘေးမှာ ကိုယ်ခင်မင်တဲ့ မိတ်ဆွေတွေကို အတူတူထားကြည့်မိတယ်။  သူတို့ရဲ့ ရောင်စုံပြူတင်းပေါက်ကလေးတွေကတဆင့် သူတို့ အိမ်ထဲက ပန်းပင် ပန်းအိုးလှလှ ကလေးတွေကို ငေးကြည့်မိတယ်။  တခါတခါလည်း  ကိုယ်တိုင်ကိုယ်ကျ အလည်သွားပြီး နှုတ်ဆက်မိသေးရဲ့။  သူတို့ ပန်းခင်းလေးထဲမှာ ပန်းအသစ်ပွင့်တိုင်း သွားရောက်ခံစား မိခဲ့သေးရဲ့။ သူတို့နဲ့အတူတူ တိမ်လွှာပေါ် စီးမြောခဲ့ဖူးတာပေါ့။ တခါတလေမှာ ကိုယ်မအား စိတ်မအား ရတာနဲ့  ရွာကလေးနဲ့ ကင်းကွာတတ်ပါသေးတယ်။  အပြင်က ပြန်ရောက်လေတိုင်း သူငယ်ချင်းတွေအိမ်ကို အမောတကော ပြေးလည်မိတတ်ပါသေးတယ်။  နှုတ်ဆက်စကားလေး ဆိုခဲ့မိသေးတယ်။

ဒါပေမဲ့ ....ဒါပေမဲ့ ...ကွယ်..............
အခုတလော တမျိုးလေး တွေးမိနေတယ်...........
ကိုယ်ဆီ အလည်လာသူတွေထဲမှာ အားနာလို့ ပြန်လာသူတွေ ဘယ်နှစ်ယောက်တောင် ရှိလေမလဲ။  ကိုယ်နှုတ်ဆက်လိုက်လို့ အလုပ်ပိုသွားသူတွေ ရှိလေမလား။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် တချို့အိမ်ရှင်လေးတွေ စိတ်မညစ်ညူးစေချင်ဘူး။  စွဲမက်စရာကောင်းတဲ့ ပန်းလှလှ ဒါမှမဟုတ် စားကောင်းသောက်ဖွယ် တစုံတရာမရှိတဲ့ ကိုယ့်အိမ်ကို အားနာလို့ဘဲဖြစ်ဖြစ် တကူးတက အချိန်ပေးပြီး မလာစေချင်ဘူးကွယ်။

သူငယ်ချင်းတို့ရေ
မင်းတို့လည်း ကိုယ့်ဆီ အဆင်ပြေတဲ့အခါ လာနိုင်ပါတယ်။
မလာဖြစ်တဲ့အခါများမှာလည်း ကိုယ်နားလည်ပေးလိုက်ပါမယ်။
ကိုယ့်ဥယျာဉ်ကလေးထဲမှာတော့ ပွင့်ဖတ်မညီညာတဲ့ ဝေဒနာပန်းခင်းကလေးတွေကို ဆက်ပြီး ပြုစုပျိုးထောင်မိနေဦးမှာပါ ......

ရင်ခုန်သံတွေ မွေးဖွားပေးတဲ့အတွက် တကယ်ကို မြတ်နိုးမိပါတယ် ဘလော့ရွာလေးရယ် ....



မိုးစက်ပွင့်

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......