Friday 17 June 2011
ရေနံသာခင်ခင်ကြီး သို့မဟုတ် ဆွတ်ပျံ့သော အချစ်ဇာတ်လမ်းတပုဒ်
ရေနံချောင်းမြို့ကလေးမှာ ဧရာဝတီမြစ်ကမ်းပါးကို မေးတင်ဆောက်ထားတဲ့ မြို့ခံလူတွေကတော့ “ရေနံသာ ခင်ခင်ကြီး” အိမ်လို့ခေါ်ကြတဲ့ အိမ်အကြီးကြီး တလုံးရှိပါတယ်။  အိမ်က စနေနံဘုရားနဲ့ လမ်းသွယ်သွယ် ကလေးတခုပဲခြားပါတယ်။ တရက်မှာ အဲဒီအိမ်ကြီးကို ကျမ ကြားဖူးနားဝနဲ့ စပ်စပ်စုစု အလည်ရောက်ခဲ့ပါတယ်။ စနေနံဘုရားအခြေမှာထိုင်နေတဲ့  အဖိုးအိုကို “ရေနံ့သာ ခင်ခင်ကြီး အိမ်ကြည့်ချင်လို့  အဘ  ဆိုတော့ အိမ်ကြီးဆီကို လမ်းညွှန်ပြပေးပါတယ်။
အိမ်ရဲ့ ခြံစည်းရိုးတွေက လုံးဝနီးပါး ပြိုပျက်နေပါတယ်။ တချိန်တခါက အကာအရံဖြစ်ခဲ့ပုံရတဲ့ အုတ်ရိုးထူထူတွေကို တွေ့ရပါတယ်။  မြစ်ကမ်းနားမှာမို့ ရေတိုက်စားမှုကို အုတ်ရိုးတွေနဲ့ ကာကွယ် ထားခဲ့ပုံပါဘဲ။  အိမ်ရှေ့မှာတော့ မြတ်လေးပန်းရုံကလေးကို ခပ်ပါးပါးတွေ့ရတယ်။  အိမ်ကို ဘေးကနေ လှည့်ပတ်ကြည့်တော့ အနုစိတ်လက်ရာ အလှအပတွေကို တွေ့ရပါသေးတယ်။  တချိန်တုန်းကတော့ သိပ်ကို လှပခံ့ညားခဲ့မှာပါ။
အိမ်ထဲကို အသံပြုကြည့်တော့ အသက် ၄၅လောက် ခပ်ပိန်ပိန်အမျိုးသားတယောက် ထွက်လာပါတယ်။  ကျောင်းဆရာတဲ့ ။ ဒီအိမ်ကြီးရဲ့ အမျိုးတော်စပ်တယ်လို့ ပြောပါတယ်။ အိမ်ကြီးက နှစ်၁၀၀ ကျော်ပြီမို့ တချို့နေရာတွေ ဘိလပ်မြေနဲ့ မံပြီးပြင်ထားရတယ် လို့လည်း ပြောပြပါတယ်။  “အိမ်အပြင်ကိုတော့ ကြည့်ပါ၊ အိမ်ထဲကတော့ ရှုပ်ပွနေတာမို့ မကြည့်ပါနဲ့”လို့ ပြောပါတယ်။ စိတ်ရင်းအတိုင်းပြောတာ သိသာတာမို့ ကျမတို့လည်း အတင်းမတောင်းဆိုပါ။  မသိမသာလေးခိုးကြည့်တော့လည်း သူပြောသလိုဘဲ အဟောင်းအမြင်းးတွေနဲ့  ရှုပ်ပွနေတာပဲ မြင်ခဲ့ရပါတယ်။  အဲဒီလို အိမ်အို အိမ်ဟောင်း လှလှကြီးတွေမြင်တိုင်း ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလို၊ ပျက်စီးသွားမှာ စိုးရိမ်သလိုလို အမြဲခံစားမိပါတယ်။  အားနာတာရော အချိန်နည်းနေတာကြောင့်ရော ကျမတို့ ဒီထက်ပိုပြီး မစပ်စုခဲ့မိကြပါဘူး။ ၀တ္တုကို မဖတ်ရသေးတာလည်း ပါပါတယ်။
စာရေးဆရာ မောင်သိန်းဆိုင်ရဲ့  “ရေနံ့သာခင်ခင်ကြီး” ၀တ္တုက စာပေလောကမှာ လူသိများလှလို စာရေးသူ အသက်သုံးဆယ်အရွယ်မှာ ရေးခဲ့တဲ့  သူ့ရဲ့ စာရေးသက်တလျှောက်မှာ အကောင်းဆုံးလက်ရာ လို့ ဆိုစမှတ်ပြုကြပါတယ်။  အိမ်ကြီးကိုရောက်ပြီး နှစ်လလောက်ကြာတော့မှ စာအုပ်စုတဲ့ ညီမလေးတယောက်ဆီက ကျမရှာနေတဲ့ “ရေနံ့သာခင်ခင်ကြီး” ၀တ္တုကို ဖတ်ရတော့တာပါ။  ရေငတ်တုန်းရေတွင်းထဲ ကျသလိုပါဘဲ။ အင်္ဂလိပ်ကိုလိုနီခေတ်နှောင်းပိုင်း၊ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံပြုရေးဖွဲ့ထားတဲ့  ရေနံတွင်းရိုး တွင်းစားသူဌေးမိသားစုနှစ်စုရဲ့ အချစ်နဲ့ရန်ငြိုး မြင်ကွင်းကျယ် ၀တ္တုရှည်ကြီးဖြစ်ပါတယ်။  လက်ကမချချင်အောင် ဆွဲဆောင်မှုရှိပါတယ်။ ဇာတ်လမ်း အကျဉ်းချူပ်ကလေးကို ဒီနေရာကနေ မျှဝေချင်မိပါတယ်။
ဝတ္တုထဲမှာ ရေနံ့သာ ဆိုတဲ့ မြို့အမည်ဖြစ်ပေါ်လာပုံကိုလည်း ဇာတ်လမ်းအစမှာ မှတ်သားခဲ့ရပါတယ်။ ရှေးဘုရင်ခေတ်က ရေနံကို စတင်တွေ့ရှိခဲ့ချိန်မှာ သူ့ရဲ့ အနံ့ကသင်းပျံ့တဲ့အတွက်  တွေ့တဲ့အရပ်ကို “ရေနံ့သာ”လို့ ခေါ်ခဲ့ပါတဲ့။ နောင်အခါမှာ ဘုရင်မင်းက ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးဆင်းတဲ့ မိဘုရား ခုနှစ်ဖေါ်ကို အချိန်မီပြန်မရောက်လို့ အမျက်ရှပြီး ကွပ်မျက်တဲ့အခါ မြေအောင်သယံဇာတဖြစ်တဲ့ ရေနံဟာလည်း အမွှေးနံ့တွေ ကွယ်ပျောက်လို့ နံလာတဲ့အတွက် “ရေနံ”အမည်တွင်လာရသလို   မြို့ရဲ့အမည်ကလည်း “ရေနံချောင်း” ဖြစ်လာရပါသတဲ့။
အဲဒီ ရေနံချောင်းမြို့က ဦးကောင်းမိုး နဲ့ ဦးအောင်ခန့်ဆိုတဲ့ ရေနံတွင်းသူဌေး နှစ်ယောက်ရဲ့ အမုန်းအားပြိုင်မှုကနေ  ဦးကောင်းမိုးရဲ့သား “မောင်မောင်ဦး” နဲ့  ဦးအောင်ခန့်ရဲ့သမီး  “ခင်ခင်ကြီး” တို့ရဲ့ အချစ်လွန်ဆွဲမှုကို စာရေးဆရာက ကလောင်စွမ်းနဲ့ သရုပ်ဖေါ်ထားပါတယ်။ မျိုးနဲ့ရိုးနဲ့ ရေနံတွင်းပိုင်တဲ့ “တွင်းရိုး” ဦးကောင်းမိုးက  သူနဲ့ အချစ်လုဖက်ဖြစ်တဲ့ “တောင်ပံနီတွင်းစား” ဦးအောင်ခန့်ကို အမုန်းကြီးမုန်းပါတယ်။  ဒေသအခေါ်အရ တောင်ပံနီ ဆိုတာက သူခိုးဂျပိုးလို့ အဓိပ္မါယ်ရပေမဲ့ “တောင်ပံနီတွင်းစား” ဆိုတာက ကိုယ့်ဘာသာကိုယ်ကြိုးစားပြီး ရေနံတွင်းပိုင်ဖြစ်လာတာကို ပြောတာပါ။  “တွင်းရိုး”တွေက ယောက်ျားမျိုး၊ မိန်းမမျိုး ဆိုပြီးကွဲပြားကြပါတယ်။  ယောက်ျားမျိုးက သားတွေကိုသာ အမွေပေးပြီး၊ မိန်းမမျိုးကတော့ သမီးတွေကသာ ရေနံတွင်းရိုးအစဉ်ကို ဆက်ခံရပါတယ်။  ဦးအောင်ခန့်ရဲ့ဇနီး ဒေါ်မြလေးက တွင်းရိုးဖြစ်တဲ့အတွက် သမီးခင်ခင်ကြီးက အမွေခံပါ။   ဦးအောင်ခန့် စီးပွားတက်လေလေ၊  ဦးကောင်းမိုးက မနာလိုစိတ်ကြီးလေလေပါ။  သူကိုယ်တိုင်ကတော့ လက်ကြောမတင်းတဲ့အတွက် စည်းစိမ်တွေ လျော့သထက် လျော့နေသူတယောက်ပါ။ ဦးအောင်ခန့်ကို လူလွှတ်ပြီး မီးရှို့တဲ့အထိ ကြံစည်ခဲ့ဖူးပါတယ်။
တဖက်မှာတော့ မောင်မောင်ဦးနဲ့ ခင်ခင်ကြီးအကို ခင်မောင်ညွန့်က ရန်ကုန်မှာ ကျောင်းနေဖက်တွေပါ။ လူကြီးတွေ ကွယ်ရာမို့ သူတို့ချင်း ခင်ခင်မင်မင် ရှိကြပါတယ်။  ဒီလိုနဲ့ သူတို့တက္ကသိုလ်ကပြန်လာချိန်မှာ အိမ်ကလူတွေ သဘောင်္ဆိပ်ကိုဆင်းပြီး တခမ်းတနားကြိုကြပါတယ်။   အဲဒီမှာ ဆဲ့ခြောက်နှစ်အရွယ် လှသွေးကြွယ်စ ခင်ခင်ကြီးကို မောင်မောင်ဦးက သတိထားမိပြီး စိတ်ဝင်စားမိသွားပါတယ်။   သိပ်မကြာခင် ဘုရားပွဲတခုမှာ အိမ်နဲ့လူအုပ်ကွဲသွားတဲ့ ခင်ခင်ကြီး ထပ်တွေ့ပြီး  ချစ်ဇာတ်လမ်းစခဲ့ကြပါတယ်။  တစစနဲ့ အိမ်နောက်မှာ ညဖက်ချိန်းတွေ့တဲ့အထိ ဖြစ်ပြီး နယ်ကျွံစည်းကျွံ ဖြစ်ခဲ့ကြပါတယ်။  
တဖက်မှာလည်း  ခင်မောင်ညွန့်နဲ့ အလုပ်သမားတန်းလျားက မိန်းကလေး မ၀င်းရီနဲ့ကလည်း ချစ်ကြိုက်နေကြပါတယ်။  အဲဒီမှာတင် ဦးအောင်ခန့်က သားကို အိမ်က နှင်ချပါတယ်။ ခင်ခင်ကြီး  ကိုယ်ဝန်ရှိတာ သိတဲ့အချိန်မှာတော့ ဦးအောင်ခန့်ရဲ့ ဒေါသတွေ အထွတ်အထိပ်ရောက်တော့တာပါဘဲ။  သမီးကိုလည်း အိမ်ကနေ မောင်းထုတ်လိုက်ပါတယ်။   ခင်ခင်ကြီးက မောင်မောင်ဦးကို ရန်ကုန်ဆင်းရှာပေမဲ့  လူချင်းလွဲသွားခဲ့ပါတယ်။  မြို့ကိုပြန်လာတော့ မြို့အ၀င်မှာ တောင်ကျချောင်းရေစီးလို့ ရေထဲမြောပြီး သေမလိုဖြစ်ခဲ့ပြန်ပါတယ်။  အဲဒီမှာ ရေနံမြေအလုပ်သမား ကိုညိုထွန်းက ကယ်ဆယ်စောင့်ရှောက်ထားခဲ့လို့ ကျောက်ပန်းတောင်းမှာ ဇာတ်မြှုပ်ပြီး သမီးကလေး မွေးခဲ့ရပါတယ်။  
သတင်းအစအနမရတော့တဲ့ ခင်ခင်ကြီးကို အလွန်ချစ်တဲ့ ဖွားအေကြီး အိပ်ယာထဲလဲပြီး သေခါနီးဖြစ်နေချိန်မှ ခင်ခင်ကြီးကို  ရေနံ့သာအိမ်တော်က လူယုံကြီးက ပြန်တွေ့သွားခဲ့ပါတယ်။  ဖွားအေကြီးကို ပြန်တွေ့ဖို့  သွားရာမှာ အဖေဖြစ်သူက “တယောက်တည်းလာခဲ့ရမယ်” ဆိုလို့ ကလေးကို ခဏအပ်ထားခဲ့ရပါတယ်။ ခင်ခင်ကြီး လက်ပေါ်မှာ ဘွားအေကြီးဆုံးသွားတယ်။  မကြာခင်ဘဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာလို့ ပြေးကြလွှားကြနဲ့  ကလေးကိုခဏမွေးပေးထားတဲ့ မိသားစုလည်း ပျောက်သွားပါတယ်။ 
ခင်ခင်ကြီးရဲ့ သောကတွေက ဒီမှာတင် မရပ်သေးပါဘူး။  ဂျပန်တွေဝင်လာချိန်မှာ ဂျပန် အလိုတော်ရိ ဖြစ်လာတဲ့ ဦးကောင်းမိုးက ဦးအောင်ခန့်ကို အကွက်ဆင်ပြီး အဖမ်းခံရအောင်လုပ်ပါတယ်။ မြို့ကိုပြန်ရောက်လာတဲ့ မောင်မောင်ဦးက ဖခင်ကိုတောင်းပန်ပြီး ဦးအောင်ခန့်လွတ်လာအောင်၊ ဒါမှလည်း သူနဲ့ ခင်ခင်ကြီး ပြန်ပြီးနီးစပ်လာအောင် ကြိုးစားပါတယ်။  ဒါပေမဲ့ ဦးအောင်ခန့်က ဦးကောင်းမိုးရဲ့ မထေမဲ့မြင်စကားတွေကို သည်းမခံနိုင်လို့ အချူပ်ထဲမှာ သတ်ပုတ်လုံးထွေးရာကနေ ဂျပန်စစ်သားက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။  သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ဝေးသထက်ဝေးခဲ့ကြပါပြီ။
စစ်ပြီးချိန်မှာတော့ ခင်ခင်ကြီးလည်း ရေနံချောင်းကို စွန့်ခွာပြီး ရန်ကုန်မြို့မှာ အခြေချနေထိုင်ခဲ့ပါတယ်။  “ရေနံ့သာ ကုမ္မဏီ” ကို ထောင်ပြီး စီးပွားရှာပါတယ်။ ရုပ်ရည်ရော၊ ဥစ္စာဓနပါပြည့်စုံတဲ့ ခင်ခင်ကြီးကို  ချစ်လိုခင်လိုသူတွေ ၀ိုင်းဝိုင်းလည်နေပေမဲ့ သူမကတော့ လုံးဝစိတ်မ၀င်စားခဲ့ပါ။ အသည်းနှလုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ မာကြော နေခဲ့ပြီထင့်။  သူမကို အများက “ဒေါ်ရေနံ့သာ ခင်ခင်ကြီး”  လို့ ခေါ်ကြသလို သူမကလည်း အဲသလိုခေါ်မှ ကြိုက်သည် တဲ့။
ဦးကောင်းမိုးကတော့ ဇနီးသည်လည်းဆုံး၊ စီးပွားလည်းပျက်တဲ့ပြင်၊ မကောင်းတဲ့ မိန်းမကို အိမ်ပေါ်တင်ထားတဲ့အထိ ပျက်စီးခဲ့ပြီး၊  နောက်ဆုံး သူ့ရဲ့ အကုသိုလ်တွေ ခြောက်လှန့်ခံရကာ ရူးသွပ်သွားခဲ့ပါတယ်။ မြို့ပေါ်ကနေ ခြေရာဖျောက်သွားတဲ့ မောင်မောင်ဦးကလည်း တခါတရံ ရန်ကုန်က ခင်ခင်ကြီးအိမ်ရှေ့ကို မယောင်မလည် လာကြည့်တတ်ပါတယ်။  မောင်မောင်ဦးကိုယ်တိုင်ကတော့ ကျမ်းမာရေး အလွန်ချို့တဲ့နေပါပြီ။  ကံမကောင်းစွာနဲ့ သူတို့နှစ်ယောက်အကြောင်း သိခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းက မောင်မောင်ဦးအမည်ကို အလွဲသုံးစားလုပ်ပြီး ခင်ခင်ကြီးကို ငွေညှစ်ခဲ့တာ၊  သမီးလေးနဲ့ရုပ်ချင်းဆင်လို့ ခင်ခင်ကြီးမွေးစားထားတဲ့ မိန်းကလေးကို မောင်မောင်ဦးက ဒုက္ခပေးတယ်လို့ အထင်လွဲတာ ရောပြီး၊ နောက်ဆုံး ခင်ခင်ကြီးက သေနတ်နဲ့ ပစ်ဖို့လုပ်ပါတယ်။  “အစ်ကို ရှင်းပြပါရစေ ညီမရယ်” လို့ အတန်တန်တောင်းပန်ပေမဲ့ ခင်ခင်ကြီးရဲ့ နားမှာမချို မကြားလိုတော့ပြီ။  နောက်ဆုံးတော့ အမုန်းကြွေးတွေကို အသက်နဲ့သာ ပေးဆပ်တော့မယ်လို့ ဆုံးဖြတ်ပြီး သေနတ်နဲ့အပစ်ခံလိုက်သည်။  ကျည်ဆံတချက်အထွက်မှာ “ ညီမ- ပြေး၊ ပြေး” လို့ စိုးရိမ်စိတ်နဲ့ သတိပေးခဲ့ပြန်သည်။
ခင်ခင်ကြီးကတော့ ရဲစခန်းကိုသာ တန်းသွားပြီး အဖမ်းခံခဲ့တော့သည်။  ၀တ္တုလေးရဲ့ အဖွင့်က အချူပ်ခန်းထဲမှာ သုံးနှစ်တိတိနေနေရတဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးက သူမရဲ့ ၄၅နှစ်မြောက်မွေးနေ့မှာ  နောက်ကြောင်းပြန် စဉ်းစားပုံကလေးတွေကို စီကာစဉ်ကာ ရေးဖွဲ့ထားသည်။
နောက်ဆုံး တရားရုံးဆုံးဖြတ်ချက်ကတော့  နာကျင်ဖွယ် အတိတ်၊  သေသူရဲ့ ယိုယွင်းနေတဲ့ကျန်းမာရေး၊ တတောင့်တည်းသောကျည်ဖြစ်ခြင်း၊ အချူပ်သုံးနှစ်ခံပြီးဖြစ်ခြင်း  စတာတွေကြောင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးကို တရားသေ လွှတ်လိုက်တော့သည်။  အချူပ်ကလွှတ်လာတဲ့ ခင်ခင်ကြီးကို လာကြိုသူတွေက လေဆိပ်ကို တန်းခေါ်သွားသည်။  သူမရဲ့ သမီးရင်းကလေး “နွယ်နွယ်ထွန်း” က မွေးစားမိဘတွေရဲ့ ပျိုးထောင်မှုအောက်မှာ   နိုင်ငံခြားကနေတောင်ပညာသင်ပြီး ပြန်လာပြီတဲ့။
ဇာတ်လမ်းက အပျော်နဲ့ ဇာတ်သိမ်းထားပေမဲ့ ရင်ထဲမှာ ဆွေးလို့သာ ကျန်ခဲ့သည်။ ချစ်ကံခေတဲ့ ခင်ခင်ကြီးနဲ့ မောင်မောင်ဦး၊ အဘိဇ္ဈာကြီးတဲ့ ဦးကောင်းမိုး နဲ့ အတ္တကြီးတဲ့ ဦးအောင်ခန့် တို့ရဲ့ ပုံရိပ်တွေက အတွေးထဲမှာ တရစ်ဝဲ၀ဲ။   “ဓါတ်ပုံကောင်းတော့ ပန်းချီလို၊ ပန်းချီကောင်းတော့ ဓါတ်ပုံလို” ဆိုတဲ့စကားလိုဘဲ  “၀တ္တုဆန်သောဘ၀” ရှိရင် “ဘ၀ဆန်သော ၀တ္တု” တွေ ရှိနေတာပါဘဲ။  ဒီမိသားစုတွေ အပြင်မှာ တကယ်ရှိခဲ့သလားလို့  ထင်မှတ်မှားစရာဖြစ်နေသည်။
ခင်ခင်ကြီး အပြင်မှာ တကယ်ရှိခဲ့သလား
ဝတ္တုရေးသူကတော့ တကယ့်ဖြစ်ရပ်ပါလို့ ရေးမထား။
ဒေသခံတချို့ကတော့ အခုအိမ်ကြီးမှာ တကယ်ဘဲ စီးပွားပျက်သွားတဲ့ သူဌေးကြီးတယောက် ရှိခဲ့ဖူးသတဲ့။ သမီး ရှိမရှိတော့မသိ။  သူ ဘေးသင့်ရတာကလည်း (စနေနံ) ဘုရားရိပ်မှာ အိမ်ဆောက်နေလို့ ဆိုပြီး အယူရှိသူများက ပြောကြသည်။ ဘာဘဲဖြစ်ဖြစ် မောင်သိန်းဆိုင်က ဒီအိမ်ကြီးကို အခြေခံပြီး ရေးခဲ့တာတော့ အမှန်ဘဲ လို့ဆိုသည်။ 
ကျမအတွက်တော့ “ရေနံ့သာခင်ခင်ကြီး” ဟာ  ဆွတ်ပျံ့တဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါဘဲ..
မိုးစက်ပွင့်
8 comments:
  1. အိမ်ကြီးပုံပါတွဲဖော်ပြပေးထားတော့
    အဲဒီဝတ္တုကို တကယ့်အဖြစ်အပျက်တွေလို ပြန်မြင်ယောင်လာမိတယ်။ ဓါတ်ပုံထဲက အိမ်ကြီးက တစ်ခုခုကို ပြန်ပြောပြနေသလိုမျိုး..
    ReplyDelete
  2. ပုဂံသွားတော့ ရေနံချောင်းက သူငယ်ချင်းအမျိုးအိမ်ဝင်တည်းဖြစ်တုန်းက
    ရောက်ဖူးတယ်ဗျ....။ကြာပြီဆိုတော့ သိပ်မမှတ်မိချင်တော့ဘူး...၊ဝတ္ထုလည်း
    မေ့နေပြီ...။ခုလိုအကျဉ်းလေးပြန်ရေးပြတာ၊အိမ်ဒါ့ပုံပါ တင်ပေးတာကျေးဇူးဗျိုး..။
    အဲ့တုန်းက သူတို့ကတော့ ဟုတ်ပါဘူးလို့ပြောတာပဲ....။
    ReplyDelete
  3. အသက်ဝင်တဲ့ အိမ်ကြိးနဲ့ ရသမြောက်တဲ့ ဝထ္ထုကောင်းတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့...
    ReplyDelete
  4. ဖတ်လို့ကောင်းတယ်၊
    ရုပ်ရှင်လည်း ရှိတယ်တဲ့၊ စိုးမြတ်သူဇာထင်တယ်၊
    အခုလို အနှစ်ချုပ်လေး ဖတ်ရတာ ကောင်းလိုက်တာ။
    ရေနံချောင်းဟာ ရာဇ၀င်တွေ တကယ်များတဲ့ မြို့နော်၊
    စာရေးဆရာမ ဂျူးရဲ့ အိမ်လေးရော ဓါတ်ပုံရှိလား၊
    ကြည့်ချင်လို့။
    ReplyDelete
  5. sonata-cantata22 June 2011 at 21:22
    ဖတ်ဖူးတယ်...အညွှန်းပြန်ရေးပြထားတာ သဘောကျတယ်
    ရေနံ့သာ အိမ်ကြီး ဓာတ်ပုံပါ ကြည့်ရလို့ ကျေးဇူး...
    ReplyDelete
  6. This comment has been removed by the author.
    ReplyDelete
  7. ဆာဗာပြန်ကောင်းသွားပြီလား.... တို့လည်းအလုပ်တွေရှုပ်နေလို့ ခုမှလာနှုတ်ဆက်ဖြစ်တယ် မိုးစက်ရေ...
    အဲဝတ္ထု တခါမှမဖတ်ဖူးဘူး..ကြားပဲကြားဖူးတယ်..အရင်တုန်းကတော့ မောင်သိန်းဆိုင် မကြိုက်ဖူးလေ...ခုလိုရေးပြထားတော့ ဖတ်ချင်စိတ်တော့ပေါက်တယ်...:P
    ReplyDelete
  8. အဲဒီဝတ္တုအကြောင်းကိုဖတ်ရတွေ့ရတိုင်း..စိတ်မကောင်းသလိုလို
    အဲဒီအိမ်ကြီးကိုမြင်တော့တမျိုးကြီးခံစားရပါတယ်..
    သိခွင့်မြင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်..
    ခင်မင်လေးစားစွာဖြင့်
    ချစ်ခြင်းအလကာင်္
    ReplyDelete
ပဲ့တင်သံလေးတွေ .......