Wednesday 2 February 2011

Minimalist ဖြစ်ချင်တယ်

ရုပ်ဝတ္တုတွေ အလျံပယ်ပေါများနေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ ဆရာကြီးကွေးရဲ့ ဖွတ်ကလိဒင်္ဂါးသာ အရှာခက်ပေမဲ့ လူ့အသုံးအဆောင် တွေကတော့ ပင်လယ်ကမ်းစပ်က ဒီရေလှိုင်းလုံးကြီးတွေအလား ။  မီနီ မားကက်ထဲ တပါတ်လောက်လျှောက်ကြည့်လိုက်တာနဲ့  ပစ္စည်းအဖုံဖုံက အရောင်စုံ အသွေးစုံ ဒီဇိုင်းစုံနဲ့  မြင်သူတကာကို လိုချင်စိတ်တွေ ယိုဖိတ်လာအောင် မျက်စပစ် ဆွဲဆောင် နေကြပါတယ်။ အင်တာနက်မှာ တွေ့ရပါဦမယ်။ သွားရည်ယိုစရာ နောက်ဆုံးပေါ် ပစ္စည်းအသုံးအဆောင်တွေ။ ဒါပေမဲ့ သူတို့က လူတိုင်းကိုတော့ မဖမ်းစားနိုင်ကြပါဘူး။ အထူးသဖြင့်တော့  Minimalist ဆိုတဲ့ လူစားမျိုးတွေကိုပါ။


Minimalist ဆိုတာ ရောင့်ရဲတင်းတိမ်သူ၊ မရှိမဖြစ်အရာတွေကိုပဲ ပိုင်ဆိုင်ထားသူတွေ လို့ အဓိပ္မါယ် ဖွင့်ရမယ် ထင်ပါရဲ့ ။ ' I am a minimalist'  လို့ကြေငြာလာတဲ့  မိတ်ဆွေတယောက်ရဲ့အခန်းကို မြင်ဘူးပါတယ်။ တကယ့် မရှိမဖြစ်အသုံးအဆောင်ကလွဲလို့  ဘာမှအပိုဆာဒါး ရှိမနေတဲ့ အခန်းရှင်းရှင်း ကလေးပါဘဲ။ အကျီင်္အ၀တ်အစားကိုလည်း မြင်နေကျ ရှပ်အကွက်နဲ့ တီရှပ် နဲ့ ပါတ်ဝန်းကျင်ကလူတွေ အလွတ်ရအောင် ၀တ်တတ်ပါတယ်။

ခရီးသွားရင် ဂျင်းဘောင်းဘီလေးဝတ်၊ ကျောပိုးအိတ်ကလေးလွယ်ပြီး သွားနေတဲ့ ယောက်ျားလေး၊ မိန်းမလေးတွေကို တွေ့တိုင်းသိပ်သဘောကျတာပဲ။ သူငယ်ချင်းတယောက်ဟာ ပစ္စည်းအများကြီး၊ ခဏခဏ ၀ယ်လေ့မရှိဘူး။ သူဝယ်ရင်လည်း ရေရှည်ခံတဲ့ အကောင်းစားလေးလေးတွေဘဲဝယ်တယ်။  သူ့ကိုမြင်ရတာ သိတ်စိတ်ချမ်းသာတယ်။ နောက် သူငယ်ချင်းတယောက်ဆိုရင်လည်း သူ့ရဲ့ အိမ်ရှေ့ခန်း အကျယ်ကြီးထဲမှာ ဆိုဖာခုံလေးတစုံနဲ့  ကွယ်လွန်ပြီးတဲ့ သူ့အဖေအမှတ်တရ ဓါတ်ပုံလေးရယ် ၊ သူတို့ မိသားစုပုံလေးရယ်၊ သူတီးနေကျ အော်ဂင်ခုံလေးတခုရယ်ဘဲ ချထားတာ သိပ်မျက်စေ့အေးတာဘဲ။

VOA အသံလွှင့်အစီအစဉ်တခုမှာ အ၀တ်အစားခြောက်စုံနဲ့ အချိန်ကာလတခုအထိ စမ်းသပ်နေထိုင်ခဲ့ကြတဲ့ ရာပေါင်းများစွာသော အမျိုးသမီးတွေရဲ့ ပရောဂျက်တခု အကြောင်း ကြားလိုက်ပါတယ်။ သူတို့တွေရဲ့ တွေ့ရှိချက်ကတော့ အဲဒီလိုနေထိုင်တဲ့အတွက် စိတ်ညစ်ရ၊ ခေါင်းရှုပ်ရတာတွေ အရမ်းသက်သာပြီး အချိန်တွေလည်း ပိုထွက်လာပါတယ် တဲ့။ အဲဒါက တော်တော် မှန်ပါလိမ့်မယ်။ (ဒါပေမဲ့ ပရောဂျက် ပြီးတဲ့နောက် သူတို့အထဲက ဘယ်လောက်များများ အဲဒီလိုမျိုး lifestyle နဲ့ ဆက်ပြီး နေနေကြ သေးသလဲဆိုတာတော့ စပ်စပ်စုစု သိချင်တဲ့ မေးခွန်းတခုပါ)

 Minimalism ဟာ ဂီတ၊ ကဗျာ၊ စာပေ၊ ပန်းချီ စသဖြင့် အနုပညာရပ်ဝန်း မှာလည်း ရှိပါတယ်။ တိုတိုကလေးနဲ့ အတွေးပွားစေတဲ့ ဂျပန်ဟိုက္ကူ ကဗျာကလေးတွေကလည်း  minimalism ရဲ့ အလှတပါးပါဘဲ။ ရိုးရှင်းတဲ့ ဗိသုကာဒီဇိုင်းတွေကို ဖန်တီးခဲ့တဲ့ Ludwig Mies van der Rohe ကလည်း “ Less is more ” လို့  ဆိုခဲ့ပါသေးတယ်။
************************
ကျမလည်း ကိုယ့်ကိုယ်ကိုယ် တဆိတ် ပြန်သုံးသပ်ကြည့်လိုက်မိပါတယ်။

ကျမဟာ Minimalist တွေကို နှစ်သက်အားကျပင်ကျပေမဲ့လည်း လက်တွေ့မကျင့်သုံးနိုင်တာကို  တွေ့ရပါတယ်။ နောက်ပြီး ကျမရဲ့ဘ၀မှာ မလိုအပ်တာတွေ သိပ်များနေပါလား ဆိုတာ တွေ့လိုက်ရပါတယ်။ အဓိက နှိပ်စက်နေတာကတော့ “အသစ်အဆန်းကလေးများကို နှစ်သက် ခုံမင်တဲ့ စိတ်” ပါဘဲ။  ဈေးသွားလို့ တခုခုကို မျက်စေ့ကျလိုက်ရင် ( ခဏခဏလည်း မျက်စေ့ကျမိပါတယ်) “ဟယ်- ချစ်စရာလေး” ဆိုပြီး ကောက်ကိုင် မိတာပါဘဲ။  အဲဒါဆိုရင် ၅၀ ရာနှုန်း နီးစပ်နေပြီလို့ ပြောရတော့မှာပါပဲ။ လက်ကိုင်အိတ်ထဲက ခြင်္သေ့လေးတွေ ဆင်ကလေးတွေ လှုပ်လာသလိုဘဲ။ ဈေးကလည်း သင့်တော်တယ် ကိုယ်လည်း တတ်နိုင်တယ်လို့ ထင်လို့ကတော့ အဓိကလိုအပ်ချက်ဟုတ်မဟုတ် မစဉ်းစား မိတော့ဘဲ ၀ယ်မိခဲ့တာ များပါတယ်။ အဲဒါကြောင့် ကျမ ပုဂ္ဂိုလ်က “မင်းနှယ် ချစ်ပဲချစ်နိုင်လွန်းတယ်” လို့  မှတ်ချက် ချတာပါဘဲ (မှတ်ချက်- ပစ္စည်းများကိုသာ ခဏခဏချစ်မိပါသည်) ။ သူနဲ့ဈေးသွားရင် ကျမကို မြန်မြန်လျှောက်ဖို့ သူက အမြဲ လောဆော်ပါတယ်။ ဒါမှသာ ပစ္စည်းတခုခုကို မ“ချစ်” တော့မှာလေ။ ၀ယ်လိုက်တဲ့ ပစ္စည်းတခုကို “မျောက်” တကောင်နဲ့ တင်စားရမယ်ဆိုရင် ကျမဟာ မျောက်ချစ်တတ်သူ၊ မျောက်စုသူ မို့  မျောက်တွေနဲ့ အမြဲ လုံးထွေး ယှက်တင် နေရပါတော့တယ်။

ကျမအကြိုက်ဆုံး အ၀ယ်မိဆုံးက ဖိနပ်နဲ့ ရင်ထိုးတွေပါ။ ဈေးကြီးကြီး သုံးလေးငါးသောင်းတန်တော့ မဟုတ်ပါပေ။  များသောအားဖြင့် ခြေနိုင်လက်နိုင် တသောင်း ၀န်းကျင် လောက်ပဲ ၀ယ်လေ့ ရှိတာပါ။  (ကျမဟာ တချိန်က ဖိနပ်အရံပေါင်း ၃၀၀၀ကျော်ပိုင်တဲ့ အီမယ်လ်ဒါ မားကို့စ် ကို ရှုံ့ချခဲ့ဖူးပေမဲ့ မနှစ်ကတော့ ခရီးကြုံလို့  ၂၉၉ဘတ်တန် ဒေါက်ဖိနပ်တွေ အများကြီး ၀ယ်ခဲ့ပါသေးတယ်)။ အိမ်မှာ ရှုပ်ပွနေရင်လည်း မကြိုက်တဲ့အတွက် အိမ်ကို ရှင်းလင်းရင်း ကျမ မကြာမကြာ မောပန်း နွမ်းနယ် နေတတ်ပါတယ်။ ပိုရှင်းသွားအောင် ပစ္စည်းသိမ်းဖို့ စင်ကလေး၊ ဘီရိုကလေး ၊ သားရေအိတ်ကလေး၊ ၀ယ်လိုက်ပြန်တော့ ခဏတာ သပ်သပ်ရပ်ရပ် ဖြစ်သွားတာတော့ အမှန်ပါဘဲ။ အိမ်မှာတော့ နောက်ထပ် “မျောက်” တကောင်ပိုသွားခဲ့ပြန်ပါပြီ။

ကျမ ခရီးသွားတိုင်း ဒေသထွက် လက်မှုပစ္စည်းတွေ သိပ်ဝယ်ချင်တယ်။  နှီးဦးထုပ်ကလေး၊ ခြင်းကလေး၊ ဖာကလေးပါမကျန် အမှတ်တရ ဖြစ်ချင်တာရော၊ မမြင်ဖူးတာရော၊ ပါပါတယ်။ အမေက ပိုပိုသာသာလေး ပြောပါတယ်။ ”အိမ်ကသမိုင်း  ပြတိုက်ဖြစ်နေပြီ။ အဲဒီပစ္စည်း တွေသာ စုပေါင်းလိုက်ရင် ရွှေတုံးကြီးကြီး တတုံးလောက် ရနေပြီ” တဲ့။  စိတ်ထဲက တော့ “အမေပြောတဲ့ အဲဒီ ရွှေတုံးကြီးက အခုပစ္စည်းလေးတွေလို အကြိမ်ကြိမ်  စိတ်ပျော်ရွှင်မှု မပေးနိုင်ပါဘူး အမေရဲ့၊ သမီးမှာ ရွှေမရှိလို့ ၀မ်းမနည်းပေါင်” လို့။ အပြင်မှာတော့ အမေ့ကို အဲဒီလို ဘယ်ပြောရဲပါ့မလဲ။ 

ကျမ ခရီးထွက်တိုင်း မရှိမဖြစ်လို့ (ကိုယ်ဘာသာ ထင်တဲ့) ပစ္စည်းတွေ တနင့်တပိုး နဲ့။  လျှော့ခဲ့ချန်ခဲ့ရင် လိုအပ်တာ အဆင်မပြေတာ တခုခု ကြုံရမယ်လို့ ကိုယ့်ဖာသာ ထင်နေတတ်တယ်။ ဘယ်သူ့အတွက် လက်ဆောင်၊ စားစရာ စသဖြင့် ရည်ရွယ်ပြီး သယ်ရပိုးရတာလည်း အပိုဆောင်းဒုက္ခတခု ဖြစ်နေပါပေါ့။  ဘယ်သူကမှ တောင်းဆို တာလည်းမဟုတ်။ အဖေအမေဆီ ဖုန်းဆက်လေတိုင်း “အပြန်ကျရင် ဘာမှာဦးမလဲ၊ ဘာယူခဲ့ရမလဲ” ဆိုတာက အကျင့်ဖြစ်နေပြန်တယ်။ “ရပါတယ်” ဆိုတာက ကြားနေကျ တုံ့ပြန်စကား။ တဖက်က မတောင်းဆို သည့်တိုင် “ဒါလေးတော့ ကောင်းမှာဘဲ” ဆိုပြီး ကုန်တွေကို အသွားအပြန်သယ်လို့ ”ကုန်သယ်ကြီးများ အသင်း” ဖွဲ့ရင် ရာထူးတနေရာလောက် ရမှာသေချာပါတယ်။ အဝေးပြေးကားဂိတ်မှာ အိတ်ကြီးကြီး အထုပ်ကြီးကြီးကို မနိုင်မနင်းဆွဲပြီး ပုရွက်ဆိတ်တကောင် ထမင်းလုံးချီသလို လမ်းလျှောက်နေတဲ့ လူကောင်ခပ်သေးသေး အသက်လတ်ပိုင်း အမျိုးသမီး တယောက်ယောက်ကို တွေ့ရင် ကျမ မိုးစက်ပွင့်လို့ ခန့်မှန်း လိုက်ပါနော်။ ၅၀% တော့ မှန်နိုင်တယ်။

အိမ်ရှင်းတိုင်း “အမှိုက်တွေ၊ ဒုက္ခတွေ၊ နောက်မ၀ယ်တော့ဘူး” လို့ ကျမ ရေရွတ်မြဲ။
ဒါတောင် စိတ်ထဲမှာ လိုချင်နေတဲ့ အရာတွေ မကုန်နိုင်သေး......
ကော်ဇော လှလှလေး တခု ......
အ၀တ်လျှော်စက်လေးတလုံး....
ပန်းသီးတံဆိပ် အဖြူရောင်လက်ပ်တော့လေးတလုံး....
ပရော်ဖက်ရှင်နယ် ကင်မရာလေးတလုံး.....
အိုင်ဖုန်းကလေးတလုံး........
စသဖြင့် စသဖြင့်.... များစွာ။ 
ကျမဟာ consumerism ရဲ့ သားကောင်တကောင်ဖြစ်နေဆဲ။

ပါတ်ဝန်းကျင် ထိမ်းသိမ်းရေးကို စိတ်ဝင်စားတဲ့၊ သဘာဝအရင်းအမြစ်တွေ မလိုအပ်ဘဲ ဖြုန်းတီးတာကို မကြိုက်တဲ့ စိတ်အခံရှိပေမဲ့ shopaholic ဖြစ်နေတဲ့ စိတ်ကတော့ အဲဒီလမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် စွဲလမ်းမှု တခု ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြင်ဖို့ အကြိမ်ကြိမ်ကြိုးစားနေဆဲပါဘဲ။ ဆေးလိပ် အကြိမ် ၂၀၀ကျော် ဖြတ်တဲ့လူလိုဘဲ အခုထိတော့ အောင်မြင်မှုမရသေးပါဘူး။ အခုလည်း ”၂၀၁၁ မှာ Minimalist  ဖြစ်အောင် ကြိုးစားတော့အံ့ ”ဟု ကြွေးကြော်ပြီး သကာလ.... ကောင်းသေးသော ပစ္စည်းအချို့ကို ကိုယ့်ထက်လိုအပ်သူများကို ပေးလှူခြင်း၊ တော်တော်မကောင်းတော့ရင် စွန့်ပစ်ခြင်း၊ စသည်တို့ကို အကြိမ်အနည်းငယ် ဆောင်ရွက်ခဲ့ပြီးပါပြီ။ တော်တော် ပေါ့ပါးလန်းဆန်းသွားသလိုလည်း ခံစားရပါတယ်။ အသစ်မ၀ယ် ဖြစ်အောင်လည်း ဇန်န၀ါရီတလလုံး ကြိတ်မှိတ် အောင့်အည်း မျိုသိပ် ထားပါတယ်။  ပြင်းပြတဲ့ ဆန္ဒရှိရင် အောင်မြင်ရမှာဘဲပေါ့။

တကယ်ပါ၊ ကျမ Minimalist ဖြစ်ချင်တယ်။

မိုးစက်ပွင့်

3 comments:

  1. အဖွဲ့ဝင်အဖြစ် ပါပါမယ်၊

    အခုတလောမှ တိုက်တိုက်ဆိုင်ပဲ၊

    ရှိရှိသမျှတွေကို ရှင်းထုတ်ပြီး သူများတွေကို ပေးပစ်နေတာ အတော် နေလို့ ကောင်းတာပဲ။

    ဒီစာလေးဟာ ကိုယ့်ကို ပိုပြီး အားပေးတဲ့ စာ ဖြစ်နေစေတယ်၊

    ကြိုက်တယ်၊

    ReplyDelete
  2. ကြိုးစားကြည့်မယ်လေ။

    ReplyDelete
  3. တို့က ကိုယ်မလိုတဲ့မသုံးတဲ့ပစ္စည်းဆို ဒီတိုင်းထားတာကြည့်လို့မရဘူး.. ပေးပစ် ဒါမှမဟုတ် လွှင့်ပစ်လိုက်တယ်..အဲလိုပေးပြီးသွားရင်လည်း ပျော်တယ်။ ခရီးသွားရင်လည်းအမှတ်တရပစ္စည်းသိပ်မ၀ယ်ဘူး။ နှမြောလို့ ဟီးဟီး။ ဒါပေမယ့် ဖိနပ်နဲ့ အိတ်ဆိုရင် သိပ်စိတ်မထိန်းနိုင်ဘူး။ ဒါကြောင့်စိတ်ပြောင်းသွားအောင်၊ တွေ့တွေ့ချင်း မ၀ယ်ပဲ ပြန်စဉ်းစားတဲ့နည်းကို ကျင့်သုံးတယ်။ တခါတလေအောင်မြင်ပါတယ်။
    ကော်ဇော လှလှလေး တခု ......
    အ၀တ်လျှော်စက်လေးတလုံး....
    ပန်းသီးတံဆိပ် အဖြူရောင်လက်ပ်တော့လေးတလုံး....
    ပရော်ဖက်ရှင်နယ် ကင်မရာလေးတလုံး.....
    အိုင်ဖုန်းကလေးတလုံး........
    ကော်ဇောကလွဲလို့ ကျန်တာတွေ အသုံးကျပါတယ်။ အကျဆုံးက အ၀တ်လျှော်စက်။ ဒါမှအချိန်တကယ်ပိုထွက်လာမှာ။ ကော်ဇောတော့အားမပေးဘူး။ ဖုန်စုပ်ရတာအချိန်ပိုကုန်တယ် :)

    စူးနွယ်လေး

    ReplyDelete

ပဲ့တင်သံလေးတွေ .......