Tuesday 1 December 2009

သဲပန်းချီလေးတွေ ချစ်စရာ




သဲပန်းချီ ဆိုတာက ပိတ်ဖြူအ၀တ်ကင်းဗတ်စပေါ်မှာ ကော်နဲ့သဲကိုဖြန့်ခင်းပြီး အဲဒီအပေါ်မှာ ဆေးနဲ့ ပန်းချီဆွဲတာပါ။ ပန်းချီကား မျက်နှာပြင်လေးက ကြမ်းရှရှနေပြီး အရောင်တွေကို ကောင်းကောင်းစုပ်ယူထားတဲ့အတွက် မျက်စေ့ပသာဒရှိလှပါတယ်။ တစ်ချို့ပန်းချီကားတွေက ရောင်းတမ်းဝင်ရုံသာ အမြန်ရေးကြတာမို့ စုတ်ချက်ကြမ်းပေမဲ့ တစ်ချို့ကတော့ အနုစိတ်ရေးဆွဲထားတဲ့အတွက် လှပနေပါတယ်။ သဲပန်းချီတစ်ချို့ကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။


အဓိက ရေးဆွဲကြတာက ဘုန်းကြီး ကိုရင် သို့မဟုတ် သီလရှင်တွေ တစ်ပါးကနေ လေးငါးဆယ်ပါး အတန်းလိုက်ကြွချီနေကြတဲ့ ပုံတွေပါ။ တောက်ပတဲ့ သင်္ကန်းရောင်နဲ့ အေးချမ်းပြီးမြန်မာအငွေ့အသက်ပါလို့ နိုင်ငံခြားသားတွေ ကြိုက်ပုံရပါတယ်။ နောက်ထပ်အဆွဲများတာက အာနန္ဒာအုတ်ကျောင်းနဲ့ ဂူပြောက်ကြီးဘုရားနံရံက ပုဂံကချေသည်ပုံတွေ ဂီတသည်ပုံတွေပါ။ စက်လက္ခဏာ၁၀၈ကွက်ပါတဲ့ ဘုရားခြေတော်ရာပုံတွေ ပုဂံခေတ်မောင်နှံစုံတွဲပုံတွေလည်း တွေ့ရတတ်ပါသေးတယ်။ တစ်ချို့က ဆေးရောင်စုံတွေဖြစ်ပြီး တစ်ချို့က အဖြူအမည်းနှစ်ရောင်ထည်းနဲ့ မျက်စေ့အေးအောင် ရေးဆွဲထားကြပါတယ်။

အလွယ်တစ်ကူ လိပ်ယူသွားနိုင်ပြီး ပေါ့ပါးဝန်ကျဉ်းတဲ့အတွက် နိုင်ငံခြားသားတွေ နှစ်သက်သဘောကျစွာ ၀ယ်ယူသွားကြသလို ရောင်းသူတွေဖက်ကလည်း ချိတ်ဆွဲပြသစရာ ဆိုင်ခန်းအထူးမလိုပဲ မြေပေါ်မှာ ဖျာခင်းပြီး ဖြန့်ရောင်းနိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။ ဈေးနှူန်းကတော့ အရွယ်အစားနဲ့ လက်ရာအနုစိတ်မစိတ်ပေါ်မူတည်ပြီး ဗမာဈေး တစ်ထောင်နှစ်ထောင်ကနေ တစ်သောင်းနှစ်သောင်း အထိရှိပါတယ်။ နိုင်ငံခြားငွေနဲ့ဝယ်ရင်တော့ ဒီ့ထက်နည်းနည်းပိုမယ်လို့ ထင်ပါတယ်။ ပိတ်စဖိုး ဆေးဖိုး အနုပညာကြေး စောင့်ရောင်းရတဲ့စရိတ်တွေထည့်တွက်ရင် ၁၂လက်မ၊ ၁၄လက်မ ပန်းချီကားတစ်ချပ်အတွက် သုံးလေးထောင်ဆိုတာ များတယ်လို့ မထင်မိပါဘူး။ နံရံမှာချိတ်ဖို့ အလူမီနီယံ ဘောင်သွင်းရင်တောင် ဒီ့ထက်ကုန်ဦးမှာပါ။ ကျွန်မကတော့ သူငယ်ချင်းတွေမှာတဲ့အခါ ကြုံတိုင်းဝယ်ပေးပါတယ်။ ရောင်းသူလည်းဝမ်းဝ၊ ၀ယ်သူလည်းစိတ်ချမ်းသာ၊ အနုပညာတစ်ရပ်ကိုလည်း အားပေးရာရောက်တယ်လို့ ကျွန်မက ခံယူပါတယ်။

ထီးလိုမင်းလိုဘုရား၊ ဂူပြောက်ကြီးဘုရားအ၀နဲ့ ပုဂံဘုရားတော်တော်များများတစ်ဝိုက်မှာ သဲပန်းချီ ဈေးသည်လေးတွေကို အများအပြားတွေ့နိုင်ပါတယ်...။

မိုးစက်ပွင့်

1 comment:

  1. ဗဟုသုတရလို့ ကျေးဇူးပဲညီမလေး။ တခါကသတင်းတစ်ပုဒ်မှာဖတ်ဖူးတယ်။
    ဓါတ်ပုံတချို့ လည်းတွေ့ ဖူးတယ်။
    အပြင်မှာတော့ မမြင်ဘူးသေးဘူး။
    ဒီတခါလာမှ ရှာကြည့်ရမယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......