Saturday, 2 April 2011

A Journey to the West

မတ်လ တလလုံး ခြေထောက်မှာ ဗွေပေါက်လေသမျှ ဌာနေကို ပြန်ရောက်ခဲ့ပါပြီ။
ခရီးစဉ်သုံးခုအနက် ရခိုင်ခရီးစဉ်ကို သူငယ်ချင်းတို့ကို အရင်ဆုံး မျှဝေချင်ပါတယ်။

ဒီခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တဲ့အကြောင်း က Air Mandalay က MAI ကို စတစ်ကာကပ်ပြီး ပျံသန်းနေတဲ့အကြောင်းပါ။  သူတို့လေယာဉ်က ပြင်ဆင်နေလို့ပါတဲ့။  နားလည်ပေးသင့်တယ်ပဲပြောပြော စိတ်ထဲမှာတော့ ခိုးလိုးခုလုကြီးပေါ့။  စစ်တွေလေဆိပ်ရောက်တော့လည်း baggage တွေက  နာရီဝက်မက လေးဆဲ့ငါးမိနစ်လောက်နီးနီး အကြာကြီးစောင့်ရလို့ စိတ်မကြည်။  တွေးမိပါတယ်.... ကိုယ်ကပဲ သိပ်ပြီး demanding ဖြစ်နေလေသလားလို့ ....။

စစ်တွေမြို့လည်က “ကစ္ဆပနဒီ“ ဆိုတဲ့ အမည်လှလှနဲ့   ထမင်းဆိုင်ကလေးမှာ နေ့လည်စာစားကြတယ်။  မှတ်မှတ်ရရ စားကောင်းခဲ့တာကတော့ ငရုပ်သီးစိမ်း နိုင်းချင်းနဲ့ ပြည်ကြီးငါးရခိုင်သုပ် စပ်စပ်ကလေး။  ဓါတ်ပုံတွေ ရိုက်မထားခဲ့ဘူး။  သူစိမ်းတွေ ၀ိုင်းထဲမှာ ရှိနေတော့ ရှက်လို့ပါ။

စစ်တွေ ဘူးသီးတောင် အမြန်ယာဉ် စပိဘုတ်လေးပေါ်တက်လိုက်မှ ပျော်သွားတယ်။  ဒီသုံးနာရီခရီးက ဘယ်လောက်စီးစီး ကိုယ့်အတွက် မရိုးနိုင်ပါလေ။  ကမ်းဘေးဝဲယာကို ငေးရင်းမောရင် ဓါတ်ပုံတွေရိုက်ရင်း။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆို ဒီမြစ်နဒီတကြောမှာ ကျမ စုန်ဆန်ကူးသန်းခဲ့ဖူးတာပေါ့။  အခုတော့လည်း အလွမ်းပြေတခေါက်လို့ ပြောရတော့မှာပါဘဲ။ ပင်လယ်ဝလို ရေပြင်ကျယ်မှာ ရွက်လှေကလေးလွှင့်လို့ အေးအေးလူလူ ခရီးသွားနေကြတဲ့သူတွေလည်း ရှိရဲ့။

အရှိန်ပြင်းပြင်းမောင်းနေတဲ့ ဘုတ်ကလေးရဲ့ ဘေးဝဲယာမှာ ရေစက်ရေမွှာတွေက တဖွားဖွားလွင့်လို့။  လက်ဖ၀ါးနဲ့ ထိတွေ့လိုက်တော့ စိတ်ထဲမှာပါ အေးမြလန်းဆန်းသွားတယ်။ ဘုတ်နောက်မြီးက ရေစီးကြောင်းတွေက ဧရာမ မြွေဖြူဖြူကြီးတွေလိုဘဲ။
တနာရီခွဲလောက်ကြာတော့ “ရသေ့တောင်“ ဆိုတဲ့ အေးချမ်းတဲ့ မြို့ကလေးကို ရောက်လာခဲ့တယ်။ 
ခရီးစဉ်ကိုခဏနားတော့ အတူပါလာတဲ့ မမက ကမ်းပေါ်တက်ပြီး ပုဇွန်ခြောက်အမှတ်တရ ၀ယ်သေးတယ်။
ခရီးဆက်လာတော့ လမ်းမှာ  ငါးဖမ်းလှေတွေ အများကြီးတွေ့ရတယ်။  မေယုမြစ် (သို့မဟုတ်) မယူမြစ်ရိုးတလျောက်မှာ တော့ နေရောင်ကြောင့် ငွေရောင်တောက်နေတယ်။ သဘာဝအလှကို တ၀ကြီး ခံစားပစ်လိုက်မိတယ်။

စစ်တွေကနေ မောင်းချိန် သုံးနာရီပျော့ပျော့ရှိတော့ ဘူးသီးတောင်ဆိုတဲ့ မြို့ကလေးကို ဆိုက်ရောက်လာခဲ့။  ၂၀၁၀ နှစ်လည်လောက်တုန်းကတော့ ဒီကမ်းနားမှာ လူတရပ်စာလောက် ရေဖုံးလွှမ်းခဲ့ဖူးတာပေါ့။  မနှစ်က ကျမ ဒီမှာ ရေးခဲ့ဖူးတယ်လေ။

ဘုတ်ပေါ်မှဆင်း ကားပေါ်ကိုတက် ခရီးဆက်ရပြန်ပြီလေ။ ဘူးသီးတောင်- မောင်တောလမ်းက ၁၆မိုင်ဆိုပေမဲ့ လမ်းအခြေအနေကြောင့် တနာရီလောက်မောင်းရပါတယ်။  မဖြစ်မနေဖြတ်ရတာက အင်္ဂလိပ်ခေတ်က တောင်ကိုဖြတ်ဖောက်ထားတဲ့ လိုဏ်ခေါင်းအတိုတခု၊ အရှည်တခု။  တောင်ပေါ်က ဖြတ်ပြီးကားလမ်းအသစ်တခုဖေါက်နေပေမဲ့ မြေသားကို စိတ်မချရလို့ လောလောဆယ် လမ်းဟောင်းပဲ သုံးနေကြတယ်။  တောင်ခေါင်းထဲကိုဖြတ်တိုင်း “ခုနေ မြေပြိုကျခဲ့ရင်” ဆိုတဲ့အတွေးနဲ့ အမြဲအသက်အောင့် ထားမိတယ်။  ဓါတ်ပုံအသစ်မရိုက်ခဲ့မိလို့ အဟောင်း ရှာပြိးတင်ပေးလိုက်ပါတယ်။


အဲ တောင်ခေါင်းကြီးက ထွက်လိုက်တာနဲ့ ဂငယ်ကွေ့ကြီး။  ဘူးသီးတောင်နဲ့ မောင်တောရဲ့ နယ်နမိတ်ပေါ့။  လမ်းကို ကတ္တရာလောင်းပြီး ပြင်နေတာနဲ့ မိနစ်၂၀လောက် စောင့်ခဲ့ရသေးတယ်။

မောင်တောကို ၀င်တော့ ညနေခြောက်နာရီကျော်နေပြီ။  အကျည်းတန်လှချိန်ဆိုတော့ အံကိုက်ပါဘဲ။  မောင်းနေတဲ့ ကားပေါ်ကနေ လျပ်တပျက်ရိုက်ချက်မို့ ပုံကတော့ နည်းနည်းဝါးချင်တယ်။ (မခင်ဦးမေကို အားကျလို့)

မောင်တောမှာ သုံးရက်သာနေခဲ့ပါတယ်။  ရခိုင်စာ တော်တော်များများ စားခဲ့ရသေးတယ်။ မမေ့နိုင်တာက ရခိုင်ပုဇွန်သုပ်စပ်စပ်ကလေး နဲ့ အာလူးဟင်းရခိုင်ချက်ပါ။

အပြန်ကတော့ အသွားနဲ့အတူတူပဲမို့ အထူးမပြောလိုတော့ပါ။  ဒေသခံတွေ ဘယ်လို ရီးသွားကြသလဲ ဆိုတာတော့ ဗဟုသုတ မျှဝေတဲ့အနေနဲ့ ပုံဟောင်းလေးတွေ ရှာတင်ပေးလိုက်ပါတယ်။
သစ်သားလှေပေါ်မှာ ရှိတဲ့လူတွေ လေးငါးဆယ်ထက်တော့ မနည်းဘူးထင်ရဲ့။ ကိုယ်တော့ အဲလောက်သတ္တိမရှိပါ (သေရေးရှင်ရေးဆိုရင်တော့ စီးရမှာပေါ့လေ)


ပုံထဲက ဂျစ်ကားတစီးရဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာ။ ပိုပြီးချီးကျူးသင့်တာက ကားဒရိုင်ဘာပဲ။  ကားမှန်တခုလုံး လူတွေပိတ်ကာနေတာတောင် အပြင်ကို ခေါင်းထုတ်ပြီး လိုရာခရီးကို မောင်းနိုင်တယ် :-)

ဒါတွေမြင်မှ ကိုယ့်ကိုယ်ကို ဒီလိုခရီးမသွားရတဲ့အတွက် တော်တော်ကံကောင်းပါလားလို့  တွေးလိုက်မိတော့တယ်။ ဒါကတော့ မြန်မာပြည် အနောက်ဖျားခရီးတခေါက်ကို မျှဝေခြင်းပါ။
သူငယ်ချင်းတို့  ပျော်ရွှင်ချမ်းမြေ့ပါစေ။

မိုးစက်ပွင့်




4 comments:

  1. အီးတီ2 April 2011 at 22:04

    ရခိုင်ဘက်ကိုမရောက်ဖူးသေးဘူး။ ဓါတ်ပုံတွေအတွက်ကျေးဇူးပါညီမလေး။

    ReplyDelete
  2. ရော့က်ဘူးတယ် ကုန်းလမ်းက.ရေလမ်းတော့မစီးဘူးသေးဘူး ပုံတွေကမဝါးပါဘူး လှက လှနဲ့။

    ReplyDelete
  3. ရခိုင်ဆိုလို့ စစ်တွေ မြောက်ဦးပဲ ရောက်ဖူးတယ်။ အသွားက ကားနဲ့ သံတွဲထိ။ ငပလီမှာ နေလိုက်သေးတယ်။ ပြီးမှ အဲဒီကမှ စပိဘုတ်နဲ့စစ်တွေသွား။ အဲဒီကနေ ကစ္စပနဒီတလျှောက် သင်္ဘောနဲ့ မြောက်ဦးသွားတာ။ အပြန်ကျ အဲဒီလမ်း စိတ်ကုန်သွားလို့ လေယာဉ်နဲ့။ သိပ်မကြာသေးပါဘူး ဟီး.. ၈နှစ်လောက်တော့ ရှိပြီ။
    ဓါတ်ပုံလေးတွေကြည့်ရတာ စာသိပ်ဖွဲ့စရာမလိုပဲ ကွင်းကွင်းကွက်ကွက် နားလည်မြင်သာစေတယ်။ ကျေးဇူး :)

    စူးနွယ်လေး

    ReplyDelete
  4. သွားချင်တယ်ဗျ...ရခိုင်သူငယ်ချင်းနဲ့တော့ ပြောထားတယ်...ရှေ့နှစ်သွားလည်
    မယ်လို့...။ရခိုင်စာတွေ ဒါ့ပုံရိုက်လာခဲ့ပြီးရော....၊ဘလော့ဂါရင့်မာကြီးလုပ်ပြီး
    ဒါ့ပုံရိုက်ဖို့ရှက်ရသလားဗျ...:)))

    ReplyDelete

ပဲ့တင်သံလေးတွေ .......