လေယာဉ်အင်ဂျင်သံ တဝေါဝေါနဲ့ ငြိမ့်ကနဲရှေ့ကိုပြေးထွက်သွားတဲ့ ခံစားမှု၊ နောက်ပြီးသိမ့်ကနဲ လေထဲကို ကြွတက်သွားတော့မှဘဲ ဒီခရီးကိုသွားဖြစ်ပါလား ဆိုတဲ့အသိနဲ့ ဟင်းချနိုင်တော့တယ်။ တကယ်တော့ လွန်ခဲ့တဲ့ နာရီပိုင်းအထိ စိတ်မောပင်ပန်းနေရတုန်း။ စိတ်တွေက လွန်ခဲ့တဲ့ နှစ်ပါတ်အလိုကို ပြန်ရောက် သွားတယ်။ ဒီခရီးထွက်ရမယ်ဆိုတာ ကိုယ်သိရချိန်မှာ အရမ်းနီးကပ်နေခဲ့ပြီ။ မေ့မေ့ လျော့လျော့ ပစ်ထားမိတဲ့ ပတ်စ်ပို့လေးက သက်တမ်းမမီ့တမီ။ အပြေးအလွှား စီစဉ်ရတာ မောလွန်းသည်။ နောက်ဆုံး D-form က အချိန်မီမထွက်လို့ လေဆိပ်မှာ မျက်နှာငယ်ရပြန်သည်။ သည်းခံ၊ သည်းခံ။
ခရမ်းရောင်၊ပန်းရောင်၊ ရွှေဝါရောင်ဝတ်စုံနဲ့ TG လေယာဉ်မယ်လေးတွေကိုမြင်တော့မှ အမောပြေ တော့သည်။ ကိုယ့်ကိုယ်ကိုယ် အားနည်းနေတယ်ထင်လို့ ၀ိုင်မသောက်တော့ဘူး။ လိမ္မော်ရည်ပဲ လည်ချောင်းထဲကို အေးကနဲဆင်းသွားအောင် မော့ချလိုက်သည်။ ဒီခရီးက တနာရီတောင်မရှိတာဘဲ။ ဘေးနားက အင်္ဂလန်သွားမဲ့ သင်္ဘောသား အသက်ငယ်ငယ် ကောင်လေးက စကားခပ်များများ။ သူက ဘန်ကောက်ကို တခါမှမရောက်ဖူးဘူးတဲ့။ “ဘန်ကောက်သူတွေ ချောလားအစ်မ ” တဲ့။ လာစပ်စုနေသေးတယ်။ “ဘယ်လိုပြောရမလဲ၊ အစုံရောရာပေါ့၊ သူတို့ကတော့ ပိုစီးပွားရေးကောင်း၊ ပိုခေတ်မီတော့ တို့မြန်မာမတွေထက် အလှပိုပြင်နိုင်တာပေါ့” ပြောမိပြောရာ ပြောလိုက်တယ်။
ခဏနေတော့ လေယာဉ်မောင်က ခရီးသည် အမျိုးသမီးတိုင်းကို ခရမ်းရောင်သစ်ခွပန်းလေးတွေ တစ်ခက်စီ လာပေးတယ်။ ရနံ့မမွှေးပေမဲ့ အဆင်းလှတဲ့ ပန်းကလေး။
ဝါသနာအရ လေယာဉ်ခုံနောက်အိတ်ထဲက dutyfree ကက်တလောက်ကို ဆွဲယူဖတ်တယ်။ ဘာရယ်မဟုတ် လေယာဉ်ပေါ်မှာ ၀ယ်ရတာ သဘောကျမိသည်။ ဈေးလဲပိုချိုတယ်။ ရေမွှေးတွေ၊ ဖန်စီ လက်ဝတ် ရတနာတွေ၊ cosmetic တွေ ၊ တံတွေးကို တဂွပ်ဂွပ်မြိုနေရတာပေါ့။ နောက်ဆုံး တခုတော့ ၀ယ်ခဲ့ပါတယ်။ Esteem Lauder ခရီးဆောင်ရေမွှေးပုလင်း အသေးလေးတွေ၊ ၅လုံးတဆက်မှ ၄၅ ဒေါ်လာ။
ရေမွှေးပုလင်းတွေနဲ့အတူ promotion လက်ဆောင်အဖြစ် esteem lauder တံဆိပ် ပိုက်ဆံအိတ် အနက်လေးလည်း တွဲလျက်သား ပါတယ်ဆိုတော့ တန်တယ်လို့ ထင်တာပဲ။ အိတ် အရွယ်အစား မှန်းလို့ရအောင် ပတ်စ်ပို့စာအုပ်လေးနဲ့ တွဲရိုက်ထားပေးတယ်။
လေဆိပ်ထဲရောက်တော့ အပြင်ထွက်ချင်စိတ်စောနေတာနဲ့ ငွေလဲမလဲခဲ့ရဘူး၊ ဖုန်းကတ်လည်း မ၀ယ်ခဲ့ရဘူး။ တက္ကစီခကားဆရာက စကားရေရေလည်လည် မပြောတတ်ပေမဲ့ သဘောကောင်းပုံရတယ်။ ဒက်ရှ်ဘုတ်ပေါ်က လိုင်စင်ကတ်ကိုကြည့်ပြီး “အာနန်” လို့ သူ့ကိုခေါ်ကြည့်တော့ သဘောတွေကျလို့။ သူငယ်ချင်းဖြစ်သွားပြီ။ ကျမ နားမလည်မှန်းသိရက်နဲ့ ထိုင်းလိုကွိကွိကွကွ ရှင်းပြနေတယ်။ ပြောချင်လွန်းလို့ ဖြစ်မှာပါလေ။ ပြီးခဲ့တဲ့ ရက်တွေက မိုးရွာတယ် ဆိုတဲ့အကြောင်းမှန်း အမူအယာနဲ့ ပါတ်ဝန်းကျင်ကို ကြည့်ပြီး သဘောပေါက် လိုက်တယ်။ သူစိတ်ချမ်းသာအောင် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်တယ်။
ဟိုတယ်ရောက်တော့ ငါးညစာကြိုတင်ငွေအပြင် နောက်ထပ်အပိုဆောင်း deposit ပါ တောင်းလို့ စိတ်ထဲမှာ နည်းနည်းဖုသွားတယ် (ငါ့လို ငတက်ပြားအမ ဥပဓိရုပ်ကို deposit တောင်းစရာလား ဟွင်းဟွင်း) ။
ဟိုတယ်ရောက်တော့ ငါးညစာကြိုတင်ငွေအပြင် နောက်ထပ်အပိုဆောင်း deposit ပါ တောင်းလို့ စိတ်ထဲမှာ နည်းနည်းဖုသွားတယ် (ငါ့လို ငတက်ပြားအမ ဥပဓိရုပ်ကို deposit တောင်းစရာလား ဟွင်းဟွင်း) ။
အခန်းထဲရောက်လို့ ပစ္စည်းတွေ နေရာချပြီးတာနဲ့ မှန်ပြူတင်းကနေ အပြင်ဘက်ရှုခင်းကိုကြည့်ရင်း အိမ်နီးချင်းနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို မုဒိတာပွားမိတယ်။ အဲဒီစိတ်ရဲ့ နောက်ကနေ မစ္ဆရိယ စိတ်တွေ ထပ်ချပ်မကွာ လိုက်လာသလား ထင်ရတာနဲ့ အတွေးတွေကို ရပ်လိုက်တယ်။ တီဗွီမှာ ဂျပန် ဆူနာမိ သတင်းက တချိန်လုံး လာနေတယ်။ လောလောဆယ် ဂျပန်မှာ ကိုယ့်မိတ်ဆွေတွေ ဘယ်သူရှိသလဲ အပြေးအလွှား စဉ်းစားရင်း ဘေးလွတ်စေကြောင်း ဆုတောင်းပေးနေမိတယ်။
Management Workshop/Training
အားလုံးက အလည်အလတ်အဆင့် မန်နေဂျာတွေ၊ ကိုယ်က ရာထူးအနိမ့်ဆုံးသုံးယောက်ထဲက တစ်ယောက်။ ကိုယ့်နာမည်ချထားတဲ့ စားပွဲဝိုင်းမှာ ထိုင်ကြတော့ ဘယ်ဖက် ဘေးနားမှာ အိန္ဒိယနိုင်ငံသား၊ ညာဖက်မှာ တရုပ်နိုင်ငံက အမျိုးသားနဲ့ အမျိုးသမီး ၂ယောက်။ တစ်ဦးချင်းစီ မိတ်ဆက်ကြတော့ ငါတို့ နိုင်ငံလေးကလည်း အိန္ဒိယနဲ့ တရုပ်ကြားမှာဘဲ။ ဒါကြောင့် ဒီစားပွဲမှာ ထိုင်ရတာ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံလို ခံစားရတယ် လို့ ပြောတော့ တ၀ါးဝါး ပွဲကျသွားတယ်။ ဘယ်လိုခံစားချက်မျိုးလဲလို့ တချို့က စပ်စပ်စုစု ထပ်မေးသေးတယ်။ အားငယ်တာလား၊ အရေးပါသလိုမျိုးလား တဲ့။
သီအိုရီဆိုတော့ နည်းနည်းပျင်းတယ်။ တချို့အကြောင်းအရာတွေက စာအုပ်ထဲမှာ ဖတ်ပြီးသားတွေ။ အဲ Teamwork လက်တွေ့ လေ့ကျင့်ခန်းကလေးတခုကိုတော့ ပြောပြချင်သေးတယ်။ အရွယ်အစားမျိုးစုံ ရှိတဲ့ ကော်ပြားတွေကို ၀င်္ကပါပုံရအောင် တမိနစ်အတွင်းမှာ ဆက်ရတာလေ။ ကိုယ်တို့အဖွဲ့ရှုံးပါတယ်။ အားလုံးပြီးဖို့ နှစ်မိနစ် နီးနီးကြာသွားတယ်။ အရှူံးသင်ခန်းစာတွေထဲက တစ်ခုကတော့ “ ရာထူးကြီးတဲ့ သူတွေက ရာထူးငယ်တဲ့ သူတွေရဲ့ အကြံဥာဏ်ကောင်း တချို့ကို လျစ်လျှူရှုခဲ့လို့ပါ လို့ အဖွဲ့ ကိုယ်စားလှယ်က တင်ပြပေးတယ်။ ကျေးဇူးပါ မိုင်ရွန်။
သင်တန်းလေးရက်ပြီးတော့ အချိန်တန်လို့ အိမ်ပြန်ဖို့ပြင်ကြတယ်။
Shopping
Workshop ဆိုတာ work ထက် shop က ပိုပြီးအဓိကကျတယ်လို့ ဟာသပြောကြသလိုပါဘဲ။ ကိုယ့်လေယာဉ်က ညမှဆိုတော့ (လည်စရာ နေရာလည်း မကျန်တော့တာမို့) ရှော့ပင်ထွက်ခဲ့တယ်။ သိပ်များဆန္ဒစော နေသလားတော့မသိ။ MBK လို့ခေါ်တဲ့ မာဘွန်ခေါင်း စင်တာကြီးက ဖွင့်တောင် မဖွင့်သေး။ ဆယ်နာရီတိတိမှ ဖွင့်မှာဆိုတော့ တစ်နာရီတိတိ စောနေတယ်။ အင်းပေါ့လေ နားနားနေနေ ဟိုကြည့်ဒီကြည့်ပေါ့။ ကိုယ့်လိုဘဲ စောင့်နေတဲ့ သူတချို့ရှိတယ်။
MBK ပေါ်ကနေ စီးမိုးကြည့်တော့ ကားတွေဥဒဟိုသွားနေတဲ့ ဆူခွန်ဗစ် ( ???? ) လမ်းမကြီး ကိုတွေ့ရတယ်။ နောက်တော့ ပျင်းလာတာနဲ့ အကွက်လှလှလေးဆွဲထားတဲ့ ကားပါကင်ကို ပစ်ကွင်း ရွေးလိုက်တယ်။ ကိုယ့်ရဲ့ လက်စွဲတော်ကင်မရာကို ချိန်ရွယ်လိုက်တယ်။
ပထမဆုံးဝင်လာတာက အဖြူမလေးတယောက်နဲ ထိုင်းမလေး တယောက်
နောက်တခေါက်ဝင်လာတာက သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦး။ အရွယ်ကွာသွားတာနဲ့ ကြည့်ရတဲ့ သာယာမှုချင်းကွာသွားသလိုဘဲ :-)))) ။ တရားတောင် ကျမိပါရဲ့။
နောက်တခါတော့ တအုပ်ကြီး ၀င်လာပြန်တယ်။
ဓါတ်ပုံရိုက်ရတာ ပျင်းလာတာနဲ့ ရပ်လိုက်တယ်။ ခဏနေတော့ လေယာဉ်ပေါ်က ကောင်လေးမေးတာ သတိရပြီး quantitative beauty survey လုပ်ကြည့်ပြန်တယ်။ ချော၊ မချော၊ သင့် ဆိုပြီး ထိုင်းမကလေး ဆယ်ယောက်တိတိကိုရေပါတယ်။ ကျမရဲ့ စံချိန်စံညွန်းအရ နှစ်ယောက်ဟာချောပြီး ငါးယောက်ဟာ မချောဘူး၊ သုံးယောက်ကိုတော့ သင့်တယ်လို့ မှတ်ချက် ချလိုက်တယ်။ ( နောက်မှ ယုဇနပလာဇာမှာ ထပ်သွားရေကြည့်ဦးမယ် )
ဆယ်နာရီအတိမှာ MBK တံခါး အမှန်အကန်ဖွင့်ပါတယ်။ လိုချင်စရာတွေက အများကြီးပါ။ ပစ္စည်းတော်တော် များများက ၅၀% လောက် ဈေးချထားပါတယ် (တကယ် ဟုတ်မဟုတ်တော့မသိ)၊ ပါရင်ပါသလောက် ၀ယ်တတ်တဲ့ ကိုယ့်အကျင့်ကိုသိလို့ အိမ်ကနေ ပိုက်ဆံ အရမ်းနည်းနည်းလေး ယူလာမိတာ ခုမှနောင်တရသလိုလို၊ ၀မ်းနည်းသလိုလို။ ခြေတိုအောင်ပတ်ကြည့်၊ ဦးစားပေး အဆင့် ၁၊၂ ခွဲပြီး ၀ယ်ရတော့တာပဲ။ အိတ်တစ်လုံး၊ ဖိနပ်တစ်ရံ၊ ဘောင်းဘီရှည်တစ်ထည်။ အိမ်ရှင်ထီးအတွက် ဖိနပ်တစ်ရံ။ နောက်ပြီး ဟိုလူဒီလူအတွက် တိုတိုထွာထွာကလေးတွေ။ အိတ်ကလေးကတော့ အရောင်စိုစို တောက်တောက်။ သင်္ကြန်အကြို ပိတောက်ရောင်ပေါ့။ (အမေကတော့ ဘာရောင်ကြီးမှန်းမသိဘူး ဆိုပြီး အားပေးပါတယ်)။ အသက်ကြီးမှ အရောင်တောက်တောက်တွေ မျက်စေ့ကျနေသလိုဘဲ။
လေဆိပ်ထဲက ရင်ခုန်သံများ
နောက်ဆုံးပြောပြချင်တာက လေဆိပ်ထဲက မာရသွန်ရင်ခုန်သံအကြောင်း။ တကယ်တော့ ကိုယ့်အပြစ်နဲ့ကိုယ်ပါ။ သူငယ်ချင်းမှာတဲ့ Kanebo Moisturizer ကို မှာ MBK ၀ယ်လာမိပြီး baggage ထဲ ဖွင့်မထည့်ဘဲ ကျောပိုးအိတ်ထဲ ထည့်ထားမိတယ်။ အိတ်စရေးဖြတ်တော့ မုတ်ဆိတ်မွေးစစနဲ့ တာဝန်ခံလူငယ်လေးက အိတ်ဖွင့်ရှာပါတယ်။ ကျမကလည်း ခပ်တည်တည်ပဲလေ။ ရှာပေါ့။ သူက ဘူးကိုဆွဲထုတ်ပြီး နင့်ဗူးကို အမှိုက်တောင်းထဲ ပစ်ထည့်ရလိမ့်မယ်တဲ့။ သတ်မှတ်ထားတာက အများဆုံး 100ml တဲ့။ အခုဘူးက 130 ml ဖြစ်နေတယ်တဲ့။ ကျမလည်း ပြာပြာသလဲ တောင်းပန်ပါတယ်။ ဘတ် ၁၇၀၀ တောင်မို့ အဆုံးမခံနိုင်ဘူးလေ။ နင်တို့သိမ်းထားပေးမလား၊ နောက်မှ တယောက်ယောက်ကို လာယူခိုင်းရင်ကောလို့ အမောတကော မေးမိတယ်။ နောက်ဆုံးတော့ သူက အကြံတခုပေးတယ်။ ပုလင်းလွတ် သေးသေးလေးတွေ ရှာဝယ်လိုက် တဲ့။ ငါသိမ်းထားပေးမယ်တဲ့။ ကျမ အသားကုန် ပြေးလွှားပြီး ပုလင်းရှာရပါတယ်။ လေဆိပ်ထဲမှာ ပုလင်းခွံ ရှာရတာ ဘုရားခေတ်က လူမသေတဲ့အိမ်က မုန်ညှင်းစေ့ ရှာရတာလိုဘဲ ခက်ခဲလှပါတယ်။ နောက်ဆုံးတော့ ဘတ်၃၅၀ တန် ကော်ဗူးတစုံကို Boots ဆိုင်က ရခဲ့ပါတယ်။ ကိုယ်တော်ချောကို အပြေးပြန်ရှာပြီး ပုလင်းချင်းလဲထည့်ရပါတယ်။ ကိစ္စ၀ိစ္စ အားလုံးပြီးတော့ check in ၀င်ရမဲ့ ဂိတ်ရှေ့မှာ ခြေပစ်လက်ပစ် ထိုင်ချမိပါတယ်။ အဲကွန်းခန်းထဲမှာပေမဲ့ ချွေးတွေများတောင် ပြန်လို့။
သြော်.... ဘန်ကောက်...ဘန်ကောက်..။ အသွားမော အပြန်မော၊ အမှတ်တရပါလားနော်..။
မိုးစက်ပွင့်
ရက်တိုသင်တန်းလေးက ရှော့ပင်နဲ့တွဲလို့ရတော့ ပျော်စရာပဲ။
ReplyDeleteတို့လည်း MBK မှာ မနက်စောစော စောင့်ခဲ့ရဖူးပါ့။ ဒီမှာဆိုအ၀တ်တွေကကြီးနေလို့ဝယ်ရတာသိပ်အဆင်မပြေဘူး။ ထိုင်းမှာက ပိုအဆင်ပြေတယ်။ MBK က Tokyu Center မှာအမြဲမွှေတယ်။ နောက်ဆိုကြုံရင်ကြုံမှာ သတိထားကြည့်မယ်နော် ဟိ။
Siam Square ကျတော့လည်းဈေးကြီးလွန်းလို့ :)
ဒီနှစ်အ၀ါရောင်ဖက်ရှင်ကျနေကြတာမို့ မိုးစက်မျက်စေ့ကျလာတာနေမှာ ကောင်းပါတယ်။
ဟုတ်တယ် 100 ml မို့ တို့လည်း မမေ့မလျော့ သတိထားပြီး အပ်တဲ့သေတ္တာထဲ ထည့်ရတယ်။
စူးနွယ်လေး
ညီမလေးလဲ ဘန်ကောက်ရောက်တုန်း ပစ္စည်းအစစ် လေးတွေလိုချင်လို့ အဲလိုပဲ အလှပြင်ပစ္စည်းတွေ ဝယ်ခဲ့တာ အကုန်လုံး အသိမ်းခံလိုက်ရတာ ဒေါသတွေထွက်လို့ အခုထိတနုံ့နုံ့နဲ့..ပဲ.. တော်တော်ဆိုးပ..
ReplyDeleteမိုးစက်တယောက် လေဆိပ်မှာပြေးနေတာမြင်ရောင်မိသေးတယ်။
ReplyDeleteဖြေးဖြေးညီမလေး။.....
စူးနွယ်...တို့လည်း Tokyu center က အများဆုံး ၀ယ်ဖြစ်ခဲ့တယ်။ Siam square ကို အချိန်မရလို့ မရောက်ဖြစ်ခဲ့ဘူ့း။ Central ကိုရောက်ပေမဲ့ ဈေးကြီးလွန်းလို့ မ၀ယ်ခဲ့ဘူး။ ဒီနှစ် အ၀ါရောင် ဖက်ရှင်ဆိုတာ ခုမှသိတယ်။ ပျော်သွားပြီ။
ReplyDeleteညီမအိန်ဂျယ်..... ကိုယ်ချင်းစာမိတယ်။ ကိုယ်နှစ်သက်လို့ ၀ယ်လာတာလေးတွေကို အမှိုက်ပုံးကြီးထဲ ဘုတ်ကနဲပစ်ထည့်လိုက်တဲ့အခါ ရင်ထဲမှာ ကြေကွဲရလွန်းလို့ ( ဆွစ်စ်ဒါးလေးတချောင်း ဆုံးဖူးတယ်)
မမအီးတီ...... မြင်ယောင်တယ်မဟုတ်လား မမ၊ သတိလက်လွတ် လုပ်ချင်တာလုပ်၊ ပြီးမှ ပြသနာတွေတက်၊ ပြာပြာပြာပြာနဲ့လိုက် ဖြေရှင်းတတ်တဲ့ မိုးစက်စတိုင်ကို.....
ထိုင်းမလေးတွေက ချောပါဘူးဗျာ....၊ဒို့မြန်မာမလေးတွေကို ဘယ်မှီလိမ့်မလဲ...:)
ReplyDelete(တစ်ခြားနေရာမှာ မျိုးချစ်စိတ်မရှိတောင် ဒီနေရာမှာတော့ မျိုးချစ်စိတ်အပြည့်..:D)
ညီမ Estee Lauder မဟုတ်လား n တလုံး ပိုနေတယ်
ReplyDelete