Tuesday 31 August 2010

လကုန်ရက် အိမ်လည်ထွက်ခြင်း

ကလင်....ကလင်..ကလင်...
ခေါင်းရင်းက နာရီ နှိုးစက်သံက မပိတ်မချင်း ဒုက္ခပေးတော့မှာမို့   အိမ်သားတွေ နိုးသွားမှာ အားနာလို့   ကမန်းကတန်း စမ်းပိတ်လိုက်သည်။ ခြောက်နာရီခွဲပေမဲ့ မျက်လုံးက မဖွင့် နိုင်သေး။ ဒါပေသိ လူးလဲထပြီးတာနဲ့   အဆင်သင့်ရှိနေတဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သွားပွတ်တံ အပါအ၀င် ရေချိုးခြင်းတောင်းကလေးကို ဆွဲပြီး ရေကန်ရှိရာ သွားလိုက်သည်။  အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်း အားလုံးကို တဆက်တည်း လုပ်တတ်တာ ကိုယ့်အကျင့်။  အချိန်ကုန်သက်သာအောင် ရည်ရွယ်ခြင်းဖြစ်သည်။  ထုံးစံအတိုင်း ရေကို ၁၀ခွက်၊ ၁၅ခွက်လောက်နှင့် အပြီးချိုးသည်။  ကမ္ဘာကြီးမှာ ရေချိုရေသန့်တွေ ရှားပါးနေသည်လေ။  သနပ်ခါး လိမ်းတာက ၁၀မိနစ်၊ အ၀တ်လဲတာနှင့်ပေါင်းရင် ၁၅ မိနစ်။   စုစုပေါင်း နာရီဝက်ပျော့ပျော့မှာ အိမ်ကနေ ထွက်လာနိုင်ခဲ့သည်။  အိမ်နှင့် ရုံးက ၁၅မိနစ်လောက် လမ်းလျှောက်ရုံသာဝေးတာမို့ သိပ်ဝေးလှတာမဟုတ်၊ ရုံးကိုရောက်တော့ ၇နာရီမခွဲသေးချေ။   မနက်စာကို ရုံးမှာပဲ စားမယ်လို့   စိတ်ကူးပေမဲ့ နေ့တိုင်းစားနေကျ အစားအသောက်တွေကြည့်ပြီး စိတ်မပါတာနဲ့   မစားတော့ပါဘူး။  အလုပ်လုပ်မယ်လို့   ကွန်ပြူတာလေး ဖွင့်လိုက်ပြီးမှ  “ ဟယ်- ရုံးမှာလဲ ဘယ်သူမှ မရောက်သေးဘူး။  လမ်းပေါ်ခဏတက်ဦးမှ“ ဆိုပြီး အညောင်းပြေ အညာပြေ အပြင်ကို လမ်းထွက်လျှောက်မိသည်။

စ ထွက်ထွက်ချင်းတွေ့တာက ဘကြီးလွဏ်းဆွေ ။  ဟေ့ စပ်စုမ တူမကြီး- ဘယ်များလဲကွဲ့။  သြော်- ဟိုနားဒီနားပါ ဘကြီး။  အေး - သတိလေးတော့ ထားသွားဦး ရာသီဥတုက မကောင်းဘူး။ ပဲခူးမှာ ရေကြီးနေသတဲ့။ အညာမှာတော့ မိုးခေါင်နေတယ်တဲ့။  ဟိုစပ်စပ် ဒီစပ်စပ် တော်တော်ဗဟုသုတ စုံတဲ့ဘကြီး။ သူပြောသမျှ ဟို- ဒေ၀ါလီသတင်းစာက ဘာရေးတာ၊ မျက်စိပြူးဂျာနယ်က ဘယ်လို အင်တာဗျူးထားတာ၊  အသံပျောက် ဂျာနယ်က ဘာပြောတာ စသဖြင့် လေတော်တော်ဖြတ်မရတာနဲ့   နာရီဝက် ကျော်ကျော် လောက်ကြာသွားသည်။  “သြော်- သွားလိုက်ဦးမယ်နော် ဘကြီး”.......“အေး၊ အေး၊ မနက်ဖြန်လဲ လာခဲ့ဦး၊ သတင်းတွေ စုထားလိုက်မယ် သိလား“   သြော် - ပီတိစားပြီး အားရှိနေတဲ့ သူ့ဝါသနာ၊ ၀ါသနာ၊ ၀ါသနာ ..............

စကားပြောကောင်းတဲ့  ကိုဇော် တို့အိမ်ဝင်မိတော့ နောက်ထပ် နာရီဝက်လောက်ကြာပြန်ရော....
အံမယ်-  ဟိုဘက်အိမ်မှာ ကိုပေါ ကြီးပါလား၊  ဘယ်သူတွေနဲ့ များ ဒေါကြီးမောကြီး ရန်ဖြစ်နေသတုန်း အောက်မေ့တယ်။  အရှေ့ဖက်ရပ်ကွက်က စွမ်းအားသေ အဖွဲ့သားတွေနဲ့ပါလား။  ကိုယ်ပါ ရောပြီး အမှူပါတ်နေဦးမယ် မြန်မြန် ဆက်လျှောက်မှ။

မနက်စာကလည်း ဘာမှ မစားရသေးတော့  လမ်းလျောက်ရင်း ဗိုက်ဆာလာသည်။  ဘယ်အိမ်မှာ ဖရီးကြိတ်ရင် ကောင်းမလဲလို့  ရပ်စဉ်းစားလိုက်သည်။  ပထမဆုံးတွေ့တဲ့ မခင်ဦးမေအိမ်ကိုတော့ ခပ်သုတ်သုတ် ကျော်လျှောက်ခဲ့သည်။  သူ့ဆီမှာ ဘာမှ စားစရာ မရှိတာ သေချာသည်။  တော်ကြာ ကိုယ်တောင် အမြင်မတော် အိမ်ကူရှင်းပေးနေရလိမ့်မည်။ စင်္ကာပူက ပြန်လာခါစဆိုရင်တော့ ပါလာတဲ့ လက်ဆောင် ကလေးတွေ ခွဲတမ်းရလိုရငြား ၀င် နှုတ်ဆက်ရရဲ့။

Monday 30 August 2010

“အမွှေးတိုင် “ကို မုန်းသည်

တီဗွီခလုတ်ကို ဖွင့်လိုက်တာနဲ့   ဖန်သားပြင်ပေါ်မှာ မကြာမကြာတွေ့ရလေ့ရှိတဲ့  “လိုတရ” “ကံပွင့်”  “အောင်သိဒ္ဒိ” “ရွှေပြည့်ငွေလျှံ“ “၀င်းဝင်း“ ဆိုတဲ့ အမွှေးတိုင်၊ နံ့သာတိုင် ကြော်ငြာတွေ .............. .။ ကြော်ငြာ မင်းသမီး ချောချောလှလှလေးက ဧရာမ စိန်လက်စွပ် ပြူးပြူးကြီးဝတ်ထားတဲ့ သူ့လက်ချောင်း လှလှလေးတွေနဲ့    အခိုးအငွေ့ တလူလူထွက်နေတဲ့  အမွှေးတိုင်ချောင်းတွေကို ဘုရားမှာ ကပ်လှူပူဇော်နေဟန်၊  မစားရ ၀ခမန်း ကြော်ငြာစာသားတွေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပုံ ဟန်ပါပါ လှုပ်ခါယမ်းပြီး သရုပ်ဆောင်လိုက်တာများ  ကြည့်ရင်းနဲ့  အမွှေးတိုင်ထုပ်တွေ ဒါဇင်လိုက်ဝယ်ပြီး ဆုတောင်းပစ်ချင်စိတ် ပေါက်သွားစေရမယ်။
ဒီ လှပတဲ့ မြင်ကွင်းရဲ့နောက်မှာ မလှပတဲ့ အဖြစ်အပျက်ကလေးတွေ ရှိနေပါတယ်။ 
မြန်မာတပြည်လုံးအတွက် အမွှေးတိုင်တွေကို အဓိက ထုတ်လုပ်နေတာကတော့ ရေစကြိုမြို့နယ် ကပါ။  ရေစကြိုက နံမည်ကြီး ရှင်မတောင်သနပ်ခါးထွက်သလို ပါတ်ဝန်းကျင်ကရွာတွေမှာလည်း သနပ်ခါးခြံတွေ အများအပြားရှိကြပါတယ်။ သဘာဝပေါက်ပင်ဖြစ်တဲ့ သနပ်ခါးဟာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ကိုမှ အလွန်ပဲ နှစ်သက်ပါတယ်။ ရှင်မတောင်လို ကျောက်သားဆန်တဲ့မြေပေါ်မှာဆို ပိုကျစ်ပြီး ပိုမွှေးတော့တာဘဲ။  ( လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်အထိ တခြားသီးနှံစိုက်ဖို့အတွက် သဘာဝပေါက်ပင်သနပ်ခါးကို တူးတောင်ထုတ်ပစ်ရပါသတဲ့။ အခုတော့ ၀င်ငွေကောင်းတဲ့ အပင်တမျိုးအဖြစ် စီးပွားဖြစ် စိုက်လာကြပါပြီ။)  မူလက အဲဒီ သနပ်ခါး ပင်စည်တွေရဲ့  ကြိတ်ဖတ်တွေကနေ အမွှေးတိုင် ထုတ်လုပ် လာခဲ့ကြတာပါ။  နောက်ပိုင်း တော့ သနပ်ခါးပင်တွေ ရှားပါးခဲ့ပြီမို့  မကျည်းသားကိုကြိတ်၊ အမွှေးနံ့ရောစပ်ပြီး လုပ်ကိုင် လာကြရာကနေ  အခုနောက်ဆုံး ရရာသစ်သားကိုကြိတ်ပြီး ပြုလုပ်လာကြပါပြီ။ အကျိုးဆက် အနေနဲ့   ပူပြင်းတဲ့ ဒီဒေသမှာ အပင်တွေ နည်းသထက်နည်းလာလို့  အပူရှိန်ပိုပြင်းလာ၊ မိုးတွေလည်း ပိုနည်းလာနေပါတယ်။

နောက် အမွှေးတိုင်လိပ်ဖို့အတွက် ၀ါးတွေကို ဂန့်ဂေါဒေသကနေ ၀ယ်ယူပါတယ်။  တပေလောက်ရှည်တဲ့ ဖြတ်ပြီးသား ၀ါးပိုင်းကလေးတွေကို အိတ်ထဲသွတ်ပြီး ရောင်းကြ၀ယ်ကြတာပါ။ အောက်ကလို ပီနံအိတ်တစ်အိတ်မှ တထောင်ပဲရပါတယ်။  ဒါတောင် အစိုအခြောက် စိတ်တိုင်းမကျရင် မ၀ယ်ပါဘူး။ မတန်တဆ ဈေးနှိမ်ထားမှန်းသိသိနဲ့  လည်း ရှောင်လွှဲလို့မရတဲ့ စားဝတ်နေရေးကြောင့်  တနေ့တနေ့   ၀ါးပင်ပေါင်းများစွာ ခုတ်လှဲနေကြပါတယ်။

လက်လုပ်လက်စားတွေက အဲဒီ ၀ါးဆစ်ပိုင်းကလေးတွေကို အမွှေးတိုင်ချောင်းအရွယ် အနေတော် အစိတ်သေးသေးကလေးတွေ ခွဲပြီး ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းလို မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ ၀ါးစိတ်ရဲ့အနားစောင်းတွေ ချောသွားအောင် လှိမ့်ရပါတယ်။ ပြီးတော့ အစည်းကလေးတွေစည်းပြီး ကုမ္မ္မဏီကို သွင်းရပါတယ်။

အမွှေးတိုင်လက်ခစားလုပ်တဲ့ ကလေးမလေးများကျတော့ အမွှေးတိုင်ကုမ္မ္မဏီကပေးတဲ့  ကြိတ်သားအနှစ်တွေနဲ့   ၀ါးချောင်းစည်းကလေးတွေကို ယူပြီး အမွှေးတိုင် “လှိမ့်”ကြပါတယ်။  လက်ခအနေနဲ့  အချောင်း ၂၀၀ ပြီးရင် ၁၅၀ ကျပ်ရပါတယ်။  လက်မြန်ရင်မြန်သလို တနေ့လုံးကို အချောင်း ၆၀၀ ကနေ ၈၀၀ အထိ ပြီးအောင်လုပ်နိုင်ကြတာမို့  တနေ့ဝင်ငွေက ၅၀၀-၆၀၀ ကျပ်ပါ။ တနေကုန် ခါးချိအောင်လုပ်ရပေမဲ့ ၀င်ငွေက မြို့ပေါ်က ကလေးမုန့်ဖိုးလောက်ပဲ ရကြရှာတာပါ။  ဒါပေမဲ့ အလုပ်မရှိတဲ့ တောသူတောင်သား တွေအတွက် ကောက်ရိုးတမျှင်ပါဘဲ။  ရွာတွေမှာရှိတဲ့ အဲဒီလို အလုပ်မရှိကြတဲ့ ကလေးမလေးတွေအတွက် ဘယ်လိုဝင်ငွေရမဲ့လုပ်ငန်းတွေ ထူထောင်ပေးကြမလဲ ဆိုတာ  လူတိုင်း စဉ်းစားအဖြေရှာသင့်တဲ့ ပုစ္ဆာတပုဒ်ပါ။



ကဲ-  ကုမ္မ္မဏီကြီးများအနေနဲ့ကတော့ လုပ်ပြီးသား အမွှေးတိုင်ချောင်းတွေကို အဆင်သင့် လှလှပပ တံဆိပ်ရိုက်ထားတဲ့ အိတ်တွေထဲကိုသွတ်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့   အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချရုံပါဘဲ။  သူတို့က လူကြားကောင်းအောင် သစ်ပင်ပြန်စိုက်တယ် ဆိုပြီး မြေတွေဝယ်၊ သနပ်ခါးခြံတွေ ချကြပါတယ်။  ဒါဟာလဲ သူတို့ကြွယ်ဝဖို့  နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတခုသာပါ။   ဟိုမှာဒီမှာ လှူကြတန်းကြတာတွေလဲ ကြားပါတယ်။  ဒီလောက်နဲ့  ပြည့်စုံပြီလို့  ဆိုနိုင်မလား။ တကယ်ဆို အများပိုင်မြေမှာ တမာ၊ ထနောင်း၊ ဇီး၊ ရှား တွေကိုရော စိုက်ပေးရမှာ မဟုတ်လား။

Saturday 28 August 2010

“ကွမ်း“ကိုမုန်းသည်

  
ကျမ ငယ်ငယ်ကတော့ ကွမ်းကို အတော်ချစ်ခဲ့ပါတယ်။  အဖိုးအဖွားတွေရဲ့ အိမ်ရှေ့ဧည့်ခန်းမှာ  ရေနွေးဗန်းနဲ့အတူ ကြေးကွမ်းအစ် အရွယ်ခပ်လတ်လတ်တလုံးကို အမြဲချထားတာ မှတ်မိနေတယ်။ ( အလှူအတန်းတွေ ဆိုရင်တော့ ဗုဒ္မ၀င် ဇာတ်တော်ပုံတွေ ရေးခြယ်ထားတဲ့ ကျောက်ကာ ယွန်းကွမ်းအစ်ကို ထုတ်သုံးလေ့ရှိပါတယ်) ကြေးကွမ်းအစ်ကလေးရဲ့ အောက်ဆုံးအဆင့်မှာ ရေဆွတ်ထားတဲ့ ကွမ်းရွက်ကလေး တွေ စီစီရီရီ ရှိပြီး၊ အလယ်ဆင့်မှာ ကွမ်းသီးစိတ်၊ စမုံစပါး၊ ဆေးရွက်ကြီးထည့်ထားတဲ့ အံကလေး၊ အပေါ်ဆုံးမှာတော့ ကြေးထုံးဘူး နဲ့   သံကွမ်းညှပ်ကလေးတင်ထားလေ့ ရှိပါတယ်။ ကွမ်းဓလေ့က အိန္ဒိယကစပြီး မြန်မာပြည်ကို ဘယ်တုန်းက ရောက်ခဲ့မှန်းတော့မသိ။  ဟိုးရှေးရှေးကတည်းက  လာသမျှဧည့်သည်ကို ကွမ်း၊ ဆေး၊ လက်ဖက် တည်ရတယ် ဆိုတာ လူမှုထုံးစံ လိုဖြစ်နေတာ ကလား။ ကျမကတော့ စမုံစပါးကလေးတွေကို တမြုံမြုံ့ဝါးရတာ သိပ်သဘောကျပါတယ်။  အဖွားက ကွမ်းရွက်ကလေးကို အရိုးဆိတ်၊ အရွက်ထိပ်ဖျားတွေဆိတ်၊ ထုံးဘူးထဲ လက်ညှိုးကလေးနဲ့ ကော်တဲ့ပြီး အကြောယှက်တဲ့ ခပ်ကြမ်းကြမ်း ကွမ်းရွက်ရဲ့ ကျောဖက်အခြမ်းကလေးကို အသာအယာသုတ်၊ ကွမ်းသီးစိတ်ထည့်၊ စမုံစပါးကလေးဖြူးပြီး။ သုံးထောင့်ချွန်ကလေးခေါက်လို့  ပါးစပ်ထဲထည့်လိုက်တာကို ကြည့်ကောင်းကောင်းနဲ့  ငေးတတ်ခဲ့ပါတယ်။  “ကွမ်းရွက်ကို ဘာလို့ အဖျားဆိတ်ရတာလဲ အဖွားရဲ့“ လို့ စပ်စပ်စုစုမေးတော့ “ကွမ်းရွက်ဖျားကို ဘီလူးစောင့်တယ်ကွဲ့၊ အဲဒါကြောင့် အန္တရာယ်ကင်းအောင် ဆိတ်တာ”။  ဘယ်ကစခဲ့တဲ့ အယူမှန်းမသိပေမဲ့  ကလေးပီပီ ယုံခဲ့တာပါဘဲ။  

ကွမ်းအစ်ရဲ့ မရှိမဖြစ် အတွဲက ထွေးခံ(ထွေးအင်) ပါ။  “သွေးသောက်ညီနောင်“ လို့တောင် အမည်ပေးလို့ရတယ်။ ကွမ်းတမြုံ့မြုံ့ဝါးပြီးတိုင်း ထွေးခံထဲကို ကွမ်းသွေးနီနီရဲရဲတွေ ထွေးထွေးပစ်ကြရတာကိုး။ လူသိများတဲ့ ရှေးရှေးကဗျာတပုဒ်ကတော့-  “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး” တဲ့။  ကွမ်းစားရတာ နောက်ဆုံးတော့ ဗိုက်ထဲကို ဘာမှမရောက်ပဲ ကုန်တာမို့   “အရည်မရ၊ အဖတ်မရ“ဆိုတာ ကွမ်းစားတာကို ပြောတာ တဲ့ ။  (စကားချပ်- သုမောင်ရဲ့ “ကွမ်းစကား” ကို သတိရသေးတော့သည်။ သူက သူ့ဆောင်းပါးတွေဟာ ကွမ်းဝါးသလို မယ်မယ်ရရ မရှိတဲ့ စာမျိုးမို့လို့ပါလို့ ဆိုသည်။ တကယ်ကတော့ နားထောင်ကောင်းတဲ့လေသံလေးနဲ့  ပြောပြတတ်တဲ့ မှတ်မှတ်ရရ အကြောင်းလေးတွေပါ)  

ဘုန်းတော်ကြီးကျောင်းတွေမှာဆို ကွမ်းက မရှိမဖြစ်။  အလှူအတန်း ဆိုလည်း မပါမဖြစ်။ ကြည့်လေ- အလှူငွေစာရင်းခေါင်းစဉ်ကိုက “ဆွမ်းကွမ်းဝေယျာဝစ္စ”တဲ့။  ဆွမ်းပြီးရင် ကွမ်းက ဒုတိယ အရေးအကြီးဆုံးလို ဖြစ်နေတာ။  လူမှုနယ်ပယ်မှာ ကွမ်းက အဲဒီလောက် မျက်နှာပွင့်ပုံများ။ နောက်ပြီး  ကြည့်လိုက်ဦး  အလှူအတန်းတွေမှာ ရပ်ရွာရဲ့ အချောဆုံးအလှဆုံးမိန်းကလေး ကိုင်ရတာက “ကွမ်းအုပ်”ပါ၊ သူမရဲ့ ဂုဏ်ပုဒ်အမည်က “ကွမ်းတောင်ကိုင်” တဲ့။  ဒီတော့ ခြုံပြောရရင် ကွမ်းဆိုတာ မြန်မာမှုနယ်ပယ်မှာ နှယ်နှယ်ရရ  ပေါ့သေးသေးတော့ မဟုတ်ဘူးပေါ.လေ။

Thursday 26 August 2010

သူငယ်ချင်း(၂)


ကိုယ်သူ့ကို စသိတာက (၇)တန်း။
တနေ့မှာ စိတ်ကူးပေါက်ပေါက်နဲ့  ကိုယ့်ပုံကိုကိုယ် ပြန်ဆွဲထားတဲ့ မလှမပ ပန်းချီပုံကလေးက အတန်းထဲမှာ ကျပျောက်သွားတယ်။ စာအုပ်ထဲက လျှောကျသွားတာကို မသိလိုက်တာပဲ ဖြစ်မှာ။  ကိုယ်သိပ်ဖြစ်ချင်တဲ့ ဆရာဝန်မပုံလေးကို ဂျူတီကုတ်ဝတ်ပြီး လည်ပင်းမှာ နားကြပ်လေး ဆွဲထားတယ်။  အောက်မှာ ကိုယ့်နာမည်နဲ့   ဘွဲ့တွေ ရေးထားတယ်။  နောက်နေ့မှာ ကောက်ရတဲ့ အထဲက အစ အနောက်သန်တဲ့ ကျောင်းသားတွေက သင်ပုန်းကြီးမှာ ကိုယ့်ပုံကို ကပ်ထားပြီး ရယ်ပွဲဖွဲ့ကြတယ်။   ရှက်လိုက်တာ အရမ်းပါဘဲ။  ဆရာဝင်လာရင် ပိုတောင် ရှက်ရဦးမယ်ထင်ပါရဲ့။  ကိုယ်သွားခွာဖို့ကြိုးစားတယ်။ အတန်းထဲမှာ အသက်အငယ်ဆုံးလဲဖြစ်၊ နဂိုရ်က ခပ်ပုပု ကိုယ့်အရပ်နဲ့ မမီဘူးဖြစ်နေပြန်ရော။  ကျောင်းသားတွေ ပိုရယ်ကြတယ်။  စားပွဲပေါ်မှောက်ပြီး ငိုနေတုန်း -  “ဟေ့၊ဟေ့ ဘာလုပ်တာလဲကွ” လို့   ရယ်နေတဲ့ ကျောင်းသားတွေ  အော်တာမေးတာ ကြားရတော့ ကိုယ် မော့ကြည့်မိတယ်။  နင်ရယ်လေ။  သင်ပုန်းက အရုပ်ကို ခွာပြီး ပြူတင်းပေါက်ကနေ ပစ်ချလိုက်ပါရောလား။  အကျီစားသန်တဲ့ ကျောင်းသားကြီးတွေရဲ့ ပစ်မှတ်က နင်ဖြစ်သွားတယ်။  ဟေ့ကောင်  A မင်းက သူ့ကို ကြိုက်နေတာကိုး တဲ့။ နင်ကတော့ ခပ်တည်တည်ပဲ။ အတန်းဖေါ်  မိန်းကလေးတယောက်ရဲ့ အခက်အခဲကို ကူညီလိုက်ရတဲ့ အတွက် ဘာပြောပြော ဂရုမစိုက်ဖူးပေါ့။  ကျေးဇူးတင်လိုက်တာ A ရယ်။  နှုတ်က ထုတ်ဖေါ်ခွင့်မရပေမဲ့ ရင်ထဲကပဲပေါ့နော်။

Wednesday 25 August 2010

သူငယ်ချင်း (၁)


လူတိုင်းလိုပဲ ကိုယ့်ရဲ့ ဘ၀မှာ ကိုယ်ကခင်ပြီး ကိုယ့်ကိုခင်တဲ့  သူငယ်ချင်းတွေ ကတော့ အများကြီးရှိခဲ့တာပေါ့ ။သူငယ်ချင်းတချို့ နဲ့  ထူးထူးခြားခြား အမှတ်ရစရာ အဖြစ်အပျက်လေးများကို မျှဝေချင်လို့ပါ။

T ဆိုတဲ့ တက္ကသိုလ်က သူငယ်ချင်းလေး...  မျက်မှန်ထူထူ၊ စိတ်ထားဖြူဖြူ။     Tရေ ...  နင် ကလေးဆန်ပြီး အပျင်းကြီးတာတော့  ငါဘယ်သူ့ကိုမှ ပြောမပြတော့ဘူးနော်..။  တို့နှစ်ယောက်  တူညီတာက အဝေးကြည့် မျက်မှန်ပါဝါ ထူထူကြီးတွေတပ်ရတာ ..... နောက်ပြီး မေ့တတ်တာ...။

တနေ့တော့ ကိုယ်တို့နှစ်ယောက် အတန်းလစ်ပြီး မြေနီကုန်းရုံမှာ ကုလားကားအသစ်တင်တာနဲ့ သွားကြည့်ကြတယ်။  အဲ- တို့နှစ်ယောက်က ကုလားကားကြိုက်တာလည်း တူတယ်။   ရုံထဲရောက်တော့မှ  - “အဲတော့- ဒုက္ခ၊ ငါ ....ငါ  မျက်မှန်ပါမလာဘူး”.. (ကိုယ့်အသံ) ။  ကောင်းတယ်- နင့်ဟာနင် လှချင်ပြီး မျက်မှန်ချွတ်ထားတာကိုး”   - သူ့အသံ။  “ဘယ်လိုလုပ်ကြမလဲ” - ကိုယ့်အသံက ယိုင်နေပြီ၊ ကြည့်ချင်လွန်းလို့  အတန်းတောင် ဖျက်လာတာနော်...။ တယောက်က ကြည့်ပြီး တယောက်က ထိုင်နေလို့လည်းမကောင်း၊ နှစ်ယောက်လုံး ထ ပြန်လို့လဲ မဖြစ်။   “ကဲ- ဘာမှလုပ်မနေနဲ့ ၊ ငါတို့ တယောက်တလဲ မျက်မှန်တပ် ကြည့်ကြတာပေါ့”။   ဒါလဲ မဆိုးပါဘူး လို့  တွေးပြီး သူ့အကြံကို ထောက်ခံလိုက်တယ်။ နှစ်ယောက်သား ခပ်တည်တည်နဲ့   ရုပ်ရှင်ဆက်ထိုင်ကြည့်ကြတယ်။

ဇာတ်လမ်း စပြီး ၁၀မိနစ်လောက်နေတော့ သူ့မျက်မှန်လေး ကိုယ့်ကို ချွတ်ပေးရှာပါတယ်။ မယ်မင်းကြီးမ ကျမ်းမာချမ်းသာပါစေ။  ကိုယ်လဲ အားနာတော့ ၅မိနစ်လောက်ကြည့်ပြီး သူ့ကို ပြန်ပေးလိုက်တယ်။  နေကြာစေ့တဖြောက်ဖြောက်ဝါးရင်း ကျန်တဲ့ အပိုင်းကို မှုန်တုန်တုန် ၀ါးတားတားအမြင်နဲ့   အသံ  (စကားနားမလည်ပေမဲ့ အသံအတက်အကျ ပေါ့) ဆက်စပ်ခန့်မှန်းပြီး ကြည့်နေလိုက်တယ်။  ဒီလိုနဲ့   သိပ်မကြာဘူး သူ့ဆီက မျက်မှန်ပြန်ရောက်လာတယ်။  ကိုယ်တို့နှစ်ယောက်ကြားမှာ မျက်မှန်တလက် အခေါက်ခေါက် အခါခါ လွန်းပြန်ကူးနေတာ အနားကလူတွေတောင်  မျက်စေ့နောက်လောက်တယ်။  ဟူး- တော်ပါသေးရဲ့- ရုံထဲမှာ မှောင်နေလို့...။

ဒါပေမဲ့ ဇါတ်ကားက အလယ်လောက်ရောက်တော့ အရှိန်တက်လာတယ်။  အဆိုအကတွေ၊ ချစ်ခန်းကြိုက်ခန်းတွေနဲ့  ဝေဆာမြူးကြွလာတယ်။  ကိုယ်လဲ ကြည့်ကောင်းကောင်းနဲ့   သူ့ကို မေ့နေတာပေါ့။ “ဟဲ့..ဟဲ့  မျက်မှန်ပေးဦးလေ” သူက ပေါင်ကိုပုတ်ပြီး သတိပေးတယ်။  “သြော်- အေးအေး ခဏလေး”  အခန်းက ကောင်းနေတာကိုး။  သူ့ဆီရောက်တော့လဲ တော်တော်နဲ့ ပြန်မလာဘူး။  “ ဟဲ့ T တော်တော့လေဟာ၊ ငါကြည့်ဦးမယ်”။  “နေပါဦး ဟ”။ ပေးလိုက် ယူလိုက်။   ဒီလိုနဲ့   ရုပ်ရှင်တကားသာဆုံးရော ၊ ဇာတ်လမ်းရဲ့ အရသာက ဘာမှန်းကိုမသိတော့ဘူး။ ရုပ်ရှင်ရုံထဲကထွက်လာတော့ နှစ်ယောက်လုံးတော့ မျက်မှန်လုတဲ့အကြောင်း ပြောရင်း ရယ်ရလွန်းလို့  အူတွေနာနေတာပါပဲ။  

T ရေ - ငါတို့ နှစ်ယောက်ရဲ့ မျှဝေခြင်းက ရယ်ရတယ်နော်။ 
သူငယ်ချင်းဆိုတာ အဲသလို ကောင်းတူဆိုးဖက် တကျက်ကျက်ကလေးတွေကို ခေါ်တာမို့လား။
အနှစ် ၂၀လောက်က ရုပ်ရှင်ကားကို မမှတ်မိပေမဲ့  တို့ နှစ်ယောက်ကြားကမျှဝေခံစားဖူးတဲ့ အရသာနဲ့ အတွေ့အကြုံ၊  ခင်မင်မှုလေးတွေက နှလုံးသားထဲမှာ အမြဲ သစ်လွင်နေမှာ မို့လေ........။

မိုးစက်ပွင့်

Tuesday 17 August 2010

အမေ့ကို ဘယ်လိုပြောရပါ့


အခုတလော မိုးစက်ပွင့်တယောက် မအားလပ်နိုင်အောင်ဖြစ်နေရပါတယ်။ အကြောင်းကတော့  သူ့ရဲ့မေမေ (ကိုယ့်ယောက္ခမ) တော်တော်လေး နေမကောင်း ဖြစ်နေလို့ပါ။  အမေ့ ၀မ်းဗိုက်ညာဖက်ခြမ်းက တင်းတင်းပြီး  နည်းနည်းနာနေလို့     ဆေးခန်းလာပြတာပါ။ အထွေထွေကု ဆရာဝန်ကြီးက ၀မ်းဗိုက်ပိုင်းကို အာထရာဆောင်း၊ ဓါတ်မှန် နဲ့   CT scan ရိုက်ခိုင်းပါတယ်။ result ဖတ်ပြီးတော့ ဆွေမျိုးလိုခင်တဲ့ ဆရာဝန်ကြီးရဲ့ မျက်နှာသိပ်မကောင်းတော့ဘဲ အသည်းအထူးကု ဆရာဝန်ကြီးတစ်ယောက်ဆီကို ထပ်လွှဲပါတယ်။ လိုအပ်ချက်အရ ပင်လုံဆေးရုံမှာ နောက်ထပ် တကြိမ် CT scan အသေးစိတ် ထပ်ရိုက်ရပြန်ပါတယ်။  နောက်ဆုံးတော့ ထွက်လာတဲ့ အဖြေက early stage of liver cancer တဲ့။  နှစ်ခါတောင်စစ်ပြီးပြီမို့  သေချာနေပေမဲ့  မယုံဘူး မယုံဘူးလို့ စိတ်ထဲက ဇွတ် ငြင်းနေမိတယ်။  ပင်ပန်းမှာစိုးလို့ဆိုပြီး အမေ့ကို အိမ်မှာထားခဲ့တယ်။ ကိုယ်တို့ နှစ်ယောက် ဆေးခန်း ပေါင်းစုံကို ခြေရာချင်းထပ်အောင် သွားပြီး အမေ့အတွက် အသင့်တော်ဆုံး ကုထုံးကို ဆရာကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ အသည်းရဲ့ သုံးပုံတစ်ပုံကို လှီးဖြတ်ပစ်ရမယ်  တဲ့။ အသည်းက မူလအရွယ်ရဲ့ ရှစ်ပုံတပုံ ကျန်တဲ့အထိ ကာယကံရှင် အသက်ရှင် နေနိုင်သေးသတဲ့။  အံ့သြစရာ ပါပဲလား။

အဲဒီအချိန်မှာ အဓိကမေးခွန်းက အမေ့ကို သူ့ရောဂါအကြောင်း အမှန်အတိုင်း ပေးသိမလား၊ ပေးမသိဘူးလား ဆိုတာပါ။  အမေက ဆေးပညာအကြောင်းလဲ သိပ်မသိတော့ ကိုယ်တို့  မျက်နှာရိပ်မျက်နှာကဲပဲ ဖတ်နေတာပါ။  သူအကြောက်ဆုံးကလဲ (အမေ့အစ်ကိုအရင်းတယောက် လပိုင်းအတွင်း ဆုံးပါးဘူးတာမို့) အဲဒီအသည်းကင်ဆာပါ။  ဖွင့်ပြောလိုက်တော့မှ အမေက စိတ်အားငယ်ပြီး ပိုဆိုးသွားမှာလား။ နောက်ဆုံးတော့  ပြောလိုက်ရင် သူသိပ်စိတ်ဓါတ်ကျသွားမှာစိုးတာနဲ့  ကိုယ်တို့က ရိုးရိုးအကျိတ် လို့ဘဲ ပြောထားခဲ့ပါတယ်။  “ကင်ဆာကျိတ် မဟုတ်ဖူးတဲ့”- အဖေ့ဆီကို လှမ်းဖုံးဆက်ရင်း  ပျော်နေတဲ့ အမေ့မျက်နှာကို ကိုယ်တို့  စေ့စေ့ မကြည့်ရဲပါဘူး။

တခါက ၀မ်းကွဲအစ်မ ဆရာဝန်မက ပြောဖူးပါတယ်။  အခုခေတ်ဆေးပညာလောကမှာ လူနာကို ရောဂါအကြောင်း သေသေချာချာ ရှင်းပြရမယ် ဆိုတဲ့ အယူအဆ ပိုပြီးတွင်ကျယ်လာတယ်တဲ့။ အဲဒါ ဆေးလောကရဲ့  ethic  ပဲ တဲ့။ လူနာစိတ်ချမ်းသာအောင် ဆိုပြီး လှည့်ပတ်လိမ်ညာတာမျိုးမလုပ်ရဘူး။ အဲဒါ လူနာရဲ့ အခွင့်အရေး ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဘဲ  တဲ့။  သူပြောတုန်းက ကိုယ်သဘောကျ၊ သဘောတူခဲ့တယ်။  ကိုယ်ကိုယ်တိုင်သာဆိုရင် ကိုယ့်ရောဂါကို အမှန်အတိုင်းသိချင်မှာဘဲ လို့လည်း တွေးမိခဲ့တယ်။  ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ  ရောဂါပြင်းနေတဲ့ လူနာတွေကို ဆရာဝန်တွေက သူဘယ်လောက်ပဲ အသက်ရှင်တော့မယ်ဆိုတာ ပြောပြောပြနေတာလည်း တွေ့ဖူးနေကျပဲလေ။  

အင်း ဒါပေမဲ့ ဒီလိုကိစ္စမျိုးကလည်း ဖွင့်ပြောတဲ့သူက  counseling  သဘောတရား နားလည်နေရမှာဖြစ်သလို ခံယူသူကလည်း တည်တည်ငြိမ်ငြိမ်လက်ခံနိုင်တဲ့ အရည်အချင်းရှိဖို့ လိုတယ်လို့ ကိုယ်ထင်တယ်လေ။  လူနာတယောက် ကို ၃မိနစ်၊ ၅မိနစ်ထက်ပိုပြီး အချိန်မပေးနိုင်တဲ့ ဒီကအထူးကုဆရာဝန်ကြီးတွေက ဘယ်လို  counseling သေသေချာချာ ပေးနိုင်မှာလဲ။ ကိုယ်တို့လို  ဆေးပညာအကြောင်း ဘာတခုမှ ကျွမ်းကျွမ်းကျင်ကျင် မသိတဲ့သူတွေကဆို ပိုဆိုးသေး။  လူနာကို ဘယ်လို အကောင်းဆုံး မက်ဆေ့ခ်ျပေးပြီး ရှင်းပြနိုင်မှာလဲ။   ဒါတွေက အခုတလော ရင်ထဲမှာ ဗြောင်းဆန်နေတဲ့ အတွေးတွေပါ။ 

လောလောဆယ်တော့ အမှန်တ၀က် မုသားတ၀က် စကားလေးတွေနဲ့  အမေ့ရဲ့ ကျမ်းမာရေးကို ၀ိုင်းစောင့်ရှောက်နေကြတယ်။  အကျိတ်ရှိတဲ့ အသည်းအစိတ်အပိုင်းကို ခွဲစိတ်ဆရာဝန်ကြီးက အောင်အောင်မြင်မြင် ဖြတ်ထုတ်လိုက်လိုက်တယ်။ ခွဲစိတ်ချိန် တနာရီခွဲကြာပြီး ခွဲစိတ်မှုအောင်မြင်တယ်။ သွေးနှစ်ပုလင်းသွင်းရတယ်။   အမေ့ကို ဖုံးကွယ်ထားတာ ကိုယ်တို့မှားသလားမှန်သလား မသိပါ။ အမေက နာကျင်လွန်းလို့  နဖူးမှာ ချွေးတွေသီးနေပေမဲ့ တရားနှလုံးသွင်းပြီး ဝေဒနာကို ဖြေဖျောက်နေခဲ့တယ်။ စိတ်ပူနေတဲ့ သားသမီးတွေကို ပြောသေးတယ်... “အမေနေကောင်းလာရင် လိမ္မော်သီး ၀ယ်ကျွေးနော်” တဲ့။  စိတ်ချပါအမေရယ်။  သားတွေ မြေးတွေကို အချစ်ကြီးတဲ့အမေ၊ ဒီအရွယ်အထိ ထမင်းမြိန်မဲ့ လက်ရာလေးတွေကို မညည်းမညူတမ်း ချက်ပြုတ်ကျွေးတတ်တဲ့ အမေ၊ အချိန်အားတိုင်း တရားဓမ္မနဲ့ မွေ့လျော်တတ်တဲ့အမေ။ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လဲလျောင်းပြီး အေးချမ်းတဲ့ မျက်နှာလေးနဲ့  အိပ်ပျော်နေတဲ့ အမေ့ကို ကြည့်ရင်း အိမ်မက်လှလှလေးများသာ မက်ပါစေလို့  ဆုတောင်းနေမိပါတော့တယ်။

မိုးစက်ပွင့်

Tuesday 10 August 2010

ရင်ကွဲတေး

 ညရဲ့အမှောင်ကို ဆန်းစလကွေးကွေးရဲ့ အလင်းရောင်ဖျော့ဖျော့က အံတုထိုးဖေါက်လို့နေသည်။ သစ်ရွက်တွေ သစ်ကိုင်းတွေကြားက ဟိုတပြောက် ဒီတပြောက် အလင်းကွက်ကလေးတွေက မြေကြီးပေါ်မှာ ငွေမင်ရည် ကျဲကျဲပက်ထားသလို။ ခေါင်းရင်း ပြူတင်းမှာရပ်နေတဲ့ သူမဆံနွယ်တွေကို လေပြေ အေးလေးတချက်က ကျီစယ် သွားသည်။ လေပြေသယ်ဆောင်လာတဲ့ ညမွှေးပန်းရနံ့တွေက စူးလှချည့်။  သံပြိုင်အော်နေတဲ့ ပုစဉ်းရင်ကွဲတွေ တချက်တချက် ရပ်သွားတော့ ကမ္ဘာကြီးလည်း သူ့ဝင်ရိုးပေါ်မှာ လည်ပတ်ရာကနေ ခဏရပ်တံ့သွားသလိုပဲလို့    သူမ တွေး မိပြန်သည်။

”မောင်”....... ကိုယ်တယောက်တည်း ခေါ်တဲ့ သူ့နာမည်ကို ရေရွတ်ကြည့်မိသည်။  အဲဒီခေါ်သံလေးက နှလုံးသားနံရံကို ရိုက်ခတ်ပြီး အဆုံးမဲ့စွာ ပဲ့တင်ထပ်လို့ နေပြန်တယ်။  ဒီအချိန်ဆို ရှင်ရှိရာကမ္ဘာခြမ်းမှာ မနက်ခင်းပေါ့ ။ ရှင်ဘာတွေများလုပ်နေမှာပါလိမ့်။  ကျမ အမှောင်ထဲမှာ ကြေကွဲနေချိန်မှာ ရှင်က နေ့အလင်းမှာ ရွှင်မြူးတက်ကြွနေလိမ့်မယ်ထင်ရဲ့။ တကယ်ဆို ရှင့်အကြောင်း မတွေးချင်ဘူး .......ဒါပေမဲ့ ကျမနှလုံးသားတံခါးဟာ ရှင် တယောက်တည်းအတွက် ဖွင့်ထားပြီးကတည်းက နောက်တကြိမ်ပြန်ပိတ်ဖို့ ခွင့်မပြုတော့ဘူးလေ..။  ရှင့်နဲ့ပါတ်သက်တဲ့အတွေးတွေက လေပြေတွေလို ဒြပ်မဲ့စွာ တိတ်တဆိတ် ၀င်ရောက်၊ ရင်ကို လေနီကြမ်းလို မဆင်မခြင် မွှေနှောက်ပြီး..... မုန်တိုင်းတခုလို အရှိန်ပြင်းပြင်းနဲ့ ပြန်လည်ထွက်ခွာသွားတော့တယ်.... မောင်.....။



Monday 9 August 2010

ပြုံးတော်မူ

ညစ်တဲ့သူ
မစ္စတာ ဖရန့်ခ် သည် ဖရက်နှင့် ဂေါက်သီးကစားပြီး ဂေါက်ကွင်းမှ ပြန်လာရာ အိမ်အ၀င်တွင် ဇနီးသည်က လှမ်းမေးသည်။ “ဒါနဲ့  ရှင် အာနီ နဲ့ ဂေါက်သီးမကစားတာကြာပြီဆို၊ ဘာဖြစ်လို့လဲ”။  ဖရန့်ခ်က မေးခွန်းပြန်ထုတ်သည် “မင်းသာဆိုရင် ကျင်းပေါက်လွဲတိုင်း ဆဲတဲ့သူ၊ အမှတ်ခိုးတဲ့လိမ်တဲ့သူ၊ ဂေါက်ရိုက်တံကို ပစ်ချင်ရာပစ်ပြီး ဘောလုံးကို လိုက်ရွှေ့ထားတတ်တဲ့သူမျိုးနဲ့ ကစားမလား”  “ဘယ်ကစားမလဲရှင့်”  “အေး၊ အာနီလည်း ဘယ်ကစားမလဲကွာ

ဖားမင်းသားလေး
 စိတ်မနှံ့သောဖားတကောင်က နောက်တကောင်ကို ဖုံးဆက်လာသည်။
ဟေ့- မင်းအကြောင်းကို အစအဆုံး သိပ်သိချင်နေတဲ့ မိန်းမချောလေးတယောက် ရှိတယ်ကွ
“၀မ်းသာလိုက်တာ သူငယ်ချင်းရာ။ ငါသူ့ကို ဘယ်ပါတီမှာ တွေ့ရမလဲ”
ဟင့်အင်း- နောက်တပါတ် ခန္မာဗေဒ ခွဲစိတ်ခန်းအတန်းကျမှ

စိုက်ရစေ့မယ်
အကျဉ်းထောင်များတွင် ၀င်စာထွက်စာများကို ခိုးဖတ်လေ့ရှိကြောင်း အကျဉ်းသားများကသိထားသည်။  တနေ့တွင် ဇနီးသည်က အာလူးကို ဘယ်နေရာတွင် စိုက်ရင်ကောင်းမလဲဟု စာပို့လာသည်။ သူက ပြန်ရေးလိုက်သည်။ “အချစ်ရေ-ဥယျာဉ်နေရာမှာတော့ မစိုက်မိစေနဲ့နော်၊ ငါ သေနတ်တွေမြှုပ်ထားလို့ပါ” ။ ရက်အနည်းငယ်ကြာသော် ဇနီးသည်က စာထပ်ရေးသည်။ “ရဲစုံစမ်းရေးမှူး ခြောက်ယောက်တောင်လာပြီး ဥယျာဉ်ထဲမှာ နေရာလပ်မကျန်မွနေအောင် တူးဆွ ရှာဖွေသွားကြတယ်ရှင့်”။ သူက ပြန်ရေးလိုက်သည်  “အခု မင်း အာလူးစိုက်လို့ ရပြီဟေ့

နောင်လာမဲ့အနှစ်၁၀၀
ထူးချွန်ထက်မြက်ကလေး အစီအစဉ်အတွက် ၆နှစ်အရွယ်ကလေးငယ်များကို အင်တာဗျူးနေသည်။  နောင်လာမဲ့ အနှစ်၁၀၀ မှာ ဘာတွေဖြစ်မလဲလို့ စဉ်းစားခိုင်းရာ ကားပျံများ၊ အံ့မခန်း ကွန်ပြူတာ စွမ်းဆောင်ရည်များ၊ အိမ်နီးချင်းဖြစ်လာမည့် ဂြိုလ်သားများ စသဖြင့် ဖြေကြသည်။ ကလေးငယ် ရေမွန် အလှည့်တွင်မူ....
မေး။   ။ နောင်လာမဲ့အနှစ်၁၀၀မှာ ဘာတွေဖြစ်လာမလဲကွ။
ဖြေ။   ။ ဖေဖေါ်ဝါရီလဟာ အရှည်ဆုံးလ ဖြစ်လာပါမယ်။
မေး၊   ။ ဘာဖြစ်လို့လဲ သားရဲ့။
ဖြေ၊   ။ ဆရာမကပြောတယ်။ ၄နှစ်မှာ ဖေဖေါ်ဝါရီလက တရက်တိုးတယ်တဲ့။  ဒီအတိုင်းဆို နောင်နှစ်တရာမှာ ဖေဖေါ်ဝါရီလဟာ ရက်ပေါင်း ၅၀-၆၀ လောက် ဖြစ်သွားမှာပေါ့။

ဗြူရိုကရက်ဆိုတာ
ဗြူရိုကရက်အရာရှိတယောက် မြက်ခင်းများပေါ်တွင် လမ်းလျှောက်ထွက်ရင်း သိုးကျောင်းသား တယောက်နှင့်တွေ့သည်။ သူက အပျော်သဘောဖြင့် ပြောလိုက်သည်။  “ဟေ့- မင်းသိုးအုပ်မှာ သိုးဘယ်နှစ်ကောင် ရှိသလဲဆိုတာ ငါခန့်မှန်းမယ်၊ နိုင်ရင် သိုးတကောင် ပေးကြေး”။ သိုးကျောင်းသားက အတိအကျ ခန့်မှန်းနိုင်မှာမဟုတ်ဖူးဟု တွေးကာ သဘောတူလိုက်သည်။ “ကဲ-၂၈ ကောင်ကွာ”။ သူခန့်မှန်းသည်မှာ အတိအကျ မှန်နေသဖြင့် သိုးကျောင်းသား အံ့သြသွားသည်။ “ကဲ- ငါ သိုးတကောင် ယူလိုက်တော့မယ်” ။ သိုးကျောင်းသားက အောင့်သက်သက်ဖြင့် ပေးလိုက်ရသည်။ “ထပ်လောင်းမယ်ဗျာ၊ ခင်ဗျား ဘာအလုပ်လုပ်သလဲဆိုတာ ကျွန်တော်ခန့်မှန်းလို့ မှန်ရင် ခင်ဗျားယူထားတဲ့ သိုးပြန်ပေး”  “အေး- စိမ်လိုက်”  “ခင်ဗျားက ဗြူရိုကရက်ဖြစ်ရမယ်” ။ သူ အံ့သြတကြီးဖြင့် မေးလိုက်သည် “အဲဒါ မင်းဘယ်လိုလုပ် သိသလဲကွ”  “ခင်ဗျားထမ်းထားတာ သိုးမှမဟုတ်ဘဲ၊ အဲဒါ သိုးထိန်းတဲ့ခွေး

“တိန်”


ခုတလောဖတ်လိုက်ရတဲ့ ရီးဒါးဒိုင်ဂျက် အဟောင်းလေး ( ဖေဖေါ်ဝါရီ ၁၉၉၆ ) ထဲက မျှဝေတာပါ။ ၁၅ နှစ်ကြာပြီဆိုပေမဲ့ ကောင်းနေတာပါပဲ....။ ရယ်မောခြင်းဟာ အသက်ရှည်စေတယ်ဆိုရင် ပြုံးတာက အနာကင်းဖို့ အထောက်အကူဖြစ်မှာပါနော်..........................


မိုးစက်ပွင့်

Sunday 8 August 2010

အညာမြင်ကွင်း

 ကျွန်မခရီးသွားတိုင်း လမ်းကလေးတွေကို ခံစားကြည့်မိပါတယ်။
ရှမ်းပြည်က ကွေ့ကွေ့ကောက်ကောက် တောင်ပတ်လမ်းကလေးတွေ၊ ချင်းတောင်က မတ်စောက်မြင့်မားတဲ့ ချောက်ကမ်းပါးက ထင်းရူးနဲ့ ချယ်ရီ စီသောလမ်းကလေးတွေ ကို စွဲလမ်းမိသလို  ဒီအညာမြေရဲ့ ဖြောင့်ဖြောင့်တန်းတန်း အရိပ်ဝေသော အစိမ်းရောင်လမ်းကလေးတွေကို ချစ်ခင်နှစ်သက်မိပါတယ်။
ဒီလမ်းကလေးက ( ရန်ကုန်-နေပြည်တော်လမ်းမဖေါက်ခင်အထိ) မြန်မာပြည်မှာ တဆက်တည်း အဖြောင့်တန်းဆုံးလမ်းကလေး ဖြစ်ခဲ့တယ်တဲ့။  လမ်းဘေးမှာ ကျမကြိုက်တဲ့ ညောင်မုတ်ဆိတ် ပင်ကြီးတွေရှိတယ်။ အသက် ရာကျော်နေပြီလို့ ထင်ရတယ်။ ဘယ်သူကများ စိတ်ကူး ကောင်းကောင်းနဲ့စိုက်ခဲ့ပါလိမ့်နော်။  တချို့နေရာမှာ ညောင်မုတ်ဆိတ်ပင်တွေ လမ်းဝဲယာမှာ အကိုင်းချင်းယှက်မိုးနေလိုက်တာ နေပြောက်မထိုးနိုင်တဲ့ မြစိမ်းရောင်လှိုဏ်ဂူကလေး လိုဖြစ်နေတယ်။

 တခေါက်က ရေထားတာ ညောင်ဦးကနေ ရေနံချောင်း အထိ ၁၂၈ ပင်ရှိတယ်။  တခါတလေ မိုးကြိုးပစ်လို့ ဒါမှမဟုတ် အိုလွန်းလို့ လဲကျသေနေတဲ့ ညောင်မုတ်ဆိတ်ပင်တွေကိုတွေ့ရရင် စိတ်မကောင်းဖြစ်မိတယ်။ 

အပေါ်ပုံတွေက ဘုရားဟောတဲ့ အနိစ္စတရားကို သရုပ်ပြနေသလိုပဲနော်.....သြော် “အိုခြင်း၊နာခြင်း၊ သေခြင်း”  ဒီလမ်းကလေးမှာ ရှုတတ်ရင် တရားရတာပ....။

 ဒါကတော့ ကျောက်ပန်းတောင်းနားက ဂွေးချိုဆိုတဲ့ရွာကလေးရဲ့ ရှုခင်းပါ။  ကျော်ဟိန်းနဲ့  မင်းသမီး သိဂီင်္ထွန်း တို့  “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ရုပ်ရှင်ရိုက်ခဲ့တဲ့ ရိုက်ကွင်းနေရာ လို့ ဆိုပါတယ်။ ရေနည်းချိန်မို့  ရွှံ့ရောင်ထ နေပေမဲ့ မိုးတွင်းအလယ်ဆို ရေပြင်ဖွေးဖွေးနဲ့ သိပ်လှပါတယ်။


အားလုံးကြားဖူးကြမဲ့   “နွေဦးကာလ၊  မြူထသောခါ....... ” အစချီ ၀န်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားဖွဲ့ ကဗျာလေးကို   မြင်ယောင်မိစေပါတယ်။  သူကအဲဒီလိုအပင်မျိုးတနေ့ကို ၂၀ ကနေ အစိတ် တက်ရပါသတဲ့။
ဟော- သူ ထန်းသီးတွေဆီ ရောက်သွားပြီ။

ဇနီးက ဒီလို မြူအိုးတွေကို ပြင်ဆင်ရပါတယ်။
 “တဆေး” နည်းနည်းစီထည့်မှ ထန်းရည်ကောင်းကောင်းဖြစ်လာမယ်။  လတ်လတ်ဆတ်ဆတ် ပုဇွန်ဆိတ်ခုန်နေတဲ့ ပင်ကျရည်လေး တလီတာလောက် ပေးပါနော်.........။

အညာမြင်ကွင်းကို တူရွင်းတောင်ပေါ်ကမြင်ရတဲ့  မြကန်အလှနဲ့   အဆုံးသတ်ပါရစေ....

မိုးစက်ပွင့်

Saturday 7 August 2010

ပြောပါရစေ “ဖာ” အကြောင်း

“ဖာ” ဆိုတာ ထန်းခေါက်ဖာ (အသံထွက်- ဒဂေါက်ဖာ) ကို ပြောတာပါ။  အညာဒေသ ထွက်ကုန်စစ်စစ်ပေါ့။ နမ်းကြည့်ရင် ထန်းရွက်နံ့ကလေးမွှေးတယ်။  မြန်မာမှုပစ္စည်းကလေးတွေ မြတ်နိုးတတ်သူတွေအတွက် အကောင်းဆုံးလက်ဆောင်ကလေးတခုဖြစ်မှာပါ။  

 ညောင်ဦးကနေ ကျောက်ပန်းတောင်းကို ၁၅ မိနစ်လောက် ကားမောင်းပြီးတာနဲ့   သဲချောင်းကလေးတွေ တွေ့ရတယ်။ ဗျတ္တဈေးတို့  ဗျတ္တပန်းဆက်လမ်း တို့  နဲ့မနီးမဝေးမှာ ထန်းရည်တွေ၊ ထန်းလျက်တွေ၊ ထန်းခေါက်ဖာတွေ ရောင်းပါတယ်။  မနက်ပိုင်းဆို ထန်းရေချို (ထရေချို) ၊ညနေပိုင်းဆို ထန်းရေခါး (ထရေခါး) ရပါတယ်။  (အရင့်အရင် အခေါက်တွေကတော့ မိုးစက်ပွင့်တို့ အချိန်ရရင်ရသလို sky beer လို့ခေါ်တဲ့ ပင်ကျရည် ထရေချိုလေးတွေ သောက်ပါတယ်။ မူးလဲမမူးပါဘူး။ ဆီး ၀မ်း ကောင်းတယ် ဆိုလားပဲ။  ) ခရီးသည်တွေကို ဆွဲဆောင်ဖို့အတွက် ဆိုင်ရှေ့မှာ နွားနဲ့  ဆီဆုံကြိတ်ပြနေတယ်။ ဆီဆုံကို ဓါတ်ပုံ မရိုက်ခဲ့ရဘူး။

ဖာ ၀ယ်ဖို့စိတ်ကူးရတာကတော့ လမ်းမှာ ထန်းလျက်တွေ၊ ဖာတွေ ရောင်းတဲ့ ဆိုင်ကလေးကိုမြင်ပြီး သနပ်ခါးတုံးကလေးတွေ သိမ်းဖို့ လိုချင်လာလို့ပါ။ အသိတယောက်က ပြောဖူးတယ်။ သနပ်ခါးတုံးကို သေတ္တာတွေ၊ ဘီရိုတွေထဲသိမ်းရင် အမွှေးနံ့ ပြယ်သတဲ့။ ထန်းခေါက်ဖာထဲမှာထည့်ထားရင် အမြဲတမ်းမွှေးမွှေးလေး ဖြစ်နေတယ်တဲ့။  

အရင်ဆုံးတွေ့ရာဆိုင်မှာ ရပ်ပြီး မေးလိုက်တော့ - သုံးထောင်၊ နှစ်ထောင်၊ တစ်ထောင် တဲ့။ အကြီးဆုံးက ကိုးလက်မ လောက်ပဲ ရှိမယ်။ နောက်နှစ်ခုက ခြောက်လက်မ၊ လေးလက်မလောက်ပေါ့။ အ၀တ်အစားထည့်တဲ့ တပေခွဲ ၂ပေဆိုက်တွေတော့ အသုံးနည်းလို့ ထင်ရဲ့ မတွေ့ခဲံဘူး။ ကိုယ့်ကို အချဉ်ဖမ်းတာ မကြိုက်တဲ့ စိတ်ကြောင့် ဘာမှ ပြောမနေတော့ဘဲ ထွက်လာခဲ့တယ်။
ကိုယ့်ကားမဟုတ်တဲ့ ကားကြီးကို ကြည့်ပြီး အထင်မှားသွားတာဖြစ်နိုင်တယ်။ ဘိုင့် ဘိုင်။
ကားဆရာက သူဝယ်နေကျဆိုင်မှာ ရပ်ပေးပါတယ်။ ခြောက်ရာ၊ ငါးရာ၊ သုံးရာ တဲ့ ။ 
ဘာမှမပြောတော့ဘဲ  တစ်ဆက်ဝယ်ခဲ့တာပေါ့။ 

သူတို့ကို တခုထဲတခုစီထပ်လိုက်တော့  Russian Dolls တွေလို ဖြစ်သွားတယ်။ မြန်မာမှုလက်ရာလေးတွေဟာ ဒီ့ထက်ပိုပြီး လက်ရာသေသပ်၊ ဆန်းသစ် နိုင်ရင်ကောင်းမယ်လို့ မချင့်မရဲတွေးမိတယ်။  ကုန်ကြမ်းတွေရှိပါရက် အိမ်နီးချင်းနိုင်ငံလို ဈေးကွက်ဝင်မထုတ်လုပ်နိုင်တာ စိတ်မကောင်းစရာဘဲ။

သူငယ်ချင်းတို့ လိုချင်ရင်လည်း ပြောနော်။ ထန်းခေါက်ဖာကို  Set လိုက် ပို့ပေးမယ်.. ..ဘယ်လောက်ကုန်ကုန်  ကုန်ပစေ..အဟဲ ။

ချစ်ခင်စွာဖြင့်

မိုးစက်ပွင့်