Wednesday 25 April 2012

ဒီသင်္ကြန်

 ဒီသင်္ကြန်မှာ ဘာလုပ်မလဲ တဲ့၊ ချစ်ရတဲ့ သူငယ်ချင်းကလေးတချို့က မေးတယ်။ ကိုယ့်မှာ ထူးထူးခြားခြား ဘာအစီအစဉ်မှ မရှိတာကြောင့် “ အိမ်တွင်း ပုန်းဖြစ်မယ် ထင်တယ်"   လို့ဘဲ ဖြေဖြစ်ခဲ့တယ်...။     နဂိုကတည်းက ရေထိမှာ  ကြောက်ရတဲ့အထဲ မီးသတ်ပိုက်တို့ ဘာတို့နဲ့ ကြမ်းကြမ်းတမ်းတမ်း ရေပက်ကြမှာကို အတွေးနဲ့တင် ကြောက်တတ်တဲ့အတွက်  အပြင်ထွက်ဖို့ကို တွန့်ဆုတ်နေမိတာပါ။  ဒါပေမဲ့  ရေမပက်သေးတဲ့ အကြိုနေ့မနက် ခပ်စောစောမှာတော့ အာသာပြေ မြို့တပါတ် လှည့်ကြည့်ပစ်လိုက်တယ်။ 


လှတဲ့ ပိတောက်
 သင်္ကြန်လက်ဆေးမိုး ဟုတ်တိပတ်တိ မရွာပေမဲ့ အဲဒီအကြိုနေ့မှာ တမြို့လုံးက ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ကြတာများ ၀ါလို့ ၀င်းလို့။  မွှေးလို့ သင်းလို့။ အိမ်နီးချင်းကပိတောက်ပန်းလာပေးလို့ ဘုရားတင်တယ်၊ စားပွဲပေါ်မှာ ငွေဖလားလေးနဲ့ အလှထိုးတယ်။  တအိမ်လုံးအနှံ့ ပိတောက်ပန်းတွေ လိုက်ထိုးထားလိုက်တယ်။ ပိတောက်ရနံ့ကို နမ်းရှုရတာ သိပ်ကြိုက်တာလေ။  ဒါပေမဲ့ ညနေစောင်းတော့ နွမ်းနေတဲ့ ပန်းကလေးတွေ စွန့်ရတာ၊ ပန်းကြွေလေးတွေ လိုက်ကောက်ရတာတော့ သိပ်မနှစ်ခြိုက်လှ။  နုလိုက်တဲ့ပန်းကလေး။ တကယ်ဆို သင်္ကြန် သုံးလေးရက်လုံး မနွမ်းမကြွေ ရှိစေချင်ပါတယ်။  ပိတောက်ပန်း(Pterocarpus macrocarpus) က မြန်မာရဲ့ national flower လေ။ ဒီနေ့မှာ ၀ီကီမှာရှာရင်း တိုက်တိုက်ဆိုင်ဆိုင် မှတ်သားမိတာက  ထိုင်းရဲ့  national flower က “ငုပန်း”  တဲ့။  ကိုယ်ဖြင့် ဒီမတိုင်ခင်အထိ  ထိုင်းရဲ့ပန်းက ခရမ်းရောင် သစ်ခွလို့ ထင်ထားတာ။  နှံ့စပ်ပုံများ ပြောပါတယ်။


သတင်းဆိုး
အဲဒီအကြိုနေ့မှာဘဲ မြို့ထဲက မဏ္ထ္စပ်တခုမှာ လူတယောက် ရေစိုနေတဲ့ မီးကြိုးကနေ ဓါတ်လိုက်ပြီး သေသွားတယ် လို့  ကြားလိုက်ရတယ်။   မဏ္စ္ထပ်လည်း ပိတ်လိုက်ရတယ်တဲ့။  စိတ်မကောင်းစရာပါဘဲ။


တရားသဘင်
အိမ်နားမှာ လမ်းမနှစ်ခုဆုံတဲ့အတွက် ရပ်ကွက်ထဲမှာ  တရားမဏ္စ္ထပ် တခုဆောက်ပြီး ညစဉ်တရားပွဲ လုပ်ပါတယ်။  အကြိုနေ့ကနေ နှစ်ဆန်းတရက် အထိ ခြောက်ရက်ခြောက်ည တဲ့။ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ တနေကုန် ဖွင့်ထားတဲ့ သီချင်းတွေက  ဆူညံသံတွေ ဖြစ်လာတယ်။ ဘုရားသီချင်း၊ သင်္ကြန်သီချင်းတွေဆိုရင်လည်း တော်သေးရဲ့။  အခုတော့ ဒုံဒုံဂွမ်ဂွမ် များနေတယ်။ ဒီကြားထဲ အလှူခံပုဂ္ဂိုလ်ကလည်း  မိုက်ကရိုဖုန်းကို လက်က မချတမ်း ပြောဟောနေလေရဲ့။  မှတ်လောက် သားလောက်စရာတော့ သိပ်မပါလှ။  အလှူရှင်အများစုကလည်း “ကွယ်လွန်သူ ----- ကို ရည်စူး၍” ဆိုတာတွေများတယ်။ မိတ်ဆွေတယောက်ပြောတဲ့ (ငါ့ဘကြီးလည်း ဖျားနေပါပြီကွ) အားကျမခံ ပြောတာလေးကို သတိရမိတယ်။  ကိုယ်တိုင် အလှူသွားထည့်ရင်း အလှူရှင် နံမည်မကြေငြာပါနဲ့လို့ ပြောတာလည်း သူတို့က လက်မခံဘူး။  အများသာဓုခေါ်နိုင်အောင် လုပ်ပေးရမှာပေါ့ဆိုပြီး မိုက်ကရိုဖုန်းနဲ့ ၃-၄ခါထပ်ပြီး  ကြေငြာပါတယ်။ Customer ရဲ့ သဘောထားကို မလေးစားတာပေါ့နော်......။

ဘုန်းဘုန်းတွေဟောတဲ့ တရားတွေကိုတော့ အိမ်ကဘဲ ဒရင်းဘက် လေးနဲ့ ဇိမ်ကျကျနာလိုက်တယ်။  ပရိတ်အသင်းက ၀တ်သံပြိုင်ရွတ်လို့၊ တရားတောင်းစာတွေ ဖတ်လို့၊  ငယ်ငယ်တုန်းက ၀တ်ရွတ်အသင်း လိုက်ခဲ့ဖူးတာ သတိတရ ဖြစ်သွားပါတယ်။ အလယ်ညမှာ ဟောတဲ့ ဆရာတော်က  တရားနာနည်း လေးနည်း ( ခွာနာ၊ ရှာနာ၊ ၀ဌ်နာ၊ ကံနာ) ထဲမှာ  “ခွာနာ  ဆိုတာ အဝေးကနေ တရားကို ခပ်ခွာခွာလေးနာတာ၊ ဥပမာ- ကက်ဆက်ကလေးပဲ ဖွင့်ဖွင့်ပြီး တရားနာတာ၊ အိမ်ကနေ လှမ်းလှမ်းပြီး တရားနာတာ)”  လို့ဟောတော့ ကိုယ့်ကို ရည်ညွှန်းပြီးပြောနေသလိုလို မလုံမလဲ ဖြစ်လို့....။ နောက်ဆုံးညက ကိုယ်တော်လေးက ကြာနီကန်ကိုယ်တော်နဲ့ ဘွဲ့ရော၊ အသံနေအသံထား၊ လေယူလေသိမ်း တူတယ်။ နောက်ဆုံး အဟမ်း ဆိုပြီး ခပ်ကျယ်ကျယ် ချောင်းဟန့်တာကအစ တူတယ်။ ကြာနီကန် ကိုယ်ပွားပေါ့။ တချို့ကိုယ်တော်တွေက ဟောရင်းလည်နေတယ်။  ၀ိပဿနာအားထုတ်ဖို့ ဟောတဲ့ ဒုတိယညကတရားကို အကြိုက်ဆုံးပါဘဲ။ တရားနာရတာ နှစ်သက်ပေမဲ့ ခြောက်ရက်တိုင်တိုင် တနေကုန်အသံချဲ့စက်နဲ့ နှိပ်စက်တာတော့ မခံစားနိုင်ဘူး။  နောင်နှစ်ကျရင် တနေရာရာ ခရီးထွက်မယ်လို့ အိမ်ကလူက ပြောပါတယ်...။


အစားအသောက်
အချိန်တွေ ပိုပိုလျံလျံရှိနေတာမို့  မုန့်ဟင်းခါးတို့၊  သာကူ၊ မုန့်နှပ် လုပ်စားဖြစ်တယ်။ မုန့်ဟင်းခါးကလွဲရင် ကျန်တဲ့နှစ်မျိုးက (အရမ်းလွယ်ပေမဲ့) ကိုယ့်ဖာသာကိုယ် ပထမဦးဆုံးအကြိမ် လုပ်စားဖြစ်တာမို့ အချိန်အဆက သေချာမသိ၊  ဒေါ်ရမ်းချက်ပေါ့ ။  အကဲ့ရဲ့ခံရမှာစိုးလို့ အရသာ အကြိမ်ကြိမ်မြည်းပြီးမှ အိမ်နီးနားချင်း၃-၄ အိမ်ကို ဝေရဲတယ်။ အောင်မြင်သွားတော့ မာန်တွေတက်ပြီး  နောက်တခါ ပေါက်ဆီ လုပ်စားမယ်။  သူငယ်ချင်းတွေ ဘလော့ထဲမှာ ကြည့်လုပ်မယ် လို့ အိမ်သားအချင်းချင်း ကြွားပစ်လိုက်တယ်။

အိမ်သန့်ရှင်းရေး
အမေက နှစ်ဆန်းတရက်နေ့ဆိုရင် အမြဲတမ်း အိမ်က အသုံးကြာတဲ့ပစ္စည်းတွေကို ဂရုစိုက်ပြီး ဆေးကြောလျှော်ဖွပ်လေ့ရှိတယ်။  ( တနှစ်မှတခါလျှော်တာတော့ မဟုတ်ဘူးပေါ့)။  ကိုယ်က အဲဒီလို တထစ်ချကြီး အစွဲအလန်းမထားပေမဲ့ အချိန်ရတုန်း အိမ်မှာရှိတဲ့ စောင်၊ခြင်ထောင်၊ ခန်းဆီးလိုက်ကာ၊ ကြမ်းခင်း အပါအ၀င်၊  ရတတ်သမျှ သန့်ရှင်းရေး လုပ်တယ်။  အများကြီးဆိုတော့ ကိုယ့်ဖာသာ ကိုယ်လည်းလုပ်၊ သူများကိုလည်း အကူအညီ ခေါ်ရတာပေါ့ကွယ်..။
ပုံကို ဒီက ယူပါတယ်



အီး သင်္ကြန်
ဖတ်ဖို့ အကြွေးတင်နေတဲ့ စာအုပ် သုံးလေးအုပ်လောက် ပြီးအောင် ဖတ်ဖြစ်တယ်။ TV မှာ National Geographic နဲ့     Knowledge Channel  အေးအေးဆေးဆေး ကြည့်ဖြစ်တယ်။  ကွန်ပြူတာမှာ  Zuma ကစားတယ်။ ရုပ်မြင်သံကြား  Channel အသီးသီးကနေ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အသီးသီးမှာ ရေကစားတာ ဖျော်ဖြေတာတွေ၊  အင်တာဗျူးတွေကို  Live ပြသတာကြောင့်  ဟိုဖက်ဒီဖက်ပြောင်းပြောင်း ကြည့်ရင်း  ခြေမညောင်း၊ နေမပူ၊ ရေမစိုဘဲ  သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်..။ အီး သင်္ကြန်ပေါ့..။

အ၀တ်အစား
ခုတလော သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပါတ်သက်ပြီး  အင်တာနက်မှာ အသံတွေ ဆူညံနေပါတယ်။  ကျမရဲ့ ကိုယ်ပိုင်သဘောထားကတော့ ခေတ်နဲ့အညီ ပြောင်းလဲ ၀တ်ဆင်ကြတာကို နှစ်သက်လက်ခံနိုင်ပေမဲ့ အမျိုးသားပွဲတော်မှာ National Identity ကို ထိပါးလာတဲ့အထိ  ၀တ်စား ဆင်ယင်ကြတာမျိုးကိုတော့ တယ်ပြီး ခံတွင်းမတွေ့လှဘူး...။  သူများယဉ်ကျေးမှုကိုပုံတူကူးချရင်း  ကိုယ့်ရဲ့ ၀ိသေသ လက္ခဏာတွေ ပျောက်ဆုံးကုန်မှဖြင့်------။ ကိုယ့် အမေကတော့ အပြင်ထွက်တိုင်း  သတိပေးတတ်တယ်။ ဒီခရီးနဲ့ ဒီထီး”  ” ဒီလမ်းနဲ့ ဒီပန်း”  သင့်အောင် ဆင်ရမတဲ့။  စကပ်တိုနဲ့  သူများ  အလှူမင်္ဂလာပွဲ  မသွားသင့်သလို၊  ဘတ်စကားစီးပြီး အလုပ်ခွင်ဆင်းတဲ့အခါ လုံချည် ခြေမျက်စိဖုံးနဲ့ လှုပ်လီလှုပ်လဲ့ သွားနေတာထက် ဂျင်းဘောင်းဘီဝတ်ပြီး သွားတာက ပိုပြီး လက်တွေ့ကျသလိုပေါ့။   မိမိ တကိုယ်ရည် လွပ်လပ်မှုဟာ တခြားသူတွေရဲ့ ယဉ်ကျေးမှုတန်ဖိုး ( cultural values) တွေကို  မခြိမ်းခြောက်သင့်ပါဘူး။  ဒီကိစ္စမှာ  ဘယ်သူနဲ့မှ မငြင်းခုံချင်ပေမဲ့ တွေးမိသလိုလေးဘဲ ရေးချမိတာပါ..။


ဘာပဲပြောပြော ကောဇာသက္ကရာဇ် ၁၃၇၃ ကနေ ၁၃၇၄ ကူးမြောက်ခဲ့ပြီ....။ ဘ၀ ခရီးသည်တွေ ဆက်လက် လိုက်ပါသည်ဖြစ်စေ၊ ဆင်းကျန်ခဲ့သည်ဖြစ်စေ အချိန်ရထားကြီးကတော့ တနှစ်ကို ၃၆၅မိုင်နှုန်းနဲ့  သူ့ဟာသူ မှန်မှန်ကြီး ခုတ်မောင်းနေဆဲပါဘဲ။


မိုးစက်ပွင့်

Thursday 12 April 2012

ရေနံ့သာ

မတ်လ တလလုံးကတော့ ရုံးအလုပ်နဲ့ သာရေးနာရေး  နှစ်ခုပေါင်းပြီး နားရက်တရက်မှ မရှိခဲ့ပါဘူး။  စနေတနင်္ဂနွေ မှာတောင် ခရီးသွားနေရတယ်။ ဧပြီတရက်နေ့မှ ရခိုင်ကနေ ရန်ကုန်ကို ပြန်ရောက်ပါတယ်။  အဲဒီနေ့ကတော့ ရန်ကုန်မှာ လူတွေ တော်တော်ပျော်နေကြတယ်တော့ ကိုယ်လဲအတူတူပျော်ခဲ့ရတာပေါ့..။ ဧပြီ နှစ်ရက်နေ့မှ ချစ်သောအညာကို ပြန်ရောက်ပါတယ်။  ခရီးသွားရတာ နှစ်သက်ပြီး  ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရတာမို့ ပင်ပန်းတယ်တော့ မထင်မိပါဘူး။  ဒါပေမဲ့ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင် ဆိုသလို  အသက်လတ်ပိုင်း ရောက်နေတဲ့ ကိုယ့်အတွက် အနားယူမှုတခုခုတော့ ရှိသင့်တယ် လို့ တောင့်တောင့်တတ တွေးနေမိတယ်..။  သင်္ကြန်ရက်ကျရင်တော့ ......အင်း....  နားရမယ်ထင်ပါရဲ့လေ...။  အဲဒီ သင်္ကြန် မတိုင်ခင်လေးမှာဘဲ ရုတ်တရက်ကောက်ခါငင်ခါ တညအိပ် ခရီးထွက်ဖို့ကြုံလာရပြန်တယ်။



ဧရာဝတီမြစ်ကမ်းနားက 
 အလျားရှည်တဲ့ မြို့ကလေးဆီသို့......

ဆည်းဆာရဲ့အလှမှာ
က  နေတဲ့ နတ်သမီးလို
အတိတ်ရဲ့ ရွှေရောင်တွေ တစွန်းတစ ထင်ကျန်နေဆဲ ...

နို့မျက်နေတဲ့ မိခင်လို
ရေနံစင်ကြီးတွေ ရင်မှာ တပွေ့တပိုက်နဲ့
ရေနံ မထွက်ချင်တော့တဲ့ မြို့ ....

မောင်သိန်းဆိုင် လှလှပပချယ်သခဲ့တဲ့
ရေနံ့သာခင်ခင်ကြီးတို့ရဲ့မြို့ ....

ရင်ခုန်သံ ခေတ်သစ်စကားနဲ့
စာအရေးအကောင်းတဲ့ ဆရာဝန်မလေးရဲ့ဇာတိမြို့ ...

တောင်ကုန်းကလေးတွေ ကွေ့ကာဝိုက်ကာနဲ့
ဖူးစာရေးကုန်း ဆိုတဲ့ လွမ်းမောစရာ ကုန်းကမူကလေးနဲ့မြို့ .....

အ၀တ်နွမ်းနွမ်းတွေ ဆင်ထားတာအောင်
အလှတရားမပြယ်တဲ့ သူငယ်မလေးလို  မြို့ .....

အားလပ်ရက်မှာ  အလည်အပတ် ထွက်ရအောင်
မြို့အနှံ့  မြင်းလှည်းကလေး တို့- အတူတူစီးဖို့ 
လာလေ သွားကြပါစို့ ....
ဧရာဝတီမြစ်ကမ်းနားက 
 အလျားရှည်တဲ့ မြို့ကလေးဆီသို့.....။


ရောက်ဖူးခဲ့တဲ့ မြို့လေးတွေထဲမှာ ပြင်ဦးလွင်နဲ့ ဒီမြို့ကလေးကို သဘောအကျဆုံးပဲ.... လို့ ခရီးသွားဖေါ်မိတ်ဆွေ ကိုပြောပြမိတော့ သူက နားမလည်နိုင်စွာ ပြန်ကြည့်တယ်။  ဒီမြို့တွေမှာ အတိတ်က အငွေ့အသက် တွေကို ခံစားရလို့၊ မခမ်းနားပေမဲ့ ထည်ဝါတဲ့ ရှေးလက်ရာလေးတွေနဲ့၊   စိတ်ကူး ကောင်းကောင်း လေးတွေကို ပုံဖေါ်ထားတဲ့ ဗိသုကာ အငွေ့အသက်ကလေးတွေ တွေ့ရလို့၊  မြစ်နဲ့ချောင်းနဲ့ တောင်နဲ့ အပင်လှလှလေးတွေရှိလို့..။  ဘယ်လိုရှင်းပြပေမဲ့ သူကတော့ သိပ်လက်ခံချင်ပုံမရ။  ရှိပါစေလေ။  အလှဆိုတာ ကြည့်သူရဲ့အကြိုက်နဲ့ဘဲ ဆိုင်သည်မဟုတ်လား။ 

မြို့စွန်မှာတော့ သူဌေးကုန်း၊ တွင်းကုန်း စသဖြင့် အတိတ်ရဲ့ ပုံရိပ်ကိုထင်ဟပ်တဲ့ အမည်လေးတွေနဲ့ ရပ်ကွက်ကလေးတွေရှိပါတယ်။  တွင်းကုန်းလမ်းခွဲကနေ ညာဖက်ကိုချိုးလို့ သွားလိုတဲ့ ကျေးရွာလေးဆီ ဆက်ပြီး ဦးတည်လာကြပါတယ်။  လမ်းမှာ ဆိုင်းအဖွဲ့တွေပါတဲ့ ကားနဲ့ ဆုံခဲ့ပါသေးတယ်။ အလှူပွဲ ဖျော်ဖြေကြမလို့ ထင်ပါရဲ့။ အညာကျေးလက်မှာ ဆိုင်းတို့ အငြိမ့်တို့ ဆိုတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်။


တနေကုန် အလုပ်လုပ်ပြီး ညဖက် အနားယူဖို့အတွက် မြို့ကလေးဆီ ပြန်ခဲ့ကြပါတယ်။  ညစာစားပြီးတော့ ကိုးနာရီထိုးနေပါပြီ။  ရွေးချယ်ထားတဲ့ နေရာက  “လေသာကုန်း” လို့ခေါ်တဲ့ ကမ်းနားက ဧည့်ရိပ်သာကလေး။ ကမ်းပါ်းတောင်ကုန်းက  ၀င်းခြံကျယ်ကြီးထဲမှာ  ဘန်ဂလိုပုံစံ နှစ်ခန်းတွဲကလေးတွေ သပ်သပ်ယပ်ယပ် ဆောက်ထားတာမို့  နှစ်သက် သဘောကျမိပါတယ်။


 အခန်းကလေးတွေကတော့ ဟိုတယ်လိုမျိုး သိပ်မကျယ်ဝန်းပေမဲ့ နေသာရုံ အလောတော်ပါ။ ကျမ အနှစ်သက်ဆုံးက မျက်နှာကျက်အမိုးပါ။  ရေပြင်ညီမဟုတ်ဘဲ အမိုးနဲ့ မျဉ်းပြိုင်ကပ်ထားတာမို့  အခန်းက ပိုမြင့်ပိုကျယ်သွားသလို ခံစားရပါတယ်။


မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေကို ခံစားရင်း သက်တောင့်သက်သာလဲလျောင်းနေမိတာမို့ သယ်လာတဲ့စာအုပ်တွေကို အားနာစွာနဲ့၊  စာဖတ်ဖို့စိတ်ကူးကို ဖျက်လိုက်ပါတယ်။ မှေးကနဲ အိပ်ပျော် သွားပြီး တရေးနိုးချိန်မှာတော့ မိုးနည်းနည်းရွာပြီး  လေခပ်ပြင်းပြင်းတိုက်နေပါတယ်။  ခေါင်မိုးဆီက တဂျွတ်ဂျွတ် ကြားရတာမို့  စိုးရိမ်စိတ်တွေ ဖြစ်နေမိပါတယ်။  တယောက်တည်းမို့ နည်းနည်း အားငယ်မိပေမဲ့  နာရီဝက် တနာရီကြာတော့ ရိုးသလိုဖြစ်သွားပြီး ပြန်အိပ်ပျော်သွားပါတော့တယ်။

မနက်ခင်းနိုးလာချိန်မှာတော့  ရာသီဥတုက သူမဟုတ်သလို သာသာယာယာ။    ခြောက်နာရီသာသာဘဲ ရှိသေးတာမို့ ကိုယ်လင်သန့်စင်ပြီး ရှုခင်းကြည့်ဖို့ လမ်းလျောက်ထွက်ပါတယ်။ အလှအပမြင်တိုင်း ခုံမင် နှစ်သက် တတ်သူမို့ ကျောက်စရစ် စီထားတဲ့ လျောက်လမ်းကလေးတွေ၊ ထန်းပင်စည် နဲ့လုပ်ထားတဲ့ ထိုင်ခုံကလေးတွေကအစ ချစ်နေမိပါတယ်။

နွေရာသီမို့  ဧရာမြစ်ပြင်က ကမ်းနဲ့ အလှမ်းဝေးနေခဲ့ပြီ။  ဒါပေမဲ့ သောင်ပေါ်က သစ်ပင်အုပ်စုလေးတွေက ချစ်စရာ။


ဝင်းခြံထဲမှာ နောက်ထပ် ဘန်ဂလိုအသစ်နှစ်လုံး ထပ်ဆောက်နေတာ တွေ့ရပါတယ်။ ပန်းပင်ကလေးတွေကို မြေအိုးကလေးတွေနဲ့  လှလှပပ စိုက်ထားတာ ဓါတ်ပုံတဖျပ်ဖျပ်ရိုက်နေမိပါတယ်။  

တနေရာမှာတော့ သိပ်လှတဲ့ ငုဝါပန်းပင်ပျိုကလေး။  အရွက်စိမ်းတွေ မရှိသလောက်ပေမဲ့ သူ့ရဲ့ ပွင့်ဝါ၀ါအခိုင်တွေက တစက်ကလေးမှ မညှိုးနွမ်းဘဲ  ပူပြင်းတဲ့ နွေကို အံတု အလှဆင်နေလေရဲ့။  “အင်း- ပိတောက်က နွေရဲ့အလှ ဆိုရင် ငုက နွေရဲ့ အားမာန်ဘဲ”  လို့ ဘာသာ ရေရွတ်မိနေခဲ့ပါတယ်။


လမ်းလျောက်ရင်း ပန်းပင်တွေကို ပြုစုနေတဲ့ အစောင့်ဦးလေးကြီးနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။  ပိုင်ရှင်က အနောက်တိုင်းကပြားသွေးစပ်တဲ့  အသက်ငါးဆယ်ကျော် မြန်မာတဦးဖြစ်ကြောင်း၊  သူက မူလက အပန်းဖြေအိမ် ဆောက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတည်ထောင်ထားတဲ့ မိဘမဲ့ကလေးကျောင်းရဲ့ ရံပုံငွေရအောင် တည်းခိုရိပ်သာ အသွင်ပြောင်းခဲ့တာဖြစ်ကြောင်း၊ လောလောဆယ် ဘန်ဂလိုသုံးလုံး အခန်းခြောက်ခန်းရှိကြောင်း၊ နောင်မှာ ဆယ်ခန်း ဖြစ်လာမှာဖြစ်ကြောင်း ပြောပြတာမို့ ပီတိဖြစ်ရပြန်ပါတယ်။  ဒီမြေကွက် ၀ယ်ယူစဉ်ကလည်း ရောင်းသူရဲ့ ဆိုဈေးကို နားလည်မှုလွဲပြီး ဆယ်ဆတိတိ ပေးချေမိပေမဲ့  ရောင်းသူက ပိုငွေကို ပြန်ပေးလိုက်ကြောင်း၊ ဦးလေးကြီးက ဖောက်သည်ချပါတယ်။  သြော်- လောကမှာ ဒီလို ရိုးသားဖြောင့်မတ်တဲ့ လူကောင်း သူကောင်းတွေ အများကြီး ရှိသေးပါလား လို့   အကောင်းမြင်စိတ်ကလေး ဖျတ်ကနဲ ၀င်လာမိပါတယ်။

လမ်းလျောက်လို့ ၀တော့မှ ပန်းခြံအငယ်စားလေးထဲက ၀ါးဆက်တီကလေးပေါ်မှာ အသာအယာထိုင်ပြီး  မိန်းကလေးတွေ လာချပေးတဲ့ ပေါင်မုန့်မီးကင်၊  ထောပတ်၊ ယို၊ ပန်းသီး စတာတွေနဲ့ မနက်စာ စားပါတယ်။   ပန်းခြံထဲမှာ လမ်းလျောက်စဉ်ကတည်းက ခင်မင်ခဲ့တဲ့ ခွေးကလေးတွေ သုံးလေးကောင်က အနားမှာ အမြီးတနှံ့နှံ့နဲ့ လာတောင်းနေတာမို့ လူအလစ်မှာ ပေါင်မုန်တချို့ မျှကျွေးရင်း  မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် နောက်တခေါက်တော့ လာဦးမှဘဲ - လို့ တွေးနေမိပါတော့တယ်။

အဲဒီတခေါက်က လုပ်လဲပြီးမြောက်၊  ကိုယ်ရောစိတ်ပါ အနားရခဲ့တာမို့ လန်းဆန်းတက်ကြွစွာ ပြန်လာနိုင်ခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း ကြုံရင် သွား အပန်းဖြေလိုက်ဦးနော်....... ။ မင်္ဂလာ မြန်မာနှစ်သစ်ပါ  လို့ နှုတ်ခွန်းဆက်ပါတယ်။  ပိတောက်မွှေးမွှေးလေးလဲ လက်ဆောင်ပေးလိုက်ပါတယ်.....   :D



မိုးစက်ပွင့်



Thursday 5 April 2012

ပထမဦးဆုံး ”မိုး”

ပြူတင်းတံခါးဖွင့်လိုက်တာနဲ့ မြေသင်းနံ့တွေ နှာသီးဖျားဆီ  ပြေးဝှေ့နှုတ်ဆက်ကြတယ်။  မြို့ပြမှာ အနေကြာပေမဲ့ ကျေးလက်က သူမရဲ့ ငယ်ဘ၀ကို အမှတ်ရစေသော မြေသင်းနံ့လေးတွေ ကို ချစ်မြတ်နိုးတတ်သူရယ်ပါ ။  အစိမ်းနုရောင်သစ်ရွက်ဖျားမှာ တင်ကျန်နေဆဲ ငွေရောင် မိုးရေစက်ကလေးတွေက ဖန်တုံးကလေးတွေ၊ စိန်ပွင့်ကလေးတွေလို လင်းလက်ဆဲ။ သြော်- မနေ့က တကယ်ပဲ မိုးရွာခဲ့သည်လေ ...။ 


--------------------------

မနေ့ကမိုးက စံချိန်တင်အောင် ပူလောင် အိုက်စပ်လှတဲ့ သူမနေထိုင်ရာ အ၀ါရောင်မြို့ကလေးမှာ သင်္ကြန်မတိုင်ခင် ဦးဦးဖျားဖျားရွာပေးခဲ့တာဖြစ်ပါတယ်။ မိုးမရွာခင် အချိန်ကလေးမှာ   သူမရင်ထဲက တဒင်္ဂ ခံစားချက်တွေ တရစ်ပြီးတရစ် တင်းတင်း နှောင်ဖွဲ့ကာ တင်းကြပ် ရှုပ်ထွေးနေခဲ့တာ အခုထိ အမှတ်ထင်ထင် ဖြစ်မိပြန်သေးတယ်။ 

အဲဒီ မနက်ခင်းက  မိုးသားတိမ်လိပ်တွေ ညို့ညို့ မှိုင်းမှိုင်း အုံ့ဆိုင်းလို့၊ ခါတိုင်းဆို ကျစ်ကျစ်တောက် ပူလောင်ပြင်းပြတတ်တဲ့  ရှင်နေမင်း ကလည်း သူ့အရှိန်အ၀ါကို တိမ်သားနောက် ယာယီ ကွယ်ဝှက်ကာ အိနြေ္ဒရင့်ကျက်ဟန် အသွင်ကို ဆောင်ယူလို့၊  ပါတ်ဝန်းကျင် လေထုကလည်း မိုးငွေ့နဲ့ နေပူရှိန် ပေါင်းစပ်ထားတဲ့ အိုက်စပ်ပူနွေးနေတဲ့ ခံစားချက်ကို ဖန်တီးလို့။   မိုး-  မိုး ရွာပါတော့ကွယ်  လို့ သူမနှုတ်ဖျားက တီးတိုးတမ်းတ မိနေခိုက်မှာဘဲ လေပြင်းနှင်လို့ အဝေးကို တိမ်းပါးလွင့်စင်သွားတဲ့ မိုးတိမ်စိုင် မိုးတိမ်ထုတွေရဲ့ အကြောင်း သတိတရ ဖြစ်မိပြန်တယ်။ ဒီမိုးစက်တွေ ငံ့လင့်နေသူအတွက် မချင့်မရဲ ဖြစ်တဲ့စိတ်နဲ့ နာကျင်ခံစားခဲ့တဲ့ အချိန်တွေလည်း အတိတ်မှာ ရှိခဲ့ဘူးတာပေါ့။ အခုရော- တကယ်ဘဲ ရွာဦးမှာလား မိုးရယ် လို့ သံသယ အတွေးနဲ့ ပူပင်သောက  ဖြစ်နေရပြန်သည်။  တကယ်တော့ သူမဟာ မိုးမျှော်သူ သက်သက်တော့ မဟုတ်ပါလေ။  မိုးငွေ့မိုးစက်တွေရဲ့ မိတ်ဆွေဟာ သစ်ပင်လေးတွေဆိုတာ ကောင်းကောင်းသိသူမို့  အမြဲစိမ်းသစ်ပင်ကလေးတွေ အဆက်မပြတ် စိုက်ခဲ့သည်ဘဲလေ။  တပင် နှစ်ပင် တရာ နှစ်ရာ ငါးရာ တထောင် -  အို   အခွင့်အရေး ရတဲ့ အခါတိုင်းမှာပေါ့။

ဟော- ပြောရင်းဆိုရင်း မိုးခြုံးသံသဲ့သဲ့ကြားရပြီလေ။ ခြံထဲက ပန်းပွင့်ပျိုမလေးတွေကလည်း သူမတို့ရဲ့ ပွင့်ချပ်လွှာလေးတွေ မဟတဟနဲ့။  ရွက်ကြွေကိုင်းဖျားက ပုရစ်နုအငုံကလေးတွေက ပြူတစ်ပြူတစ်နဲ့ မိုးစက်တို့အလာကို ငံ့လင့်နေကြတယ်။  ဟော- ပြောရင်းဆိုရင်း တိမ်ညိုတို့  မြေပြင်ဆီ နိမ့်ဆင်းလို့  မိုးရွာဖို့ ဟန်ပြင်လေတယ်။  လေအေးတချက် ဝေးကနဲအတိုင်းမှာ ရွက်ကြွေလေးတွေ မြေပြင်တဖက်ကို လိမ့်ဆင်းသွားတယ်။  မန်ကျည်းကိုင်းပေါ်က ၀မ်းစာအတွက် ပိုးကောင်ကလေးတွေကို အစာစားဖို့ ချောင်းနေတဲ့  ငှက်ညိုကလေးက သူ့ရဲ့ လုံခြုံရာအသိုက်ဆီ  ဖြုတ်ကနဲထပျံသွားတော့တယ်။
ကောင်းကင်ဆီက ငွေမျှားတံကလေးတွေ တဖွဲဖွဲ ကျလာတာကို သူမ ကြည်နူးစွာ ငေးကြည့်နေမိတော့ မိုးစက်တချို့က  မျက်နှာဆီ  ပါးပြင်ဆီ နှုတ်ခမ်းတွေဆီ အနမ်းနဲ့ နှုတ်ဆက်သလို ပြေးဝင်ထိတွေ့လာကြတယ်။ ပျော်လိုက်တာကွယ်။ ဟင့်အင်း- မျက်နှာပေါ်က ရေစက်တွေ မသုတ်ပစ်ချင်ပါဘူး၊ ပြူတင်းတံခါးကိုလည်း မပိတ်ချင်ပါဘူး၊  နွေဦးပေါက်ကာလ တလျှောက်လုံး မျှော်လင့်နေခဲ့ရတဲ့ ဒီမိုး၊  ရွာစမ်းပါစေ၊ သည်းစမ်းပါစေ၊ အေးစမ်းပါစေ -  လို့။

----------------------------

မိုးရွာစဉ်ခိုက်မှာ သိသိသာသာကြီး အေးစိမ့်သွားပေမဲ့ ၊ မိုးစဲသွားချိန်မှာ မဟာပထ၀ီမြေကြီးက ကာလရှည်ကြာ အောင်းထားရတဲ့ အပူတွေကို  သက်ပြင်းရှည်ကြီးတချက်မှုတ်ပြီး ဖြေလျှော့ လွှတ်ထုတ် လိုက်တာမို့ ၀န်းကျင်တခိုက လေထုထဲမှာ ခပ်နွေးနွေးဖြစ်နေပြန်တော့တယ်။  မိုးကိုမျှော်နေတဲ့  ပင်မြင့်ပေါ်က မြစိမ်းရောင် ပိတောက်ဖူးတွေက ပွင့်ရကောင်းနိုး မပွင့်ရကောင်းနိုး နဲ့ ရွှေဝါရောင်ပွင့်ချပ်လွှာတွေ ထုံသင်းတဲ့ မွှေးရနံ့ တွေကို သူတို့ရင်မှာ သိမ်းဝှက်ထားတုန်းပဲ ဖြစ်နေသေးတယ်။  တကယ်ဆို မုတ်သုန်ရဲ့ ပထမဆုံးမိုးဟာ အလည်လာရုံသာ ရှိသေးတာ မဟုတ်လား။  မိုးဖြိုင်ဖြိုင်ကျဖို့ ကျန်နေသေးတဲ့ နွေရက်ရှည်ကို ဖြတ်သန်းရပေဦးမယ်..။

ပထမဦးဆုံးမိုးက လှပခဲ့တယ်.....
 ပထမဦးဆုံးမိုးက အေးမြမှုတချို့ပေးခဲ့တယ်....
ပထမဦးဆုံးမိုးက မြေသင်းနံ့ကလေးတွေကို ဖန်တီးပေးခဲ့တယ်....
ပထမဦးဆုံးမိုးက  မြေပေါ်က ဖုန်မှုန့်တချို့ကို သိပ်သည်းသွားစေခဲ့တယ်...
ပထမဦးဆုံးမိုးက ကောင်းကင်မှာ သက်တန့်ရောင်စုံတိမ်ပန်းချီကို ရေးချယ်ပြခဲ့တယ်...
ပထမဦးဆုံးမိုးက  နားခိုရာ အိမ်မဆောက်ရသေးတဲ့ ငှက်တေလေလေးတွေကို သတိပေးခဲ့တယ်.....
ပထမဦးဆုံးမိုးက  အနင်းခံမြက်ကလေးတွေကို ဆက်လက်ရှင်သန်ဖို့ အားသစ်လောင်းပေးခဲ့တယ်.... 
ပထမဦးဆုံးမိုးက  ပုရစ်နုသစ်လေးတွေကိုဝေပြီး  ပန်းပွင့်လေးတွေ လန်းဆန်းဖူးပွင့်လာဖို့  ကူညီခဲ့တယ်...
အဲဒီပထမဦးဆုံးမိုးကဘဲ  သူမရင်ကို အတိုင်းမသိ ကြည်နူးချမ်းမြေ့ သာယာစေခဲ့တယ်....
နောင်ကိုလည်း မိုးတွေ သည်းသည်း ဆက်လို့ ရွာနိုင်ပါစေသားကွယ် .......



မိုးစက်ပွင့်

( စာကြွင်း  -   ရည်ရွယ်ရာသို့  ရည်ရွယ်ပါသည်....)