Wednesday 14 December 2011

လျပ်တပျက် အညာမြင်ကွင်း(၂)

 အညာမြင်ကွင်းလေးတွေကို  မျှဝေခံစားနိုင်ဖို့  လျှပ်တပျက်ရိုက်ချက်ကလေးတွေကို စုစည်းပြီး တင်ပြလိုက်ပါတယ်။

ပေါက်မြို့နယ်က ဈေးသည်မလေးတွေ
tour season မို့ထင်ပါရဲ့၊ ညောင်ဦးလေဆိပ်မှာ အဲဒီလိုကြိုနေကြတယ်..
မြစ်ဧရာကို တံတားနဲ့ကူးမှာလား ...လှေနဲ့လား။။။
လှေကလေးက သူ့ချည်းပဲ ကဗျာဆန်ပြီး လွမ်းစရာ....

ပခန်းကြီးက ကျောင်းတော်ကြီးရဲ့ ရှေးလက်ရာ
စလေ ရုပ်စုံကျောင်းက ရှေးလက်ရာ....
နေကြာပန်းပုံမှမထည့်ရရင် အိပ်မပျော်တတ်သူပါလေ....
အညာမှာ အတွေ့များတဲ့ နာနတ်ရိုင်းပင်တွေ ( သူ့အမျှင်ကို ကြိုးကျစ်ရတယ်လို့ပြောပါတယ်)....
သားငယ်ပွေ့လျက် အလုပ်ကိုလည်းမပျက်စေရတဲ့ ကျေးလက်အညာလုံမ....
ရှင်မတောင်(ရေစကြို)က ခန့်ခန့်ညားညား လှလှပပ.....
ကျောင်းအားချိန်မှာ ရေခပ်ပြီး မိဘကူတဲ့ သမီးလိမ္မာလေး.....
သားသားကတော့ ရေခပ်နေတဲ့ မေမေ့ကိုစောင့်နေတာခင်ဗျ....
ချစ်စရာ အညာဓလေ့..နားခိုဖို့ဇရပ်မှာ သောက်ရေနဲ့ သနပ်ခါး......
သူငယ်ချင်းတို့ အားလုံး ပျော်ရွှင်သောခရစ်စမတ်နဲ့  ကံကောင်းသောနှစ်သစ်ဖြစ်ပါစေလို့ ကြိုတင် ဆုတောင်းလိုက်ပါတယ်.....


မိုးစက်ပွင့်

Thursday 8 December 2011

ပုံရိပ်ထဲက မိန်းကလေး (The Girl in the Picture)

ဓါတ်ပုံတွေက သမိုင်းကို ပြောနေကြတယ် - တဲ့။ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ပုံရိပ်တွေ အများအပြား ရှိခဲ့ပါတယ်။  အဲဒီအထဲက ပုံတပုံကတော့ ၉နှစ်အရွယ် ဗီယက်နမ်နိုင်ငံ မိန်းကလေး ဖန်သီ ကင်မ်ဖု (Phan Thi Kim Phuc )ရဲ့ ပုံပါဘဲ။ အမေရိကန်တို့ရဲ့ နာမည်ကျော် နာပမ်း ()Napalm) မီးလောင်ဗုံးထိမှန်လို့  အ၀တ်အစားဗလာနဲ့ ပြေးထွက်လာတဲ့ မိန်းကလေးတဦး။  ဓါတ်ပုံကို မြင်သူတိုင်းက သူမရဲ့ အော်ဟစ်မြည်တမ်းသံကို ကြားနေရတယ်။ ပူလောင်ပြင်းပြတဲ့ ခံစားချက်ကို ပူးဝင်ခံစားမိကြတယ်။ ကရုဏာလှိုင်းလုံးတွေ တလိပ်လိပ် ရိုက်ခတ်လာကြတယ်။  ဓါတ်ပုံကို အမှတ်မထင် ရိုက်ကူးခဲ့သူက ဗီယက်နမ်လူမျိုး အေပီသတင်းထောက် ဓါတ်ပုံဆရာ Nick Ut ပါဘဲ။

ကင်မ်ဟာ ဒီဓါတ်ပုံထဲမှာ ပါဝင်ခြင်းမတိုင်မီအထိ ဗီယက်နမ် တောင်ပိုင်းက ဆေးဂုံမြို့နဲ့ ၁၄မိုင်အကွာက  Trang Bang မြို့ငယ်ကလေးမှာ နေထိုင်တဲ့ သာမာန်မိသားစုထဲက သားသမီး ကိုးဦးအနက် ပဉ္စမမြောက် သမီးမိန်းကလေး ဖြစ်ပါတယ်။  ကင်မ်ကို ၁၉၆၃ ဧပြီလ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူမရဲ့အမည်က ဗီယက်နမ် ဘာသာနဲ့  ( Golden Happiness) လို့ အဓိပ္မါယ်ရပါတယ်။ကင်မ်ရဲ့ အဖိုးဟာ အနီးပါတ်ဝန်းကျင်က အလွန်နှစ်သက်တဲ့ ချိုမြအရည်ရွှမ်းပြီး အရသာရှိလွန်းတဲ့ ကျွဲကောသီးခြံတခြံ ပိုင်ဆိုင်ပါတယ်။ ကင်မ်ရဲ့အမေက ခေါက်ဆွဲဆိုင်ဖွင့်ပါတယ်။ ကင်မ်တို့ မိသားစုဟာ လူဦးရေများသလို တဦးနဲ့တဦး ချစ်ချစ်ခင်ခင် သိုက်သိုက်ဝန်းဝန်းနဲ့ အလွန်ဘဲ ပျော်စရာကောင်းခဲ့ပါတယ်။

-----------------------------------

ကင်မ်တယောက် လူ့လောကရောက်လာချိန်မှာ ဗီယက်နမ်ရဲ့ နိုင်ငံရေးကောင်းကင် အခင်းအကျင်းက တိမ်ညိုတိမ်လိပ်တွေ မဲမှောင် အုံ့ဆိုင်းနေချိန် ဖြစ်ပါတယ်။ 
  • ၁၉၆၃မှာ မြောက်ပိုင်းCommunist နဲ့ တောင်ပိုင်း Capitalist ၀ါဒီတွေ စတင်တိုက်ခိုက်ခဲ့ကြတယ်။
  • သမ္မတ Ngo Dinh Diem နဲ့ ဘုန်းတော်ကြီးများ ပဋိပက္ခဖြစ်ပြီး ဘုန်းတော်ကြီးတပါး လမ်းမပေါ်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြတယ်။ (အဲဒီဓါတ်ပုံက ကမ္ဘာကျော်ခဲ့သလို၊  သမ္မတကတော်ရဲ့ ”ဘုန်းကြီး ဘာဘီကျူး”လို့ လှောင်ပြောင်သရော်ခဲ့တဲ့စကားကလည်း ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိခဲ့တယ်။- )
  • သမ္မတ Ngo Dinh Diem ဇာတ်သိမ်းမလှဘဲ သူ့ညီနဲ့အတူ လုပ်ကြံခံရတယ်။
  • အမေရိကန်မှာ သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရပြီး နောက်တက်လာတဲ့ သမ္မတ လင်ဒန်ဂျွန်ဆင်က ဗီယက်နမ်စစ်ပွဲမှာ သူတို့ရဲ့ ပါဝင်မှုကို အရှိန်မြှင့်ခဲ့တယ်။
  • တောင်ပိုင်းမှာလည်း ကွန်မြူနစ်ထောက်ခံတဲ့ ပျောက်ကြားစစ်တွေပေါ်လာတယ်။  လှုပ်ရှားသူတွေကို (ဟိုချီမင်းနဲ့ ဆက်စပ်ပြီး) ဗီယက်မင်းလို့ ခေါ်ရာက နောက်ပိုင်း  ဗီယက်ကောင်း ( Viet Cong ) လို့ တွင်ကျယ်လာခဲ့တယ်။  တောင်ပိုင်းရဲ့ ပျောက်ကျားစစ်၊ မြောက်ပိုင်းရဲ့ ထိုးစစ်တွေနဲ့ တောင်ပိုင်းအစိုးရနဲ့ အမေရိကန်တပ်တွေကို  ထိုးနှက်ကြတယ်။
  • မြောက်ကနေ တောင်ပိုင်းကို လက်နက်နဲ့ ရိက္ခာပို့တဲ့လမ်းက လာအိုနဲ့ ကမ္ဘောဒီးယား နယ်စပ်တွေကို ဖြတ်သန်းရပြီး ခြင်၊ မြွေ၊ မျှော့ပေါတဲ့ သစ်တောထူထူအုပ်အုပ်ကြီးတွေ၊ ချောင်းတွေ၊မြောင်းတွေ အများကြီးကို ဖြတ်ကျော်သွားရတာပါ။ အဲဒီလမ်းကို နောင်မှာ Ho Chi Minh Trail  လို့ ခေါ်ပါတယ်။
  • Ho Chi Minh Trail ကို ဖြတ်တောက်ဖို့အတွက် ၁၉၆၅ကစပြီး သမ္မတ ဂျွန်ဆင်က ဝေဟင်ဗုံးကြဲတာတွေ၊  အပင်သေစေတဲ့ ( Agent Orange ) ဖြန်းတာတွေ လုပ်လာပါတယ်။ ၁၉၆၈မှာ အများဆုံး အမေရိကန် စစ်သား ငါးသိန်းအထိ ဗီယက်နမ်ကို ၀င်ရောက်ခဲ့ပါတယ်။
  • တချိန်တည်းမှာပဲ  တောင်ဗီယက်နမ်အစိုးရက ဗီယက်ကောင်းလို့ သံသယရှိသူတွေကို အပြင်းအထန် ရှာဖွေ နှိပ်ကွပ်ပါတယ်။  ဆေးဂုံမြို့ရဲ့ လမ်းမတနေရာမှာ တောင်ဗီယက်နမ်ရဲချူပ်က ဗီယက်ကောင်းလို့ သံသယရှိသူရဲ့ နားထင်ကို သေနတ်နဲ့ အနီးကပ်ပစ်ပြီး (စံပြအနေနဲ့) သတ်ခဲ့ပါတယ်။  အဲဒီဓါတ်ပုံကလည်း အုတ်အော်သောင်းနင်းနဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။
  • နောက်ပိုင်းမှာတော့ သမ္မတဂျွန်ဆင်ရဲ့ ပေါ်လစီကို လူထုဝေဖန်မှုတွေ အရှိန်တိုးမြင့်လာပြီး နစ်ဆင်က ဗီယက်နမ်စစ်ပွဲပြီးဆုံးဖို့ ရွေးကောက်ပွဲကတိနဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။
--------------------------------

ဒီလိုနဲ့ Trang Bang မြို့လေးကို မြောက်ပိုင်းရော တောင်ပိုင်းအင်အားစုတွေ ချဉ်းကပ်လာခဲ့ကြပါတယ်။  ကင်မ်ရဲ့ မေမေ ”နု”ရဲ့ ခေါက်ဆွဲဆိုင်ကို အမျိုးသမီးငယ်တယောက် က အမြဲတမ်းလာပြီး တောင်ပိုင်း တပ်ဖွဲ့ တွေရဲ့ အင်အားနဲ့ လှုပ်ရှားမှုကို မေးမြန်းလေ့ရှိတယ်။  နုကလည်း သူသိသလောက် မှတ်ထားပြီး ပြောပြ တတ်တာမို့  မြောက်ပိုင်းအဖွဲ့ရဲ့ ခင်မင်မှုနဲ့ စားစရာလက်ဆောင်တွေ မကြာခဏ ရတတ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေရဲ့ မြေအောက်လိုဏ်ဂူကြီးက ကင်မ်တို့ရဲ့ ခြံထဲအထိရောက်လာတဲ့အခါမှာတော့ အိမ်သူအိမ်သားတွေ အံ့သြတကြီး ဖြစ်ကြရပါတော့တယ်။ ဗီယက်ကောင်းတွေရဲ့  တက် ထိုးစစ် ( Tet Offensive ) နဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေ မြင့်မားလာချိန်မှာ လူအများအပြားဟာ လွတ်ရာကင်းရာကို ပြေးလွှားရှောင်ပုန်းနေကြရပါတယ်။  ကင်မ်တို့ရဲ့ ဦးလေးနဲ့ အဒေါ်မိသားစုအတော်များများလည်း  ပြောင်းရွှေ့ကုန်ကြပါပြီ။ မြောက်ပိုင်းတပ်ဖွဲ့တွေက ကင်မ်တို့ရဲ့ အိမ်ကို စခန်းအဖြစ်သိမ်းယူပြီး ကင်မ်တို့ကို အဝေးထွက်သွားဖို့ ပြောပေမဲ့  ကျမ်းမာရေးမကောင်းတဲ့ အဖိုးနဲ့ ဦးလေးကိုငဲ့ပြီး အနီးအနားမှာဘဲ ယာယီနေစရာ ဖန်တီးပြီး ဆက်နေကြပါတယ်။ မေမေ  ”နု” က တခါတရံ တပ်ဖွဲ့များထံ ခွင့်တောင်းပြီး အိမ်ပြန်ကာ ၀က်များကို အစာကျွေးပါတယ်။

အဲဒီရက်မှာပင် Trang Bang တောမြို့ကလေးတ၀ိုက် တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့တွေ တိုက်ခိုက်မှု တွေ ဖြစ်ပွားလာခဲ့ကာ  အရပ်သားအများအပြား အဆောက်အဦကြီးတွေထဲမှာ ခိုလှူံနေကြရတော့သည်။ တောင်ပိုင်းတပ်ဖွဲ့များက အမေရိကန်အကူအညီနဲ့ လေကြောင်းနှင့်မြေပြင် ညှပ်ပြီး စစ်ဆင်ပါတယ်။  လေကြောင်းတိုက်ရာမှာလည်း ပထမတသုတ်က အဆောက်အဦတွေရဲ့ အမိုးတွေအကာတွေ ပျက်စီးအောင် ရည်ရွယ်ဗုံးကြဲတာဖြစ်ပြီး နောက်တကြိမ်မှာ နာပမ်း မီးလောင်ဗုံးများနဲ့ ဗီယက်ကောင်း တွေကို သေကြေဒဏ်ရာရအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

၁၉၇၂ခုနှစ်၊ ဇွန်လ ၈ရက်။

တိုက်ခိုက်မှုတွေ ပြင်းထန်လာပြန်တာမို့ ကင်မ်အပါအ၀င် လူအများကတော့ အဖြစ်အပျက်တွေကို ထိတ်လန့်အံ့သြစွာ စောင့်ကြည့်နေကြရပါတယ်။  မနက်တိုင်းမှာ ကောင်းကင်ကနေ လေယာဉ်သံတွေ တဝေါဝေါကြားရပြီး မကြာခင်မှာဘဲ နားကွဲမတတ် ပေါက်ကွဲသံတွေ ကြားရတတ်ပါတယ်။  ဖော့စဖောရပ်ဒုံးကျည်တွေကြောင့် အဖြူရောင်မီးခိုးငွေ့တွေ၊  လက်ပစ်ဗုံးတွေရဲ့ ပေါက်ကွဲမှုကြောင့် ခရမ်းရောင်နဲ့ မုန်ညှင်းစေ့ရောင် အခိုးတွေကို တွေ့နေကြရပါတယ်။  ပြူတင်းတံခါးက အမှတ်တမဲ့ ကြည့်လိုက်တဲ့အခါမှာတော့ ကောင်းကင်ဟာ အနီရောင်ရဲနေတာကို မြင်နေရပါတော့တယ်။ အသေအချာကြည့်တော့မှ လေယာဉ်ပေါ်ကနေ မီးတောက်မီးလျံတွေ အဆက်မပြတ် ကျနေတာမို့   ရွာသားတယောက်က  ” ကောင်းကင်ဘုံက မီးတောက်တွေ ကျလာပြီဟေ့” လို့ အော်လိုက်ပါတယ်။

“ဘုရားသခင်” လူတွေက လမ်းမကိုကြည့်ရင်း အလန့်တကြား ရေရွတ်လိုက်ပါတယ်။  ပူဆွေးသောက ရောက်နေတဲ့ မိန်းမတယောက်က မီးသွေးခဲလိုမည်းနေတဲ့ ကလေးငယ်ကို ပွေ့ချီလာတာ တွေ့လိုက်ရလို့ပါ။ 

ခဏအတွင်းအမှာပဲ သူတို့နေတဲ့အဆောက်အဦထဲကို ခရမ်းရောင်မီးခိုးငွေ့တွေ ကျရောက်လာပါတယ်။  မကြာခင်မှာ နောက်ထပ် မီးလောင်ဗုံးတွေ ကြဲတော့မယ့် အမှတ်အသားပါဘဲ။  လူတွေအားလုံး အပြင်ကို အမြန်ဆုံးပြေးထွက်ပြီး ဗုံးဒဏ်လွတ်အောင် ကြိုးစားကြရပါတော့တယ်။ ကင်မ်ကတော့ အပြေးမမြန်သူမို့  အစ်ကိုတွေ မောင်တွေရဲ့ နောက်မှာ ခြေလှမ်းတော်တော်များများ ပြတ်ကျန်ခဲ့ပါတယ်။

-----------------------------

နားကွဲမတတ် ဗုံးသံတချက်နဲ့အတူ ကင်မ် မှောက်လျက်လဲသွားပါတယ်။ ထူးထူးဆန်းဆန်း ကင်မ်မှာ ကြောက်ရွံ့စိတ်မရှိဘဲ အိမ်မက်သလို ဖြစ်နေပါတယ်။  ရုတ်တရက် သတိဝင်လာတော့ သူ့တကိုယ်လုံး မီးတောက်တွေဖုံးနေပါတာ့တယ်။  အဲဒီတော့မှ ကြောက်စိတ်နဲ့ အ၀တ်တွေကိ မြန်မြန်ချွတ်ပစ်လိုက်ပါတယ်။  သိပ်ပူနေတဲ့ ဘယ်လက်မောင်းကို  ရုတ်တရက် သပ်ချလိုက်တော့ ညိုမည်းနေတဲ့ အသားကျက်ကျက် အတုံးအခဲတွေ ညာလက်ထဲပါလာပြီး သိပ်ကိုပူလောင်သွားလို့ အော်ဟစ်ညည်းညူလိုက်ပါတယ်။  နောက်မှာစည်းထားတဲ့ ဆံပင်နဲ့ နောက်ကျောလည်ကုပ်တွေပါ လောင်သွားတာကိုလည်း သိလိုက်ရပြီး အစ်ကိုတွေနောက်ကို အမီပြန်ပြေးလိုက်ဖို့ ကြိုးစားလိုက်ပါတယ်။ ပူတာရယ်၊ နာတာရယ်၊ ရေငတ်တာရယ်ကြောင့် ပြေးရင်းနဲ့လည်း အော်ဟစ်နေမိပါတယ်။  ပြေးရင်းလွှားရင်း ရုတ်တရက်ဆုံမိတဲ့ အေပီ သတင်းထောက်  Nick Ut က သူမရဲ့ပုံရိပ်ကို ကင်မရာကလစ်တချက်နဲ့ အမိအရ မှတ်တမ်းတင်နိုင် လိုက်ခဲ့ပါတယ်။ 

မကြာခင်ပဲ ကင်မ်တယောက် ဗုံးကာလအတွင်း ကွဲသွားတဲ့ မိဘများနဲ့  ပြန်ဆုံမိသွားပါတယ်။ မိဘနှစ်ပါးလုံး အံ့သြတုန်လှုပ်လွန်းလို့ ဖြူဖတ်ဖြူလျော်ဖြစ်နေပါတယ်။  ဒဏ်ရာတွေနဲ့ ကင်မ်ကတော့ ပုံလျက်သား လဲမတတ်ဖြစ်နေပြီး မေမေ ”နု” ကို မလွတ်တမ်းဖက်ထားပါတယ်။  ” အို၊ အမေ၊ ပူလိုက်တာ ၊ ပူလိုက်တာ အမေရယ်”  တဲ့။

-----------------------------
များသောအားဖြင့် မီးလောင်ဗုံးထိတဲ့ ကလေးငယ်တွေဟာ ဆေးရုံကို မရောက်ဘဲ သေသွားတတ်ကြပါတယ်။ ကင်မ်ရဲ့ အဖေနဲ့အမေဟာ ကင်မ်ကို ပွေ့ချီပြီး ဆေးဂုံမြို့အထိ ခြေကျင်သွားကာ ဆေးရုံတင်ဖို့ ကြိးစား ခဲ့ကြပါတယ်။  ဇွန်လ ၁၀ရက်နေ့အထိ ဆေးရုံသုံးရုံက လက်မခံခဲ့ပါဘူး။  နောက်ဆုံး ဆေးရုံတခုက လက်ခံခဲ့ပေမဲ့လည်း  သေလုဆဲဆဲ ကလေးတွေ ထားတဲ့အခန်းမှာသာ နေစေခဲ့ပါတယ်။ ဖီးနစ်ငှက်မလေး ကင်မ်ကတော့ သေခြင်းတရားကိုအန်တုပြီး ပြန်လည်ကျမ်းမာလာခဲ့ပါတယ်။ ခြောက်လကြာတဲ့အခါ သူမ ကုသနေတဲ့ ဆေးရုံကနေ ပြန်ဆင်းခဲ့ရပါတယ်။

အဲဒီအချိန်မှာ သူမရဲ့ ဓါတ်ပုံကြောင့် လူသိများနေခဲ့ပြီး သတင်းစာတိုက်ကနေတဆင့် စာတွေ၊ လက်ဆောင်တွေ၊ အရုပ်နဲ့ ငွေတွေ မကြာခဏ ရောက်လာတတ်ပါတယ်။  ကင်မ်ဟာ စစ်ပွဲကြောင့် ထိခိုက်နစ်နာ သေဆုံးရတဲ့ ကံဆိုးသူ ကလေးငယ်တွေ အများကြီးထဲက ကွက်ပြီး ကံထူးသူကလေးတဦးလို့ ဆိုရပါလိမ့်မယ်။ 

---------------------------------------------

၁၉၇၃ မတ်လ ၁၉ရက်နေ့မှာ ဆေးဂုံမှာရှိတဲ့ နောက်ဆုံး အမေရိကန်တပ်ဖွဲ့ကို ရုပ်သိမ်းခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ စုစုပေါင်း အမေရိကန်တပ်သား ၅၈၀၀၀ သေဆုံး၊  ၃၀၀၀၀၀ ဒဏ်ရာရ၊ ၆၀၀ ကို ဖမ်းဆီးခံရပြီး ၁၃၀၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။  ဗီယက်နမ် စစ်သားနဲ့ အရပ်သားတွေလည်း ဒီ့ထက် အများကြီး သေကြေဒဏ်ရာရခဲ့ကြမှာပါ။  စစ်ပွဲတပွဲရဲ့သမိုင်းကို မျက်ရည်တွေ သွေးတွေနဲ့ ရေးခဲ့ကြတာပါ။

ကင်မ်ဟာ ဆေးရုံကဆင်းခဲ့ပေမဲ့ အရေပြားတွေက နေထိမခံနိုင်၊၊ခြင်ကိုက်မခံနိုင် ခဲ့ပါဘူး။ အဆုတ်တစိတ်တပိုင်းပျက်စီးနေတဲ့အတွက် ဖုန်ပါတဲ့လေကို ရှုလို့ မရခဲ့ပါဘူး။  တခါတရံ အကြောင်းမဲ့ ပြင်းပြင်းထန်ထန် နာကျင်မှု  နဲ့ ခေါင်းကိုက်ဝေဒနာ ခံစားနေရတဲ့အတွက် သူမရဲ့ မိဘတွေက ကျမ်းမာရေးစောင့်ရှောက်မှုဂေဟာမှာ နောက်ထပ် ၇လ ထားခဲ့ရပါတယ်။ ဆေးရုံနဲ့ ဂေဟာမှာ နေစဉ်အတွင်း ဆေးဝန်ထမ်းတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက် သူမဟာ ကြီးလာတဲ့အခါ ဆရာဝန်တယောက် ဖြစ်ချင်ခဲ့ပါတယ်။ “အဖေနဲ့အမေက ကျွန်မကိုမွေးခဲ့ပေမဲ့ ဆရာဝန်နဲ့ ဆရာမတွေက ကျွန်မကို အသက်ဆက်ပေးခဲ့တာပါ”  လို့ ကင်မ်က ပြောလေ့ရှိပါတယ်။

ကင်မ်ဟာ ကျောင်းပြန်တက်တဲ့အခါ အတော်ဆုံးမဟုတ်ပေမဲ့ စာတော်တဲ့ ကျောင်းသားတွေထဲမှာ ပါ ပါတယ်။ အစိုးရက “ဆိုရှယ်လစ်ဝါဒအတွက် လုပ်အားပေး” ဆိုကာ မူလတန်းကျောင်းသားများက တပါတ်တရက်၊ အလယ်တန်းကျောင်းသားတွေက နှစ်ရက်၊ အထက်တန်းကျောင်းများမှာ တလကို သီတင်းနှစ်ပါတ် အလုပ်လုပ်ကြရပါတယ်။  အလုပ်တွေ သိပ်ပင်ပန်းလာတဲ့အခါ ကင်မ်က ဆရာကို နားခွင့်တောင်းခဲ့ပါတယ်  ၊  ဆရာက သူဘာမှမကူညီနိုင်ဘူးလို့ ပြောတဲ့အခါ နေထိခံလို့မရတဲ့ သူမရဲ့ ဒဏ်ရာတွေကို အကျီင်္ လက်မောင်းလှန်ပြီး ပြသခဲ့ရပါတယ်။ 

နောက်တနှစ်မှာ ကင်မ်ရဲ့ မေမေ နု ဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်ကလေးကို အစိုးရစားသောက်ဆိုင်ဆိုပြီး တံဆိပ်လာကပ်ပါတယ်။  အလုပ်သမားတွေကို လက်မှတ်တွေပေးပြီး တန်းစီစံနစ်နဲ့လာစားခိုင်းပါတယ်။  နုက စားဖိုမှုးလစာနဲ့ သူတို့ကို ခေါက်ဆွဲပြုတ်ပေးရပါတယ်။  တနေ့တခြား အလုပ်သမားတွေဟာ စက်ရုပ်တွေနဲ့ တူတူလာပါတယ်။ သူတို့ဟာ တယောက်နဲ့တယောက် ဖေါ်ဖေါ်ရွေရွေ စကားမပြောကြဘူး။  အေးစက်နေတဲ့ ခေါက်ဆွဲတွေကိုလည်း  မငြီးမငြူသောက်ကြပါတယ်။

၁၉၇၉ရဲ့ နေ့တနေ့မှာတော့ ကင်မ်တို့အိမ်ရှေ့ကို အနက်ရောင်ကားတစီးဆိုက်လာပြီး ဓါတ်ပုံထဲက မိန်းကလေးကို ရှာပါတယ်။   ကင်မ်က သူမပါပဲလို့ ပြန်ဖြေရင်းတွေးနေမိတယ်။  နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဘာကြောင့် တွေ့ချင်ကြရပါလိမ့်  လို့ပေါ့။ အဖြေကို မကြာခင်ပဲ သိခဲ့ရပါတယ်။ ရက်အနည်းငယ်အတွင်းမှာ သူမကို သတင်းပြန်ကြားရေးဝန်ကြီး ဌာနရဲ့ အရာရှိတယောက်က ဟိုချီမင်းစီတီး ကို ဖိတ်ခေါ်ခဲ့ပါတယ်။   ဓါတ်ပုံထဲက မိန်းကလေးကို သတင်းဂျာနယ်များက အင်တာဗျူးကြဖို့ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကင်မ်ဟာ ပြန်ကြားရေးဌာနရဲ့ အသုံးချခံတယောက် ဖြစ်သွားခဲ့ပါတော့ တယ်။  အရာရှိများက  ဒါကိုပြောပါ၊ ဟိုဟာကို ပြောပါ စသဖြင့် သင်ကြားပေးကြသလို တခါတလေ  လက်ရှိအစိုးရအောက်က စီးပွားရေးအကြပ်အတည်းတွေကို ထင်ဟပ်တာမျိုးပြောမိရင်လည်း အဆူအပူခံရပါတယ်။ နောက်ပိုင်းမှာ ကင်မ်ဟာ ဘာကို ပြောရမယ်၊ ဘာကို မျိုသိပ်ထားရမယ် စသဖြင့် ခွဲခြားနားလည် သွားပါတော့တယ်။

သတင်းဌာနမှာ အလုပ်လုပ်နေရတဲ့အတွက် သူမဟာ ကျောင်းသင်ခန်းစာတွေ ပျက်ကွက်လာပါတယ်။  သင်ခန်းစာတွေကို ပြန်ကူးလို့ရပေမဲ့ လက်တွေ့စမ်းသပ်မှုတွေ၊ ဆေးရုံဆင်းရမဲ့ရက်တွေ ကတော့ အစားထိုးလို့မရနိုင်ပါဘူး။  သူမက ဆက်ပြီးအလုပ်လုပ်ဖို့ ငြင်းဆန်ပါတယ်။  မရပါဘူး။  “ကျမ ဆရာဝန်ဘဲ ဖြစ်ချင်ပါတယ်၊ စစ်ပွဲမှာ ခံစားရသူတွေ အများကြီးရှိပါတယ်၊ ဘာကြောင့် ကျွန်မကိုမှ ဒီလိုလုပ်စေချင်ရတာလဲ” လို့ မေးတဲ့အခါကျတော့  “မင်းရဲ့ သတင်းကိုမှ လူတွေက စိတ်ဝင်စားကြတယ်လေ” တဲ့။  နောက်ဆုံးတော့ သတင်းဌာနအရာရှိများရဲ့ တိုက်တွန်းမှုကြောင့် ကင်မ်ကို ကျောင်းအုပ်ကြီးက ကျောင်းဆက်တက်ခွင့် မပေးတော့ပါဘူး။ ကင်မ် ကြေကြေကွဲကွဲ ငိုခဲ့ရပါတယ်။  ကင်မ်ဟာ ကျောင်းတက်ခွင့်မရတော့ပေမဲ့ နိုင်ငံခြားသတင်းထောက်တွေ မှတ်တမ်းတင်ဗီဒီယိုရိုက်တိုင်း အငှားဂျူတီကုတ်နဲ့ ဆေးကျောင်းသူ သရုပ်ဆောင်ပေးရပါတယ်။  တခါကလည်း ပြန်ကြားရေးအရာရှိက သူမကို ကလေးတွေနဲ့ အမှတ်တရရိုက်ပေးမယ်ဆိုပြီး သတင်းတနေရာမှာ “စစ်ဘေးသင့်မိန်းကလေး ကင်မ်နဲ့ သူမရဲ့ သမီးငယ်” လို့ မှားယွင်းစွာ ခေါင်းစဉ်တပ်ခံခဲ့ရပါသေးတယ်။

------------------------------------

နောက်ဆုံးတော့ ကင်မ်ဟာ ပိတ်မိနေတဲ့ဘ၀ထဲက ထွက်ပေါက်တခုကို ရရှိခဲ့ပါတယ်။ ဒါကတော့ သူမ ငယ်စဉ်က လာရောက်တွေ့ဆုံသတင်းယူခဲ့ဖူးတဲ့ သတင်းထောက် ပယ်ရီကရက်ဇ်နဲ့ ပြန်လည် ဆုံတွေ့ခဲ့တာပါဘဲ။ ပယ်ရီနဲ့ပြန်လည်ဆုံတွေ့ချိန်မှာ ကင်မ်ဟာ အစာအိမ်ဝေဒနာနဲ့ အိပ်မပျော်တဲ့ ရောဂါတွေကို ကုသဖို့ လိုအပ်နေပါတယ်။  သူမကို ကူညီဖို့အတွက် ထုတ်ဝေသူတွေဆီက အကူအညီ တောင်းခံပါတယ်။   ပယ်ရီရဲ့ ဇနီးကလည်း အားတက်သရော ကူညီခဲ့ပါတယ်။ ပယ်ရီက သူမကို အနောက်ဂျာမနီမှာ ဆေးကုသ ပေးဖို့ရန် အတွက် ဗီယက်နမ်အစိုးရဆီမှာ စာတင်ပါတယ်။  တနှစ်ကျော်ကြာတဲ့အထိ အစိုးရက အကြောင်းမပြန်ခဲ့ပါဘူး။  နောက်ဆုံး ၁၉၈၄ နှစ်လည်မှာ ကင်မ် တယောက် ဂျာမနီမှာ သုံးပတ်ကြော ဆေးကုခွင့် ရခဲ့ပါတော့တယ်။ ဂျာမနီက ပြန်လာပြီးတဲ့နောက် ကံအားလျော်စွာ ၀န်ကြီးချူပ် ဖန်ဗန်ဒေါင်းနဲ့ တွေ့ဖို့ ဖိတ်ကြားခဲ့ပါတယ်။  ၀န်ကြီးချူပ်နဲ့တွေ့ချိန်မှာ ကင်မ်က သူမရဲ့ ပညာရေးကို ချူပ်ချယ်ခံရပုံနဲ့ ဆေးကျောင်းသူအယောင်ဆောင်ခဲ့ရပုံတွေကို ပြန်ပြောပြတဲ့အတွက် ၀န်ကြီးချူပ်ရဲ့ ထောက်ခံချက်နဲ့ (သူမရဲ့ ကျမ်းမာရေးအရ) အင်္ဂလိပ်စာအထူးပြု ဘွဲ့သင်တန်းတက်ခွင့်ရခဲ့ပါတယ်။ ကင်မ်ရဲ့ ပညာရေးအတွက် အမေရိကန်စကောလားရှစ်အချို့ ရောက်ခဲ့ပေမဲ့ လုံခြုံရေးအတွက်ဆိုကာ ပယ်ချခံခဲ့ရပါတယ်။  နောက်ပိုင်းမှာ အစိုးရအစီအစဉ်နဲ့ ကျူးဘားနိုင်ငံ ဟာဗားနားမှာ ဆေးပညာသင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ကြင်ဖက်လောင်း ဗီယက်နမ်လူမျိုး သူငယ်ချင်း တုန်န် ကို တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။

ဟာဗားနားတက္ကသိုလ်ရဲ့  မှာ Pharmacology သင်ကြားနေတဲ့ ကင်မ်အတွက် အခက်အခဲနှစ်ခုရှိပါတယ်။  တခုက စပိန်ဘာသာစကားဖြစ်ပြီး နောက်တခုက ဓါတုပစ္စည်းတွေနဲ့ တွေ့ထိလို့မရတဲ့ သူမရဲ့ အရေပြား ပြသနာပါ။  တနှစ်ခန့်ကြာတဲ့အခါမှာတော့ ဓါတ်မတည့်မှုတွေ ဆိုးဆိုးဝါးဝါးခံစားရပြီး သူမ စိတ်အားထက်သန်တဲ့ ဆေးပညာကို စွန့်လွှတ်လိုက်ရပါတယ်။  ၁၉၈၉မှာတော့ ကင်မ်ဟာ  အင်္ဂလိပ်ဘာသာ အထူးပြုနဲ့ ဟာဗားနားတက္ကသိုလ်မှာ ပညာကို ဆက်လက်သင်ကြားခဲ့ရပါတယ်။ ပညာသင် စဉ်တလျောက်လုံးမှာ ကင်မ်ဟာ ဟာဗားနားမှာရှိတဲ့ ဗီယက်နမ်သံရုံးက “ကြီးကြပ်သူ” တယောက်ရဲ့ အထူးကြီးကြပ်မှုအောက်မှာ မျက်စေ့ဒေါက်ထောက်ကြည့်တာကို ခံနေရပါတယ်။

မေမေ နု ရဲ့ ခေါက်ဆွဲဆိုင်ဟာ အဆုံးအရှုံးတွေ အများကြီး ကြုံနေရပါတယ်။  အရာရှိကြီးခရီးစဉ်အတွက် ခေါက်ဆွဲပွဲ အမြောက်အများမှာပြီးမှ လုံခြုံရေးအတွက်ဆိုပြီး လာမစားတော့တာ၊  အရာရှိကြီးခရီးစဉ်ကြောင့် ခေါက်ဆွဲဆိုင် ပိတ်ထားခိုင်းတဲ့နေ့ရက်တွေ၊  ခေါက်ဆွဲဆိုင်ရဲ့ မျက်နှာစာ နေရာအချို့ကို အသိမ်းခံရတာတွေ ဖြစ်ပါတယ်။  အပြင်းထန်ဆုံးထိုးနှက်ချက်ကတော့ တူမဖြစ်သူက သူမရဲ့ခင်ပွန်းအရှိန်အ၀ါနဲ့ ခေါက်ဆွဲဆိုင်ကို အကြွေးနဲ့သိမ်းတယ်လို့ ကြေငြာခဲ့တာပါပဲ။  မေမေနုက အဲဒီဆိုင်မှာ ချက်ပြုတ်သူအဖြစ် ပြန်ခန့်ထားခံရပါတယ်။  ဒုက္ခရောက်နေတဲ့ မိသားစုက ကင်မ်ကို အားကိုးတကြီး ဆက်သွယ်လာကြပါတယ်။  အလုပ် တခုခုလုပ်ပြီး ငွေပို့ပေးနိုင်မလား  တဲ့။ ငွေ -ငွေ -ငွေ။   ခြိုးခြိုးခြံခြံ ကျောင်းတက်နေရတဲ့ ကင်မ် တယောက် ငွေရှာဖို့ စဉ်းစားရင်း ခေါင်းခြောက်နေရပါတယ်။ သူမရဲ့ သံရုံးအထူးကြီးကြပ်သူကလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကင်မ်ဟာ အထိမ်းအချူပ်တွေအောက်မှာနေရတာကို ငြီးငွေ့လှပါပြီ။

သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း ပံ့ပိုးမှုနဲ့ ကင်မ်ဟာ တုန်န်ကို လက်ထပ်လိုက်ပါတယ်။  နောက်ပြီး ဆိုဗီယက်ကို ဟန်နီးမွန်းထွက်ဖို့ စီစဉ်ရင်း သူမရဲ့ လွတ်မြောက်မှုအတွက် စိတ်ကူးတွက်ချက်နေပါတယ်။  မော်စကိုသွားတဲ့လေယာဉ်က ကနေဒါမှာ တထောက်နားသည်လေ..။


 --------------------------------------

ကင်မ်ဟာ  ကနေဒါနိုင်ငံမှာ ခင်ပွန်း တုန်န်နဲ့အတူ နေထိုင်ရင်း သားကလေး သောမတ်စ် နဲ့ စတီဖင် ကိုမွေးဖွားခဲ့ပါတယ်။  ၁၉၉၇ အစောပိုင်းမှာ  သတင်းထောက်တယောက်က ကင်မ်ကို ရှာတွေ့ခဲ့ပြီး  Kim's Story: The Road from Vietnam ဆိုတဲ့ သတင်းဇာတ်လမ်းတိုကလေးတခု ထုတ်လုပ်ခဲ့ပြီးတဲ့နောက် လူသိများလာခဲ့ပါတယ်။ ကင်မ်ရဲ့ ကနေဒါမှာ ချို့ချို့တဲ့တဲ့ နေထိုင်နေရပုံကို စာနာတဲ့သူတွေက ငွေကြေးထောက်ပံ့ကြလို့ တိုက်ခန်းတွဲကနေ အွန်တေရီယိုမြို့မှာ သင့်တင့်တဲ့အိမ်ငယ်ကလေးတလုံးနဲ့ နေထိုင်လာနိုင်ခဲ့ပါတယ်။   အဲဒီနောက် ကင်မ်က အိမ်ရှင်မတယောက်အဖြစ်  နေထိုင်ခဲ့ပြီး အိမ်ပြင်ပမှာ UNESCO ရဲ့ Volunteer တယောက်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၇မှာ  UNESO ရဲ့ Goodwill Ambassador တယောက်အဖြစ်ထမ်းဆောင်ပြီး ငြိမ်းချမ်းရေးနှင့် နားလည်မှုတည်ဆောက်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ တချိန်တည်းမှာပင် ချီကာဂိုအခြေစိုက်  Kim Foundation ကိုထူထောင်ပြီး စစ်ပွဲဒုက္ခသည်ကလေးငယ် များကို ကူညီစောင့်ရှောက်ခဲ့ပါတယ်။  သူမက  Kim Foundation မှာ ဥက္ကဌဖြစ်ပြီး ဗီယက်နမ်စစ်ပြန် Ron Gibbs က အတူကကွဦးစီးဦးဆောင် ပြုခဲ့ပါတယ်။

ကင်မ်ရဲ့ သားငယ်ကလေးကို ပွေ့ပိုက်ထားတဲ့ ဓါတ်ပုံက မြင်သူတိုင်းကို ဖမ်းစားနိုင်ခဲ့ပါတယ်။  စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကြမ်းရှနေတဲ့ မိခင်ရဲ့ နောက်ကျောက အသားအရေနဲ့   နုနယ်ချောမွေ့တဲ့ သားငယ်ကလေးရဲ့ အသားအရေ၊ ဒီဆန့်ကျင်ဖက်အရာနှစ်ခုရဲ့ အားပြိုင်မှု။  အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ မျှော်လင့်ခြင်း၊ အေးချမ်းခြင်း ရသမျိုးစုံကို ဒီဓါတ်ပုံတစ်ပုံထဲက တပြိုင်နက်တည်း ပေးစွမ်းနိုင်ခဲ့တာမို့  ၁၉၉၆ခုနှစ် World Press Award ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ 

------------------------------

အမေရိကန်စစ်ပြန်များရဲ့နေ့တနေ့မှာ ကင်မ်ကို ဖိတ်ကြားပြီး စကားပြောစေခဲ့ပါတယ်။  ကင်မ်ရဲ့ ပြောကြားချက်ကတော့-
”သူငယ်ချင်းတို့၊  ရှင်တို့နဲ့အတူ ကျမ ဒီနေ့ရှိနေရတာကို သိပ်ပြီးဝမ်းသာမိပါတယ်။   အားလုံးသိကြတဲ့အတိုင်း ကျမကတော့ နာပမ်းမီးလောင်ဗုံးကနေ ဒဏ်ရာရပြီး ထွက်ပြေးခဲ့တဲ့ မိန်းကလေးပါဘဲ။  ကျမကိုယ်တိုင် သမိုင်းကို ပြောင်းလဲပစ်နိုင်စွမ်းမရှိတဲ့အတွက် ဒီစစ်ပွဲတွေရဲ့အကြောင်း အဓိက ပြောမနေချင်တော့ပါဘူး။  ကျမက ရှင်တို့ကို စစ်ပွဲရဲ့ အနိဌာရုံတွေကို သတိရပြီးတော့ တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေ ရပ်တန့်စေဖို့ကိုဘဲ လိုလားပါတယ်။  ကျမဟာ စစ်ပွဲကြောင့် ကိုယ်ရော စိတ်ပါ ထိခိုက်နာကျင်ခဲ့ရပါတယ်။  တခါတလေ ကျမ အသက်မရှင်နိုင်တော့ဘူးလို့တောင် တွေးမိပါတယ်။  ဒါပေမဲ့ ဘုရားသခင်က ကျမကို ယုံကြည်မှုခွန်အားနဲ့ မျှော်လင့်ချက်ကို ပေးအပ်ခဲ့ပါတယ်။  တကယ်လို့ ကျမသာ ဒီ မီးလောင်ဗုံးချခဲ့တဲ့ ပိုင်းလော့နဲ့ မျက်နှာချင်းဆိုင်ပြီး တွေ့ခဲ့မယ် ဆိုရင် .........”
အဲဒီအချိန်မှာ ပရိသတ်ထဲက ဘုန်းတော်ကြီး Plummer က  ”  ကင်မ်-  ငါဟာ အဲဒီလူပါဘဲ” လို့ သူ့ရှေ့က စာရွက်ပေါ်မှာ တုန်တုန်ရီရီ ချရေးလိုက်ပါတယ်။  Plummer ဟာ စစ်ပွဲပြီးကတည်းက စိတ်ဒဏ်ရာကြောင့် အိမ်ထောင်ပျက်၊ အရက်သမား လုံးလုံးဖြစ်ခဲ့ပြီး နောက်ဆုံး သာသနာရိပ်ကို ခိုလှုံခဲ့ပါတယ်။  သာသနာတော်ကြောင့် ညစဉ် အိမ်မက်ထဲက မိန်းကလေးကင်မ်ရဲ့ အော်ဟစ်သံ ချောက်အိမ်မက်တွေက လွတ်မြောက်စပြုလာပေမဲ့  နောင်တတရားက သူ့ကို ဖိစီးနေဆဲပါ။  နောက်ဆုံး ဒီမိန်းကလေးကို သူကိုယ်တိုင် တွေ့ပြီး တောင်းပန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  ကင်မ်က မိန့်ခွန်းဆက်ပြောပါတယ်။
”တကယ်လို့များ တွေ့ခဲ့ရင် ....... ကျမတို့ သမိုင်းကို မပြောင်းလဲနိုင်ခဲ့ဘူး။  ဒါပေမဲ့ လက်ရှိဘ၀မှာ ကောင်းတာတွေဘဲလုပ်ပြီး၊   နောင်အနာဂတ်မှာ ငြိမ်းချမ်းရေးအတွက် အတူတကွ ကြိုးစားကြရအောင်  လို့  ပြောချင်ပါတယ်”
ကင်မ်က သူမ မိန့်ခွန်းကို အဆုံးသတ်လိုက်ပြီး စစ်ပြန်ကြီးများကို ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။  နံရံမှာ ပန်းခွေ  ချကြပါတယ်။  ကင်မ်က ကျမျက်ရည်ကို သုတ်လိုက်သလို၊ ပရိသတ်အများအပြားကလည်း အတိတ်က ဗီယက်နမ်စစ်ပွဲကို ပြန်ပြောင်းသတိရရင်း လှိုက်လှဲစွာ ငိုကြွေးကြပါတယ်။

အခမ်းအနားပြီးလို့ အိမ်ကိုပြန်ခါနီးမှာတော့ တစုံတယောက်က သူ့နားကို တိုးတိုးလာပြောပါတယ်။ “ကင်မ်- မင်းတွေ့ချင်တဲ့လူက  .....  မင်းနောက်မှာပါ”  တဲ့။  သူမက တအံ့တသြလှည့်ကြည့်လိုက်တော့ နာကျင်နေတဲ့ ခံစားချက်မျက်နှာနဲ့ လူတဦးကို တွေ့လိုက်ရပါတယ်။  သူမက လက်တွေကို ဆန့်တန်းလိုက်ပါတယ်။  အဲဒီလူက သူမရဲ့ လက်တွေထဲကို တိုးဝင်လိုက်ပါတယ်။  ” စိတ်မကောင်းပါဘူး၊ စိတ်မကောင်းပါဘူး မိန်းကလေးရယ်”   လို့ ၀မ်းနည်းလှိုက်လှဲစွာ ပြောလိုက်တော့  ”  ရပါတယ်ရှင်”  လို့ သူမက တုန့်ပြန်လိုက်ပါတယ်၊  ” ကျမ ခွင့်လွှတ်ပါတယ်၊ တကယ့်ကို ခွင့်လွှတ်ပါတယ် ရှင်ရယ်” တဲ့။

------------------------------

ခေတ်တွေဘယ်လိုပြောင်းပါစေ၊ ဓါတ်ပုံထဲက မိန်းကလေးကတော့ ဘယ်တော့မှ အသက်ကြီးမလာတဲ့  ဗုံးဒဏ်ကြောင့် နာကျင်အော်ဟစ်နေတဲ့ မိန်းမငယ်ကလေးတယောက် ဖြစ်မြဲဖြစ်နေဦးမှာပါပဲ။  သူမရဲ့ အသံမဲ့အော်ဟစ်ငိုကြွေးနေပုံက  စစ်ပွဲရဲ့ အကျည်းတန်လှတဲ့ အပြစ်တွေကို ဖွင့်ဟနေသလိုပါပဲ။ ဆေးဂုံမြို့ရဲ့  Associated  Press မှာ နောက်ဆုံးအကြီးအကဲဖြစ်ခဲ့ဖူးသူ George Esper က " ဒီဓါတ်ပုံဟာ စစ်ပွဲတစ်ပွဲရဲ့ အနိဌာရုံကိုသာ ထင်ဟပ်နိုင်တာမဟုတ်ဘဲ စစ်ပွဲတိုင်းရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်ခဲ့တယ်  "  လို့ပြောခဲ့ပါတယ်။  တကယ်တော့ ဆရာကြီး ဒဂုန်တာရာရဲ့ ”စစ်မဲ့ကမ္ဘာ” ကဗျာထဲကလို ( စစ်အင်အားဟူ၊ အနုမြူဗုံး၊ လုံးဝဖယ်ရှား၊ ဖျက်ဆီးထား၍၊ ဓါးမှ ထယ်သွား  ပြောင်းရမည်) ဆိုတဲ့ ငြိမ်းချမ်းရေး ခေါ်သံကိုသာ ပဲ့တင်ကြားယောင်မိပါတယ်။  ငြိမ်းချမ်းရေးဆိုတာက တောင်ပေါ်မှာရော မြေပြန့်ရော၊ ထင်းရူးတော နဲ့ ရေခဲတောင်၊ မေပယ်ရွက်တွေ ကြွေရာမြေ၊  အရှေ့နဲ့အနောက် ဘယ်နေရာပဲဖြစ်ပါစေ၊ နေရာတိုင်းမှာ တင့်တယ်တဲ့  မွှေးပျံ့တဲ့ ပန်းနှင်းဆီတပွင့်ပဲမဟုတ်လား။

(Denise Chong  ရဲ့  The Girl in the Picture ကို book review အနေနဲ့ အကျဉ်းချူပ် မျှဝေပါတယ်။ စာအုပ်ကို ဒုတိယအကြိမ်မြောက်ပေးဖတ်တဲ့ မမK ကို ကျေးဇူးတင်ပါတယ်)

မိုးစက်ပွင့်