မြန်မာတွေ မျှဝေခြင်းနဲ့ မစိမ်းပါ။
“အားလုံးကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်”
”နောင်ဝေေ၀ဝေေ၀ဝေ.........”
”နောင်ဝေေ၀ဝေေ၀ဝေ.........”
ဘုရားရှိခိုးပြီးတိုင်း၊ အလှုဒါနပြုပြီးတိုင်း ၇ရက်သားသမီးကို ဝေသည် မျှသည်။ နတ်လူသာဓုခေါ်ဖို့ရာ ကုသိုလ်ပွားသည်။ အားရစရာကောင်းလှပါဘိတောင်း။
သို့သော် ..... သို့သော်....သို့သော်
ဈေးထဲမှာ ဟင်းရွက်တစည်းငါးဆယ်ဆိုရင် သုံးစည်းနှစ်ရာနှင့် ဆစ်ချင်သည်။ ဈေးဆစ်သူက ရွှေလက်ကောက်ပြူးပြူးနှင့်၊ ဈေးသည်ပုံပန်းက နွမ်းနွမ်းဖတ်ဖတ်။ မရှိဆင်းရဲသူကို အနည်းအကျဉ်း ပေးမြတ် လိုက်ပါတော့လား။ နောက်တခါ သူဌေးအိမ်တွေ ၀င်ထွက်သွားလာဖူးသည်။ တချို့ အလွန်စံနစ်ကျသည်လို့ ပြောရပါမည်။ ထမင်းခြောက်ကလေးတွေ နေပူလှန်း၊ ထမင်းရေထဲက ထမင်းလုံးကလေးတွေ စစ်ခံလို့။ ဒါကို ချွေတာရေးရှုဒေါင့်၊ သာလွန်မင်းတရားကြီး ရှုဒေါင့်ကနေ ချီးကျူးမိပါသည်။ သို့သော် သူများလာကန်တော့တဲ့ ငါးခြောက်ပြားကို မှိုတက်မှ လွှင့်ပစ်ကာ ဆီပုံးတွေကို ဆီချေးနံ့နံခါမှ သွန်ပစ်တာမျိုးကတော့ ဘ၀င်မကျချင်တော့။ ကိုယ့်အိမ်က ဒရိုင်ဘာ၊ ညစောင့်၊ အိမ်ဖေါ် တွေ အရှိသားပေပဲ။ ပေးကမ်းကျွေးမွေးလို့ ရပါလျက်နဲ့ အပုပ်ခံ အသိုးခံရလေသလား။
တခါက အလုပ်အတူလုပ်ပြီး တအိမ်တည်းနေတဲ့သူငယ်ချင်းမကလေးက ပြောဖူးသည်။ “လူတိုင်းဟာ မျှဝေတတ်တဲ့ စိတ်ကလေး မွေးသင့်တယ်” တဲ့။ သူပြောတာ ရိုးရိုးလေးပေမဲ့ ကျမစိတ်ထဲမှာ လင်းကနဲလက်ကနဲ၊ နောင်လည်း အမြဲ သတိရနေတော့သည်။ ကျမတို့ တကယ်ပဲ မျှဝေတတ်ရဲ့လား။
မျှဝေခြင်းလို့ဆိုရာမှာ ထင်ပေါ်ကျော်ကြားဖို့၊ ၀ါကြွားဖို့လှူတဲ့ “မာန” နဲ့ယှဉ်သော မျှဝေခြင်း၊ မလုပ်ရင်မဖြစ်လို့ ကိုယ့်ဘေးကိုယ်ကြောက်လို့ ပေးလိုက်ကမ်းလိုက်ရတဲ့ “ဘယာ” နဲ့ယှဉ်သော မျှဝေခြင်း၊ တခုရဖို့ တခုပေးဆပ်လိုက်တဲ့ “လောဘ” နှင့်ယှဉ်သော မျှဝေခြင်း၊ လက်ထဲက နှစ်ရာတန် အစုတ် မသုံးရမဲ့အတူတူ သူတောင်းစားခွက်ထဲ ပက်ကနဲပစ်ချလိုက်သော “မောဟ” နဲ့ယှဉ်တဲ့ မျှဝေခြင်းမျိုး .... စသည် စသည် အစုံရှိကြပေသည်။ ကျမ အလေးပြုပြောလိုသည်မှာ ကိုယ်ထက် ကံနည်းသူများအပေါ် တတ်စွမ်းသမျှ ကူညီလိုသော “ကရုဏာ” နှင့်ယှဉ်သည့် မျှဝေခြင်းမျိုး ကို ဖြစ်ပါသည်။ ဒါကိုပင် မြတ်သော မျှဝေခြင်း လို့ ဆိုပါရစေ။
မျှဝေတတ်သော အလေ့အထကလေးက အိမ်ကနေစသင့်ပါသည်။ Charity begins at home တဲ့။ မိခင်တွေ အထူးအရေးကြီးသည်ဟု ဆိုချင်ပါသည်။
“သားသား မုန့်ကို ညီလေးနဲ့ မျှစားနော်”
“သမီးက အရုပ်ကို သူငယ်ချင်းနဲ့ တူတူဆော့နော်”
ဒီလိုသာ ပြောပေးခဲ့ရင် ဖယောင်းသားလို နူးညံ့တဲ့ ကလေးရဲ့ စိတ်မှာ မျှဝေလိုခြင်းတွေ ပေါက်ဖွားလာနိုင်ပေသည်။
“ဒီအရုပ်ကို သေသေချာချာဆော့နော်၊ သူများလုပ်လို့ ပျက်သွားရင်တော့ အသိဘဲ”
“အိမ်ကထည့်ပေးတဲ့ မုန့်တွေ လျော့လှချည်လား၊ ကျောင်းမှာနင်ဘယ်သူ့ကိုကျွေးပစ်တာလဲ၊ မှန်မှန်ပြောစမ်း”
“ဒီကလေးသိပ်တော်တယ်၊ သူ့ပစ္စည်းကို လုံးလုံးအထိမခံဘူး၊ ကြီးပွားဦးမှာ”
ဒီလိုပြောမည်ဆိုပါက ကလေးကို အတ္တကြီးအောင် သွန်သင်ပေးနေသလိုသာ ဖြစ်တော့မည်။
ှဗီဇနှင့် ပါတ်ဝန်းကျင် နှစ်မျိုးလုံး အခြေခံကျပေမဲ့ သွန်သင်ဆုံးမမှုကလည်း တော်တော်အရေးပါတာကို ကျမတို့ အသိအမှတ်ပြုကြရပါမည်။
ဒီနေ့ခေတ် ရုပ်ဝတ္တုတွေ အလျှံပယ်ပေါလာတာနဲ့အမျှ လူတို့ရဲ့ လူသားဆန်တဲ့ မျှဝေတတ်တဲ့ စိတ်ကလေးတွေ ပိုလျော့သွားလေသလား လို့တောင်ထင်မိသည်။ မိုးလင်းမိုးချူပ် ငါ့အတွက်၊ ငါ့မိသားစုအတွက် ဆိုပြီး လှုပ်ရှားရုန်းကန် ငွေရှာနေကြသည်။ စားဖို့လောက်တော့ ၊ ကြွားဖို့ ရှာရသည်၊ နောက်ပြီး နောင်ရေးအတွက် စုဖို့လည်း ရှာရသည်။ ဘယ်တော့မှ မလုံလောက်နိုင်၊ ပိုလျံသည်လို့မရှိ။ ချမ်းသာလေ တွန့်တိုလေ ဖြစ်လာကြသည်။
တချို့ သူဌေးသူကြွယ်ကြီးများဆို မျှဝေဖို့ ဝေလာဝေး၊ ဆင်းရဲသားတွေရဲ့ ပိုင်ဆိုင်မှုသေးသေးတွေကိုပါ လက်ဝါးကြီးအုပ် အမြတ်ထုတ်ချင်လာကြသည်။ တကယ်တော့ သူတို့ သေတဲ့အခါ အရာအားလုံးကို စွန့်လွှတ်ထားပစ်ခဲ့ရမယ်ဆိုတာ မေ့နေလေသလား။ ကိုယ့်ပိုင်ဆိုင်မှုထဲကနေ တစိတ်တပိုင်းကို ကံမကောင်းအကြောင်းမလှသူတွေကို မျှဝေကူညီမယ်ဆိုရင် မင်္ဂလာရှိတဲ့လူတယောက် ဖြစ်လာမယ်ဆိုတာ မတွေးမိလေရော့သလား။ ကိုယ်ကိုယ်တိုင် သူတို့လိုမချမ်းသာဖူးလို့ သူတို့စိတ်ထဲကို ၀င်ရောက် ခံစားမကြည့်နိုင်ပါ။
သေချာတာတခုကတော့ .....
ဆေးဖိုးမရှိတဲ့လူတယောက်ကို ဆေးဖိုးအထောက်အပံ့လေးတွေ ပေးလိုက်ရတဲ့အခါ
ကျောင်းစရိတ်မရှိတဲ့ကလေးတယောက်အတွက် ကျောင်းစရိတ်လေးတွေ ကူညီလိုက်ရတဲ့အခါ
ချမ်းအေးနေတဲ့သူကို ကိုယ့်အနွေးထည်လေးတထည် မျှဝေပေးလိုက်ရတဲ့အခါ
သူတို့ရဲ့ ၀မ်းသာပီတိကလေးတွေ ကိုယ့်ရင်ကို ဘယ်လောက် ကူးစက်ပျော်ရွှင်ရတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်လို့ရနေပါတယ်။
မျှဝေခြင်း ဆိုတဲ့ ကမ္ဘာလောကကြီးရဲ့အလှပါ။
လူသားဆန်တဲ့ အပြုအမူတစ်ခုပါ။
ရိုးရှင်းတဲ့ အနုပညာတရပ်ပါ။
မျှဝေကြရအောင်နော် ......
မိုးစက်ပွင့်
တို့တော့လေ ကိုယ့်ပစ္စည်းလေးတွေဆို မမျှဝေတတ်ဘူး
ReplyDeleteလိုချင်ရင် အသစ်သာဝယ်ပေးလိုက်မယ် ကိုယ်သုံးနေတဲ့ဟာတော့ မျှမသုံးတတ်ဘူး ခက်တယ် အဲဒီအကျင့် ငယ်ကတည်းကပဲ ဆိုးတယ် :P
စူးနွယ်လေး
ကိုယ်တန်ဖိုးအထားဆုံးပစ္စည်းလေးတွေကို မမျှချင်တတ်တာ လူ့သဘာဝပါဘဲ စူးနွယ်ရေ..... တို့ရည်ရွယ်ချက်က ကိုယ့်မှာ ပိုနေတဲ့အရာလေးတွေကို အသုံးလိုနေတဲ့သူတွေကို မျှပေးစေချင်တာပါ .... နောက်ပြီး ဘယ်ပုံစံနဲ့ပေးပေးပါ၊ အသစ်ဝယ်ပေးရင်လည်း ပိုကောင်းတာပေါ့ :-)
ReplyDeleteတို့ကိုယ်တိုင် တခါတရံ သတိလွတ်လွတ်သွားတတ်လို့ ဒီစာလေးကို သတိပေး နှိုးဆော်တဲ့အနေနဲ့ ရေးမိတာပါ.... ခုလည်း ပုတီးစိတ် သလို ရွတ်ကြည့်နေတာ (((((သူများကို မျှရမယ်..မျှရမယ် ))))) ဆိုပြီးတော့ လေ
(ခြွင်းချက်တော့ရှိတယ်...သိတယ်ဟုတ်)
ကျန်သွားလို့------- စူးနွယ်
ReplyDeleteပစ္စည်းလေးတွေ မမျှတတ်ပေမဲ့ ဟင်းကောင်းကောင်း၊ မုန့်ကောင်းကောင်းလေးတွေတော့ မျှကျွေးမယ်မဟုတ်လား ဟင်..ဟင်...ဟင် (မျှော်လင့်ချက်များစွာဖြင့်)
မျှဝေခြင်းဟာ ကောင်းပါတယ်။ ကျွန်တော့်ကိုတော့ ငယ်ငယ်လေးကတည်းက မျှစားနော်လို့ ဆုံးမခံဘူးတယ်။
ReplyDeleteမုန့်ကိုတော့ သိပ်ဝေစားနိုင်တာပေါ့..သိတယ်ဟုတ်..တူတူပဲလေ။
ReplyDeleteဒီမှာက စားမယ်ကျန်တိုင်း ၂ယောက်တည်းမို့ ချက်ရတာ အားမရှိဘူး။
ပိုတဲ့ပစ္စည်းတွေဒီတိုင်းသိမ်းမထားပဲမျှဝေတာ သိပ်ကောင်းပါတယ်။ အိမ်ကလူတွေကိုလည်းပြောရတယ်။ ပစ္စည်းတခုကို၂နှစ်၃နှစ်သိမ်းထားပြီး သုံးလည်းမသုံးဘူးဆိုရင်နောင်လည်းဘယ်တော့မှလိုလာမှာမဟုတ်တဲ့တူတူ ပေးပစ်ရောင်းပစ်လိုက်ပါလို့လေ။ ပစ္စည်းတိုင်းတော့မဟုတ်ဘူးပေါ့။ အိမ်မှာတို့ရောက်လာပြီး အိမ်ရှင်းလင်းရေး လုပ်တော့မယ်ဆိုရင် ကြောက်ကြတယ်။ ပစ္စည်းတွေ ပေးပစ်လို့လေ:D
စူးနွယ်လေး
မှန်ပါတယ် ၊ မျှဝေတယ် ဆိုတာ တကယ်ကို အနုပညာ တစ်ရပ်ပါပဲ။
ReplyDeleteသေချာ မှန်မှန်ကန်ကန် ကျင့်သုံးဖို့လည်း လိုအပ်ပါသေးတယ်။
တချို့ ကြတော့မျှချင်တဲ့နေရာမျှ ( မိမိအတွက်ပြန်အကျိုးရှိမဲ့နေရာတွေမှာ)
ReplyDeleteမမျှချင်တဲ့နေရာကြတော့ တပြားကို၂ပြားခွာ.....
လူးတွေအမျိုးမျိုးပါပဲ။