Thursday 9 May 2013

ဟားခါး၊ စတော်ဘယ်ရီ နှင့် အမှတ်တရများ

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့ကို ရောက်ခဲ့တာ ဒီတကြိမ်နဲ့ပါဆိုရင် ပဉ္စမမြောက်ပါ ....။  ဒီမြို့ကလေးကို ဘယ်နှစ်ခါဘဲရောက်ရောက် ဆန်းသစ်တဲ့ ပျော်ရွှင်တဲ့ ခံစားမှုတွေ  ကျမကို ပေးစွမ်းနိုင်ဆဲပါဘဲ။ 

 မြေပြန့်မှာ နွေနေပူပူကို အလူးအလိမ့်ခံစားနေရချိန်မှာ ဟားခါးရဲ့  နေ့လည်အပူချိန်က ၂၅-၂၈ စင်တီဂရိတ်လောက်ရှိတာမို့ ကျမတို့အတွက် အလွန်နေလို့ကောင်းတဲ့ အနေအထားပါ။ ၁၅-၁၈ စင်တီဂရိတ် လောက်ရှိမဲ့ ညအပူချိန်ကလည်း  ဂွမ်းကပ်ထူထူတထည်နဲ့ကွေးလိုက်ရင် သိပ်ကိုအဆင်ပြေပါတယ်။  တောင်ပေါ်လေ သန့်သန့်အေးအေးကို အဆုတ်ထဲအထိ တ၀ကြီး ရှူရှိုက်သွင်းလိုက်တဲ့အခါ ကျမတို့ ရင်ဘတ်တွေ သန့်ရှင်းလတ်ဆတ် ပေါ့ပါးသွားတယ်လို့ ထင်ရပါတယ်..။

  မြူတွေတိမ်တွေ၊   တောင်တန်းတွေရဲ့ ကြားက လှပတဲ့ ဟားခါးမြို့အ၀င် မြင်ကွင်းပါ ...။




ဟားခါးမြို့လည် နာရီစင်နဲ့ ဈေးတ၀ိုက်က မြင်ကွင်းပါ ....။

 
 ခြံထွက်သီးနှံလေးတွေ ကျောပိုးသယ်ပြီး လာရောင်းတဲ့ တောဈေးသည်ကလေးကို လျှပ်တပျက် မှတ်တမ်းတင်လိုက်ပါတယ်။  အပြန်မှာတော့ သူ့ခြင်းတောင်းထဲမှာ ဟားခါးဈေးက ၀ယ်တဲ့ ဟင်းချက်စရာနဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ပြန်ပါသွားမှာ သေချာပါတယ်။

ညနေစောင်းတော့ မြို့ပါတ်လည် အလည်ထွက်ဖြစ်ပါတယ်။ တောင်ကုန်းပေါ်က ထင်းရူးပင်ကလေးကလည်း အသီးတွေရင့်မှည့်လို့၊ မျိုးဆက်တာဝန် ထမ်းဆောင်ဖို့ အသင့် ဖြစ်နေပါတယ်။ 

ညစာစားဖို့  အလည်ဖိတ်ထားတဲ့ ညီမငယ်တွေရဲ့အိမ်မှာ လှပတဲ့ ပန်းရောင်စုံတွေ ဖူးပွင့်နေပါတယ်။  ပန်းပွင့်ကလေးတွေရဲ့ အရောင်အသွေးကလည်း တောင်ပေါ်သူတွေရဲ့ ပါးမို့မို့နဲ့အပြိုင် ရွှန်းစိုနေပါတယ်။  မြေပြန့်ပန်းတွေထက်လှတဲ့ နှင်းဆီခိုင်တွေကို  အမှတ်တရ ရိုက်ဖြစ်ခဲ့ပြန်တာပေါ့။

သူတို့နေတဲ့အိမ်ကလေးက တောင်ကုန်းမြင့်မြင့်ပေါ်မှာမို့ ညနေစောင်း ဟားခါးမြို့ရဲ့ ရှုခင်းအလှကိုလည်း ခံစားခဲ့ရပါသေးတယ်။


နောက်ရက်တွေကတော့ ပျော်ရွှင်စရာ သင်တန်းနေ့များ ဖြစ်ပါတယ်။  အားလုံးတက်ကြွနေကြတာမို့ မောရမှန်းတောင် မသိနိုင်ခဲ့ပါဘူး။  ညနေသင်တန်းဆင်းတာနဲ့ ဈေးထဲက ဆိုင်တကာပတ်ပြီး ချင်းလုံချည်၊ ဆံထိုး၊ နဲ့ တခြားအမှတ်တရတော့ ၀ယ်လို့ မဆုံးဘူးဖြစ်နေတော့တာပေါ့။ 

နောက်ဆုံးနေ့မှာတော့ ဟားခါးနဲ့ ဆယ်မိုင်လောက်အကွာမှာရှိတဲ့ လောက်လုံဆိုတဲ့ရွာကလေးကို သွားခဲ့ပါတယ်။  တိုက်တိုက်ဆိုင်ဆိုင် ရွာထဲမှာ လူစုလူဝေးတဲ့ အိုးတွေခွက်တွေနဲ့ ချက်ပြုတ်နေကြတာတွေ့လို့ မေးကြည့်တော့ မင်္ဂလာဆောင် ရှိလို့ပါတဲ့။ ဒါပေမဲ့ သတို့သားနဲ့ သတို့သမီးကတော့ ဒီမှာမရှိပါဘူးတဲ့။  သူတို့နှစ်ယောက်က  မလေးရှားမှာဆုံပြီး လက်ထပ်ကြတာမို့ ဆွေမျိုးတွေချည်းပဲ အသိအမှတ်ပြုပြီး မိတ်ဆုံစားကြ ပျော်ကြတာပါ တဲ့လေ ....။

အိမ်တိုင်းမှာ ထင်းတွေ အပြည့် သိုလှောင်ထားကြတာတွေ့ရပါတယ်။ တချှို့ကတော့ အိမ်အောက်မှာ၊ တတ်နိုင်သူတွေက သီးသန့် ထင်းရုံဆောက်လို့။  အလွန်တဲ့ဒေသဖြစ်ပြီး လျပ်စစ်မီးလည်းမရှိတာမို့ ထင်းမီးကိုပိုပြီး အားကိုးကြရပုံပါပဲ။  တနှစ်တနှစ်ကို တအိမ် ထင်းတစ်တန်ကနေ တစ်တန်ခွဲလောက် ကုန်ပါသတဲ့။  ချင်းပြည်နယ်မှာ ရှိရှိသမျှ အိမ်ခြေနဲ့ မြှောက်ပြီး  ကုန်သွားမဲ့သစ်တောတွေကို တွက်ကြည့်မိနေတယ်။  အင်း - ဟိုဝတ္တုထဲကလို ညည်းရရင်ဖြင့်  ( ကျွန်တော်ကကော ဘာများတတ်နိုင်ပါမည်နည်း)  ပေါ့နော်။

အပူအပင်ကင်းမဲ့တဲ့ ကလေးလေးတွေကတော့ အတူကစားရင်း ဖြူဖြူစင်စင် ပျော်ရွှင်နေကြလေရဲ့..။ သွားလာရင်း တွေ့ခဲ့ကြုံခဲ့ရတဲ့  မိခင်တယောက်ကိုလည်း အမှတ်တရ ရိုက်ဖြစ်ခဲ့တယ်။ 

 

တောင်ပေါ်မှာ အေးအေးလူလူ အနားယူနေတဲ့ ချင်းခွေး။  နောက်ပြီး လမ်းမှာတွေ့ခဲ့တဲ့ နွားနောက်နဲ့ လဒငှက်။


 
 
အပြန်မှာတော့ မနက်စောစောမို့ နေမင်းက တိမ်အထပ်အထပ်ကြားက မ၀ံ့မရဲ ထွက်ပြူဆဲပါ။
 
ဟားခါးနဲ့  (၇) မိုင်အကွာက ရွာကလေးမှာ စတော်ဘယ်ရီသီးတွေ ၀ယ်ခဲ့ပါတယ်။  ညီမငယ်များ ကြိုတင်စီစဉ်ထားတဲ့ စတော်ဘယ်ရီခြင်းနှစ်ခြင်းက ကျွန်မတို့ကို အသင့် စောင့်ကြိုနေပါတယ်။  ဓါတုဗေဒဆေးဝါး ကင်းလွတ်တဲ့ စတော်ဘယ်ရီချိုချိုတွေမို့ ချက်ခြင်းပဲ ရေဆေးပြီး အားရပါးရစားကြပါတယ်။  အသီးရောင် ဖျော့တော့ပေမဲ့ အရသာက လေးနက်ချိုမွှေးလှပါတယ်။  ကျန်တဲ့အသီးတွေကိုလည်း မထိခိုက်အောင် တယုတယသယ်လာပြီး အိမ်ကိုရောက်တဲ့အခါ ဒိန်ချဉ်နဲ့ရောပြီး လက်ဖျော်အနေနဲ့တနည်း၊ သကြားရည်ကျိုပြီး စတော်ဘယ်ရီယိုထိုးလို့တဖုံ အရသာရှိရှိ စားသုံးခဲ့ရပါတယ်လို့ သတင်းမျှဝေလိုက်ချင်ပါတယ်။





ဒီတခေါက် ချယ်ရီတွေမဝေပေမဲ့  စတော်ဘယ်ရီတွေနဲ့ အမှတ်တရ ဖြစ်ခဲ့ရပါတယ် လှတဲ့ချင်းမြေရယ် ....။

ချစ်ခင်စွာဖြင့် -

မိုးစက်ပွင့်