Monday 27 July 2009

အချစ်ဖတ်စာများ



ရင်ခုန်တတ်စ 
ပထမဆုံးအချစ်ဖတ်စာ
မပီပြင် မှုန်ဝါးဝါး
မင်နီတွေတားထားလို့။

ဒုတိယ အချစ်ဖတ်စာ
ပုစ္တာတပုဒ်လိုထူးဆန်းတဲ့ ဘာသာစကား
!@#$%^^&*#  များ

ဟူး…ဘယ်လိုမှ
ကိုယ်ဖတ်လို့မရပါလား ကွာ။

ဖတ်ကနဲဖွင့်မိခဲ့
တတိယ အချစ်ဖတ်စာ
အခန်း(၁) စာမျက်နှာ(၁)မှာတင်ဘဲ
” The End ”-”ပြီးပါပြီ”တဲ့။

ဒီလိုနဲ့ ကိုယ်ဟာ
စာမျက်နှာ …မာတိကာ..ပေါင်းများစွာ
အခုအချိန်အထိ
လှန်လျောဖွေရှာဆဲ

….
ဒါပေမဲ့
ဘယ်မှာလဲ
ကိုယ့်အတွက် 
ပြည့်စုံတဲ့
အချစ်ကဗျာ???

မိုးစက်ပွင့်

My Photos (2) အညာမြေအလှ

မြန်မာ့ရှုခင်း ခေါင်းစဉ်နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတစ်ချို့တင်ပြီးပါပြီ။ အခု ထပ်တင်ချင်ပါတယ်။ သူ့ရဲ့ Theme က ”အညာမြေအလှ” ပါတဲ့။

မမဆှူဖီမေ

Palm Trees
Palm Trees
Pagoda at midst of Sand Stream
Pagoda at midst of Sand Stream
A Stream
A Stream
A green farm at river bed
A green farm at river bed
Daily Livelihood
Daily Livelihood
Palm trees at sunset
Palm trees at sunset
Cloud and bare hills
Cloud and bare hills
bad soil type
bad soil type

Saturday 25 July 2009

နေနော်ရဲ့ သင်နှင့်တကွ

စာအုပ်အမည် သင်နှင့်တကွ အပေါင်းအသင်းများသိသာရန်
စာရေးဆရာ နေနော်
ထုတ်ဝေချိန် ၂၀၀၉ခုနှစ် ဧပြီလ

စာမျက်နှာ ၁၂၀သာရှိတဲ့ ဒီစာအုပ်လေးက ဆရာနေနော်ရဲ့ အသက်၄၀ပြည့်မွေးနေ့အတွက် အမှတ်တရထုတ်ဝေတဲ့ ၀တ္တုတိုစုစည်းမှုပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (တော်တော်ကြီးမား တဲ့အကြောင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်) အသက်၄၂နှစ်ပြည့်မှ ထွက်လာရပါတယ်တဲ့။ မဂ္ခဇင်း ၀တ္တုတို ၁၃ပုဒ် စုစည်းမှူပါ။ နေနော်ဆိုတာ အချိန်ယူပြီး quality စာများကိုသာရေးသားလေ့ရှိတဲ့ စာရေးဆရာပါ။ ”အက်စစ်ချို” တို့ အတွင်းကြေ”တို့ဆိုရင် ရင်မှာအလွန် ထိရှခံစားရပါတယ်။ ဆရာ့ဝတ္တုအများစုကို ဗီဒီယိုရိုက်ကြတယ်လို့သိရပါတယ်။ အခုဖတ်လိုက်ရတဲ့ သူ့လက်ရွေးစင်ဝတ္တုတိုစုစည်းမှူ တွေထဲက မှတ်မှတ်ရရလေးတွေကို မှတ်တမ်းတို့ထားချင်ပါတယ်။
933560444_64c8d85f3c_m(((သင်နှင့်တကွ အပေါင်းအသင်းများသိသာရန်))) ဆိုတဲ့ ၀တ္တုလေးနဲ့ဖွင့်ထားပါတယ်။ မိုးနဲ့မြေလို ရည်ရွယ်ချက် ချင်း ကွာခြားပြီး၊ သုံးနဲ့လေးလို ခံယူချက် လုံးဝမတူညီတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အကြောင်းပါ။ ဇာတ်ကြောင်းပြောသူ အမျိုးသားက သူနဲ့တစ်ချိန်က နီးနီးစပ်စပ်ရှိခဲ့တဲ့ အဲဒီအမျိုးသမီးကို ထက်မြက်ပြီး ပညာတတ်လွန်းတဲ့သူ၊ ရည်ရွယ်ချက်ကြီးလွန်းတဲ့သူ၊ ပညာနဲ့အရာရာကို တိုင်းတာတတ်သူ၊ လူမှုဘ၀မှာတော့ လက်တွေ့ကျကျမစွန့်စားရဲဘဲ တစ်ကိုယ်တည်း နေဖို့ရွေးချယ်ခဲ့သူအဖြစ် ရှုမြင်သုံးသပ်ထားပါတယ်။ ခြောက်နှစ်လောက်အကြာ ပြန်တွေ့ချိန်နဲ့ဇာတ်လမ်းကိုဖွင့်ထားပြီး အဲဒီအချိန် မှာတောင် သူမဟာ မရင့်ကျက်သေးဘဲ သူလက်ထပ်ထားတဲ့မိန်းကလေးအပေါ် မနာလိုစိတ်တော့ ရှိနေသေးတယ်လို့ဆိုပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်က ဘယ်တုန်းကမှ ချစ်သူတွေမဖြစ်ခဲ့ကြပါဘူး။ (((သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစား လှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှ အပိုင်ဝယ်သိမ်းချင်စရာကောင်းလောက်အောင် မဆွဲဆောင်နိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်နဲ့တူတယ်………. ဒီလိုစာအုပ်မျိုးဟာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီး တင်ထားရမယ့်စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား။))))) လိုအပ်တာထက် ပညာကိုရှေ့တန်းတင်လွန်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူမကို နောက်ထပ်ပေးတဲ့ဥပမာတစ်ခုက တန်ဖိုးကြီးကားတစ်စင်းပါ။ ((( ကျွန်တော့်အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ ကာဒီလက် တံခါးခြောက်ပေါက်ကားကြီးတွေလိုပဲ…….. အပိုဆာဒါးတွေနဲ့ မလိုအပ်ဘဲ လေးလံနေတယ်လို့ထင်တာပဲ၊ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ရမယ်၊ သက်တောင့်သက်သာ မောင်းနှင်လို့ရမယ် ဆိုတော်ပြီပေါ့၊ ဘာလို့အကျယ်ချဲ့နေမှာလ)))) လို့ သူက ပြောပါတယ်။ နောက်ဆုံးရိုက်ချက်က ပိုပြင်းပါတယ် ((( ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစုတစ်စုကို ဦးဆောင်မယ့်သူဟာ အပျိုကြီး လူပျိုကြီးများဖြစ်လို့ကတော့ အဲဒီမိသားစုဟာ အပြည့်အ၀တိုးတက်မှူကို ဘယ်တော့မှ မရနိုင်ဘူး))) တဲ့။ အမျိုးသမီးက (((ကျွန်မမယုံဘူး ))) လို့ တုန့်ပြန်ပါတယ်။ ဇာတ်လိုက်ရဲ့အတွေးအခေါ်တွေကို ကျမကိုယ်တိုင်လဲ အပြည့်အ၀ လက်ခံနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခြုံကြည့်ရင် ဖတ်ကောင်းတဲ့ တွေးစရာဝတ္တုလေးပါ။
2825418679_407af827cd_mနောက်တစ်ပုဒ်က (((မိုးမိသွားတဲ့ အိမ်မက်))) ပါ။ စိတ်လှူပ်ရှားစရာနဲ့အစချီထားတဲ့ ပထမ၀တ္တုနဲ့ ဆန့်ကျင်စွာ ဒီဝတ္တုက စ စ ဖတ်ချင်း ပျင်းစရာနဲနဲကောင်းပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဘ၀အခြေအနေနဲ့ စိတ်ခံစားမှူ အကြောင်းတွေ သုံးမျက်နှာလောက် ခင်းကျင်းပြီးမှ သူဟာ မိုးရေချိုးလို့မရဘဲ မိုးရေအလာဂျီရှိသူတစ်ယောက်ဆိုတာကို စပြီးချပြလာပါတယ်။ အိမ်ဘေးက လူငယ်လေးက မိုးရေချိုးနိုင်အောင်လုပ်ဖို့ ကုထုံးတစ်ခုပေးပါတယ်။ အဲဒါကတော့ မိုးရေချိုးရင်း မိုးရေတွေကို ပါးစပ်ဟပြီးမျိုချပေးဖို့ပါ။ ဒါမှ မိုးရေနဲ့ကိုယ်ကထွက်တဲ့ တုန့်ပြန်မှု ပဋ္ဋိဇီဝ သဟဇာတဖြစ်ပြီး နောက်ထပ်အလာဂျီမဖြစ်တော့မှာ လို့ရှင်းပြပါသတဲ့။ (ကျမတောင် တကယ်လား ထင်သွားမိသေးတယ်) စာရေးဆရာက ကြိုးစားကြည့်ဖို့ဆုံးဖြတ်ပြီး မိုးရေထဲကို တွန့်ဆုတ်ဆုတ်နဲ့ထွက်လာခဲ့တယ်။ မိုးရေကို ချိုးလဲချိုး မြို လဲမြိုကြည့်ပါတယ်။ အဲဒီမှာတင် မိုးရေဟာ အလွန်ခါးတဲ့အကြောင်း၊ တစ်ဖြည်းဖြည်း တစ်ကိုယ်လုံးတုန်ယင်လာလို့ တံစက်မြိတ်အောက်ပြန်ပြေးဝင်တာတောင် ချက်ခြင်းအရုပ်ကြိုးပြတ်မေ့လဲသွားတဲ့အကြောင်း ရေးထားပါတယ်။ အဲဒီတော့မှ ကျွန်မ ဘတ်သီးလင်းသွားပါတယ်။ မိုးခါးရေမသောက်သူ ……ဲ …… သောက်ဖို့ကြိုးစား ပေမယ့် ဘယ်လိုမှမရပုံ …… စသဖြင့် စသဖြင့်။ ထိထိမိမိ ခံစားရတဲ့ ၀တ္တုတိုတစ်ပုဒ်ဖြစ်လို့ တော်တော်ကြိုက်ပါတယ်။
3161941863_3e4158e222_mနောက်တစ်ပုဒ် (((လက်နှိပ်စက်)))ကတော့ ကန်ထရိုက်တိုက်ကိုအသစ်ပြောင်းလာသူက ညနှစ်နာရီလောက်အထိ အပေါ်ထပ်က လူရဲ့ ခြေသံ၊ လက်နှိပ်စက်သံတွေကြောင့် မအိပ်နိုင်ပဲ သောကပွားနေရတာကို အစချီပြီး လူမှုရေးထောက်ထားလို့ သွားမပြောဖြစ်တာတွေ နောက်ဆုံး ကြာလာတော့ လက်နှိပ်စက်သံ တစ်ဂျောင်းဂျောင်းနဲ့အသားကျပြီး အိပ်နိုင်သွားတာတွေ ရေးထားပါတယ်။ အဲဒီလောက်ထိမထူးဆန်းသေးပါဘူး။ ထူးဆန်းတာက လက်နှိပ်စက်သံနဲ့ ခြေသံမကြားရတော့တဲ့ ညတွေမှာ သူ အိပ်မပျော်တော့တာပါ။ အလုပ်ခွင်မှာ ထစ်ငေါ့ပြီး ခေါင်းတွေ တစစ်စစ်ကိုက်နေတော့တယ်။ တိုက်ပိုင်ရှင်ကို မေးကြည့်တောမှ အဲဒီလူက စာတမ်းပြုစုဖို့ ၆လ ငှားပြီး အခုအခန်းကိုပြန်အပ်သွားကြောင်း သိရတော့တယ်။ သူဘာလုပ်တယ်ထင်ပါသလဲ။ အဲဒီအခန်းကိုဆက်ငှားပြီး အပေါစားလက်နှိပ်စက်တစ်လုံးဝယ်၊ နေစရာမရှိတဲ့ သူတောင်းစားအဖိုးကြီးတစ်ယောက်ကို အခန်းပေါ်ခေါ်တင်ပြီး ညတိုင်ကျရင် သူ့အတွက် လက်နှိပ်စက်သံ တစ်ဂျောင်းဂျောင်းရိုက်စေပါတယ်။ အစွဲအလမ်းဖြစ်တတ်တဲ့ လူ့သဘာဝကို ထိထိမိမိရေးထားတာပါ။
1144_5_25_2008(((ဂျိုကာ))) ဆိုတဲ့ ၀တ္တုကတော့ သိပ်သိသိပ်တတ်လွန်တဲ့ (အဲဒီလိုလဲ သူ့ကိုယ်သူထင်နေတဲ့) အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အကြောင်းပါ။ မိန်းမက ”ရှင်ဟာ ကျွန်မအတွက် ဂျိုကာကြီးပဲ” လို့ ခဏခဏပြောလေ့ရှိသတဲ့။ သူက ဈေးဝယ်၊အိမ်ရှင်း၊ ထမင်းချက်၊ အ၀တ်လျှော် အ၀တ်အစား အစုတ်အပြဲဖာတာ ခြံထဲကပန်းပင်ပြုစုတာ ကအစ ၀င်ပါ ၀င်လုပ်နေတာပါ။ ယုတ်စွအဆုံး ၀မ်းချူပ်လို့ ၀မ်းနှုတ်ဆေးစားရင်တောင် ဘယ်နှစ်လုံးစားရမလဲဆိုတာ သူ့မိန်းမကို အကြံပေးတတ်ပါတယ်။ အားရင်အားသလို စည်းကမ်းနဲ့နေဖို့ ထားဖို့ မိန်းမကို သြ၀ါဒတွေနင်းကန်ပေး၊ မိန်းမရဲ့ဧည့်သည်လာရင်တောင် အလိုက်ကန်းဆိုးမသိ ၀င်ထိုင်ဧည့်ခံတော့တာ။ အိမ်ထောင်သက် အနှစ်နှစ်ဆယ်ကျော်လာတော့ မိန်းမက ကလေးသုံးယောက်နဲ့အတူ နယ်က အဒေါ်တစ်ယောက်အိမ်သွားလိုက်တာ တော်တော်နဲ့ပြန်မလာတော့ဘူး။ ဘာလို့ပြန်မလာသေးတာလဲလို့ အဒေါ်ကို မေးကြည့်တော့ (((စိတ်ပြေလက်ပျောက်)))တဲ့။ ဇာတ်လိုက် ကိုတတ်ပကြီးကတော့ ဂျိုကာလို အသုံးတည့်တဲ့ သူလိုလူနဲ့နေရတာကို ဘာကြောင့်များ သူမိန်းမ မပျော်နိုင်တာလဲဆိုတာ တွေးလို့ကို မရပါဘူးတဲ့ -လေ။
(((လက်ယာဖက် အပေါ်အံသွား))) ဆိုတဲ့ ၀တ္တုလေးကတော့ အသက်ငယ်ငယ် မိန်းမလှလှ356279347_1d2e22cb61_mကိုယူထားပြီး အဆင်မပြေတိုင်း သွားကိုက်တယ်လို့ စိတ်ကထင်နေတဲ့ ဝေဒနာသည်တွေနဲ့ အဖြစ်ချင်း တစ်ထပ်တည်းတူတဲ့ သွားဆရာဝန် တစ်ဦးအကြောင်းပါ။ လူတွေက ကိုက်နေတဲ့ သွားတွေတစ်ချောင်းပြီး တစ်ချောင်း လာလာနုတ်ကြတယ်။ သွားဆရာဝန်ကိုယ်တိုင်လည်း သူ့ပါးစပ်ထဲမှာ နောက်ထပ်နုတ်စရာ သွားကုန်နေပြီ။ ဒါပေမဲ့ အရေးအကြီးဆုံးသွားတစ်ချောင်း (အိမ်ကမိန်းမ) ကိုတော့ ဘယ်တော့မှ မဖယ်ရှားဖြစ်ပါဘူးတဲ့။
နော2460701650_a55b45e0c8_mက်တစ်ပုဒ် (((လက်ထိဘော))) ကတော့ ယတြာအရမ်းယုံတဲ့ လူတစ်ယောက်နဲ့ ယတြာကို နောက်ထပ်မကြားချင်လောက်အောင် ခါးသည်းမုန်းတီးသွားရတဲ့ သူ့မိန်းမတို့ အကြောင်းပါ။ အဲဒီလူက ဘောလုံးဝါသနာကလည်းအရမ်းကြီးတော့ ဘောပွဲနိုင်ဖို့ရာ ဗေဒင်ဆရာပေးတဲ့ ယတြာပေါင်းစုံလုပ်ရာကနေ နောက်ဆုံးလုပ်ရမယ့် ယတြာက အပျိုလေးခေါင်းကပန်းကို သူမသိအောင်ယူရမယ် တဲ့။ အဲဒါနဲ့ ရွာထဲကပန်းကြိုက်တဲ့အပျိုလေး အိပ်ယာဝင်ပြီးခိုးလိုက်တာ (မည်ကဲ့သို့ဖြစ်သွားသည်မသိ) ရပ်ကျော်ရွာကျော် လူမိပြီး မိန်းမနောက်တစ်ယောက် ထပ်ယူလိုက်ရတဲ့အကြောင်းပါပဲ။
နောက်ထပ် ဒဿနပါတဲ့ ၀တ္တုတစ်ပုဒ်ကတော့ (((ဂမ္ဘီရဆပ်ကပ်))) ပါ။ ဆပ်ကပ်ထဲမှာ မိန်းမချောလေးတစ်ယောက်ကို ခေါင်းဖြတ်စက်နဲ့ဖြတ်ပြီးပြန်ဆက်ပြတဲ့ နောက်ဆုံးပြကွက်ကို လူတွေကြိုက်လွန်းလို့။ လူနှစ်ယောက်က အိပ်မပျော်နိုင်အောင် စဉ်းစားနေကြသတဲ့။ တစ်ယောက်က မိန်းကလေဟာ မတော်တဆ တကယ်ပြတ်ရင်ပြတ်သွားနိုင်တဲ့ ဒီခေါင်းဖြတ်စက်ကြီးထဲကို ဘယ်လိုသတ္တိမျိုးနဲ့လည်စင်းပေးပါလိမ့်လို့ပေါ့။ နောက်တစ်ယောက်ကတော့ ဆပ်ကပ်ဆရာဟာာ ဘယ်လိုသတ္တိမျိုးနဲ့ ခလုပ်ဆွဲရဲပါလိမ့် ဆိုပြီးတော့ပေါ့။ သူတို့နှစ်ယောက်လုံး ည2610718075_33f6655748_mကြီးအချိန်မတော် ခေါင်းဖြတ်စက်ဆီထသွားပြီး ကိုယ်တိုင်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ အမှောင်ထဲမှာဆိုတော့ တစ်ယောက်တစ်ယောက်လဲသဲသဲကွဲကွဲမမြင်ရပါဘူးတဲ့။ နောက်တော့ ….အီး ဆက်ပြောတော့ဘူး ကြောက်တယ်။ စိတ်ကူးယဉ်ဝတ္တူဆိုပေမယ့် ဆန့်တွေးရင် တွေးနိုင်သလောက် ဒဿနတွေထွက်လာမယ်ထင်ပါတယ်။
ဆယ့်သုံးပုဒ်လုံးမဟုတ်ဘဲ အကြိုက်ဆုံးတွေပဲ ရွေးပြောလိုက်ပါတယ်။ ကြုံရင်ဖတ်ကြည့်ပါအုံးနော့။ အကြိုက်ချင်းတူမတူ ဆွေးနွေးရအောင်။

မိုးစက်ပွင့်

Friday 24 July 2009

ပိုင်စိုးသူ

69365589_cee46152ee_m 








ညနက်နက်တွေထဲ
အိမ်မက်တံခါးလာခေါက်
အမြဲပဲနှောင့်ယှက်တတ်သူ။


စိတ်တေလေညနေခင်းထဲ
လေပွေကိုအဖေါ်ပြု
ရွက်ဝါကြွေလိုဝဲလာတတ်သူ။


လမိုက်ညတွေရဲ့သန်းခေါင်ယံထဲ
ခြေသံရှပ်ရှပ်
ပြူတင်းတံခါးတံခါးချပ်ကနေ
ဖျပ်ကနဲဝင် ပုံရိပ်ဆင်လေသူ။


မိုးစက်ပွင့်တစ်ဖျောက်ဖျောက်မှာ
ချစ်သူမင်းရဲ့ခေါ်သံများ
ကြားနေမိတာ ….. ကိုယ့်အသည်းနှလုံးနားတစ်စုံနဲ့။


နှင်းရည်စက်တဖွဲဖွဲအောက်မှာ
ချစ်သူမင်းရဲ့ရုပ်သွင်
မြင်နေမိတာ……ကိုယ့်စိတ်ဝိဥာဉ်မျက်ဝန်းနဲ့။


ဂိမာန်နွေရဲ့ လေရူးတစ်ခေါက်မှာ
ချစ်သူမင်းရဲ့အတွေ့အထိများ
ခံစားနားလည်မိနေတာ ……ကိုယ့်အတွေးအာရုံစိတ္တဇနဲ့။


ချစ်သူ သိစေချင်ရဲ့
ကိုယ့်အတွေး ကိုယ့်ဘဝ
ကိုယ့်ဝိဥာဉ် ကိုယ့်ကမ္ဘာ
အရာရာအားလုံး
မင်းကသာ ပိုင်စိုးလေသူ။ 


handမိုးစက်ပွင့်

Thursday 23 July 2009

အညာဘုရားဖူး

စာအုပ်အမည် – လိုက်ကြမလား အညာဘုရားဖူး
ရေးသူ - အံ့မောင်
စာအုပ်တိုက် - သီဟရတနာစာပေ
ထုတ်ဝေချိန် - ဇူလိုင် ၂၀၀၉



506392332_88449954e5_m 
စာရေးဆရာကြီး (ဦး)အံ့မောင်က မိုးဝေမဂ္ဂဇင်းမှာ အစ် နှင့် ခရစ်စတီနာ ပါဝင်သော အန်ဒါးဆင်းပုံပြင်များ ဆက်တိုက်ရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။ ခရီးသွားဆောင်းပါးတွေ စုပေါင်းထားတဲ့ ဒီစာအုပ်ကို သုတရသစာပေအမျိုးအစားလို့ ဆိုချင်ပါတယ်။
ဆရာဟာ ခေတ်မျိုးစုံကြုံခဲ့သူမို့ သမိုင်းအမြင် ဘ၀အမြင်စုံလှပါတယ်။ အညာဇာတိဖြစ်ပြီး အဖွဲ့အနွဲ့ အသုံးအနှုံး လှပကောင်းမွန်ပါတယ်။ စွဲငြိလောက်တဲ့ အသုံးအနှုံးလေးတွေကတော့ ”နွေမင်းသမီးထနောင်း” ” ဦးပိန်တံတားကင်းခြေများကြီး လမ်းလျှောက်တဲ့မြို့” ”ဇီဝနို့ချိုသစ်ပင်” ”ကြိုးကြီးချိတ်ရှုံးတဲ့လမ်း” ”သပြေရွက်ရောင်ချင်းတွင်းရေ” ”ဧရာဝတီမြဖန်သား” တို့ဖြစ်ပါတယ်။
စာအုပ်တဲမှာ မှတ်စရာတွေ တစ်လှေကြီးပါ။
ရှေးမြန်မာဘုရင်များခေတ်က နိုင်ငံကို တိုင်းကြီး (၁၀)တိုင်း ခွဲခဲ့ပါသတဲ့။
၁) လယ်ကိုင်း၊ ဖောင်းလင်း၊ ကလေး၊ သောင်သွပ် စတဲ့ ဧရာဝတီ အနောက်ဖက်အရပ်ဒေသတွေကို သုနာပရန္တတိုင်း၊
၂) ပုဂံ၊ပင်းယ၊အင်းဝ၊မန္တလေး စတဲ့ ဧရာဝတီအရှေ့ဖက်အရပ်တွေပါဝင်ရာကို တမ္မျဒီပတိုင်း၊
၃) သီပေါ၊ ညောင်ရွှေ၊မိုးနဲ စတဲ့ ကမ္ဘောဇတိုင်း၊
၎) ဗမ်၊ခွေးလုံ၊စန္ဒာ စတဲ့အရပ်တွေပါဝင်ရာ ဇိန်တိုင်း၊
၅) သရေခေတ္တရာ၊ ဥဒေတရစ်၊ ပန်းတောင်းစတဲ့အရပ်တွေပါဝင်ရာ သီရိခေတ္တရာရာမတိုင်း၊
၆) ကေတုမတီ၊ ဇယ၀တီ စတဲ့အရပ်တွေပါဝင်ရာ ရာမညတိုင်း၊
၇) ဟံသာဝတီ၊ဒဂုံ၊ဒလ၊ကုသိမ်၊ရောင်မြ (မြောင်းမြ)၊မုတ္တမ စတဲ့အရပ်တွေပါဝင်ရာ ရာမညတိုင်း၊
၈) ဇင်းမယ်၊ ကျိုင်းသည် စတဲ့အရပ်တွေပါဝင်ရာ ဟရီဘုဉ္စတိုင်း၊
၉) ကျိုင်းတုံ စတဲ့အရပ်တွေပါဝင်ရာ ခေမာဝရတိုင်း၊
၁၀) ကျိုင်းရုံး၊ မိုင်းစည် စတဲ့အရပ်တွေပါဝင်ရာ မဟာနဂရတိုင်း၊ တို့ဖြစ်ပါတယ်။
အာသံ နဲ့ မဏိပူရကိုပါအုပ်ချူပ်လာတဲ့ ကုန်းဘောင်ခေတ် အမရပူရမင်းနေပြည်ကတော့ မြန်မာပြည်ရဲ့အကျယ်ဆုံးနယ်ပယ်ကို အုပ်ချူပ်ရာမင်းနေပြည် လို့ဆိုပါတယ်။


အညာဒေသရဲ့ ဂုဏ်ဆောင် အထင်ကရတွေကိုလည်း မှတ်သားရပါတယ်။
က) ကမ္ဘာပေါ်မှာ ဆင်းတုတော်အများဆုံး မိုးညှင်းသမ္မုဒ္ဒေစေတီတော်။ ။ ”ရှစ်သောင်းလင်း မိုးညှင်းစေတီရံ”ဆိုတဲ့အတိုင်း စေတီရံ ၈၆၄ဆူ၊ ”မြရွှေငွေစိန်သီးဆောင်း ဘုရားပေါင်း”ဆိုတဲ့အတိုင်း စေတီတော်နံရံမှာ အဆင့်တွေခြားပြီးပူဇော်ထားတဲ့ ရုပ်ပွားတော်ပေါင်း ၅၈၂၃၆၃ဆူ ရှိပါသတဲ့။ ၁၉၃၉မှာ အုတ်မြစ်ချ၊ ၁၉၄၀မှာထီးတော်တင်ပြီး ၁၉၅၈မှာမှ လုံးဝပြီးစီးပါတယ်။ ပုံတော်တွေဖန်တီးစီမံသူက မိုးညှင်းဆရာတော်ဘုရားကြီး။ သရွတ်ဖျော်စပ်ပုံက (ထုံး ၂ပုံး၊ သဲ ၃ပုံး၊ အုတ်မှုန့်တစ်ပုံးနဲ့အကြမ်းဖျော်စပ်ပြီး ဥသျှစ် ၁ပုံး၊အုံတုံ ၅ပုံး၊ ကျွဲကော်ရည် ၆ ပုံး၊ တင်လဲ ၂ပုံးနဲ့ နှပ်ပါသတဲ့)။ ပန်းကနုတ်အနုတွေအတွက် လဲဝါတစ်ဆုပ်၊ ဆီတစ်မှူတ်ထပ်ထည့်ထောင်းပြီးစပ်ပါသတဲ့။ ပန်းရံဆရာကြီးလက်ခက တစ်ရက် တစ်ကျပ်နှုန်းနဲ့တည်တာတောင် သိန်း နှစ်ဆယ်ကုန်ပါသတဲ့ (ဒီနေ့ခေတ် ၅၀၀၀ ကျပ်နှုန်းလောက်နဲ့ မြှောက်ကြည့်ပါလေ)။ ငလျင်ဒဏ်တောင်ခံတယ်လို့ ဆိုပါတယ်။

ခ) မဟာဗောဓိတစ်ထောင်တော။ ။ မိုးညှင်းနဲ့လေးမိုင်လောက်အကွာ ကျောက်ကာတောင် ခေါ် ခံတက်ကန်တောင် ခေါ် နွယ်ခွေတောင်ရိုးပေါ်မှာ တီဘီဝေဒနာကနေ သေရွာပြန်ဆရာတော် အရှင်နာရဒ ၁၉၆၀ကနေ စ စိုက်ထားတဲ့ ဗောဓိပင် ၁၇၀၀ ကျော် (အခုဆို ၉၀၀၀နီးပါးရှိပြီထင်ပါရဲ့-မမဆူဇီမေ) နဲ့အတူ ၂၁၅တောင်ရှည် လျောင်းတော်မူစေတီတော်ကြီးနဲ့ ကမ္ဘာ့အမြင့်ဆုံး မတ်ရပ်ကိုယ်တော်ကြီးကို ဖူးနိုင်ပါတာ်။ မတ်ရပ်ကိုယ်တော်ကြီးက အထပ်၃၀နီးပါးရှိပြီး ကိုယ်တော်အတွင်းထဲမှာဝင်ပြီး လှေခါး သို့မဟုတ် ဓါတ်လှေခါးနဲ့ အထက်တက်နိုင်ပါတယ်။
ဂ) ဖိုဝင်းတောင်။ ။ မုံရွာအနောက်ဖက်၁၆မိုင်အကွာကတော့ ကျောက်သားကို ဘုရား၊ဂူ၊ပလ္လင်တွေ ပျားအုံလို မွမွကြဲနေအောင် ထွင်းထုတည်ဆောက်ထားတဲ့ နေရာပါတဲ့။ ပျူခေတ်လက်ရာတွေ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီတွေတောင်ရှိပါသတဲ့။ မျောက်တွေကလည်း အလွန်ပေါဆိုဘဲ။ အနီးတစ်ဝိုက်က ရွှေဘတောင် နဲ့ နောက်ထပ်လေးမိုင်အကွာက အင်ကြင်းတောင်မှာလည်း ဧရာမကျောက်သားလျောင်းတော်မူကြီးက အံ့မခန်းစရာပါတဲ့။
ဃ) အလောင်းတော်ကဿပ။ ။ မဟူတောင်နဲ့ ပုံတောင်ပုံညာအနီးက တောင်သုံးလုံး ဖိုခနောက်ဆိုင်နေရာမှာ ဘုရားရှင်ရဲ့ သာဝက အရှင်ကဿပမထေရ်ကြီး ရုပ်အလောင်းတော်ရှိရာဂူရှိတယ်လို့ ယုံကြည်ကြပါတယ်။ ကာကွယ်တော၊ ဂန္ဒကုဋ္ဋီတိုက် စိမ့်စမ်းရေ ရှိရာအရပ်လို့ဆိုပါတယ်။
ထင်ရှားကျော်စောတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ဇာတိမြေဖြစ်ပါသတဲ့။
- စစ်သူကြီး မဟာဗန္ဒုလ(ဘုတလင်မြို့နယ် ငပယင်းရွာ)
- မြ၀တီမင်းကြီးဦးစ (ဘုတလင်မြို့နယ် မောက်တက်ရွာ)
- စိန္တကျော်သူ ဦးသြ (ဘုတလင်မြို့နယ် ၀န့်တုံရွာ)
- သခင်ကိုယ်တော်မှိုင်း(ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- သံချိုဆရာဦးကျော်လှ (ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- တွင်းသင်းမင်းကြီး ဦးထွန်းညို(ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- (ဦး)သိန်းဖေမြင့် (ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- ရာဇောဝါဒ ကျမ်းပြု မုံရွေးဆရာတော်ဘုရားကြီး (မုံရွေး၊ကြေးမုံ)
- ဆရာစံ (ဒီပဲယင်းမြို့နယ်၊ သရက်ကန်ရွာ)
-ဆရာ မြသန်းတင့် (မကွေးတိုင်း၊ မြိုင်မြို့နယ်)
- အိုးဝေ ဦးညိုမြ ( ချောင်းဦးမြှိုနယ် အမြင့်ရွာ)
- မြို့ဝန်မင်းလက်ဝါးကြီး ( ချောင်းဦးမြှိုနယ် အမြင့်ရွာ)
- ဆရာတော် ဦးဝိစာရ ( ချောင်းဦးမြှိုနယ် အနိမ့်ရွာ)
- သခင်လေးမောင် ( ချောင်းဦးမြှိုနယ် အနိမ့်ရွာ)

စာရေးသူ ဆရာအံ့မောင်က ရောက်တဲ့နေရာတိုင်းမှာ သစ်ပင်တောတောင်တွေကို တစ်မြတ်တစ်နိုးကြည့်ခဲ့တာပါပဲ။ သစ်ပင်သစ်တော ပါးရှားသွားတဲ့နေရာတွေရောက်ရင် ၀မ်းနည်းစိတ်မကောင်းဟန်တွေ ရေးထားတာတွေ့ရပါတယ်။ ”စိမ်းမြဆံကေသာတို့ ပါးလျ၍ နီမြန်းသောဦးရေပြားတို့ ဟိုတစ်ကွက် ဒီတစ်ကွက်” ဆိုတာမျိုး သုံးနှုံးထားပါတယ်။ ဆရာ့ ကဗျာတိုကလေးတွေနဲ့ နိဂုံးချူပ်ပါရစေ။
ကျွန်း
ကိုင်းပင်တွေစိမ်းထောင်
မြငွေသောင်လှီးထားတဲ့ကျွန်း။
နှင်းဆီတစ်ပွင့် ဆင်
၁၈-နှစ်လုံမေခင်သို့
မြစ်ပြင်လွန်ဟိုဖက်ကမ်း
တက်လှမ်းလာဇာနည်ဖွားကို
မျှော်စားလို့လွမ်း။

နန်း
ကိုင်းတောစမ်း လွှမ်းတဲ့ကျွန်းပေါ်
သက်ကယ်တဲကလေးကနန်းတော်။

သောင်
သောင်ပြင်
ဆောင်းတစ်ခွင်တုန်းကတော့
စုရုံး မယ်ညို ဟင်္သာ
မည်းနေတာပဲ။
နွေပိုင်း
ဗျိုင်းတစ်ကောင်နှစ်ကောင်
ငေးယောင်ဖေါ်ကွဲ။

တဲ
ကြည့်မဆုံးတဲ့သောင်ပြင်ကျယ်ပေါ်
ကရော်ကမည်တဲလေးများ
မြစ်ပြင်နဲ့ကောင်းကင်ကြား
လွပ်လပ်ခြင်းရဲ့သား။

တောင်
ရှင်မတောင် နွားထိုးတောင်
ကောင်းကင်ကိုထောင်။
တောင်ပုလုတွေကိုယ့်အနား
ချိုင့်လျှိုကများ။


ကဗျာလေးတွေက တိုတိုရိုးရိုးစင်းစင်းကလေးတွေပါပဲ။ သဘာဝကိုချစ်တဲ့ စာရေးဆရာရဲ့ ရိုးသားတဲ့နှလုံးသားကို တိုးလျိုပေါက်မြင်ရတယ်လို့ဆိုချင်ပါတယ်။ အညာဟိုက္ကူလေးတွေပေါ့ :-)

မိုးစက်ပွင့်

Freedom Writers

အစားကောင်းလေးတွေစားရရင် ချစ်ခင်သူတွေကို သတိရတတ်သလို အခုမျှဝေချင်တာလေးကတော့ သံလွင်အိမ်မက် အင်တာနက်မဂ္ဂဇင်းက ညီညီ (သံလွင်)ရဲ့ ဆောင်းပါး ကောက်နုတ်ချက်လေးပါ။ စာရေးသူက သူပြန်ကြည့်ချင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ် မင်းသမီး Hilary Swank ပါဝင်တဲ့ ၂၀၀၇ခုနှစ် Humanitas ဆုဆွတ်ခူးခဲ့တဲ့ Freedom Writers ဇာတ်ကားကို တင်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းက ဒီလိုပါ ………
………. Erin Gruwell (Hilary Swank ) ဟာ Woodrow Wilson အထက်တန်းကျောင်းကို စာသင်ပြဖို့ ပထမဆုံး ရောက်လာခဲ့ပြီး အဲဒီအချိန်ဟာ အမေရိကရောက် အာဖရိကတိုက်သား၊ တောင်အမေရိကတိုက်သား၊ အာရှတိုက်သားစတဲ့ လူမျိုးစု ပေါင်းစုံကို စာသင်ခန်းတွေထဲ တပေါင်းတစည်းတည်း သင်ကြားတဲ့ အစီအစဉ်ကို စတင်နေချိန် ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ အစုအဖွဲ့တွေ ကွဲနေကြပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရန်စောင်နေကြတာပါ။ အဲဒီ ဒေသမှာလည်း ဒုစရိုက်မှုတွေ ထူထပ်နေပြီး စိတ်မထင်ရင် မထင်သလို ဂိုဏ်းအဖွဲ့လိုက် ရိုက်ကြတာတွေ ပစ်ခတ်တာတွေ ရှိနေတဲ့ ကာလပါ။ Erin စာသင်ရတဲ့ အတန်းဟာ လူငယ်ပြုပြင်ရေးသင်တန်းကျောင်းက ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေ၊ အိမ်ပြေးလေးတွေ စသဖြင့် လူပေလူတေလေးတွေချည်း ရှိတဲ့ အတန်းပါ။ ဟိုးမားရဲ့ Odessy ကို သင်ယူဖို့ထက် Snoop Dog သီချင်းတွေကိုသာ ခုံမင်ကြတဲ့ လူငယ်လေးတွေကို အင်္ဂလိပ်စာပြ ပေးရတဲ့ ဆရာမ တစ်ယောက် အနေနဲ့ အစ ပထမမှာ အတော်လေး အခက်ကြုံခဲ့ရပါတယ်။ သူမ စာသင်ရတဲ့ ပထမဆုံးနေ့မှာပဲ အတန်းထဲမှာ ကျောင်းသားအချင်းချင်း စကားများပြီး ခိုက်ရန်ဖြစ်ကြလို့ လုံခြုံရေးတွေ ရောက်လာပြီး ရှင်းပေးခဲ့ရတဲ့ စာသင်ခန်းမှာ သင်ရတဲ့ အတွေ့အကြုံဟာ တော်ရုံသူဆိုရင်တော့ စိတ်ပျက်လက်ပျက် ဖြစ်ပြီး လက်လျော့သွားမှာ အမှန်ပါပဲ။ ဒါပေမယ့် Erin ဟာ ဒီလူပေလူတေကလေးတွေကို စိတ်ဝင်စားအောင် သင်ပြပေးနိုင်မယ့် နည်းလမ်းကို ကြံဆနေခဲ့ပါတယ်။
ဆရာမ Erin ဟာအခက်အခဲအမျိုးမျိုးကြားက အောက်ပါတွေကိုဆောင်ရွက်ခဲ့ပါတယ်။
- ပုံမှန် သင်ခန်းစာတွေ အစား စာသင်ခုံတွေကို အတန်းဘေးကို ကပ်ခိုင်းပြီး အတန်းရဲ့ အလယ်မှာ စည်းတစ်ခု တားပြီး ဆရာမကမေးခွန်းလေးတွေမေးမေးသွားတိုင်း စည်းပေါ်မှာ ရပ်တဲ့သူရပ်၊ ဘေးကိုထွက်တဲ့သူကထွက် အကြိမ်ကြိမ်ဖြေဆိုမှူလုပ်ရတဲ့ ဂိမ်းတစ်ခုကိုဆော့ကစားစေပါတယ်။ ဂိမ်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သူတို့ တတွေမှာ လူမျိုးစုတွေ ကွဲနေကြပေမယ့် တူညီတာတွေ ရှိပါသေးသလား ဆိုတာ အတန်းထဲက ကျောင်းသားတွေ သတိပြုမိသွားတယ်။ ဒီလို မတူညီတာတွေထဲက တူညီမှုတွေကို ရှာဖွေနိုင်မှ ညီညွတ်ဖို့ အခွင့်အလမ်းရဲ့ လမ်းစကို ရှာဖွေနိုင်မယ်ဆိုတာ သူတို့တတွေ ခပ်ရေးရေး သဘောပေါက်သွားကြပါတယ်။
- နောက်တစ်ဆင့်အနေနဲ့ အားလုံးအတွက် ဗလာစာအုပ် တစ်အုပ်စီယူပေးပြီး ကိုယ့်ခံစားချက်ကိုနေ့စဉ်ရေးဖို့၊ ဆရာမကဖတ်မှာမဟုတ်ဘဲ ရေးမရေးသာ ကြည့်မှာဖြစ်ကြောင်း။ ဖတ်စေချင်တဲ့အခါ ဆရာမဘီရိုထဲမှာ လာထားရမဲ့ အကြောင်း ပြောပြ လုပ်ဆောင်စေခဲ့ပါတယ်။ (((ဒါဟာ ကျောင်းသားတွေရဲ့ self-awareness ကိုမြှင့်တင်ရင်း ဆရာမနဲ့ တပည့်ကြားက trust building ကိုတည်ဆောက်တာပဲဖြစ်ပါတယ်))) ကျောင်းသားတွေနဲ့ ဆရာမ Erin တို့ အကြားက ဆက်ဆံရေးဟာလည်း တနေ့တခြား တိုးတက်လာခဲ့တယ်။ ကျောင်းသားတွေက သူမကို ချစ်စနိုးနဲ့ Miss G လို့တောင် ခေါ်နေကြပြီလေ။ freedomwriters
- ပြီးတော့ Erin ဟာ ကျောင်းက ပြဌာန်းတဲ့ စာအုပ်တွေ အစား ကျောင်းသားတွေ စိတ်ပါဝင်စားမယ့် စာအုပ်လေးတွေကို သူ့လခထဲကနေ ၀ယ်ပေးရတယ်။ ဒီလို အမြဲလိုလို ၀ယ်ပေးနိုင်အောင် သူမဟာ အချိန်ပိုင်း အလုပ် ၂ ခုကို လုပ်ရရှာတယ်။ ဒီ့အတွက် လုပ်ဖေါ်ကိုင်ဖက် ဆရာဆရာမတွေရဲ့ ပြစ်တင် ဝေဖန်တာကိုခံရသလို ခင်ပွန်းသည်ရဲ့ ငြိုငြင်မှူကိုပါ ရရှိခဲ့ပါတယ်။
- နောက်တစ်ဆင့်ကတော့ ဂျူးတွေနဲ့ပါတ်သက်တဲ့ပြတိုက်ကို သူမဖခင်နဲ့အတူ ကျောင်းသားတွေကို စရိတ်ခံပြီး လိုက်လံပြသခဲ့တာပါပဲ။ နာဇီ အကျဉ်းစခန်းတွေက သေကံမရောက် သက်မပျောက်ဘဲ လွတ်မြောက်လာခဲ့တဲ့ ဂျူး လူမျိုး တချို့ကိုပါ ဖိတ်ပြီး ကျောင်းသားတွေနဲ့ အတူ ညစာ စားစေခဲ့တယ်။ အဲဒီ ညစာစားပွဲက အပြန်မှာ ကျောင်းသား တချို့ဟာ အိမ်မှာ ဖွက်ထားတဲ့ သေနတ်တွေကို စွန့်ပစ်လိုက်ကြသလို အိမ်ပြေးကောင်လေး တစ်ယောက်လည်း သူ့ရဲ့ နေအိမ်ကို ပြန်ပြီး အမေ့ကို တောင်းပန်ခဲ့တယ်။ Erin ရဲ့ ကြိုးပမ်းမှုတွေ တစတစ အကောင်အထည် ပေါ်လာပြီလာပြီလေ။
- နောက် စာသင်နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာတော့ Erin ဟာ အတန်းရှေ့က စားပွဲပေါ်မှာ ကျောင်းသားတွေကို လက်ဆောင်ပေးဖို့ စာအုပ်တွေ ထည့်ထားတဲ့ အိတ်လေးတွေရယ် ဖျော်ရည်ထည့်ထားတဲ့ ဖန်ခွက်တွေရယ် တင်ထားတယ်။ သူမက ကျောင်းသားတွေကို ရှင်းပြတယ်။ ဒါဟာ “Toast For Change” ပါတဲ့။ သူမက တဆက်တည်း ဒီ ဖျော်ရည်ခွက်တွေကို သောက်လိုက်ပြီးတာနဲ့ တပြိုင်နက် မလုပ်နိုင်ဘူး၊ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်ဟူသမျှဟာ ပျောက်ပျက်သွားပြီ။ နောက်ပြီး အရင်ကနဲ့ လုံးဝမတူတော့တဲ့ ဘ၀အသစ်ကို ဖန်တီးဖို့ အချိန်ရောက်ပြီလို့ ပြောလိုက်ပြီး ကျောင်းသူကျောင်းသားတွေကို တစ်ယောက်ချင်း ကိုယ်ပြုပြင်မယ့် အပြောင်းအလဲကို ပြောခိုင်းပြီးတာနဲ့ ဖျော်ရည်ကို သောက်ခိုင်းခဲ့တယ်။ ((( ဆရာမက psycho ကျွမ်းပုံရတယ်၊ auto-suggestion လုပ်ခိုင်းလိုက်တာလေ )))
- နောက်ထပ်ရိုက်ချက်တွေက ပိုပြင်းလာပါတယ်။ ကျောင်းသားတွေကို Diary of Anne Frank လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ ပေးလိုက်ပြီး ဂျူးလူမျိုးကလေးမလေး Anne Frank ကို အသက်မသေအောင်ဝှက်တားပေးခဲ့တဲ့ အမျိုးသမီးကြီး Mie Gies ကို စာရေးဖို့တိုက်တွန်းခဲ့တာပါပဲ။ ကျောင်းသားတွေက Mie Gies ကို သူတို့ကျောင်းကိုဖိတ်ချင်လို့ လိုအပ်တဲ့ ငွေကို အစားအသောက် ရောင်းတဲ့ပွဲတွေ၊ သီဆိုကခုန်ပွဲတွေ လုပ်ပြီး ရံပုံငွေ ရှာကြမယ်လို့ အကြံဥာဏ်ကောင်းတွေ ပေးကြတယ်။
- နောက်ဆုံး အသက်၇၀ကျော် အမျိုးသမီးကြီး Mie Gies က သူတို့ရဲ့ ကျောင်းရှိရာကို တကယ်ပဲ ရောက်လာပြီး သူတို့တတွေကို ဟောပြောနေခဲ့တယ်။
-ကျောင်းသားလေးတွေဟာ တချိန်က လူဆိုးလူပေလေးတွေ ဘ၀ကနေ အခုဆို တက်တက်ကြွကြွနဲ့ ဖြစ်ချင်တာတွေကို ဖြစ်အောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့ လူငယ်လေးတွေ အဖြစ် အသွင် ပြောင်းလဲလာခဲ့ကြပြီလေ။တချိန်တည်းမှာပဲ ကျောင်းသားတွေ အမြဲလိုလို ကိုယ်စီ ရေးခဲ့တဲ့ စာအုပ်ထဲက ဇာတ်လမ်းတွေ၊ အဖြစ်အပျက်တွေ၊ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေကို စာအုပ် အဖြစ် ထုတ်ဝေဖို့ အတွက် ကျောင်းသူကျောင်းသား အားလုံး တက်ကြွစွာ ဆောင်ရွက်ခဲ့တယ်။ အဲဒီစာအုပ်ရဲ့ နာမည်ကိုတော့ “Freedom Writers’ Dirary” လို့ ပေးခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့တယ်။

ဆရာမ Erin တစ်ယောက် ကျောင်းသားလေးတွေအရေးကြောင့် ခင်ပွန်းသည်နဲ့ ပြတ်စဲရတဲ့အထိ နစ်နာခဲ့ရပေမဲ့ သူမရဲ့ဖခင်ကတော့ သမီးကို အလွန်လေးစားမိပါတယ်တဲ့။ သူမကိုယ်တိုင်က စေတနာ ပြည့်ဝပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ မိမိလုပ်ရပ်ကို ဂုဏ်ယူနေမှာမလွဲပါဘူး။ …………….freedomwriters
ဆောင်းပါးမူရင်းကိုချူံ့ထားပါတယ်။ ကျမကိုယ်တိုင်လဲ အဲဒီကားကိုမကြည့်ရသေးပါဘူး။ ကားကောင်းတစ်ကားမို့ရှာကြည့်ပါဦးမယ်။ ဇာတ်အိမ်ချင်းဆင်တဲ့ (((ကျောင်းသားဆိုးတွေနဲ့ ပြုပြင်ရေးသမားဆရာ))) တွေပါတဲ့ကားတွေတော့ ရံဖန်ရံခါကြည့်ဖူးပါရဲ့။ တစ်ဆက်တည်းမှာပဲ ကျွန်မတို့နိုင်ငံက အသက်ကြီးပြီး အတွေးမကြီးတဲ့ ပေတလူ ကလေးဆိုးကြီးတွေကို ပြုပြင်ဖို့ Hilary Swank ကိုများဖိတ်ရရင် ကောင်းလေမလားလို့   တွေးမိပါသေးရဲ့ရှင်။

Tuesday 21 July 2009

မက်ခီယာဗယ်လီ၊ ကံရာဇာငယ် နှင့် သုစရိတစက်ဝန်း

298567405_4a2bb377cc_mpower politics လို့ခေါ်တဲ့ အာဏာပါဝါ နိုင်ငံရေး အတွေးအခေါ်နယ်ပယ်မှာ မသိသူမရှိသလောက် ကျော်ကြားသူကတော့ အီတလီ နိုင်ငံရေးတွေးခေါ်ရှင် မက်ခီယာဗယ်လီ (Niccolo Machiavelli- 1469-1527) ပါပဲ။ ၁၆ရာစုအစောပိုင်းမှာ ကျော်ကြားခဲ့တဲ့ သှူုရဲ့ "The Prince" ဆိုတဲ့ နိုင်ငံရေးကျမ်းစာအုပ်မှာ "The End justifies the Means" လို့ ဖေါ်ပြခဲ့ပါတယ်။ အောင်မြင်ဖို့ ကိုယ်လိုချင်တာရဖို့ ဘယ်နည်းလမ်းမဆို တရားတယ်လို့ အများစုကအနက်ဖွင့်ကြပါတယ်။
အဲဒီအဆိုဟာ ကိုယ်ကျင့်ဆိုင်ရာ ပြဌာန်းချက် ကိုအလေးထားသူတွေအတွက် ရာစုနှစ် အဆက်ဆက် ဝေဖန်စရာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒီ ဆောင်ပုဒ်ကို အင်အားကြီးသူအဆက်ဆက်က ပြိုင်ဖက်အပေါ် နည်းမျိုးစုံနဲ့အနိုင်ယူရာမှာ ကိုယ့်ကိုယ်ကိုယ်အားပေးခဲ့တဲ့ ကြွေးကြော်သံ၊ ဆောင်ပုဒ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ 


Machiavelli ရဲ့ အဲဒီအဆိုနဲ့ပါတ်သက်ပြီးတော့ ပညာရှင် ဒေါက်တာ မော်တီမာ အက်ဒလာကတော့ လူတွေက ဖြစ်စဉ်တစ်ခုလုံးကို သေချာမစေ့ငုဘဲ ဒီအဆိုကို လိုရာဆွဲပြောနေတာလို့ဆိုပါတယ်။ (ရလာဒ်ကောင်း) ထွက်တဲ့ ဆိုးဆိုးကောင်းကောင်းလုပ်ရပ်တိုင်းဟာ (မှန်တယ်) လို့ ပြောတဲ့နေရာမှာ (ရလာဒ်ကောင်း)ဆိုတာကို (အောင်မြင်မှူ သို့မဟုတ် အောင်နိုင်မှူ) နဲ့ ထပ်တူပြုပြီးစဉ်းစားနေကြတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ လုပ်ရပ်တစ်ခုရဲ့ (ထိရောက်မှူ)ကိုသာ တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး (တော်တည့်မှန်ကန်တဲ့ ရလာဒ်ကောင်း)လို့ မဆိုနိုင်ပါဘူးတဲ့။ ဆိုလိုချင်တာက (ရလာဒ်ကောင်း)တိုင်းဟာ မှန်တယ်။ ဒါပေမဲ့ (အောင်မြင်မှူ)တိုင်းဟာ (ရလာဒ်ကောင်း)မဟုတ်တဲ့အတွက် မှန်ချင်မှမှန်ပေလိမ့်မယ်။ တစ်ချို့ပညာရှင်တွေကလည်း မက်ခီယာဗယ်လီကို လူတွေက အထင်အမြင်လွဲနေကြတာပါလို့ ခုခံချေပကြတယ်။ ထားပါတော့။ လိုရင်းက "The End justifies the Means" ဆိုတဲ့ အကြောင်းကိုပြောချင်တာ။ ရေဘူးပေါက်လို့ လက်ခုပ်နဲ့သယ်သယ်၊ သူများရေပုလင်းထဲကပဲ သွန်ယူယူ၊ ခွက်ထဲမှာ ရေရှိရင်ရပြီ ဆိုတဲ့ အတွေးအခေါ်တစ်ခုအကြောင်းပါ။

Sunday 19 July 2009

မမေ့နိုင်သောနေ့တစ်နေ့ သို့မဟုတ် ၁၉ဇူလိုင်

skyမိုးလင်းလင်းချင်း သတိရတယ်။ ဒီနေ့အာဇာနည်နေ့။ ဘာမှတော့ ထွေထွေထူးထူး မလုပ်ဖြစ်ဖူး။ ကြားရမှာမဟုတ်တဲ့ ဥသြသံကိုလည်း မမျှော်တော့ဘူး။ (အသံပျောက်တဲ့ ပထမဦးဆုံး နှစ်ကသာ အံ့သြတစ်ကြီးဖြစ်မိတာ) ၁၀နာရီ၃၇မှာတော့ ကိုယ့်အခန်းထဲမှာ တစ်ယောက်ထဲ အလေးပြုမိတယ်။ တစ်မိနစ် ပေါ့။ မေလှမြိုင်သီချင်းလေးကိုလည်း စိတ်အာရုံမှာကြားမိတယ်။
ကျမငယ်ငယ်ကတော့ နှစ်တိုင်းဥသြသံကိုစောင့်ပြီး အလေးပြုနေကြ။ လွတ်သွားခဲ့ရင် တယ်လဲ ပေါ့လျော့တဲ့ ကျေးဇူးမသိတဲ့ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မဆုံးတော့။ မှတ်မှတ်ရရ ၁၉၈၇ရဲ့ အာဇာနည်နေ့မှာ ကိုယ်က ပဲခူးမြို့ရဲ့ တစ်နေရာ လမ်းမပေါ်မှာ။ ဥသြသံတွေ ရုတ်တရက်ပေါ်လာတော့ ရောက်တဲ့နေရာမှာရပ်ပြီး အလေးပြုခဲ့တယ်။ တစ်ချို့လဲ ရပ်ကြတယ်ထင်ပါရဲ့။ ကောင်းကောင်းမမှတ်မိတော့ဘူး။ အာဇာနည်တွေကို လူမြင်သူမြင် အရိုအသေပေးတာဟာ ရှက်စရာလို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မေလှမြိုင်ရဲ့ နှစ် လ ရာသီ……ခါရာသီရွေ့ပေမယ့်…ဆိုတဲ့သီချင်းလေးကိုကြားရရင် မျက်ရည်ဝဲရစမြဲ။ ည ည ဆို ဗိုလ်ချူပ်မိန့်ခွန်းက်ု ရေဒီယိုမှာ နားထောင်လို့မ၀နိုင်ခဲ့။ ဘယ်နှစ်ခါပဲကြားကြား မရိုးနိုင်တဲ့ မိန့်ခွန်းတွေပါပဲ။
အခုတော့ အပြင်လောကကြီးတစ်ခုလုံး သူနဲ့မဆိုင်သလို တိတ်ဆိတ်လို့။ ခြံရှေ့က သစ်ရွက်ကလေးတွေကတောင် နေမင်းစူးစူးကိုမလွန်ဆိုင်နိုင်လို့္ဘရွက်နုလေးတွေအောက်စိုက်ပြီး မျက်လွှာချနေသလားလို့ ထင်ရတယ်။ အငြိမ်မနေတတ်တဲ့ ကိုယ်က ကမ္ဘာ့ရွာကြီးထဲလှည့်ပတ်ကြည့်လိုက်တော့ …ရွာထဲက ညီအစ်ကို မောင်နှမတွေ အာဇာနည်နေ့ကို သိုက်သိုက်ဝန်းဝန်း ဆုတောင်းဂုဏ်ပြုနေတာတွေတွေ့ရလေရဲ့။ ၀မ်းသာကြေနပ်စရာပါ။ မမေငြိမ်းရဲ့ အာဇာနည်နေ့အတွက် ရည်ရွယ်သီကုံးထားတဲ့ တိုရှင်းထိမိတဲ့ အရေးအသားလေး ကူးယူ မျှဝေပါရစေ။

Friday 17 July 2009

နှင်းဆီပြာ

1092977066_4289e8cb6a_m
ဒီကမ္ဘာမှာ နှင်းဆီများစွာ
အဖြူ အ၀ါ
ကတ္တီပါ ကြက်သွေး
နံ့သာ ပန်းရင့်
ပွင့်လွှာ ပန်းသွေးလဲ့
အိုကွယ် စုံပါ့ စုံပါ့
နှင်းဆီနက်တောင် ရှိလေရဲ့။
ဒါပေမယ့် ကိုယ့်ရဲ့ကမ္ဘာ
တစ်ပွင့်တည်းသော
နှင်းဆီပြာကတော့ သိပ်ရှားတယ်။
နှင်းဆီပြာ
ဒီကမ္ဘာမှာရှိရဲ့လား
ဝိုးတ၀ါးစိတ်ကူး
ကိုယ်များရူးနေပြီလား။
ဗန်ဂိုးရဲ့ ကမ္ဘာကျော်ပန်းချီကား
နေကြာပန်းများ…. မှာ
အ၀ါတွေလွင် နေသတဲ့။
ဒီလိုပဲ ကိုယ့်ဘ၀ အမှတ်တရအဖြစ်
ပန်းချီကားတစ်ချပ် ရေးခြစ်ချင်တယ်။
သူ့အမည်က နှင်းဆီပြာ

ပွင့်ဖတ်ပြာပြာကြားက
ဝိုးတ၀ါးမျက်နှာ
တို့ချစ်တဲ့ မင်းပုံလွှာပေါ့။
နှင်းဆီပြာရှိမရှိ ကိုယ်တကယ်မသိပါ
ဒီလိုပဲပေါ့
မင်းဟာတို့ချစ်သူလား
ခေါ်ခွင့်ရှိသလား
မခွဲခြားတတ်နိုင်။
မင်းနှူတ်ခမ်းဖျားက
ပဟေဠိအပြုံးမှာ
ကိုယ်သေဆုံးခဲ့ရတာ အကြိမ်ကြိမ်ပေါ့။
ဒီကမ္ဘာမှာ မင်းဟာ
နှင်းဆီပြာနဲ့ အလိုက်ဖက်ဆုံးပါပဲ။
ဆန္ဒတစ်ခုသာ ပြည့်ခွင့်ရှိမယ်ဆိုရင်
ဆုတောင်းလိုက်ချင်ပါရဲ့
ဘာပဲဖြစ်ဖြစ်
နှင်းဆီပြာ ကို ငါ မြင် ဖူး ချင် တယ်။
561032018_3fdf748f14_m
မိုးစက်ပွင့် (၂၊၂၊၀၉)



  • ( အဟောင်းလေးတစ်ပုဒ် သိမ်းထားချင်လို့ )



  • legendary blue rose by seana*.
    Up until recently, blue roses were unavailable to the public as they are impossible to reproduce without some genetic engineering.

    Original Pink version at:
    www.flickr.com/photos/rosephotosetc/143994198/in/set-7215…

    Thursday 16 July 2009

    အချစ်ရှိသော နေ့စွဲများ

    00-little-pix-swansသူငယ်ချင်းတစ်ချို့က တစ်ပါတ်ကျော်ကျော် ပျောက်နေလို့မေးကြတယ်။ ဘယ်သွားနေလဲ တဲ့ ။ မင်္ဂလာနှစ်ပါတ်လည်အတွက် သွားမှာလို့ကြိုပြောထားပြီးသားပါနော် ........ ။
    သောကြာနေ့ည ၈နာရီမှာ စီးတော်ယာဉ် ဖုတ်သွင်းရထားကြီးထွက်ပါတယ်။ စနေနေ့မနက် ၃နာရီမှာ အချစ်ရှိသော ဖုန်တထောင်းထောင်းမြို့ကြီးရဲ့ မုခ်ဝကို ဆိုက်ရောက်ပါတယ်။ ချိန်းထားတဲ့ ဂိတ်ကို ရောက်ရောက်ချင်း လာကြိုတာမတွေ့လို့ ဘူးသီးလုံးလောက် ဖရုံသီးလုံးလောက် ဒေါသတွေထွက်လာပါသေးတယ်။ လိုက်မလား လိုက်မလားအစ်မ ဆိုပြီးဆိုင်ကယ် တက္ကစီလာစပ်တဲ့ ကောင်လေးတွေကိုပဲ မဲပြီး ဂျိုကြည့်ကြည့်မိသေးတယ်။ ခဏနေတော့မှ ကိုယ်တော်ရောက်လာပါတယ်။ လမ်းမှာ ကားမြင်တယ်တဲ့။ စီးလာတဲ့ ဆိုင်ကယ်အရှိန်မြှင့်ပြီး အမြန်လာခဲ့တာတဲ့။ ဒါနဲ့ပဲ ဘူးသီးလုံးဒေါသတွေ ထန်းသီးလုံး ဇီးသီးလုံး မုန်ညှင်းစေ့ဖြစ်သွားတော့တာပေါ့။ နေလာ နှင်းပျောက်။

    အိမ်ရောက်တော့ ဝေလီဝေလင်းဖြစ်နေပါပြီ။ ကိုယ်ကြိုက်တဲ့ မုန့်ဟင်းခါးကြိုချက်ထားလို့ တစ်မှတ်ပေးလိုက်ပါတယ်။
    သူရုံးတက်တဲ့အချိန်တိုင်း ကိုယ်က ကွန်ပြူတာဂိမ်းဆော့နေတာ (ထမင်း ဟင်းတော့ အရင်ချက်ရသေးတာပေါ့)။ ညနေစောင်းရုံးပြန်လာတာနဲ့ ရေမိုးချိုးပြီး ဆိုင်ကယ်တစ်စင်းနဲ့ လျှောက်လည်ကြရတာ ပျော်စရာပါပဲ။ တစ်ရက်မှာတော့ ပစ်ကနစ်ထွက်သလိုမျိုး ဖျာတွေ၊ ရေနွေးဓါတ်ဘူးတွေ အကြော်အလှော်နဲ့ အသီးအနှံတွေ သယ်သွားတာ။ ပြီးတော့ လမ်းဘေး မာကြူရီမီးတိုင်အောက်က မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဖျာလေးခင်းလို့။ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေ ကားတွေက ကိုယ်တို့နှစ်ယောက်ကို စပ်စပ်စုစုအကြည့်နဲ့။ ရည်းစားအတွဲမှတ်လို့လား မသိ။ အတွဲဆိုရင် ဒီမှာ ဒီလိုနေပါ့မလား ပန်းခြံတို့ရုပ်ရှင်ရုံတို့ သွားမှာပေါ. - နော့။
    မင်္ဂလာ နှစ်ပါတ်လည်နေ့မှာတော့ ယူသွားတဲ့ကဗျာစာအုပ်လေးနှစ်အုပ်ကို တစ်ပြန် တစ်လဲလက်မှတ်ထိုးပြီး တစ်ယောက်တစ်အုပ်ယူတယ်။ သူ့ကို swiss knife အစစ်လေး လက်ဆောင်ပေးတယ်။ ကိုယ်က ဒါမပေးရ ဟိုဟာမပေးရဆိုပြီး အယူမသည်းတတ်ပါ။ ဘုရားပန်းအတူလဲတယ်။ သောက်တော်ရေကပ်တယ်။ တူတူရှိခိုးဆုတောင်းတယ်။ ဒါဆို ရိုမန့်တစ်ဖြစ်ပြီမို့လား။
    အချစ်နဲ့ အတူရှိနေတဲ့ ကိုးရက်ဟာ ကုန်လွယ်လွန်းလှတယ်။ အချိန်တန်လို့ အိမ်ပြန်ရတော့မယ်- လေ။ အပြန်ကားဂိတ်မှာ ရပ်ပြီးကျန်ခဲ့တဲ့ သူ့ကို ခုထိမြင်ယောင်နေတုန်းပါ။ နောင်တစ်ခေါက် ပြန်ဆုံချိန်အထိ တို့တွေ ခွဲ.....ကြ.....ရ......ဦး.......မယ်........နော်..................

    white-rose1
     

    မိုးစက်ပွင့်

    Thursday 2 July 2009

    နှစ်နှစ်မြောက် မင်္ဂလာ

    လာမယ့် ဆဲဗင်းဂျုလိုင်ဟာ ကိုယ်တို့ရဲ့ မင်္ဂလာနှစ်နှစ်မြောက်ပါ။ ၀၇.၀၇.၀၇ ကို အမှတ်တရ မင်္ဂလာပွဲလုပ်ခဲ့တာမို့ပါ။ တစ်နယ်စီဝေးနေကြတဲ့ ကိုယ်တို့နှစ်ယောက်က အဲဒီနှစ်ပါတ်လည်မှာတော့ အမြဲဆုံဖြစ်အောင်ဆုံပြီး အမှတ်တရ ပွဲလေးတစ်ခုခု စီစဉ်ကြမယ်လို့ တိုင်ပင်ထားကြတာ။ မနှစ်ကတော့ အိမ်မှာ ဘုန်းကြီးငါးပါးပင့်ပြီး ပရိတ်နာ၊ သင်္ကန်းကပ်၊ တရားနာကြတယ်။ မိတ်ဆွေ ၃-၄၀ဖိတ်ပြီး ကြာဇံချက်ကျွေးတယ်။ ဒီနှစ်တော့ ဘုန်းကြီးကျောင်းကိုပဲ သွားပြီးလှူစရာရှိတာလှူ၊ ပြီးရင် ပစ်ကနစ်ထွက်ရအောင်လို့ ပြောထားတယ်။ သူက နားအေးရင်ပြီးရော၊ ဘာမဆို သဘောတူလွယ်တတ်တဲ့သူပါ။ 

    ကျမကစိတ်ကူးယဉ်သမားဆိုတော့ မနှစ်က အမှတ်တရ ဓါတ်ပုံပါတဲ့ဖန်ခွက်တို့၊ နှစ်ပါတ်လည် ပြက္ခဒိန်တို့ လုပ်ခဲ့တယ်။ အဲဒါကို သူကသဘောတကျနဲ့ ဒီနှစ်လဲ လုပ်ဦးနော်တဲ့။ ဟင့်အင်း ဒီနှစ် ထူးထူးခြားခြား မထင်မှတ်တဲ့ အမှတ်တရ တစ်ခုလုပ်မှာလို့။ ဈေးလဲမကြီးဘူးလို့။ ဒါပေမယ့် တန်ဖိုးလဲဖြတ်လို့မရဘူး လို့။ အဲဒါ ဘာလဲ လို့ မေးတော့ သူက မှန်အောင် မဖြေနိုင်ပါဘူး။ သူငယ်ချင်းတို့ရော သိလားဟင် ?????????? ………………………………………………………………………………………………………………………………………………………………………………………………………………………………….. ကဗျာစာအုပ်ကလေးတစ်အုပ်ပါ။ ကိုယ်တိုင်ရေးတာက ၃ ပုဒ်ထဲပါ။ သူများ ဘလော့တကာက သွားနှိုက်ထားတာက ၁၇ ပုဒ်ဆိုတော့ စုစုပေါင်း ၂၀ ပေါ့။ အံမယ် မူးနောက်နေအောင် ကဗျာရှာရ၊ ဓါတ်ပုံရှာရ၊ ကလစ်အပ်ပုံရှာရ၊ နာရီတော်တော်ကြာအောင် ပုံနဲ့စာနဲ့ နေရာချပြီ်းဒီဇိုင်းလုပ်ရ၊ မီနီစာအုပ်လေး ဆိုင်သွားအပ်ရနဲ့ ပင်ပန်းပါ့။ အချစ်အတွက်လေ အချစ်အတွက် ဟာဟ။ အဲဒါကြောင့်ပြောတာပေါ့- ငွေနဲ့တန်ဖိုးဖြတ်မရဘူးလို့ အဟဲ။ အဲဒီစာအုပ်လေးထဲက ပုံလေးတွေနဲ့ ကဗျာတစ်ချို့ (ကိုယ်တိုင်ရေးနှစ်ပုဒ်အပါအ၀င်) ကို အမှတ်တရ တင်လိုက်ပါတယ်။
    2124579995_938fd05816_m
    ချစ်ခြင်းကဗျာ

    မေတ္တာ သစ္စာ နဲ့ နားလည်မှု ဆိုတာ
    ချစ်ခြင်းဘ၀ရဲ့ အခရာ၊
    ကို နဲ့ညီမလေး တို့ရဲ့
    မင်္ဂလာနှစ်နှစ်မြောက်တဲ့
    နှစ်ပါတ်လည်အခါ၊
    ရင်ထဲက မေတ္တာ ရာသက်ပန် မြဲစေဖို့
    အကြင်နာတွဲလက်ခိုင်စေမှာ။

    364312031_ccad410e98_m
    နေရာ

    လှောင်အိမ်မဟုတ်ဘူး
    အသိုက်လည်းဖြစ်စရာမလိုဘူး
    သစ်ကိုင်းလေးတစ်ကိုင်းပဲ ဖြစ်ချင်ခဲ့တာ။
    (ပန်ဒိုရာ)

    2051130183_791b5d39ed_m
    For Me
    You are:
    A sky to shower only the rain of love
    A star to shine over my window
    A place to give warmth and sweetness
    A melody to entertain my heart; and
    A world to make my life meaningful.

    527937762_b11e9a4f3b_m
    အချစ်
    အဖိုးအိုလျှင်…..
    ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
    ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
    အဖွားအိုက….
    ရေချိုတခွက်၊ လက်လှမ်းဆက်သည်
    အော်…. သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
    ချစ်တုန်းခင်တုန်းပါတကား။
    (ကြည်အောင်)
    ငွေတာရီမဂ္ဂဇင်း

    mqhearthands
    မုန်တိုင်း စိန်ခေါ်သံ

    ကိုယ်ဟာ ဓာတ်ခဲ တစ်လုံးပါ..
    ဗို့အားတွေ ရှိလျက်..
    မလင်းမိအောင် ကိုက်မြိုထားရ…

    ဒီလိုပါပဲ ချစ်ရသူရယ်
    ကိုယ့်ရင်ဘတ်ထဲက ကျောက်ဆစ်နှလုံးသားကို
    အသက်သွင်းခဲ့သူ ဗီးနပ်စ်ကိုမှ
    ချစ်မိခဲ့တဲ့ကိုယ့်မှာ
    နတ်သမီး ကျိန်စာတွေကို
    ဆုအဖြစ်လက်သင့်ခံလို့ပေါ့ …

    မုန်တိုင်းကို မသိကျိုးကျွံပြုနေတဲ့ သက်တံ့တစင်းပေါ့..
    လောကကို လှောင်ပြောင်နေလိုက်တာလေ
    မျှော်လင့်ချက် နေခြည်ရှိသရွေ့တော့
    စိန်ခေါ်တယ်ဟေ့ မုန်တိုင်းရေ့
    မင်းလာမှ ကိုယ်ဖြစ်တာလေ..
    အပြုံးနဲ့ကို ကြိုဦးမှာပါ။
    (ခွန်မြလှိုင်)

    Precious_Momentsblack-and-white-baby-togetherAPTOPIX EU Germany Polar Bears
    မိုးစက်ပွင့်
    ( ပုံအားလုံးကို flickr ကယူပါတယ်။ )