Thursday 29 November 2012

မရဏလမ်းဆုံ




ရာနီဟာ စီရင်စုရှိ သူကြွယ် ဆာရဒစန်ကာ၏ နေအိမ်ရှိ ခယ်မဖြစ်သူ ကာဒမ်ဘီနီသည် တကောင်ကြွက် မုဆိုးမ  ဖြစ်၏။  ထိုအိမ်တွင် သူမခင်ပွန်းနှင့်တကွ နီးနီးစပ်စပ်ဆွေမျိုး သားချင်းများလည်း တယောက်ပြီး တယောက် ဆုံးပါးကုန်ကြပြီဖြစ်သည်။  ယခုအခါ တအိမ်လုံးတွင် ကာဒမ်ဘီနီ  အသည်းပေါက်မတတ် ချစ်ခင်တွယ်တာရသော တဦးတည်းပုဂ္ဂိုလ်မှာ  သူမခဲအိုကမွေးသော သားကလေး ဆာတစ်   ဖြစ်လေသည်။ ကလေးမိခင်မှာ မီးတွင်းထဲကပင် ကျန်းမာရေး မကောင်းသဖြင့် ဒေါ်လေး ကာဒမ်ဘီနီ ကပင် ဆာတစ်ကလေးကို မွေးစားမိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့ရသည်။  မိမိနှင့်  သွေးသား မတော်စပ်သော ကလေးငယ်ကယောက်ကို ပြုစုစောင့်ရှောက်ရသူ တဦးအနေနှင့် ကလေးထံမှ ချစ်ခြင်းမေတ္တာကလွဲ၍ ဘာတခုမှ ပြန်ရရန် မမျှော်လင့်ခဲ့ပါပေ။  ကလေးငယ်၏ “ဒေါ်ဒေါ်၊ ဒေါ်ဒေါ်” ဟူသော ချစ်စဖွယ်အသံ တစာစာတွင်သာ သူမ၏ ဘ၀င်နှလုံးချမ်းမြေ့ခဲ့ရပါပေသည်။ အတိတ်ကာလက ဆုံးရှူံးခဲ့ရသော  ချစ်ခြင်းမေတ္တာတရားတို့အတွက်  အလျော်အစားပြန်ရသော ရှားရှားပါးပါး ရတနာတုံး ရတနာခဲကလေးသဖွယ် ကလေးငယ်အား သဘောထားကာ နှစ်ဆတိုး၍ မြတ်နိုးခဲ့ရပါသည်။

တရက်တွင်တော့  ကာဒမ်ဘီနီတယောက် နှလုံးရပ်တန့်ကာ ရုတ်တရက်ဆုံးပါးသွားခဲ့သည်။  ချစ်ခြင်းမေတ္တာနှင့် ပါတ်သက်သော ခံစားချက်ဝေဒနာပြင်းပြင်း တို့ နှစ်ပေါင်းများစွာ ရိုက်ခတ်ခံခဲ့ရသော သူမရင်အုံသေးသေးလေးသည် နောက်ဆုံး မနိုင်ဝန်ကို လွှတ်ချကာ ထာဝရ ရပ်တံ့ အနားယူ သွားဟန်ရှိပေသည်။

အိမ်သူအိမ်သားများက ကာဒမ်ဘီနီ၏ ဈာပနာကို တခန်းတနား လုပ်မနေတော့ဘဲ ချက်ချင်းပင် ပြီးပြတ်စေသည်။ စီရင်စုနယ်နိမိတ်အတွင်းမှ  ဗြဟ္မဏနွယ်ဝင် လူလေးယောက်ကို  ဆင့်ခေါ်ပြီး မီးသဂြိုလ်မည့်ကိစ္စ အ၀၀ကို ဆောင်ရွက်စေခဲ့သည်။  ယင်းလူလေးယောက်က ကာဒမ်ဘီနီ၏ ခန္ဒာကိုယ်ကို ရွာနှင့် အတော်အတန်ဝေးသော သုဿာန်မြေသို့ သယ်ဆောင်သွားခဲ့ကြသည်။ သုဿန်မြေ တွင်  ညောင်ပင် အိုကြီးနှင့် တဲငယ်တလုံးရှိပြီး အနီးတ၀ိုက်တွင် ရေလုံးဝခမ်းခြောက်နေသော မြစ်တစင်း ရှိလေသည်။ မြစ်ကမ်းပါးတွင်း လက်ယက်တွင်းတခုရှိပြီး လူအများက ယင်း တွင်းမှထွက်သောရေ ကို မြစ်ရေချောင်းရေသဖွယ် သဘောထားကာ အသုဘအခမ်းအနား ပြုလုပ်လေ့ရှိကြသည်။

သဂြိုလ်ထင်းစောင့်ရင်း တဖြေးဖြေး အချိန်ကုန်မှန်းမသိကုန်ကာ သုဿာန်မြေတွင် အမှောင်ရိပ်လွှမ်းလာသည်။ အလောင်းကို တဲငယ်အတွင်းချကာ ထင်းများကို စောင့်ဆိုင်းရသည်မှာ ကာယကံရှင် လေးယောက် အတွက် ငြီးငွေ့ဖွယ်ရာ ဖြစ်သည်။  မစောင့်နိုင်တော့သည့် အဆုံး လူနှစ်ယောက်က မိမိတို့ဘာသာ ထင်းပြန်ယူမည်ဟုဆိုကာ ရွာဘက်သို့ ပြန်သွားသဖြင့် ဘီဒူး နှင့် ဘာနာနာလီ   နှစ်ယောက်တည်းသာ အလောင်းစောင့်ရန် ကျန်ခဲ့သည်။   ကောင်းကင်တွင် တိမ်ညိုတိမ်မည်းတို့ ယှက်သန်းနေသလို ကြယ်တာရာ တလုံးတလေမှလည်း ရှိမနေခဲ့ပါပေ။ သူတို့တွင် မီးခြစ်နှင့်မီးအိမ် အတူ ပါလာသော်လည်း မီးခြစ်က စိုထိုင်းနေသည့်အတွက် မီးမကူးချေ။ အတန်ကြာ ငြိမ်သက်နေပြီးမှ ဘီဒူးက “နောင်ကြီးရေ၊ ကျူပ်တို့ ဆေးရွက်ကြီး တစ်ဆုံလောက်ယူခဲ့ရ ကောင်းသား၊ အလျင်လိုနေလို့ ပါမလာခဲ့ဘူး” ဟုဆိုလေရာ ဘာနာနာလီ က “ဒါဆို ကျူပ် တခေါက်လောက် ရွာပြန်ပြီး ပြေးယူလိုက်မယ်လေ” ဟု အကြံပြုသည်။ သရဲခြောက်သည်ဟု နာမည်ကြီးလှသည့် သုဿာန်မြေမှ ကိုယ်လွတ်ရုန်းထွက်လိုသော ဘာနာနာလီ၏ အကြံကို ရိပ်မိသည့် ဘီဒူးက “ဟာ- ဒါဆိုရင် ကျူပ်တယောက်တည်း အလောင်းစောင့်နေရတော့မှာပေါ့” ဟု ကန့်ကွက်လိုက်သဖြင့်  ခေတ္တငြိမ်သက်သွားကြပြန်သည်။ တစုံတခုကို စောင့်ဆိုင်းရချိန်တွင် ငါးမိနစ်ကိုပင် တနာရီလောက် ထင်ရပေရာ ထင်းရှာသွားသူနှစ်ဦးကို စိတ်ထဲမှ ကျိန်ဆဲနေကြသည်။  လမ်းကြုံဝင်ပြီး အတင်းအဖျင်း စကားဝိုင်းတခုခုမှာ သဝေထိုးပြီး စကားဖောင်ဖွဲ့ နေကြရော့သည်ဟု အထင်ရောက်ပြီး စိတ်ဆိုးမိကြသည်။ ထိုအခိုက်မှာပင် အလောင်းကောင်ဆီက သက်ပြင်းချသံတချက်ကြားလိုက်သလိုလို ထင်မိလိုက်သည်။ တဆက်တည်းမှာပင်  “အင်၊ဟင်၊ဟင်” ညည်းတွားသံနှင့် အလောင်းကောင်ကြီးသည် သူ့ခန္ဒာကိုယ်ကို တဖက်စောင်းလိုက်သလို လှုပ်ရှားမှုကိုပါ  မြင်လိုက်ရသော အခါ နှစ်ယောက်သား မတိုင်ပင်ဘဲ တဲပေါ်မှ ရုတ်ကနဲပြိုင်တူခုန်ချပြီး ရွာဖက်ဆီသို့ သုတ်ခြေတင် ပြေးကြလေသည်။ အတော်ကြာကြာ ပြေးပြီးသောအခါမှ မီးအိမ်များကိုဆွဲပြီးပြန်လာသော အဖေါ်နှစ်ယောက်နှင့် ဆုံမိကြသည်။ သူတို့၏ သွေးပျက်ဖွယ် ဖြစ်ပုံပျက်ပုံများကို အမောတကော ရှင်းပြသော်လည်း ယုံကြည်ဟန်မပြဘဲ မစဉ်းမစား ကိုယ်လွတ်ရုန်းပြေးလာရမလားဟု ဆဲဆိုကြိမ်းမောင်း ခံရသည်သာအဖတ်တင်သည်။ နောက်ဆုံး လေးဦးသား သုဿာန်တဲသို့ပြန်ရောက်သောအခါ အသုဘစင်ပေါ်တွင် တင်ထားသည့် အလောင်းကောင်ကြီးကို မမြင်ရတော့ချေ။  တယောက်မျက်နှာ တယောက်ကြည့်ပြီး  ခွေးအများ ၀င်ဆွဲ သွားလေသလား ဟု မေးခွန်း ထုတ်ကြသည်။ သို့ရာတွင်   ခြေရာလက်ရာလည်း မပျက်ချေ။ တဲနံဘေးရှိ ရွှံ့စေးမြေတွင်တော့ လတ်လတ်ဆတ်တတ် အမျိုးသမီးခြေရာများကို တွေ့ရလေသည်။  ခက်ချေပြီ။  သူတို့၏ အသုဘရှင်ကို ပြန်ပြောပြလျှင်လည်း အဆိုပါ သရဲပုံပြင်ကို ယုံကြည်မည့်ပုံမရှိပေ။ သူတို့တွင် သက်သေခိုင်ခိုင်မာမာ မရှိ။ နောက်ဆုံးတော့ သဂြိုင်္လ်ခြင်းကိစ္စ ပြီးခဲ့ပြီဟု ပြောလိုက်ခြင်းသာ အကောင်းဆုံးဟု အားလုံးက သဘောတူကြသည်။ တကယ်တော့ သူတို့စကားကို မည်သူမှ ထွေထွေထူးထူး မေးခွန်းထုတ်နေမည် မဟုတ်ပေ။ မျက်နှာမွဲ အလောင်းတလောင်းအတွက်  မည်သူတဦးတယောက်မှ တန်ဖိုးထား အရေးတယူလုပ်ကာ စစ်ဆေးမေးမြန်း နေမည် မဟုတ်သည်ကို သူတို့အားလုံး သေချာပေါက် သိထားလေသည်။
--------------------------
(၂)
ဘ၀ဆိုသည်မှာ  လျို့ဝှက်နက်နဲလှသည်။ ကာဒမ်ဘီနီတယောက်  တကယ်တော့ မသေပါ။  သူမ၏ ရှင်သန်မှု ဘ၀ယန္တရားကြီးက အကြောင်းတစုံတရာကြောင့် ခေတ္တရပ်ဆိုင်းသွားခြင်းသာ ဖြစ်ပါသည်။
   သတိပြန်လည်လာချိန်တွင် သူမပါတ်ဝန်းကျင်တခုလုံး ပိန်းပိတ်အောင်   မှောင်နေသည်။  သူမ ကျောအောက်ကအိပ်ယာကလည်း အိပ်နေကျနေရာမဟုတ်သည်ကို သတိထားမိပေရာ “အစ်မရေ” ဟု ခေါ်ကြည့်လိုက်သော်လည်း မည်သူတဥိးတယောက်မှ ပြန်မထူးချေ။ ကြောက်ကြောက်လန့်လန့်ဖြင့် ထထိုင်မိသည်။ ရင်ဘတ်ထဲကနာနေပြီး လည်ချောင်းဝက တစ်ဆို့နေသည်။ နောက်တော့ သူမ တဖြေးဖြေး ပြန်မှတ်မိလာသည်။ ယောင်းမကြီးက ကလေးအတွက် နို့အိုးတည်နေပုံ၊ သူမ သတိလစ်ချင်သလိုဖြစ်ပြီး ကုတင်ပေါ်လဲကျသွားပုံ၊ “အစ်မ၊ ကလေးကို ခေါ်ပေးပါ၊ ကျမ ဘာဖြစ်မှန်း မသိဘူး”ဟု ပြောလိုက်မိပုံ၊ နောက်ဆုံး စာရွက်ဖြူပေါ်ကို မှင်အိုးမှောက်သွားသလို အာရုံထဲမှာ   မှောင်အတိကျသွားပုံတို့ကို တကွက်ချင်း ပြန်မြင်လာသည်။ သို့ရာတွင် ကလေးငယ်၏   နောက်ဆုံးခွဲခွာခြင်း လက်တောင်ဖြစ်သော “ဒေါ်ဒေါ်၊ ဒေါ်ဒေါ်ရေ”ဟု တီတီတာတာ   ခေါ်သံ နှုတ်ဆက်သံ   တို့ကိုမူ မကြားနိုင် တော့ချေ။

အေးမြစိုစွတ်သောလေက တချက်ဝှေ့လာပြီး  ဖားသူငယ်တို့၏ တကွပ်ကွပ် အော်သံ၊ လျှပ်စီးတလက်တွင်မြင်ရသော ညောင်ပင် ကွင်းပြင်ကျယ် နှင့် အဝေးက သစ်ပင်အုပ်များကို   မြင်ရလေသော် သူမနှင့် ကမ္ဘာမြေကြီးတို့ ဘယ်လောက် ဆက်စပ်နေသလဲဆိုတာ ခံစားမိသည်။ သူမ ငယ်စဉ်က ဒီသုဿာန်မြေမှာ မီးသဂြိုလ်အံ့ဆဲဆဲ အလောင်းတွေကို မြင်ရစဉ်က ဘယ်လောက်    ကြောက်စရာ ကောင်းလိုက်သလဲဆိုတာ သတိရမိသည်။

ပထမဆုံးအတွေးကတော့ အိမ်ပြန်ရန်ဖြစ်သည်။  သို့သော် “ ငါက သေခဲ့ပြီဘဲ၊ ဘယ်လိုလုပ် အိမ်ပြန်လို့ရတော့မလဲ”  ဟု အတွေးပေါ်လာသည်။  သူမကို မြင်လိုက်ရလျှင် သူတို့အားလုံး အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ကြမှာ အမှန်ပင်။ အတွေး ပေါ်လာသည်နှင့် တပြိုင်နက် သူမကိုယ်သူမ သက်ရှိလောကနှင့် နှောင်ကြိုးအားလုံး ပြတ်သွားသလို ခံစားနေရသည်။  သူမသည် လွပ်လပ်သော သတ္တ၀ါတကောင်လို သွားချင်ရာသွား၊ နေချင်သလို ရူးသွပ်စွာ နေလို့ရပေပြီ။ အတွေးသစ်ဖြင့် ထူးထူးခြားခြား အားအင်တွေ ပြည့်ဖြိုးလာပြီး သုဿာန်တဲပေါ်မှ   လေအဟုန်လို ပြေးဆင်းလာခဲ့သည်။  အခုတော့ သူမမှာ ရှက်ရွံ့မှု၊ စိုးကြောက်မှုတွေ အလျင်းမရှိတော့ပြီ။

ခြေဦးတည့်ရာ မနားတမ်းလျှောက်သွားနေရင်း ကိုယ့်ခြေကိုပင် ကိုယ်မသယ်ချင်လောက်အောင် ပင်ပန်းလာတော့မှ အဆုံးအစမဲ့ လယ်ကွင်းပြင်ထဲမှ ဒူးလောက်ရှိသော ရေထဲတွင် ရပ်နေသည်ကို သတိထားမိတော့သည်။ အာရုဏ်ကျင်းခဲ့ပြီမို့ ဟိုးအဝေး အိမ်တန်းများဆီမှ ပျံသန်းလာသော ငှက်တကောင်စ နှစ်ကောင်စကို မြင်တွေ့နေရပေပြီ။ ဒီကမ္ဘာမြေက သက်ရှိလူသားတွေနှင့် ဘယ်လို ဘယ်ပုံ ဆက်စပ်ရပါ့မလဲ ဆိုသည့်အတွေးများနှင့် သူမရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုများ   ပြည့်နှက်လာသည်။ လူသားနှင့် ၀ိဥာဉ်လောကသားတို့ တယောက်နှင့်တယောက် စိုးကြောက်ကြသည်မှာ မဆန်းလှချေ။ တကယ်တော့ အုပ်စုနှစ်စုသည် သေဆုံးခြင်း မြစ်တစင်း၏ ဟိုဖက်ကမ်း ဒီဖက်ကမ်းမှာ တကွဲစီနေထိုင်ကြသူတွေ မဟုတ်ပါလား။
-----------------------
(၃)
သူမ အ၀တ်အစားများက ရွှံ့အလိမ်းလိမ်း ကပ်နေသည်။ ညလုံးပေါက် လမ်းလျှောက်ထားသဖြင့် ယိမ်းယိုင်နေသော ခြေအစုံနှင့် အတွေးဆန်းဆန်း မျက်နှာတို့ကြောင့် အရူးမအသွင်ဖြစ်နေသည်။ ရွာသားများက သူမကို ထိတ်လန့်နိုင်သည်၊ ကလေးများက ခဲများနှင့်ပေါက်ထုတ်နိုင်သေးသည်။  ကံကောင်းထောက်မစွာ သူမနှင့် ပထမဆုံး တွေ့ဆုံရသူက သနားကြင်နာတတ်သော ခရီးသွားတဦး   ဖြစ်သည်။  “ အို အမေ၊ ရည်ရည်မွန်မွန် အသွင်အပြင် ရှိပါလျက်နဲ့ ဒီလိုပုံစံနဲ့ ဘယ်ခရီးကို တယောက်တည်း သွားမလို့ပါလဲ” ဟု မေးရာ ကာဒမ်ဘီနီ မည်ကဲ့သို့ဖြေရမည် မသိ။  သူမကို သက်ရှိလူတွေက ဆက်ဆံကြသေးပါလား၊ သူမ ရုပ်သွင်က ရည်ရည်မွန်မွန် ရှိနေသေးသလား ဆိုသည့် အတွေးများ ခေါင်းထဲတွင် ချာချာလည်နေသည်။  “ ပြောပါအမေ၊ ဘယ်မှာနေပါသလဲ၊ ကျွန်တော် ဘယ်ကို လိုက်ပို့ရပါမလဲ” ဟု သူက ထပ်မေးလာသည်။

သူမ တွေးသည်။ သူစိမ်းပြင်ပြင်တို့နေထိုင်ရာ ယောက္ခမအိမ်ကိုလည်း မပြန်ချင်။ ကာလကတ္တားမှာနေသော ငယ်သူငယ်ချင်း ဂျောမယာ ကို သတိရမိသည်။ မတွေ့ရတာ ကြာပြီဖြစ်သော်လည်း မကြာသေးခင်ကအထိ ရံဖန်ရံခါ စာအဆက်အသွယ် ရှိကြသည်။ “ ဆရီပတီ ( ဂျောမယာ၏ခင်ပွန်း) ရဲ့အိမ်ကို သွားမှာပါ”  ။ လမ်းကလည်းကြုံသဖြင့် လူငယ်က ကူညီ ပို့ဆောင်ပေးသည်။  သူမတို့ သူငယ်ချင်းနှစ်ဦး တွေ့တွေ့ချင်း မမှတ်မိကြသော်လည်း တဖြေးဖြေး ငယ်ရုပ်များ ဖမ်းမိလာကြသည်။ “ကံကောင်းလိုက်တာ အေရယ်၊ ငါဖြင့် ညည်းနဲ့ တခါပြန်ဆုံမယ်လို့ ဘယ်တုံးကမှ အိမ်မက်တောင်မမက်မိဘူး၊ နို့- ယောက္ခမအိမ်ကရော တားသေးလား”  ဟု ၀မ်းသာအားရ မေးသော်လည်း ကာဒမ်ဘီနီက ဆိတ်ဆိတ်နေလျက်။ နောက်ဆုံးတော့ “ ယောက္ခမအကြောင်း မမေးပါနဲ့ သူငယ်ချင်းရယ်၊ ငါ့ကို ဒီမှာ နေစရာလေးတနေရာ ပေးပါ၊ အိမ်အလုပ်မှန်သမျှ အစေခံလို လုပ်ပါ့မယ်” ဟု ပြောလေသည်။  “ဘာပြောတယ်၊ ငါ့အချစ်ဆုံး သူငယ်ချင်းကို ငါကအစေခံလို ထားရမယ်ဟုတ်စ၊ ပြောမှပြောတတ်ပလေအေ….” စသဖြင့် မကျေမချမ်းပြောစဉ်မှာပင် ဂျောမယာ၏ ခင်ပွန်း ဆရီပတီ ပြန်ရောက်လာသည်။  ကာဒမ်ဘီနီက ဆရီပတီအား ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်ခြင်း၊ အရိုအသေပြုခြင်း မလုပ်ဘဲ ထွက်သွားသည့် အတွက် ဂျောမယာက မိမိအခင်ဆုံးသူငယ်ချင်းဖြစ်ကြောင်း ခင်ပွန်းကျေနပ်အောင် ဖာဖာထေးထေး   ပြောရှာသည်။ ဆရီပတီကမူ ဂျောမယာ ပြီးလျှင်ပြီးသည်မို့ ယင်းကိစ္စအား စိတ်ထဲတွင် မည်သို့မျှ အလေးအနက်မရှိချေ။
ကာဒမ်ဘီနီသည် ဂျောမယာထံ လာမည့်သာလာရသည်၊ သူမနှင့် စိမ်းနေသလို ခံစားနေရသည်။  “သူ့မှာ တွယ်တာရမဲ့ ခင်ပွန်းနဲ့၊ ဆက်ဆံရမဲ့ လူ့အသိုင်းအ၀ိုင်းနဲ့ ၊ ငါကတော့ ဗလာထီးထီး အရိပ်တခုဘဲ၊ ဘ၀ခြင်းက ခြားနေပြီ” ဟု အမြဲအတွေးဝင်သည်။  ဂျောမယာကိုယ်တိုင်ကလည်း တစုံတခုကို တိတိကျကျ ပြောမပြတတ်သော်လည်း ကာဒမ်ဘီနီနှင့် ဆက်ဆံရသည်မှာ စိတ်မသက်မသာ ဖြစ်မိသည်။ ကာဒမ်ဘီနီတွင် လျို့ဝှက်ချက်တခုခု၊ စိတ်ပင်ပန်းစရာတခုခု ရှိမည်ဟုလည်း ထင်သည်။  ကာဒမ်ဘီနီ တယောက် အတွေးဆန်းများတွင် နစ်မာနေလေလေ ဂျောမယာ တွင် စိတ်ဖိစီးမှု ပိုလေလေဖြစ်သည်။

သရဲတစ္ဆေကြောက်သူသည် မိမိနောက်ကျောကို အမြဲမလုံမလဲ ဖြစ်နေတတ် သည်။  ကာဒမ်ဘီနီကမူ မိမိကိုယ်တိုင်ကို ကိုယ်ပြန်ကြောက်နေရသလိုပင်။ ညကြီးမင်းကြီး လန့်ဖျပ်အော်ဟစ်မိသည်က အကြိမ်ကြိမ်၊ ညနေစောင်း အချိန်များတွင်လည်း မီးအိမ်မှ တစောင်းကျနေသော ကိုယ့်အရိပ်ကို ကိုယ်ပြန်လန့်ကာ တုန်လှုပ်ခြောက်ချားနေတတ်သည်။  တဖြေးဖြေး သူမ၏ စိုးရွံ့စိတ်များက   ဂျောမယာနှင့် အိမ်စေများအား ကူးစက်လာခဲ့သည်။  တညတွင် ကာဒမ်ဘီနီက သူမ အခန်းထဲ  အထိ လာရောက်၍ ကြောက်လန့်တကြား ငိုကြွေးသောအခါတွင်မူ ဂျောမယာ၏ စိုးရိမ်စိတ်များသည်   ဒေါသအသွင်သို့ ပြောင်းလဲလာလေသည်။

ပထမဆုံး အပြစ်တင်ခံရသူမှာ သူမ၏ခင်ပွန်း ဆရီပတီ ဖြစ်သည်။ “ဒီမှာ ရှင် ဘယ်လိုလူလဲ၊   ယောက္ခမအိမ်က ထွက်ပြေးလာတဲ့ မိန်းမတယောက်က ကိုယ့်အိမ်မှာ တလလောက်နေ   နေတာတောင် ပြန်ဖို့အကြောင်း တစက်ကလေးမှ အရိပ်အမြွက်မှ မဟဘူး။ ရှင်တို့ ယောကျာ်းတွေက ဒီလိုဘဲ သာယာနေတာလား၊ ပြောစမ်းပါဦး” ဟူ၍။ ဆရီပတီက အမျိုးမျိုးကြိမ်တွယ်၍ သူ၏ ကာဒမ်ဘီနီအပေါ်ထားသော စေတနာမှာ သူမရုပ်ရည်ကြောင့် မဟုတ်ဘဲ သနားစရာကောင်း ၍ဖြစ်ကြောင်း ဖြေရှင်းသည်။ သို့သော် ဂျောမယာက အလျှော့မပေးသဖြင့် နောက်ဆုံးတွင် ကာဒမ်ဘီနီ၏ ယောက္ခမအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်သတင်းပေးပါမည်ဟု ကတိပေး လိုက်လေသည်။

ဆရီပတီ ထွက်သွားပြီးနောက် ဂျောမယာက ကာဒမ်ဘီနီအား အောက်ပါအတိုင်း ပြော၏။ “ သူငယ်ချင်း၊ ညည်းဒီမှာ ရေရှည်နေလို့ လူတွေအမြင်မှာ သင့်တော်ပါ့မလား မဆိုနိုင်ဘူး” ။  ကာဒမ်ဘီနီက သူမကို စိတ်မသက်မသာကြည့်ရင်း “လူတွေမြင်တာ မမြင်တာ ငါနဲ့ ဘာဆိုင်သလဲ”ဟု ပြန်ပြောသည်။  “မဟုတ်ဘူးလေ၊ ညည်းက ဂရုမစိုက်ပေမဲ့ ငါတို့အနေနဲ့ကျတော့ သူများတွေကို ဂရုစိုက်ရမှာပေါ့၊ တကယ်ဆို တခြားအိမ်ကပိုင်တဲ့ မိန်းမတယောက်ကို ကိုယ့်အိမ်မှာ ခေါ်ထားတာကို ငါတို့က ဘယ်လို ဖြေရှင်းရမလဲ”
“ ငါ့မှာ ယောက္ခမအိမ်ဆိုတာ ရှိလို့လား”
(လုပ်ထားဟဲ့၊ ဒီ မိန်းမစုတ် ဘာတွေ ဆက်ပြောဦးမလဲမသိဘူး) ဟု ဂျောမယာက စိတ်ထဲက တွေးလေသည်။
ကာဒမ်ဘီနီက “ငါကရော ညည်းနဲ့ ဘယ်လိုပါတ်သက်ရမလဲ၊ ဒီကမ္ဘာပေါ်မှာ ကာဒမ်ဘီနီဆိုတဲ့ ငါ ရှိသေးရဲ့လား၊ ညည်းတို့က ရယ်တတ် ငိုတတ် ချစ်တတ် ပိုင်ဆိုင်တတ်တဲ့ လူသားတွေလေ၊ ငါက အရိပ်တခုပါဘဲ။ ဘုရားသခင်က ဘာကြောင့် ငါ့ကို လူ့လောကမှာ ဆက်ထားနေရသလဲ မဆိုနိုင်ဘူး” ဟု ဆက်ပြောလေရာ ဂျောမယာသည် မည်သို့မျှ နားမလည်နိုင်တော့ဘဲ စိတ်ကို ချိုးနှိမ်၍ အဝေးသို့ ထွက်လာခဲ့တော့သည်။
---------------------------------
(၄)
ဆရီပတိ ပြန်ရောက်လာချိန်တွင် ည ဆယ်နာရီခန့်ရှိပေပြီ။ မိုးက သည်းသည်းမည်းမည်း ရွာလျက်။  ဆရီပတိက ရေစိုအ၀တ်များ လဲလှယ်နေစဉ်တွင် ဂျောမယာက မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။  
“ ကဲ-ဘာတွေများ ကြားခဲ့သတုန်းရှင့်”
“ ငါပြောချင်တာကတော့ မင်းသိပ်မှားနေပြီ ဆိုတာဘဲ” သူ့စကားက ဂျောမယာကို ဒေါပွသွားစေသည်။  ဘယ်အမျိုးသမီးမှ ဒီလိုမျိုးဝေဖန်တာကို ကြိုက်မည်မဟုတ်ချေ။ “ဘာပြောလိုက်တယ်”   ဆရီပတီက “ အိမ်မှာ မင်းခေါ်ထားတဲ့ မိန်းမက မင်းရဲ့သူငယ်ချင်း ကာဒမ်ဘီနီ မဟုတ်ဘူး” သူ့စကားက ပိုလို့ ဒေါပွစရာ။  နောက်ဆုံး ဆရီပတီက ကာဒမ်ဘီနီ၏ အသုဘသတင်းကို ဂျောမယာ လက်ခံလာအောင် အကြိမ်ကြိမ်ရှင်းပြသည်။ သူ့ဇနီးက သူ့စကားကို မယုံခြင်းအတွက်လည်း နာကျည်းသည်။ တဖြေးဖြေး သူတို့အချင်းချင်း အငြင်းပွားသည့် အသံများက  တစစ ကျယ်သထက်ကျယ်လာသည်။ တဖက်ခန်းတွင် ကာဒမ်ဘီနီ အိပ်စက်လျက် ရှိသည်ကို မေ့လျော့နေကြသည်။ ည တနာရီပင် ရှိပေပြီ။

သူတို့၏ အခန်းတံခါး ရုတ်တရက်ပွင့်သွားပြီး ကာဒမ်ဘီနီ ပေါ်လာသည်။ “ဒီမှာ သူငယ်ချင်း၊ ငါဟာ မင်းရဲ့ ငယ်သူငယ်ချင်း ကာဒမ်ဘီနီ အစစ်ပါဘဲ၊ ဒါပေမဲ့ ငါဟာ သေပြီးသားလူပါ” ကြားလျှင်ကြားချင်း ဂျောမယာ က ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။ ကာဒမ်ဘီနီက ဆက်၍ “ငါ့မှာ လူရှင်တွေကြားမှာလည်း နေစရာမရှိဘူး၊ ၀ိဥာဉ်တွေကြားမှာလည်း နေစရာမရှိဘူး၊ အို - ငါဘယ်ကို သွားရမှာလဲ” ကာဒမ်ဘီနီသည် မေ့မြောနေသော သူငယ်ချင်းနှင့် မှောင်မည်းသောအိမ်ကို စွန့်ခွာပြီး ကိုယ်ပိုင်နေရာတခု ရှာဖွေရန် ထွက်လာခဲ့တော့သည်။
---------------------------
(၅)
ကာဒမ်ဘီနီ တယောက် နေရင်းဒေသကို မည်သို့မည်ပုံ ပြန်လာခဲ့မှန်း ပြောဖို့မလွယ်ချေ။ စစချင်း သူမသည် တဦးတယောက်ကိုမျှ အတွေ့မခံ။ တနေကုန် ဘုရားကျောင်းပျက်ထဲတွင် နေရင်း ဗိုက်ဟောင်းလောင်း ဖြစ်နေသည်။ ညနေစောင်းတွင် မိုးမှောင်ကြီးကျလာသဖြင့် လူတွေက မိုးသက်မုန်တိုင်းကြောက်ပြီး အိမ်ထဲဝင်နေကြသောအခါမှ သူမက အပြင် ထွက်လာလေသည်။ ယောက္ခမအိမ်ရှေ့ရောက်သောအခါ စိတ်အလွန် လှုပ်ရှား မိလေသည်။  ခြုံပုဝါကို မျက်နှာပေါ် အုပ်မိအောင် ဖုံးထားသဖြင့် ခြံစောင့်များက သူမကို အိမ်စေများထဲမှ တဦးဟုထင်ကာ မတားဆီးခဲ့ကြပါ။ ထိုအချိန်တွင် မိုးရောလေပါ သည်းထန်လျက်ရှိသည်။

အိမ်ကြီးရှင်မ သည် မုဆိုးမဖြစ်သူ ညီမနှင့် ဖဲကစားလျက်ရှိပြီး အိမ်စေက မီးဖိုချောင်ထဲတွင် ရှိနေသည်။ ကလေးငယ်က အိပ်ခန်းထဲတွင် ဖျားနာ လျက်ရှိသည်။ တဦးတယောက်မှ မရိပ်မိခင် ကာဒမ်ဘီနီသည် ကလေး အခန်းထဲ ၀င်သွားလေသည်။  သူမ ဘာလုပ်နေသည်ကို သူမကိုယ်တိုင် တိတိကျကျ မသိဘဲ ကလေးကို မြင်ချင် တွေ့ချင်စိတ် တခုသာရှိသည်။ အခန်းထဲတွင် ပိန်လှီ ချူံးကျနေသောကလေးငယ်က အိပ်ပျော်လျက်။ ဂရုဏာစိတ်တို့ ရင်မှာ တလိပ်လိပ်တက်လာပြီး “ ငါမရှိတော့ ဒီကလေးကို ဘယ်သူစောင့်ရှောက်ပါ့မလဲ၊ သူ့အမေက အဖေါ်မက်၊ အတင်းပြော၊ ဖဲရိုက်တာလောက်သာ စိတ်ဝင်စားတော့ ငါ့လို ဒုက္ခခံပြီး ပြုစုမှာမဟုတ်ဘူး” ဟု တွေးမိလေသည်။

ကလေးငယ်က အိပ်တ၀က်နိုးတ၀က်ဖြင့် တဖက်သို့ စောင်းလှည့်ပြီး “ဒေါ်ဒေါ်၊ ဒေါ်ဒေါ် ရေပေးပါ” ဟု ဆိုလေသည်။  ကလေးငယ်က သူမကို မမေ့သေးပါကလား။  အနီးမှ ရေကိုယူပြီး ကလေးကို   ထွေးပွေ့ရင်း ရေတိုက်လိုက်သည်။  သူမက ကလေးကို တချက်နမ်းရှူံ့လိုက်ပြီး ပြန်အိပ်ပျော်အောင် လှုပ်သိပ်လိုက်သည်။  သို့သော် ကလေးငယ်က နိုးလာပြီး သူမကို   မြင်သောအခါ   ပြန်ဖက်ထား လိုက်သည်။ 
 “ ဒေါ်ဒေါ်၊ ဒေါ်ဒေါ်က သေသွားပြီဆို” ဟု မေးသည်။ 
“ ဟုတ်တယ်၊ ကလေးရဲ့”
“ဒါဆို အခု ပြန်လာတာလား၊ နောက်ထပ် မသေတော့ဘူးပေါ့” ဟု မေးပြန်သည်။ 
သူမ မဖြေနိုင်ခင်မှာပင် အိမ်စေက ကလေးအတွက် သာကူခွက်ကို ကိုင်ကာ အခန်းတွင်း ၀င်လာသည်။ သူမသည် အထိတ်တလန့်ဖြစ်ပြီး နို့ခွက် ကျကွဲသွားလေရာ ဆူညံသံကြောင့် အိမ်ကြီးရှင်မ ၀င်လာလေသည်။ ကာဒမ်ဘီနီကို မြင်သည်တွင် မလှုပ်မယှက်နိုင်တော့ပဲ နေရာတွင်ပင် ကြက်သေသေနေသည်။  အဖြစ်အပျက်များကြောင့် ကလေးငယ်ကလည်း လန့်ငိုလေသည်။
 “ ဒေါ်ဒေါ်၊ သွားပါတော့၊ ထွက်သွားတော့” ဟု ကလေးက ဆိုလေသည်။

ယခုအခါ သူမ မသေသေးဆိုသည်ကို ကာဒမ်ဘီနီ ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီ ဖြစ်သည်။ အရင်ကအခန်း၊ အရင်က ပစ္စည်းများ၊ သူမ၏ ကလေး၊ သူ့အပေါ် ထားသည့်ချစ်ခြင်းမေတ္တာ၊ စသဖြင့် ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။  ဂျောမယာနှင့်တုန်းက ငယ်ဘ၀ ခံစားချက်တို့   သေဆုံးသလိုဖြစ်နေခဲ့သော်လည်း ကလေး၏ “ဒေါ်ဒေါ်” ဟူသော ခေါ်သံက သူမကို လှုပ်နှိုးလိုက်သလိုပင်။ “ အစ်မ၊ ကျမကို ဘာလို့ ကြောက်နေတာလဲ၊ ကျမက အစ်မသိခဲ့တဲ့ အရင် ကာဒမ်ဘီနီပါဘဲ” ဟု အိမ်ကြီးရှင်မကို ပြောလိုက်သောအခါ သူမသည် တင်းမခံနိုင်တော့ပဲ   မေ့မြောလဲကျသွားလေသည်။ ထိုအချိန်တွင် သူမခဲအို ဆာရဒစန်ကာ ရောက်လာသည်။ သူက လက်ပိုက်ပြီး “ ဆာတစ်က ငါ့ရဲ့ တဦးတည်းသော သားပဲ။ နင် ငါတို့ကို ဆွေမျိုးလိုသဘောထားရင် ဘာကြောင့် သူ့ရှေ့မှာ ကိုယ်ထင်ပြရတာလဲ၊ နင်မရှိကတည်းက ကလေးက တပိန်ပိန် တလိန်လိန်နဲ့   ဒေါ်ဒေါ်၊ ဒေါ်ဒေါ် နဲ့ ကယောင်ကတမ်းခေါ်ပြီး ဖျားနေတာ၊ တကယ်ဆို နင်ငါတို့နဲ့ ဘ၀ခြားနေပြီပဲ၊ သံယောဇဉ်ဖြတ်ပါတော့၊ ငါတို့ ကုသိုလ်ပြု အမျှအတန်းဝေ ပေးပါ့မယ်”ဟု ဆိုသည်။

ကာဒမ်ဘီနီ တကယ်ပင် သည်းမခံနိုင်တော့ပါ။ “ကျမ မသေဘူး၊ မသေသေဘူးရှင့် သိရဲ့လား၊ ရှင်တို့ကို လက်ခံလာအောင် ကျမ ဘယ်လို ရှင်းပြရမှာလဲ၊ ကျမဟာ ရှင်တို့လိုပဲ အသွေးအသားနဲ့ သက်ရှိလူသားတယောက်ပါ၊ အို -ကျမဟာ အသက်ရှင်နေဆဲလူပါ”“ဒီမှာကြည့်ပါ” ဟု ပြော၍  အနားမှ ကြေးအိုးဖြင့် သူမနဖူးကို ထုခွဲလိုက်ရာ  သွေးများ ဖြာစီးလာလေသည်။  ဆာရဒစန်ကာက   ကျောက်ရုပ်တရုပ်လို   ကြောင်ကြည့်နေမိသည်။ ကလေးငယ်က လန့်အော်လိုက်ပြီး လဲကျနေသော အမျိုးသမီးနှစ်ယောက်မှာ မူလနေရာတွင် မလှုပ်မယှက် ရှိနေဆဲပင်။

ထို့နောက် ကာဒမ်ဘီနီသည် “ကျမ မသေသေးဘူး၊ မသေသေးဘူး” ဟု အော်ဟစ်ကာ လှေခါးထစ်မှ ပြေးဆင်းသွားပြီး ရေတွင်းနံရံနှင့် ခေါင်းပြေးဆောင့်လိုက်လေသည်။  ဆာရဒစန်ကာသည် အပေါ်ထပ်မှပင် ခွပ်ကနဲ အသံကို ကြားလိုက်ရသည်။

တညလုံး မိုးကသည်းလျက်၊ နောက်နေ့ မနက်နှင့် နေ့လည်အထိ မစဲပေ။ ကာဒမ်ဘီနီသည်  သေငယ်ဇောဖြင့် မြောနေသည်။  နောက်ဆုံးတော့ သူမ ယခင်က တကယ် မသေခဲ့ကြောင်းကို  လက်တွေ့သေဆုံးခြင်းအားဖြင့် သက်သေ ပြနိုင်ခဲ့လေသည်။

ရာဘင်ဒြာနတ်တဂိုး
 

---------------------------

Greatest Works - Rabindranath Tagore မှ Living or Dead ကို ပြန်ဆိုပါသည်။  ယခင်က ဘာသာပြန်ဖူးသူ ရှိမရှိ မသိပါ။ ကျွန်မ မဖတ်ဖူးသေးသဖြင့်သာ လက်တည့်စမ်းလိုက်ပါသည်။

ချစ်ခင်စွာဖြင့် -

မိုးစက်ပွင့်